ဝမ်းကွဲ ချင်းဖန် ... ။
Vol. 9 Ch. 103
ပန်းပဲရုံရောက်သည်နှင့် လက်နက် သန့်စင်ရေးအခန်း တစ်ခန်းငှားရန် ပထမတန်း ဝိညာဉ်ကျောက်တုံး သုံးလုံးကို သုံးစွဲခဲ့ရ၏။
ထို့နောက် ပါဝင်ပစ္စည်းများကိုလည်း တန်ဖိုးကြီး ရှားပါးသည့် အရာများ ရွေးချယ် မှာယူကာ လက်နက်သွန်းလုပ်တော့သည်။
ထိုသတင်းက ပန်းပဲရုံပိုင်ရှင်ကို စိတ်ဝင်စားသွားစေသည်။ ဟွမ်ချမ့်ကျွယ်က ပျင်းရှိစွာဖြင့် လက်နက် သန့်စင်ရေး အလုပ်ရုံ ရှေ့တွင်စောင့်ဆိုင်းနေခဲ့၏။
တစ်နာရီကုန်လွန်ပြီးနောက် တန်ဖိုးကြီး အဝတ်အစားများဖြင့် လူငယ်တစ်စု ဝင်ရောက် လာသည်။
“ မင်္ဂလာပါ သခင်လေး ... ။ ”
ပန်းပဲရုံပိုင်ရှင်က ထိုလူအုပ်ကို ဦးဆောင်လာသော လူငယ်ရှေ့တွင် ဦးညွှတ်ကာ နှုတ်ဆက်တော့၏။
“ ဝမ်းကွဲ ချင်းဖန် ... ။ ”
လူငယ်ကို မြင်ချိန်၌ ဟွမ်ချမ့်ကျွယ်က အံ့အားသင့်စွာဖြင့် ထရပ်လိုက်တော့သည်။ လူငယ်မှာမူ သူ့ကို မြင်သောအခါ မျက်မှောင်ကြုတ်လျက်၊
“ မင်းက ... ဟွမ်ချမ့်ကျွယ်လား။ ”
-ဟု မေးမြန်းလာသည်။
“ ဟား ဟား ဟား ... ဝမ်းကွဲက ငါ့ကို မတွေ့တာ နှစ်နှစ်လောက်ကြာနေပြီ အခုလို မှတ်မိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ”
ဟွမ်ချမ့်ကျွယ်က ရယ်ပြီး ခေါင်းညိတ် ပြလိုက်သည်။ ဤလူငယ်သည် တိမ်မြစ်စီရင်စု သခင် ချင်းဝမ်ယွမ်၏သား ချင်းဖန်ဖြစ်၏။
၎င်း၏အမေသည် ဟွမ်ချမ့်ကျွယ် အဒေါ်ဖြစ်ကာ စီရင်စုသခင်၏ ကိုယ်လုပ်တော် တစ်ပါးပေပင်။ ချင်းဖန်က သူ့ကို အပေါ်အောက် အစုန်အဆန်ကြည့်ပြီး၊
“ မင်း ... ဒီမှာ ဘာလာလုပ်နေတာလဲ။ ”
-ဟု မေးမြန်းတော့၏။
တစ်ဖက်လူ၏ အေးစက်သော သဘောထားကြောင့် ဟွမ်ချမ့်ကျွယ် အပြုံးများ မှိန်ဖျော့သွားသည်။
“ ငါ ... မြစ်ပြာဓားစံအိမ်မှာ လေ့ကျင့်ဖို့ ရောက်လာတာ။ ”
“ ဟမ့် ... ဒီနေရာက ကွမ်လင်လို သေးငယ်တဲ့မြို့လေး မဟုတ်ဘူး ... မင်းဒီမှာ ငါတို့ရဲ့နာမည်သုံးပြီး လုပ်ချင်တာ လုပ်ခွင့်မရှိဘူး ... မင်းနားလည်လား။ ”
ဟွမ်ချမ့်ကျွယ်မှ အနည်းငယ် စိတ်မချမ်းသာဟန်ဖြင့်
