လျှို့ဝှက်တားမြစ်အမိန့် ... ။
Vol. 9 Ch. 105
ဟွမ်ချမ့်ကျွယ်က အသက်ပြင်းပြင်းရှူပြီး၊
“ အစ်ကိုစု ... ဒီနေ့ မင်းကြောင့် သူဒူးထောက်နေတာပါ အခု သတ်လိုက်ရင် မတရားရာကျလိမ့်မယ် ...
... ချင်းဖန်၊ မင်းငါ့ကို ဝမ်းကွဲလို့ မခေါ်နဲ့ ငါ့မှာမင်းလို ဝမ်းကွဲမျိုး မရှိဘူး ... အနာဂါတ်မှာ ဒီနေ့အကြွေးကို ငါကိုယ်တိုင်ပြန်ယူမယ်။ ”
ထို့နောက် စုရီနှင့်အတူ လှည့်ထွက် သွားတော့သည်။ ချင်းဖန်သာလျှင် သိုးသူငယ် ကဲ့သို့ ကြောက်လန့်တကြား ကျန်ရစ်ခဲ့၏။
“ ချင်းဖန် ... မင်းရဲ့ အကျင့်စရိုက်အရ ကလဲ့စားချေဖို့ သေချာပေါက် ရွေးချယ်မယ် ဆိုတာ ငါသိပါတယ် ...
... ဒါပေမယ့် ဒါက မင်းအဖေကို ဒုက္ခပေးတာထက်ပိုပြီးတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ နားလည်ပါ။ ”
ဟွမ်ချမ့်ကျွယ် အသံက ပဲ့တင်ထပ် ကျန်ရစ်ခဲ့လေသည်။ အပြန်လမ်းတွင် စုရီမှ သက်တောင့်သက်သာ အမူအရာဖြင့် ပတ်ဝန်းကျင်ကို ငေးကြည့်လာ၏။
အဆုံးတွင် ဟွမ်ချမ့်ကျွယ်တစ်ယောက် စိတ်မသက်မသာဖြစ်လာပြီး၊
“ အစ်ကိုစု ... ဒီတစ်ခါ မင်းကို ဒုက္ခဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ”
-ဟု တိုးတိုးလေး တောင်းပန်လိုက်သည်။
“ ဒီအတွေ့အကြုံက ... မင်းကို ဉာဏ်အလင်းပေးစွမ်းနိုင်ရင် ထိုက်တန်ပါတယ်။ ”
“ စိတ်မပူပါနဲ့ ... အစ်ကိုစု အခုကစပြီး ငါကျင့်ကြံမှုကို အာရုံစိုက်ပါ့မယ် ဘယ်တော့မှ အစ်ကိုစု စိတ်မပျက်စေရပါဘူး။ ”
“ ဒီည ... ဖြစ်ပျက်ခဲ့တာတွေက အန္တရာယ်များစွာကို မလွဲမသွေ ရောက်ရှိလာ စေလိမ့်မယ် ...
... မင်းခွန်အားနဲ့ ဒါကို တားဆီးနိုင်မှာ မဟုတ်ဘူး ဒါပေမယ့် စိတ်မပူနဲ့ ချင်းဝမ်ယွမ်က လက်တုံ့ပြန်ဖို့ သတ္တိရှိရင် ငါရှိတယ်။ ”
ဟွမ်ချမ့်ကျွယ် တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရလေသည်။
“ အစ်ကိုစု ... အခုချိန်ကစပြီး ငါ့ဘဝကို မင်းပိုင်ပါတယ် ငါ့ကို အခုသေစေချင်ရင်တောင် တစ်ချက် မျက်မှောင်ကြုတ်နေမှာ မဟုတ်ဘူး။ ”
“ ဒါဟာ အသေးအမွှားကိစ္စပဲ ... မင်းဘဝနဲ့ ထိုက်တန်ရဲ့လား။ ”
စုရီမှ ခေါင်းခါလိုက်သည်။ သို့သော် တွေးကြည့်သော် ဟွမ်မိသားစုအတွက်မူ ချင်းဝမ်ယွမ်သည် ဖြတ်ကျော်မရသော တောင်ကြီးတစ်လုံး ဖြစ်နေ၏။
“ ငါ့အနားမှာ မင်းကိုအနိုင်ကျင့်တာ ငါခွင့်မပြုဘူး စီရင်စုသခင်လေး တစ်ယောက် မပြောနဲ့ ... ဒီကမ္ဘာပေါ်က တန်ခိုးရှင်တောင် ငါ့ရှေ့မှာ ကြက်တွေ ... ခွေးတွေချည်းပဲ။ ”
