← Chapters

မကျေနပ်ရင် သတ်လိုက်လို့ရတယ်။

Vol. 9 Ch. 104

မကျေနပ်ရင် သတ်လိုက်လို့ရတယ်။

Vol. 9 Ch. 104

“ သူငယ်ချင်း ... မင်းမသိလို့ မာနကြီးခဲ့တာကို ငါ အပြစ်မယူပါဘူး။ ”

တွေဝေသွားသော စုရီ၏ အသွင်အပြင်ကြောင့် ချင်းဖန်က အဓိပ္ပါယ် ကောက်လွဲသွား၏။ ဂုဏ်ယူမှု အရိပ်အမြွက်များ ပြသလာကာ၊

“ အခု ငါဘယ်သူလဲ ... မင်းသိပြီ ဖြစ်တဲ့အတွက် မင်းငါ့ကို စိတ်မပျက်စေရအောင် မျှော်လင့်မိပါတယ်။ ”

ထိုအမူအရာကို မြင်ချိန်၌ ဟွမ်ချမ့်ကျွယ်တစ်ယောက် ဒေါသထွက်သွားပြီး၊

“ ချင်းဖန် ... မင်းငါတို့လမ်းက ဖယ်ပါ ... မဟုတ်ရင် မင်းနောင်တရလိမ့်မယ်။ ”

-ဟု သတိပေးလိုက်သည်။

“ ဟမ့် ... မင်းကို ငါမျက်နှာပေးခဲ့ပြီးပြီ မင်းနဲ့ငြင်းခုံဖို့ စိတ်မ၀င်စားဘူ ချက်ချင်း ရှေ့က ထွက်သွားစမ်း ... ။ ”

“ မင်း … ။ ”

ဟွမ်ချမ့်ကျွယ်တစ်ယောက် မျက်နှာ ဖြူဖျော့သွားတော့၏။ စုရီက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ၊

“ မင်းဘာအတွက် သည်းခံနေတာလဲ ဆွေမျိုးတွေကြားက ဆက်ဆံရေးအကြောင်း စဉ်းစားနေတာလား ဒါမှမဟုတ် ဒီပြဿနာကို ငါ မဖြေရှင်းနိုင်ဘူးလို့ ထင်နေတာလား။ ”

-ဟု မေးမြန်းလိုက်သည်။

ဟွမ်ချမ့်ကျွယ်ခမျာ ချက်ချင်း အေးခဲသွားလေသည်။ အဆုံးတွင် ခေါင်းမော့ပြီး၊

“ ချင်းဖန် ... မင်းက ... မင်းအဖေရဲ့ အရိပ်အောက်ကနေ ဟောင်နေတဲ့ ခွေးထက် မပိုပါဘူး။ ”

-ဟု ပြန်လည် တုန့်ပြန်တော့၏။

ဤကျိန်ဆဲမှုသည် ချင်းဖန်မျက်နှာကို မည်းမှောင် ပျက်ယွင်းသွား​စေ၏။ နောက်လိုက် နှစ်ယောက်က ဒေါသတကြီးနှင့် ချက်ချင်း လှမ်းတက်လာသည်။

တစ်ယောက်က မျက်နှာကို ပါးရိုက်ရန် ကြံရွယ်ပြီး ကျန်တစ်ယောက်က ထွက်ပြေး၍ မရအောင် ပိတ်ဆို့လိုက်သည်။

ဟွမ်ချမ့်ကျွယ်မှ သတိကြီးစွာ နောက်တစ်လှမ်းဆုတ်လျက် လက်ဖဝါးကို လက်သီးဖြင့် ချက်ချင်းဟန့်တားပစ်၏။

“ ဝှစ် ... ။ ”

“ ဘန်း ... ။ ”

“ အဟွတ် ... အဟွတ် ... ။ ”

လက်ဖဝါးကို ပိတ်ဆို့နိုင်ခဲ့သော်လည်း အတွင်းအင်္ဂါများ တုန်ယင်ကာ သွေးချောင်းဆိုး သွားလေသည်။