“ ဝမ်းကွဲ၊ ဒါက ဘာကိုဆိုလိုတာလဲ ... ငါကအရင်လို လူရမ်းကား မဟုတ်တော့ပါဘူး။ ”
-ဟု ပြန်လည် ရှင်းပြလိုက်၏။
“ ငါ မင်းကို သတိပေးနေတာပဲ ... မင်းနားထောင်တာ နားမထောင်တာ ငါ့အလုပ် မဟုတ်ပါဘူး ... စကားမစပ် ငါ့ကို ဝမ်းကွဲလို့ မခေါ်နဲ့တော့ ... မင်းလိုဝမ်းကွဲတစ်ယောက် ရှိဖို့ဆိုတာ ငါ့အတွက် မဖြစ်နိုင်ဘူး။ ”
“ ကောင်းပြီ ... ။ ”
ချင်းဖန်စကားကြောင့် ဟွမ်ချမ့်ကျွယ်ခမျာ အံကြိတ်လိုက်ပြီး ချက်ချင်းလှည့်ထွက်လိုက်၏။ ချင်းဖန်မှ သူ့ခေါင်းကို ခါယမ်းလျက်၊
“ ကွမ်လင်က လူတွေက တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းတယ်။ ”
-ဟု မှတ်ချက်ပေးတော့သည်။
ပန်းပဲရုံပိုင်ရှင်အပါအဝင် လူအချို့က သူတို့စကားဝိုင်းကို စိတ်ဝင်တစား စောင့်ကြည့် နေသဖြင့် ဟွမ်ချမ့်ကျွယ်က ရှက်ရွံ့လာ၏။
“ ကလန် ... ကလန် ... ။ ”
ထိုစဉ် ကျောက်ခွင်းသံကဲ့သို့ ဓားသွားထုသံများ ရုတ်တရက် ထွက်ပေါ်လာပြီ လူများစွာကို ချက်ချင်း မျက်ခုံးပင့်မိ သွားစေသည်။
ဓားသည် လှိုင်းပုတ်သံကဲ့သို့ မြည်ဟည်းနေ၏။ ဤသည်မှာ ဓားဝိညာဉ်ကို မွေးဖွားခြင်း၏ နိမိတ်ပေပင်။
“ ဒါ ... ဝိညာဉ်ရေးဓားပဲ။ ”
သာမာန်ကျင့်ကြံသူများအတွက် ဝိညာဉ်ရေးလက်နက်များ၏ တန်ဖိုးသည် လုံးဝ တိုင်းတာ၍မရချေ။
၎င်းကို ရွှေသို့မဟုတ် ငွေအစား များပြားလှသော ဝိညာဉ်ကျောက်တုံးများသာ သုံးစွဲခြင်းဖြင့် ဝယ်ယူနိုင်သည်။
“ ဒါ ... အလုပ်ရုံ နံပါတ်(၃)က လာတာပဲ။ ”
“ သွားကြည့်ရအောင်။ ”
လူတိုင်း အာရုံပြောင်းကုန်၏။ ခဏအတွင်းမှာပင် ပန်းပဲသခင်များနှင့် အလုပ်သင်များအားလုံး လုပ်လက်စများ ပစ်ချကာ ရောက်ရှိလာကြသည်။
ဝိညာဉ်လက်နက်များ သွန်းလုပ်နိုင်သူသည် သူတို့အမြင်၌ လေးစားဖွယ် တောင်ကြီးတစ်လုံး ဖြစ်ချေ၏။
ဟွမ်ချမ့်ကျွယ်က စကားမဆိုတော့ဘဲ အခန်းရှေ့ပြန်ရောက်လာပြီး ထွက်ပေါ်နေသည့် အသံများကို နားထောင်ကာ သက်ပြင်းချ လိုက်သည်။
ဤကမ္ဘာကြီးတွင် သွားလေရာ အာရုံစူးစိုက်မှု ရရှိနိုင်သူသည် အစ်ကိုစု တစ်ယောက်တည်းသာ ရှိပေမည်။