စုရီက ပြောပြရန်ပင် မထိုက်သော ကိစ္စအသေးအဖွဲအကြောင်း ပြောနေသလိုမျိုး ပေါ့ပေါ့ပါးပါး ပြောကြားလိုက်သည်။
စိတ်ဝိညာဉ်အေးချမ်းခြင်း စံအိမ်သို့ ပြန်ရောက်သည်နှင့် ဖန်မောင်နှမက မအိပ်ဘဲ စောင့်မျှော်နေခဲ့သည်ကို မြင်လိုက်ရ၏။
လေညင်းများ တိုက်ခတ်မှုကြောင့် ခြံဝင်းအတွင်းရှိ သစ်ပင်များ ယိမ်းနွဲ့နေကာ အင်းဆက်အချို့ အော်မြည်သံများ ကြားနေရသည်။
တံစက်မြိတ်အောက်ရှိ မီးပုံးများထံမှ နွေးထွေးသော အလင်းရောင်ကို ပေးစွမ်းနေ၏။
“ အစ်ကိုရှောင်ဖုန်း မအိပ်သေးဘူးလား။ ”
ဟွမ်ချမ်ကျွယ်က ပြုံးရယ်လျက် ဖန်ရှောင်ဖုန်းထံ လျှောက်လှမ်းသွားလေသည်။ စုရီသည်သာ အခန်းထဲတန်းဝင်သွား၏။
သို့သော် များမကြာခင် ပြန်ထွက်လာပြီး ဟွမ်ချမ့်ကျွယ်ထံ စာအုပ်တစ်အုပ် ကမ်းပေးလာ တော့သည်။
မဟာကောင်းကင်ပညာရပ်။ ဤသည်မှာ ကျင့်ကြံမှု နည်းစနစ်ဖြစ်၏။ စာရွက်၌မှင်များပင် မခြောက်သေးချေ။
တုန်လှုပ်စွာဖြင့် ချက်ချင်း ဖတ်ကြည့် လိုက်မိလေသည်။ အသေးစိတ် ရှင်းလင်းချက် များနှင့်အတူ လျှို့ဝှက်ချက်များကို ကောက်နုတ်ထား၏။
ဤသည်မှာ ထိပ်တန်း လျှို့ဝှက် ကျင့်ကြံမှုနည်းစနစ်တစ်ခု ဖြစ်ကြောင်း သူ၏ ပင်ကိုယ်အသိစိတ်မှ ပြောပြနေသည်။
ဟွမ်မိသားစု၏ အမွေများသည် ဤနည်းစနစ်၏ ခြေဖျားကိုပင် မမီချေ။ ထိုစဉ် စုရီက အခန်းထဲ ပြန်ဝင်လာပြီး သူ့ဓားကို စစ်ဆေးနေခဲ့၏။
ဤဓားအတွက် ရေခဲသံစိမ်း ရှစ်ကီလိုဂရမ်နှင့် အခြားပါဝင်ပစ္စည်းများအပြင် ဓားကိုယ်ထည်၌ တားမြစ်အမိန့်တစ်ခုကို သွေးအနှစ်သာရဖြင့် ထွင်းထုထား၏။
ထိုတားမြစ်အမိန့်အမည်မှာ စုစည်းခြင်းဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကြား စွမ်းအင်တိုင်းကို ထိန်းချုပ်နိုင်မည်။
ဥပမာအားဖြင့် လူတစ်ဦးသည် စုစည်းခြင်းတားမြစ်အမိန့်ကို ပိုင်ဆိုင်ထားသည့် ဓားတစ်လက်ရှိပါက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆွဲငင်နိုင်မည် ဖြစ်သည်။
ဓားအိမ်ထဲ သိမ်းထားချိန်တွင် ထိုတားမြစ်အမိန့်သည် ဝိညာဉ်ဓားအတွက် ကောင်းကင်နှင့် မြေကြီးထံမှ စွမ်းအင်ကို ဆွဲငင်ကာ အာဟာရဖြည့်ပေး၏။
ထိုကြောင့် တားမြစ်အမိန့်များကို ဆေးဝါးသန့်စင်ခြင်း၊ လက်နက်သန့်စင်ခြင်း၊ ဝင်္ကပါ အစီရင် ဖွဲ့စည်းခြင်း၊ ဗေဒင်ဟောခြင်း၊ ပျံသန်းခြင်းစသည့် ကဏ္ဍအသီးသီး၌ အသုံးပြု၏။
တာအိုသခင်များက ၎င်းတို့ကို ဆင့်ခေါ်ခြင်းအမိန့်စာဟု ခေါ်ပြီး ဗုဒ္ဓဂိုဏ်းများမှ မြင့်မြတ်သောအမိန့်တော်- ဟုခေါ်သည်။