“ ဘုန်း ... ။ ”

ဟန်ချက်မညီခင် ကျန်တစ်ယောက်မှ ကန်ပြီး မြေပြင်ပေါ် လှဲချလိုက်၏။ ထို့နောက် ခေါင်းကို လက်ဖြင့်ဆုပ်ကိုင်လျက်၊

“ မင်း ... ရုန်းရင် ခေါင်းကွဲမယ်။ ”

-ဟု အေးစက်စွာသတိပေးလေသည်။

အဝေးမှ လူအများအပြားက ဤမြင်ကွင်း ကြည့်ရှုနေကြသည်။ စီရင်စုသခင်၏ သားကို စော်ကားပြီးနောက် အကျိုးဆက်မှာ တစ်လမ်းတည်းသာ ဖြစ်၏။

“ မင်းသတ္တိရှိရင် ... ငါ့ကိုသတ်လိုက် မဟုတ်ရင် ... မင်းကိုငါ သေထက်ပိုဆိုးအောင် လုပ်ပြမယ်။ ”

ဟွမ်ချမ့်ကျွယ်က ရုန်းကန်လျက် အော်ဟစ်ကြုံးဝါးလိုက်သည်။

“ ဖြန်း ... ။ ”

ခေါင်းကို ဆုပ်ကိုင်ထားသော အစေခံက ပါးရိုက်ချလိုက်သည်။ သို့သော် အမြင်အာရုံများ ဝေဝါးလျက် ပါးပြင်တစ်ဖက် ပူသွားကာ တစ်ပါတ် လည်ထွက်သွား၏။

( ဘာလဲ ... ငါကရိုက်လိုက်တာ မဟုတ်ဘူးလား ... ဘယ်လိုလုပ် ငါ့ပါးက နာကျင်ရတာလဲ။ )

ထိတ်လန့်တကြား ပြန်ကြည့်လိုက်ရာ ဟမ်ချမ့်ကျွယ်အနားတွင် အပြာဝတ် လူငယ်ကို မြင်လိုက်ရသည်။ ဟမ်ချမ့်ကျွယ်က ချက်ချင်းထရပ်လျက်၊

“ အစ်ကိုစု၊ ငါက မင်းကို အရှက်ရစေမိပြီ။ ”

-ဟု တောင်းပန်လိုက်တော့၏။ သူ့အသွင်သည် စိတ်ပျက်လက်ပျက် ဖြစ်နေ ခဲ့ချေပြီ။

“ အရှက်တရားဆိုတာ ဘာလဲသိပြီးရင် သတ္တိရှိလာလိမ့်မယ် တစ်ချိန်လုံး ငါ့နောက်မှာ ရပ်နေတာက မင်းကို အားနည်းစေတယ် ... ။ ”

“ တောင်းပန်ပါတယ် အစ်ကိုစု ... ။ ”

“ ဒါက မင်းအမှားလည်းမဟုတ်ဘူး ငါ့အမှားပါ မင်းကို ကျင့်ကြံဖို့ တွန်းအားမပေးခဲ့ မိဘူး။ ”

ဤမြင်ကွင်းသည် ပါးရိုက်ခံရသော အစောင့်ကို ဒေါသထွက်လာစေ၏။ ဒေါသဖြင့် စုရီဦးခေါင်းထံ ထိုးခွဲပစ်လိုက်သည်။

ချီသန့်စင်ခြင်း အစောပိုင်း အဆင့်မှ တစ်စုံတစ်ယောက်၏ အငိုက်ဖမ်း တိုက်ခိုက် လာသောအခါတွင် မည်သို့မျှ သာမန် ဖြစ်နိုင်စရာ အကြောင်းမရှိချေ။

“ ဝှစ် ... ။ ”

“ ဂျွတ် ... ။ ”

“ အား ... ။ ”

သို့သော် စုရီက ရှေ့တစ်လှမ်း လှမ်းတက်ကာ ထိုလူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ် လိမ်ချိုး ပစ်လိုက်၏။