များမကြာမီ မရေမတွက်နိုင်သော လူများရောက်ရှိလာပြီး အလုပ်ရုံ အမှတ် (၃) တံခါးကို စိုက်ကြည့်နေကြ၏။
“ ဒီမှာ ဘယ်ပန်းပဲသခင်လဲ။ ”
“ မသိဘူး ... ဒါပေမယ့် ဓားမြည်သံအရ ထူးခြားတဲ့ ဝိညာဉ်ရေးဓားတစ်လက်ဆိုတာ ပြောနိုင်တယ် ...။ ”
“ တိမ်မြစ်စီရင်စုတစ်ခုလုံးမှာ ဒီလို စွမ်းရည်မြင့်မားတဲ့ ပန်းပဲသခင် အနည်းငယ်ပဲ ရှိတယ်။ ”
“ ကျွီ ... ။ ”
လူတိုင်း ဆွေးနွေးနေကြစဉ် အခန်းတံခါး ရုတ်တရက် ပွင့်လာခဲ့ပြီး အပြာရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက် လှမ်းထွက်လာ၏။
“ လူငယ်တစ်ယောက်လား။ ”
လူအုပ်ကြီးက အံ့သြမှင်သပ်စွာဖြင့် စုရီလက်ထဲရှိ ဝါးတောင်ဝှေးထံ ကြည့်လိုက် ကြလေသည်။
“ အစ်ကိုစု၊ အလုပ်ဖြစ်လား။ ”
ဟွမ်ချမ့်ကျွယ်က ရှေ့လှမ်းတက်ကာ မေးလိုက်၏။ စုရီမှ ပြန်လည်ခေါင်းညိတ်ပြကာ ‘သွားရအောင်’ဟု ပြောကြားလိုက်သည်။
“ မိတ်ဆွေလေး ကျေးဇူးပြုပြီး ... မင်းရဲ့ဆရာအမည်ကို သိခွင့်ရနိုင်မလား။ ”
ရုတ်တရက် လက်နက် သန့်စင်ရေး အလုပ်ရုံပိုင်ရှင်က လမ်းပိတ်ကာ မေးမြန်းလာ တော့သည်။
“ ဘာအတွက်လဲ ... မင်းအတွက် ငါ့ကိုအလုပ်လုပ် စေချင်နေတာလား ... ငါ စိတ်မဝင်စားဘူး ခွင့်ပြုပါဦး။ ”
စုရီက ပြတ်သားစွာ ငြင်းဆန်လျက် ဟွမ်ချမ့်ကျွယ်နှင့်အတူ ဆက်လက် ထွက်ခွာလာ ခဲ့သည်။
လက်နက်သန့်စင်သည့် အလုပ်ရုံပိုင်ရှင်မှ သက်ပြင်းချလျက် ကျန်ရစ်ခဲ့သည်။ ဤသို့သော လူငယ်သည်သာ သူ့ထံရှိနေသော် ပြိုင်ဘက်များ အပေါ် ခဏချင်း ဖြတ်ကျော်နိုင်ပေမည်။
“ သခင်လေး ... ခဏ နေပါဦး။ ”
ဤတစ်ကြိမ်၌ လူတစ်စုက ဖြစ်၏။ အဖွဲ့ကိုဦးဆောင်နေသူမှာ ချင်းဖန်ဖြစ်သည်။ ဟွမ်ချမ့်ကျွယ်မှ မျက်ခုံးပင့်လိုက်ကာ၊
“ ချင်းဖန် ... မင်းဘာလို့ ငါတို့လမ်းကို ပိတ်ထားရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ အိုး ... မင်းက ငယ်ရွယ်ပြီး အလားအလာရှိတဲ့ သခင်လေးလက်အောက်မှာ တကယ် အလုပ်လုပ်နေတာလား အမြင်ကျယ် ပါပေတယ် ... ဒါပေမယ့် မင်းကိုတွေ့ဖို့ ငါလာတာမဟုတ်ဘူး။ ”
