← Chapters

သတိပေးခြင်း

Vol. 014 Ch. 1317

သတိပေးခြင်း

Vol. 014 Ch. 1317

ရှားရှင်းယွန်နှင့် ရီဖူရှင်း၏ ရင်းနှီးမှုက အလွန်မြင့်မားလာပြီး အင်ပါယာရှားကလည်း ရီဖူရှင်းကို အလွန် တန်ဖိုးထားသည့်အတွက် လက်ရှိ တက်ရောက်လာသည့် လူတိုင်းသည် တစ်ခုသော အရာကို သေချာသိရှိကြလေသည်။ ရီဖူရှင်းသည် အုပ်ချုပ်မှုအတွက် လျာထားခြင်းပင် ခံရနိုင်သည်။

တဖန် ထပ်၍ အသေးစိတ် စဉ်းစားကြည့်လျှင် ရီဖူရှင်း ဖော်ပြခဲ့သော ပါရမီအရ သူသည် ရန်ဟောင်အဆင့်သို့ ရောက်ရှိမည်မှာ အနှေးနဲ့အမြန်ပင် ဖြစ်သည်။

သူသာ တစ်နေ့တွင် အင်ပါယာရှားဘုံကို အုပ်စိုးခဲ့ပါက သူသည် ပို၍ မြင့်မားသည့် အဆင့်အတန်းသို့ မြှင့်တင်ပေးနိုင်မည် ဖြစ်ပေသည်။

စားသောက်ပွဲ၏ အခြေအနေက အလွန်ပင် ကောင်းမွန်နေသည်။ လူတိုင်းသည် ရယ်မောပျော်ရွှင်စွာ ရှိနေကြ၏။ စားသောက်ပွဲ စတင်ပြီး အချိန်တချို့ ကြာပြီးနောက် အင်ပါယာက လူအုပ်ကြီးအား စကား စလိုက်သည်။

“ရှင်းယွန်နဲ့ ရီဖူရှင်း အိမ်ပြန်လာတာကို ကြိုဆိုတာထက် ကျုပ် အားလုံးကို ဒီနေရာထိ ဖိတ်ကြားလိုက်ရတာ တခြားအကြောင်း ရှိနေသေးတယ်။ အဲဒီအကြောင်းကိုတော့ ရီဖူရှင်းကပဲ ပြောပြပါလိမ့်မယ်။ ကျုပ်ကတော့ ဒီလောက်နဲ့ သွားလိုက်တော့မယ်။ ကျုပ် မပါဘဲ ဆက်ပြောကြပါ”

အင်ပါယာသည် ထရပ်ကာ ထွက်သွားလေသည်။ လူတိုင်းသည် လက်သီးဆုပ်ဟန် အရိုအသေပြုကာ အင်ပါယာကို ပို့ဆောင်လိုက်ကြသည်။

အင်ပါယာ ထွက်ခွာသွားပြီးနောက် သူတို့၏ မျက်လုံးများက ရီဖူရှင်းဘက်သို့ လှည့်သွားကြသည်။

တော်ဝင်နန်းတော်၏ အရေးကြီး ပုဂ္ဂိုလ်အချို့မှ လွဲ၍ စားသောက်ပွဲ၌ ကျန်ရစ်ခဲ့သူတိုင်းသည် သူတို့၏ သက်ဆိုင်ရာ အင်အားစုများတွင် အဓိကလူများ ဖြစ်ကြသည်။

ရီဖူရှင်းသည် သူတို့ အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တွေကတည်းက အကြောင်းရင်း အမျိုးမျိုးနဲ့ စီနီယာတို့ရဲ့ အကူအညီကို ခဏခဏ ရရှိခဲ့တာကြောင့် ကျွန်တော် စီနီယာတို့ကို ထပ်ပြီး အနှောင့်အယှက် မပေးတော့သင့်ပေမဲ့ ကျွန်တော် ဘယ်လိုမှ ပစ်ပယ်ထားလို့မရတဲ့ ကိစ္စလေးတချို့ ရှိနေတယ်။ အဲဒါကြောင့် ကျွန်တော်က စီနီယာတို့ဆီမှာ တစ်ခါထပ်ပြီး အကူအညီတောင်းရဦးမှာ စိုးမိပါတယ်”

လူတိုင်းသည် သူ ဘာကို ရည်ရွယ် ပြောချင်နေလဲ ကောင်းကောင်း သိရှိကြပေသည်။ လီဟန်ဓားသမားက သူ့ကို ကြည့်ကာ မေးလိုက်သည်။

“ကျုပ်တို့ကို ဘာလုပ်ပေးစေချင်လို့လဲ”

တာလီက နန်းတွင်းအကြံပေးကဲ့သို့ အရေးကြီးပုဂ္ဂိုလ်ကို ဆုံးရှုံးသွားခဲ့ချိန်၌ ရီဖူရှင်းသည် များပြားလှသည့် ပြန်လည်မွေးဖွားခြင်း အဆင့်များကို အင်ပါယာရှားဘုံသို့ ခေါ်ဆောင်လာခဲ့သည်။ နှစ်ဖက်လုံး၏ အင်အားများကို ကြည့်၍ ဆုံးဖြတ်ရလျှင် ယခု အင်ပါယာရှားဘုံသည် သေချာပေါက် လွှမ်းမိုးနိုင်မည် ဖြစ်သည်။

ရီဖူရှင်းက လီဟန်ဓားသမားကို ကြည့်လိုက်၏။

“ကျွန်တော် တောင်းဆိုချင်တာကတော့ စီနီယာတို့ အကုန်လုံး တစ်ချိန်တည်းမှာ တာလီကို ဝင်တိုက်ခိုက် ပေးစေချင်တာပါ”