ဤသည်မှာ သူရဲကောင်းများအတွက် တားမြစ်စွမ်းအားဖြစ်ပြီး နတ်ဆိုး ကျင့်ကြံသူများ အတွက် လျှို့ဝှက်မန္တန် ဖြစ်ချေ၏။
မည်သို့ပင်ဆိုစေကာမူ ၎င်းအမိန့်များ အားလုံးသည် အဆောင်တာအို အောက်တွင် ရှိချေပြီ။
“ ဒီဓားဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တာကြောင့် လျှို့ဝှက် လမ်းညွှန်လို့ ခေါ်ရမယ်။ ”
“ ရွှပ် ... ။ ”
ဓားကို အမည်ပေးပြီးနောက် လေထဲလွှဲခုတ်ချလိုက်၏။ ဤသည်မှာ ဝိညာဉ် လက်နက်ဖြစ်သည်။ မရဏအစွယ်နှင့် ကမ္ဘာတစ်ခုခြား၏။
ထို့အပြင် စုစည်းခြင်းတားမြစ်အမိန့် ကြောင့်လည်း အခြားသော သာမန်ဝိညာဉ်ရေး လက်နက်များနှင့် လုံးဝကွဲပြားချေပြီ။
လျှို့ဝှက်လမ်းညွှန်ကို မရဏအစွယ် နေရာတွင်အစားထိုးကာ ဝါးအိမ်ထဲ ထည့်သွင်း လိုက်တော့၏။ ပြီးနောက် မရဏအစွယ်ကို ကျောက်စိမ်းဆွဲသီးထဲ ထည့်သိမ်းလိုက်သည်။
ဤဓားသည် လူဝင်စားပြီးနောက် သူကိုယ်တိုင် သွန်းလုပ်ထားသော ပထမဆုံးဓား ဖြစ်ပြီး များစွာအဓိပ္ပါယ်ရှိ၏။
နောင်တွင် ဓားတာအို အထွတ်အထိပ်သို့ ရောက်ရှိလာသော အခါတွင် သူ့နာမည်ကြောင့် သမိုင်တွင် သွားပေလိမ့်မည်။
***
တိမ်မြစ် စီရင်စု စံအိမ်တော်။
ချင်းဖန်က ထိတ်လန့်နေသော ခွေးတစ်ကောင်ကဲ့သို့ သူ့အဖေ စာကြည့်ခန်းထဲ ပြေးဝင်လာခဲ့သည်။
စီရင်စုသခင် ချင်းဝမ်ယွမ်သည် အသက်ငါးဆယ်နီးပါးရှိသော်လည်း များစွာ ငယ်ရွယ်ပုံ ပြနေ၏။
စီရင်စုမြို့ငယ် (၁၉)မြို့ကို အုပ်စိုးသော စီရင်စုသခင်အနေဖြင့် သာမန်လူများထက် ပို၍ ပါးနပ်လိမ္မာချေသည်။
၎င်းက ချင်းဖန်ပြောသမျှကို နားထောင်ပြီးနောက်၊
“ အသေးအဖွဲ ကိစ္စတွေကို နှစ်တွေကြာအောင် ဖြေရှင်းနေရတာနဲ့တင် မင်းကိုဆုံးမဖို့ လျစ်လျူရှု နေမိခဲ့တယ် ...
... မင်းမှာ ငါ့ရဲ့ကြီးစိုးတဲ့ မာနတွေ ကူးစက်ခံရပေမယ့် ... မင်းရဲ့အရိုးတွေကတော့ ရွှံ့လို ပျော့ပျောင်းနေတုန်းပဲ။ ”
ချင်းဖန်က တုန်လှုပ်သွားပြီး၊
“ ဖေဖေ၊ ဒီည ဖြစ်ပျက်ခဲ့တာက ... ငါညံ့ဖျင်းလို့ လုံးဝမဟုတ်ပါဘူး အဲဒီလူက ... ။ ”
“ ခွမ်း ... ။ ”
ချင်းဝမ်ယွမ်က လက်ထဲမှ ကျောက်စိမ်းဖန်ခွက်ကို ချင်းဖန်ရှေ့ ပစ်ပေါက် ချလိုက်သည်။
အပိုင်းပိုင်းကွဲထွက်သွားပြီးနောက် အပိုင်းအစများက ချင်းဖန်မျက်နှာပေါ် ထိမှန် ကုန်၏။ ချင်းဖန်ခမျာ ထိတ်လန့်လျက် သူ့အဖေကို ပြန်မော့ကြည့်မိသည်။
“ ငါ့ဘဝမှာ ဆင်ခြေပေးသူတွေကို အမုန်းဆုံးပဲ မင်းက ငါ့သားဖြစ်ပြီး အရည်အချင်း မပြည့်မီဘူး ... တကယ့်ကို စိတ်ပျက်မိတယ် ...
