သားသတ်ရုံ။
Vol. 9 Ch. 106
နောက်နေ့မနက်တွင် စုရီက ဝင်္ကပါပြား အချို့ကို သန့်စင်နေခဲ့သည်။ နေဝင်ရီတရော အချိန်၌ ဝင်္ကပါပြား(၁၈)ပြား ရရှိလာ၏။
တံဆိပ်ပြားတစ်ခုစီသည် သံလိုက်အိမ်မြှောင်ပုံသဏ္ဍန်ရှိပြီး တိမ်ပုံများ ရေးထွင်းထားသည်။
ကံကောင်းစွာဖြင့် ယမန်နေ့ညက အစောပိုင်းချီသန့်စင်ခြင်းသို့ ရောက်ရှိခဲ့ကြ၏။ မဟုတ်သော် ဤဝင်္ကပါပြားများ သန့်စင်ရန် ရက်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။
ခိုင်မာသော အုတ်မြစ်ကြောင့် တစ်ရာရှစ်ပါးသော စွမ်းအင်လမ်းကြောင်းကို တစ်ညတည်းဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။
လုပ်ငန်းစဉ် တစ်ရပ်လုံးသည် သုံးနာရီကြာသော်လည်း တစ်ကြိမ်တည်းဖြင့် ပြီးမြောက်ခဲ့၏။
မဟာကျိုးရှိ ကျင့်ကြံသူအများစုသည် စွမ်းအင်လမ်းကြောင်း (၅၀)ခန့်သာ ဖွင့်လှစ် ထားနိုင်သည်။
ဤသည်မှာ အရည်အချင်း နည်းပါးခြင်းကြောင့် မဟုတ်ဘဲ ဝိညာဉ်စွမ်းအင် ပါးလျခြင်းနှင့် အမွေရှားပါးခြင်းကြောင့် ဖြစ်၏။
ဝင်္ကပါပြားများ ကောက်ယူကာ အစီရင်တစ်ခုကို ခင်းကျင်းလိုက်၏။ ဤသည်မှာ ပျက်သုဉ်းခြင်း တောင်မြစ်ဝင်္ကပါ ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး ဆယ်လုံးခန့်ကို လိုအပ်သော ခြံထောင့်များ၌ မြုပ်နှံလိုက်ကာ ဝင်္ကပါထံ အသက်စွမ်းအားပေး၏။
ဤနည်းဖြင့် ကောင်းကင်နှင့် မြေကြီး စွးမ်အင်များငှားယူကာ တောင်များဖျက်ဆီးပြီး မြစ်များကို ပွက်ပွက်ဆူစေမည်။
သို့သော် လက်ရှိ ပျက်သုဉ်းခြင်းတောင်မြစ်ဝင်္ကပါမှာမူ ထိုအဆင့် ရောက်ရန် များစွာလိုသေးသည်။ မဟာသခင် ကိုသာ သတ်နိုင်၏။
“ အစ်ကိုစု ဘာလုပ်နေတာလဲ။ ”
မလှမ်းမကမ်းရှိ ဖန်ရှောင်ဖုန်းက စုရီကို လှမ်းမေးသည်။
“ ဝင်္ကပါ ... ခင်းနေတာ။ ”
စုရီက ကျောက်စိမ်းပြားကို ပေးအပ်လိုက်ပြီးနောက်၊
“ ရှောင်ဖုန်း ... ဒါကို မင်းနဲ့မကွာ သိမ်းထားပါ ... တစ်ကယ်လို့ ငါမရှိတဲ့အချိန် တစ်စုံတစ်ယောက် ကျူးကျော်လာရင် ချေမွှပစ်လိုက်ပါ။ ”
-ဟု မှာကြားလိုက်၏။
ကျောက်စိမ်းတုံးသည် ဒုတိယတန်း ဝိညာဉ်ကျောက်စိမ်းတုံးဖြစ်ကာ မျက်နှာပြင်၌ တိမ်တိုက်ပုံစံများ ရေးခြယ်ထားသည်။
“ မှတ်ထားပါ ... အသက်နဲ့သေခြင်း ကိစ္စမဟုတ်ရင် မသုံးပါနဲ့ အဲဒါကိုသုံးပြီးတာနဲ့ ငါတို့ပင်မခန်းမမှာ ပုန်းပြီး တံခါးအပြင်ကို မထွက်ပါနဲ့။ ”
စုရီက အလေးအနက် သတိပေးလိုက်၏။ ရှောင်ဖုန်းသည် အဆောင်ဝင်္ကပါများကို မမြင်ဖူး သောကြောင့် သတိပေးနေရခြင်းဖြစ်သည်။