လက်ကောက်ဝတ် အပါအဝင် လက်မောင်းတစ်လျှောက်ရှိ ကြွက်သားများနှင့် အရိုးများ ရုတ်ချည်း ပျက်စီးကုန်သည်။

“ စွပ် ... ။ ”

တစ်ဆက်တည်းမှာပင် စိမ်းစိုနေသော ဝါးစိမ်းတစ်ချောင်းက သူ့လည်မျိုကို ဖောက်ဝင် သွားတော့၏။

အော်သံရပ်သွားပြီး မျက်လုံးများ ပြူးထွက်နေသော ဦးခေါင်းကြီး စောင်းငဲ့ကျ သွားသည်။ မက်မွန်သီခန့် ဝါးလုံးပေါက်မှ သွေးများစီးကျလာ၏။

“ ဘုန်း ... ။ ”

ဤနည်းဖြင့် အစောပိုင်း ချီသန့်စင်ခြင်း အဆင့် ကိုယ်ရံတော်သည် အမှိုက်သဖွယ် လဲကျ သေဆုံးသွားချေပြီ။

လူတိုင်း ထိတ်လန့် တုန်လှုပ်သွားကြ၏။ လက်နက် သန့်စင်ရေး အလုပ်ရုံ ပိုင်ရှင်သည်ပင် အံသြသွားခဲ့သည်။

ဤလူငယ်ကို လက်နက်သခင်အဖြစ် ထင်ခဲ့မိသော်လည်း မျက်တောင် မခတ်ဘဲ လူသတ်ဝံ့သည့် လူသတ်သမား ဖြစ်နေချေပြီ။

“ ငါ့အနီးနားက လူတွေကို ထိဝံ့တဲ့ လူတိုင်းသေခြင်းပဲ။ ”

စုရီက စိုးထိတ်ခြင်းမရှိဘဲ ပိုးမွှားများကို ဖယ်ရှားနေသူကဲ့သို့ တည်ငြိမ်သော အမူအယာ မျိုးဖြင့် ကြေငြာလိုက်သည်။

“ သတ် ... ။ ”

ချင်းဖန်က သည်မခံနိုင်တော့ဘဲ ကျန်ရှိနေသည့် အစောင့်များကို အမိန့်ပေးလိုက် တော့သည်။

“ ချွင် ... ။ ”

အစောင့်ငါးယောက်စလုံးက ဓားများဆွဲထုတ်လျက် စုရီထံ ချက်ချင်း ပြေးဝင် ကြ၏။

“ ချွင် ... ။ ”

စုရီက စိမ်းပြာရောင် ဖျော့ဖျော့ အလင်းတန်းများ ဖြာထွက်နေသည့် ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ဤသည်မှာ မရဏအစွယ် ဖြစ်၏။

“ ရွှပ် ... ။ ”

လွှဲလိုက်သောအခါတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော လေခွင်းသံများ မြည်ဟည်း လာစေသည်။

“ ထန် ... ထန် ... ။ ”

သတ္တုတိုက်မိသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ပြိုင်ဘက်လက်နက်များခမျာ တို့ဟူးကဲ့သို့ ဖြတ်တောက်ခံလိုက်ရ၏။

တစ်ဆက်တည်းမှာပင် သွေးပန်းများ အစီအရီ ပွင့်ထွက်လာသည်။ အစောင့်ငါးဦးခမျာ လည်ပင်းမှ သွေးများစီးကျလာပြီး မျက်နှာများ ရှုံ့တွလျက် ပြိုကျကုန်တော့၏။

စီရင်စုသခင်စံအိမ်မှ အစောင့်များသည် နယ်ပယ်တူအတွင်း ထောင်ပေါင်းများစွာသော ပြိုင်ဘက်ကို ရင်ဆိုင်နိုင်၏။

ဓားတစ်ချက်တည်းဖြင့် သတ်ခြင်း။ ဤသည်မှာ ကြီးစိုးပြီး ရက်စက်လွန်းသဖြင့် ဦးရေပြားများ ထုံကျင်ကုန်ကြသည်။