ချင်းဖန်က လျစ်လျူရှုလိုက်ပြီးနောက် စုရီကို ဦးညွှတ်ကာ၊
“ သခင်လေး ... မင်းက လက်နက် သွန်းလုပ်ရာမှာ အရည်အချင်း ရှိပါပေတယ် လေးစားစရာပဲ ... ငါတို့ စကားပြောဖို့ နေရာရှာကြမလား။ ”
-ဟု နှုတ်ဆက်လိုက်တော့သည်။
သို့သော် စုရီမှ သူ့ကို မကြည့်ဘဲ ဟွမ်ချမ့်ကျွယ်ထံ စောင်းငဲ့ကြည့်ကာ၊
“ ပြဿနာ ရှိလား။ ”
-ဟု မေးမြန်းလိုက်၏။
“ မရှိပါဘူး ... အစ်ကိုစု ငါတို့ မြန်မြန်ပြန်ကြရအောင် နောက်ကျနေပြီ။ ”
“ ကောင်းပြီ ... ။ ”
စုရီက ဟွမ်ချမ့်ကျွယ် စကားအတိုင်း ဆက်လက်ထွက်ခွာရန်ပြင်၏။ တစ်ဖက်တွင် သူ့ကို လုံးဝလျစ်လျူရှုထားသဖြင့် ချင်းဖန် တစ်ယောက် မျက်မှောင်ကြုတ်ပြီး၊
“ မိတ်ဆွေ ... ငါပြောနေတာ မင်း မကြားဘူးလား။ ”
-ဟု မေးမြန်းလိုက်သည်။
ဟွမ်ချမ့်ကျွယ် အမူအရာ အနည်းငယ် ပြောင်းသွားပြီး၊
“ ချင်းဖန် ... မင်းအဖေကို ဘေးဒုက္ခ မရောက်စေချင်ရင် အခုထွက်သွားဖို့ ငါအကြံ ပေးချင်တယ် ... အစ်ကိုစုက မင်းနှောက်ယှက် နိုင်တဲ့ လူမျိုးမဟုတ်ဘူး။ ”
“ ဟမ့် ... ဟွမ်ချမ့်ကျွယ် မင်းဟာသတွေ ပြောနေတာလား တိမ်မြစ်စီရင်စုမြို့တော်မှာ ငါနေလာတာ ...
... ဆယ့်ရှစ်နှစ်ရှိပြီ ငယ်ရွယ်တဲ့ လက်နက်သခင်တစ်ယောက်က ငါ့အဖေကို ခြိမ်းခြောက်နိုင်တယ်လို့ ... တစ်ခါမှ မကြားဖူးဘူး။ ”
စုရီက ဟွမ်ချမ့်ကျွယ်ကို လှည့်ကြည့်၏။
“ သူက ဘယ်သူလဲ။ ”
စုရီတစ်ယောက် အနည်းငယ် စိတ်မချမ်းသာကြောင်း သတိပြုမိလာသဖြင့် ဟွမ်ချမ့်ကျွယ်မှ ချွေးများစို့လာသည်။
ချင်းဖန်အနားမှ ကိုယ်ရံတော် တစ်ယောက်က၊
“ ကောင်လေး ... တိမ်မြစ် စီရင်စုမြို့တော်သခင်ရဲ့သားကို မသိရအောင် မင်းရဲ့အမြင်အာရုံက မကောင်းဘူးလား ... ။ ”
-ဟု ဝင်ရောက် ဟိန်းဟောက်လာတော့သည်။
“ သူက ချင်းဝမ်ယွမ်ရဲ့သားလား။ ”
စုရီက မျက်ခုံးပင့်ကာ မေးမြန်းလိုက်၏။ ဟွမ်ချမ့်ကျွယ်အဒေါ်သည် တိမ်မြစ်စီရင်စုသခင် ကိုယ်လှုပ်တော်တစ်ပါးဖြစ်ကြောင်း ဖူရှန်းထံမှ ကြားသိထားလေသည်။ ဟွမ်ချမ့်ကျွယ်ခမျာ ခေါင်းငုံ့လျက် တိတ်ဆိတ်သွားချေပြီ။
***