နေဝင်ချိန်အလင်းများ တဖြည်းဖြည်း မှိန်ဖျော့လာပြီး အမှောင်များ ဝင်ရောက်လာ၏။ ဟွမ်ချမ့်ကျွယ်က ညနေစာဝယ်ယူကာ စားသောက်ရန် ပြင်ဆင်နေသည်။
ဖန်ရှောင်ဖုန်းသည် ဟင်းချက် တတ်သော်လည်း လမ်းမလျှောက် နိုင်သေးချေ။ ထို့ကြောင့် အိမ်အသစ်သို့ ပြောင်းလာတည်းက ပြင်ပအစားအစာများသာ ဝယ်ယူ စားသောက်ခဲ့ရသည်။
“ အစ်ကိုစု၊ တစ်ယောက်ယောက်က ငါ့နောက်ကို လိုက်နေသလိုမျိုး ခံစားရတယ် ဒါပေမယ့် သံသယဖြစ်စရာ ဘယ်သူမှ မတွေ့ဘူး။ ”
“ ဒီရက်ပိုင်းမှာ မင်းတို့သုံးယောက် အိမ်မှာနေသင့်တယ် ... မဟုတ်ရင် မြစ်ပြာဓား စံအိမ်ကို မင်းစာရင်းသွင်းလိုက်တော့။ ”
စုရီက တည်ငြိမ်စွာ အကြံပြုလိုက်သည်။
“ အစ်ကိုစု၊ ငါမြစ်ပြာဓားစံအိမ်ကို သွားဖို့ အစီအစဉ် မရှိတော့ဘူး။ ”
“ ဘာဖြစ်လို့လဲ ... ။ ”
“ အစ်ကိုစုနဲ့ နေရတာက မြစ်ပြာဓားစံအိမ်ထက် ပိုအကျိုးရှိတယ်။ ”
ဘေးမှ နားထောင်နေသော ဖန်ရှောင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး၊
“ ငါလည်း ဒီလိုပဲ ထင်တယ်။ ”
-ဟု မှတ်ချက် ဝင်ပေးလာသည်။
ညစာစားပြီးနောက် ခြံအပြင်မှ မြင်းခွာသံများ ထွက်ပေါ်လာက ချောင်ဝူဟောင် ရောက်ရှိလာ၏။
“ ဆရာစု ... တိမ်မြစ်စီရင်စုသခင်က စုအမည်ရှိတဲ့ လူတစ်ယောက်ကို စုံစမ်းနေတယ် ဆိုတာ ကြားမိတယ် ... ဒီကိစ္စက ဆရာစုနဲ့ ပတ်သက်နိုင်တယ် ... ငါ့တို့ယွမ်မိသားစုက ငြိမ်ငြိမ်လေးထိုင်နေမှာ မဟုတ်ဘူး။ ”
ချောင်ဝူဟောင်က သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောပြလာသည်။
“ သူတို့ တကယ် လက်စားချေတော့မှာလား။ ”
ဟွမ်ချမ့်ကျွယ်က ရေရွတ်လိုက်၏။
“ ဆရာစု ... ငါပြန်တော့မယ်၊ ငါ့ရဲ့ ယွမ်မိသားစုရဲ့ စွမ်းအားနဲ့ တိမ်မြစ်စီရင်စုသခင် လုပ်ချင်တိုင်း ... လုပ်ခွင့်မပေးနိုင်ဘူးဆိုတာ အသိလာပေးတာပါ။ ”
စုရီက လက်ဝှေ့ယမ်းပြပြီး၊
“ ဒါက ကိစ္စသေးသေးလေးပဲ ... စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုပါဘူး။ ”
-ဟု တုန့်ပြန်လိုက်၏။
( ဆရာစု ... မင်းမာနကြီးလွန်းတာလား ... နားမလည်တာလား သူ့သားကို သတ်မဲ့ကိစ္စက ဘယ်လိုလုပ် သေးသေးလေးဖြစ်မှာလဲ။ )
ချောင်ဝူဟောင်က မျက်ခုံးပင့်ကာ စိတ်ထဲမှ ညည်းတွားလိုက်၏။ တိမ်မြစ်စီရင်စုသခင် စံအိမ် အစောင့်များကို သတ်ဖြတ်ပြီး သူ့သားအပေါ် သတ်ရန် စိတ်ကူးမှာ ရဲရင့်ချေပြီ။
ထို့ကြောင့် ချက်ချင်းထွက်သွားသေးဘဲ ပြန်လှည့်ကာ၊
“ ဆရာစု သတိထားပါ... ဒီချင်းဝမ်ယွမ်ဆိုတဲ့လူက ကောက်ကျစ်ပြီး ရက်စက်တယ် ... သူတာဝန်ယူတဲ့
... အနှစ် သုံးဆယ်အတွင်း ... စီရင်စုမြို့တော်မှာရှိတဲ့ အင်အားစုများစွာ တိတ်တဆိတ် ပျောက်ကွယ်ခဲ့ဖူးတယ်...