“ မင်း ... ။ ”

ချင်းဖန်တစ်ယောက် တဆက်ဆက် တုန်ယင်လျက် ခံစားချက်ဗလာ ဖြစ်သွားသည်။

“ ငါ ... ငါ့မှာ မျက်စိပါပေမယ့် မမြင်နိုင်ခဲ့တဲ့အတွက် သခင်လေးကို အနှောင့် အယှက် ဖြစ်စေမိပါပြီ ... စီရင်စုစံအိမ်သခင် မျက်နှာကို ထောက်ထားပြီး ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်။ ”

ချင်းဖန်မှ ချက်ချင်း တောင်းပန်လေသည်။

“ ငါ့ပတ်ဝန်းကျင်က လူတွေကို အရှက်ခွဲတုန်းက မင်းငါ့ကို အလေးအနက် မထားခဲ့ဘူး မဟုတ်လား။ ”

စုရီမေးခွန်းကြောင့် ချင်းဖန်မှ တုန်ယင်သွားတော့၏။

“ မင်းငါ့ကိုသတ်ရင် ... စီရင်စု စံအိမ်သခင်ကနေ လက်တုံ့ပြန်လာမှာကို မကြောက်ဘူးလား။ ”

စုရီက ပြန်မဖြေတော့ဘဲ တစ်လှမ်းတိုးလာသဖြင့် ထိတ်လန့်တကြား နောက်ပြန်ဆုတ်လိုက်ကာ၊

“ ဝမ်းကွဲ ... သူ့ကို အမြန်ရပ်ခိုင်းပါ၊ ငါ့အမေက မင်းအဒေါ် ... မင်းနဲ့ငါက ညီအစ်ကို ဘာပဲဖြစ်ဖြစ် ငါတို့က ဆွေမျိုးတွေပဲ။ ”

-ဟု လှည့်ကာ အကူအညီတောင်း၏။

ထိုစကားကြောင့် စုရီက စိတ်ပြောင်းသွားကာ ရုတ်တရက်ရပ်လိုက်ပြီး၊

“ မင်းကို အခွင့်အရေးပေးမယ် ... ဒူးထောက်ပြီး ကိုယ့်ကိုကိုယ် ပါးရိုက်လိုက်ပါ။ ”

-ဟု ချမ့်ကျွယ်ထံ လက်ညှိုးထိုးပြသည်။

သူ့စကားဆုံးသည်နှင့် ချင်းဖန်မှ ချက်ချင်းဒူးထောက်လိုက်ပြီး သူ့ကိုယ်သူ ပါးရိုက်ကာ၊

“ ဖြန်း ... ။ ”

“ ဝမ်းကွဲ၊ ငါ မျက်စိကန်းခဲ့ပါတယ် ... ငါမှားသွားတယ် ... ငါတကယ်မှားသွားတယ်။ ”

-ဟု တောင်းပန်တော့၏။

ဟွမ်ချမ့်ကျွယ်က ငေးမောသွားသည်။ လူတစ်ယောက်၏ သတ္တိသည် နှလုံးသားထဲမှ လာပုံရသည်။

ဤချင်းဖုန်သည် စီရင်စုသခင်၏ သားဖြစ်သော်မှ သူ့ဘဝအတွက် ဒူးထောက်ရန် ဝန်မလေးခဲ့ချေ။

“ မင်းမကျေနပ်ရင် သတ်ပစ်လို့ရတယ်။ ”

စုရီက ပေါ့ပေါ့ပါးပါး လှမ်းပြောရာ အဝေးမှကြည့်နေသော လူအုပ်ကြီးမှ မျက်ခုံးပင့် လိုက်မိတော့၏။

( ကောင်လေး ... တိမ်မြစ် စီရင်စုသခင်ရဲ့သားကို ခွေးတစ်ကောင်များ မင်းမှတ်ထင်နေတာလား။ )

***

All Chapters