... မေ့လိုက်ပါ ... အဖေတစ်ယောက် အနေနဲ့ မင်းကို ဆုံးမဖို့ပေါ့ဆခဲ့တယ် ... ဒီအတွက်မင်းကို ငါအပြစ်ပေးမှာ မဟုတ်ဘူး။ ”
သူ့သားသည် မည်မျှပင် ညံဖျင်းနေပါစေ သူ့သားသာဖြစ်၏။ ချင်းဖန်က သက်ပြင်းချ လိုက်တော့သည်။
“ အဖေ ... ငါမှားသွားပါတယ်။ ”
“ ထ ... ။ ”
ချင်းဖန် စိတ်သက်သာရာ ရသွားသည်။
“ ဖန်အာ ဒီလောကကြီးက မင်းမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မင်းကို ဂရုမစိုက်ကြဘူး ... သတိရပါ မင်းအနိုင်ရသရွေ့ မင်းမှန်တယ်၊ ရှုံးရင် မင်းမှားတယ်။ ”
ထို့နောက် ချင်းဝမ်ယွမ်၏ မျက်လုံးများ အေးစက်သွားကာ၊
“ ဒီည မင်းအတွက် အချက်နှစ်ချက်ကို မှတ်ထားဖို့လိုတယ်၊ ငါတို့က လက်စားချေခြင်း မပြုရင် မင်းရောငါရော ... လူပြက်တွေ ဖြစ်ကုန်လိမ့်မယ် ...
... အဲဒီစုလို့ အမည်ရတဲ့ လူငယ်က မင်းရဲ့ အထောက်အထားကို သိတာတောင် ... မင်းကို သတ်ပစ်ချင်နေတယ် ... ဒါက သူ့မှာအားကိုး ရှိနေလို့ပဲ ... သူ့နောက်ကြောင်းကို အရင် စုံစမ်းပြီးမှ ကလဲ့စားချေသင့်တယ်။ ”
“ ဖေဖေ၊ ငါ နားလည်ပါပြီ ... မှတ်ထားပါ့မယ် လက်စားချေချင်ရင် အရင် စုံစမ်းပါ။ ”
“ ကောင်းတယ်။ ”
ချင်းဝမ်ယွမ်က ခေါင်းညိတ်လိုက်ပြီး၊
“ မင်း အခုသွားလို့ရပြီ ... ငါတို့ လက်စားချေလို့ မပြီးမချင်း စံအိမ်ကနေ လုံးဝ ထွက်ခွင့်မရှိဘူး ... ဒီနေ့ သင်ခန်းစာက မင်းကို အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
-ဟု ဆိုကာ သက်ပြင်းချလိုက်တော့၏။
ချင်းဖန်ထွက်သွားပြီး တစ်ယောက်တည်း ကျန်ရစ်ခဲ့ချိန်တွင် အကူအညီမဲ့မှု အရိပ်အမြွက် ပေါ်လာ၏။ သူ့သားသည် စိတ်ပျက်စရာ ကောင်းလွန်ချေပြီ။
“ အဲဒီကောင်လေးရဲ့ လတ်တလော လှုပ်ရှားမှုတွေ ... သူနဲ့ ထိတွေ့ဆက်ဆံဖူးသူတွေ အပါအဝင် ရသမျှ အကုန် စုံစမ်းလာခဲ့။ ”
များမကြာမီ အတွေးများ ငြိမ်သက်သွားပြီး တစ်ယောက်တည်း ပြောကြားလိုက်တော့သည်။
“ ..... ။ ”
“ ဒီည ဖြစ်ပျက်ခဲ့တာတွေ မပျံ့နှံ့စေဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်ပါ ဒီသတင်း ငါထပ်မကြားချင်ဘူး။ ”
“ ..... ။ ”
“ ယို့ရုံကို အခန်းထဲ ပိတ်ထားလိုက် ... ဟွမ်ချမ့်ကျွယ်က သူ့တူဆိုတော့ အသနားခံဖို့ ... ငါ့ဆီ လာရှုပ်မှာ သေချာပါတယ်။ ”
ဤတစ်ကြိမ်၌ အမှောင်ရိပ်ထဲမှ အသက်ရှူသံသဲ့သဲ့ ထွက်ပေါ်လာတော့သည်။ နောက်ဆုံးစကားကြောင့် အနည်းငယ် တုန်လှုပ်သွားပုံရ၏။
ယို့ရုံဟူသည် ချင်းဝမ်ချွမ် အချစ်ဆုံး ကိုယ်လှုပ်တော်ဖြစ်၏။ ထိုနောက် ချင်ဝမ့်မှ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကာ၊
“ လူတစ်ယောက်က သူ့သားကိုတောင် မကာကွယ်နိုင်ရင် ဖခင်ဖြစ်ဖို့ မထိုက်တန်ဘူး။ ”
-ဟု ညည်းတွားလိုက်တော့သည်။
***