... ကျင့်ကြံမှုအရ မဟာသခင်အဆင့်ကို ရောက်ရှိနေတာ နှစ်ပေါင်း ငါးဆယ်ရှိပြီ အခုဆို အင်္ဂါငါးပါးသန့်စင်ခြင်း အဆင့်ကို ရောက်ရှိ နေလောက်ပြီ ...
... လုယန်အကယ်ဒမီရဲ့ လက်ထောက် ဌာနမှူးက သူ့ရဲ့စီနီယာအစ်ကို ဖြစ်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ် အရေးအကြီးဆုံးက ပြည်နယ်သခင်နဲ့ ပတ်သတ်မှု အချို့ ရှိနေတာပဲ။”
-ဟု ပြောကြားလိုက်သည်။
ဤသည်မှာ စုရီအတွက် တွက်ဆ ထားနိုင်မည်။ ဟွမ်ချမ်ကျွယ်နှင့်၊ ဖန်ရှောင်ဖုန်း တို့မှာ ထိတ်လန့်သွား၏။ တစ်ဖက်လူသည် ဤမျှ ကြီးမားသော နောက်ခံရှိလိမ့်မည်ဟု မထင်ထားချေ။
မဟာကျိုးနိုင်ငံကို ပြည်နယ်ခြောက်ခု ခွဲထားသည်။ အင်ပါယာပြည်နယ်သည် ၎င်းတို့ အနက်မှတစ်ဦးဖြစ်ပြီး ၎င်းပြည်နယ်အတွင်း စီရင်စုခြောက်ခု ပါဝင်၏။
တိမ်မြစ်စီရင်စုသည် အင်ပါယာပြည်နယ်၏ စီရင်စုခြောက်ခုအနက်မှ တစ်ခုပေပင်။
“ ဝူဟောင် ... ။ ”
စုရီမှ ထရပ်လိုက်သည်။
“ ဟုတ်ကဲ့ ... ပြောပါ ဆရာစု။ ”
“ ကျင့်ကြံသူ တစ်ယောက်က ... သတ်ရာတွင် ပြတ်ပြတ်သားသား သတ်ပါ ဂုဏ်သတင်းနဲ့ နောက်ခံအတွက် အသက်မရှင်နဲ့... ။ ”
“ ဟုတ်ကဲ့ ... ။ ”
“ ချင်းဝမ်ယွမ်က အဆက်အသွယ် နောက်ခံတွေ များပြားပေမယ့် သူ့ရဲ့စစ်မှန်တဲ့ စွမ်းအားက မဟာသခင်ပဲ။ ”
ချောင်ဝူဟောင် တစ်ယောက် ပါးစပ်ပိတ်သွားတော့၏။
“ မင်းရဲ့ ကျင့်ကြံမှုရပ်နေတာ ဘာကြောင့်လဲ စဉ်းစားဖူးလား။ ”
ချောင်ဝူဟောင်ခမျာ တုန်ယင်လာသည်။ ဤသည်မှာ သူ့အတွက် ထိလွယ်ရှလွယ်ပေပင်။
“ ကျေးဇူးပြုပြီး လမ်းပြပေးပါ ဆရာစု။ ”
“ ဗုဒ္ဓဂိုဏ်းတွေမှာ လမ်းလျှောက်ပြီး တရားမှတ်ပါ ထိုင်ပြီးတရားမှတ်ပါလို့ မိန့်ကြား ထားတယ် ... နှစ်ရပ်လုံးက သဘာဝတရားနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးပဲ ... ။ ”
စုရီက လက်နှစ်ဖက် နောက်ပို့လျက် ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီး၊
“ ကျင့်ကြံမှု ဆိုတာကလည်း ထိုနည်းလည်းကောင်းပဲ ပျင်းပြတဲ့ဆန္ဒမျိုး ရှိဖို့လိုတယ် ... နိယာမတိုင်းကို လွန်ဆန်ပြီး ကောင်းကင်ကို လျစ်လျူရှုနိုင်ရမယ်။ ”
ထို့နောက် ချောင်ဝူဟောင်ထံ ပြန်လှည့်ကြည့်ကာ၊
“ မင်းက အရမ်းသတိရှိပြီး တွေးခေါ်တတ်တယ် ... ဒါကမင်းကို ချည်နှောင် ထားတဲ့ကြိုးပဲ ... ပြဿနာတစ်ခုကို ဖြေရှင်းတဲ့ အခါ ... နောက်ခံ၊ အင်အား၊ ငွေကြေးကို ဘယ်လို သုံးစွဲရမလဲ ချိန်ဆနေတာက ကျင့်ကြံမှုကို ရှုပ်ထွေးစေတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဆရာစု ငါနားလည်ပါပြီ။ ”
ချောင်ဝူဟောင်ခမျာ ဖျားနာနေသူ တစ်ယောက်ကဲ့သို့ ချွေးစေးများ ဖုံးလွှမ်းကာ တစ်ဆက်ဆက် တုန်ယင်လာသည်။
ဤသည်မှာ ကျင့်ကြံသူများအတွက် လမ်းညွှန်ချက်များ ဖြစ်ပြီး ဗုဒ္ဓဂိုဏ်းများအတွက် အတားအဆီး ချိုးဖြတ်ခြင်း ဟု ခေါ်ဆို၏။
တာအို၌မူ ‘ဉာဏ်အလင်း’ ပေးခြင်းမည်သည်။ ချို့ယွင်းချက်ရှိသူများ အတွက် ကောင်းချီးဟုလည်း ယူဆနိုင်၏။
“ ဒီမှာ ငါရေးထားတဲ့ ... စကားလုံး ရှစ်လုံးပါတယ် သူတို့ရဲ့အဓိပ္ပါယ်ကို နည်းနည်း နားလည်တာနဲ့ မဟာသခင် ဖြစ်နိုင်တယ်။ ”
စုရီက ကျောက်စိမ်းဆွဲသီး အတွင်းမှ စာလိပ်တစ်လိပ်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူပေး လိုက်သည်။
( ဘာလဲ ... မဟာသခင်ဖြစ်ဖို့ ဒီလောက်လွယ်တာလား ... ဆရာစု မင်းချဲ့ကား ပြောနေတာလား။ )
လေးနက်ပြီး၊ ရိုးရှင်း လွတ်လပ်သော စကားလုံး ရှစ်လုံးမျှသာ ဖြစ်၏။ ချောင်ဝူဟောင် အတွက်မူ ကောင်းကင်ကို လျစ်လျူရှုနေသော ဓားရှစ်လက်ဖြစ်နေသည်။
စကားလုံးတိုင်းသည် ဆရာစုကဲ့သို့ မောက်မာပြီး တည်ငြိမ်ကာ အရာရာအပေါ် လျစ်လျူရှုနေခဲ့၏။
ဆိုလိုသည်မှာ ကောင်းကင်ဘုံသည် သူပုန်ကန်ရန်ပင် မထိုက်တန်ဟု ပြောနေခဲ့ခြင်း ဖြစ်ချေပြီ။
“ ဒါ ... ။ ”
စိတ်ဝိညာဉ်နာကျင်လာဖြင့် စာလိပ်ကို ချက်ချင်း ပြန်ပိတ်လိုက်မိသည်။ ၎င်းကို အလုံးစုံ နားလည်ပါက မဟာသခင်နယ်ပယ်ထက် ကျော်လွန်နိုင်မည်ဟု ခံစားလိုက်ရ၏။
မူလတာအိုနယ်ပယ်။ မည်မျှ ရူးသွပ်ဖွယ် အခွင့်အရေးပင်နည်း။ ရှန်ရှင်းအဆင့်သည်ပင် တန်ခိုးရှင်တစ်ပါး ဖြစ်နေပြီဖြစ်ရာ ၎င်းထက် သာလွန်သော မူလတာအိုနယ်ပယ်သည် မဟာကျိုး၌ နတ်ဘုရားဖြစ်၏။
“ ကျေး ... ကျေးဇူးတင်ပါတယ်ဆရာစု။ ”
ကျေးဇူးတင်လွန်းသဖြင့် ချောင်ဝူဟောင်တစ်ယောက် စကားလုံးများ ပျောက်ဆုံးသွားသည်။
“ ဆက်လုပ်ပါ။ ”
နောက်တစ်နေ့ မနက်တွင် စုရီက ဝင်္ကပါကိုစစ်ဆေးပြီး ညနေစောင်းသောအခါ ဟွမ်ချမ့်ကျွယ်ကို ရထားလုံးတစ်စင်း ငှားရမ်းပြင်ဆင်စေ၏။
“ ရှောင်ဖုန်း ... ဒီည အပြင်လုံးဝမထွက်နဲ့ အိမ်ထဲမှာပဲနေပြီး ... ငါ့ကို စောင့်ပါ။ ”
ထို့နောက် ဟွမ်ချမ့်ကျွယ်ကို ရထားလုံး မောင်းနှင်စေလျက် စည်းစိမ်ချမ်းသာစံအိမ်ထံ ထွက်ခွာလာခဲ့သည်။
ရထားလုံးပေါ်မှ ဆင်းလာသောစုရီကို မြင်သောအခါ စွေ့ယွင်က ထိတ်လန့်တကြား ထွက်ကြို၏။
“ သခင်ငယ် ... ။ ”
စုရီက ခေါင်းညိတ်ပြပြီး၊
“ ဒီစာရင်းမှာပါတဲ့ လူတွေလာရင် တောင်မြစ်နန်းတော်ဆီ လွှတ်လိုက်ပါ။ ”
-ဟု စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်သည်။
“ စိတ်မပူပါနဲ့ သခင်ငယ် ... ဒီညမင်းနဲ့ မင်းရဲ့ဧည့်သည်တွေကို ကျေနပ်စေလိမ့်မယ်လို့ ငါအာမခံပါတယ်။ ”
စွေ့ယွင်က ဝမ်းသာအားရ ကတိပေးလိုက်သည်။ သို့သော် စုရီမှပြုံးလျက်၊
“ မိန်းကလေးယွင် လူသေတွေက ... ကျေနပ်ခြင်း ... မကျေနပ်ခြင်းကို ဘယ်လို လုပ်သိနိုင်မှာလဲ။ ”
-ဟု ပြောကြားကာ လှေကားပေါ် လှမ်းတက်သွားတော့သည်။
စွေ့ယွင်တစ်ယောက် နားရှုပ်သွားပြီး စုရီနောက်ကျောကို ငေးလျက် ကျန်ရစ်ခဲ့၏။ ထို့နောက် အမည်စာရင်းကို ပြန်ကြည့်သည်။
လူခုနစ်ယောက် အမည်ဖြစ်၏။ ရုတ်တရက် မျက်ဝန်းများ ပြူးကျယ်လာပြီး စုရီထွက်သွားရာ အရပ်ထံ မျှော်ကြည့်လိုက်မိသည်။
အဆုံးတွင် အသည်းခိုက်အောင် နာကျင်နေသော အမူအရာဖြင့် အံကြိတ်လျက်၊
“ သခင်ငယ် ... မင်း ဒီမှာ လူသတ်ဦးမလို့လား ... ငါ့ဆိုင်ကို မင်းရဲ့ သားသတ်ရုံလို့များ ထင်နေလား။ ”
-ဟု ရေရွတ်လိုက်တော့၏။
***