“ပစ်မှတ်ကရော”

လီဟန်ဓားသမားက မေးလိုက်သည်။

“ကျွန်တော်တို့ အင်ပါယာလီဘုံကို မတူကွဲပြားတဲ့ လမ်းကြောင်းတွေကနေ ဝင်ရောက်ကြပြီးတော့ နန်းမြို့တော်မှာ ဆုံကြမယ်။ ကျွန်တော်က အင်ပါယာလီဆီက ကတိတစ်ခု လိုချင်တာ။ စီနီယာတို့လည်း အဲဒါ ဘာဖြစ်မလဲ သိကြမယ် ထင်ပါတယ်”

ရီဖူရှင်းက ဆက်ပြောလိုက်သည်။

လီဟန်ဓားသမားက မည်သည့်အရာကိုမှ ထပ်မမေးတော့ပေ။ တာလီပြည်ထောင် အတွင်းကို ကျူးကျော်ကာ နန်းမြို့တော်ကို စီးနင်းပြီး အင်ပါယာကို ခြိမ်းခြောက်မည်တဲ့လား။ အစီအစဉ်က အလှမ်းကျယ်လွန်း သော်လည်း အောင်မြင်ရန် အခွင့်အရေးက အလွန်မြင့်မားသည်ကို သိရှိပေသည်။ သူတို့သာ ရီဖူရှင်းကို ကူညီရန် သဘောတူလိုက်ပါက နှစ်ဖက် အင်အားကွာခြားမှုက သိသိသာသာ ဖြစ်သွားလိမ့်မည် ဖြစ်၏။

အင်ပါယာလီက ရန်သူ့စစ်တပ် သူ့နန်းတော်ကို ဝန်းရံထားသည်အား မြင်ပါက မည်သို့ ပြုလုပ်လိမ့်မည်နည်း။ သူက ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အပေးအယူ လုပ်ရတော့မည် ဖြစ်သည်။ ထို့အပြင် ရီဖူရှင်း၏ အင်ပါယာလီကို ဖိအားပေး၍ တာလီနန်းတွင်း အကြံပေးကို လွှတ်ပေးရန် ရည်ရွယ်ချက်က အောင်မြင်လိမ့်မည် ဖြစ်သည်။

“ဒါဆို ကျုပ်တို့က အင်ပါယာကို ခြိမ်းခြောက်ရမှာလား။ အဲဒီအကြံက အရမ်း ရဲတင်းလွန်းတယ်”

လီဟန်ဓားသမားက တွေးလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်ကာ ရိုးရှင်းသော်လည်း အားမာန်ပြည့်ဝသည့် စကားလုံးနှစ်လုံးတည်းဖြင့် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ”

သူသည် သွေးနဂါးဘုံတိုက်ပွဲ၌ ပါဝင်ခဲ့သည်။ သူသည် နန်းတွင်းအကြံပေးကို အလွန်တရာ လေးစားမိလေသည်။ သူသာ နန်းတွင်းအကြံပေး နေရာ၌ ဖြစ်လျှင် ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ မသေချာလှပေ။

ထိုသို့သော တန်ခိုးရှင်မျိုးမှာ ဆန့်ကျင်ဘက်၌ ရပ်တည်နေရလျှင်ပင် လေးစားမှု ခံထိုက်သည်မှာတော့ အတူတူပင် ဖြစ်၏။

ထို့အပြင် ထိုစစ်ဆင်ရေးသည် သူ့အတွက်လည်း အန္တရာယ် အနည်းငယ်မျှသာ ရှိနိုင်ပေသည်။ သူတို့က မည်သူ့ကိုမှ သတ်ဖြတ်ရန် မလိုအပ်သည့်အတွက် အရာအားလုံးက ဘေးကင်းလိမ့်မည် ဖြစ်ပေသည်။

“ကျေးဇူးတင်ပါတယ်၊ ဓားသမား”

ရီဖူရှင်းက ခွက်ကို မ ကာ မော့သောက်လိုက် ပြီးနောက် ပြောသည်။

“တကယ်လို့ အနာဂတ်မှာ ကျွန်တော့်ရဲ့ အကူအညီတစ်ခုခု လိုလာမယ်ဆိုရင် ကျွန်တော် ရီဖူရှင်း တွေဝေခြင်းမရှိ လုပ်ဆောင်ပေးမယ်လို့ ကျိန်ပါတယ်”

လီဟန်ဓားသမားထက်ပိုပြီး သူ့ကို ကူညီပေးခဲ့သူ အခြားရှိလိမ့်မည် မဟုတ်ပေ။

“လီဟန်ဓားသမားတောင်မှ မတွေဝေဘဲ သဘောတူလိုက်တယ် ဆိုတော့ ကျုပ်လည်း အဲဒီလို မလုပ်နိုင်စရာ အကြောင်းမရှိဘူး ထင်တယ်”

ကျိထန်နန်းတော်သခင်က ပြုံးကာ ပြောလိုက်၏။

“ကျိထန်နန်းတော်ကို မင်းနဲ့ လီဟန်နန်းတော်က လူတွေ လာတိုက်ကြတဲ့  အဲဒီအချိန်ကို ကျုပ် မှတ်မိသေးတယ်။  ဒီနေ့မှာ အခုလို ဘေးချင်းယှဉ်ထိုင် နေရလိမ့်မယ်လို့ ကျုပ် မျှော်လင့်မထားခဲ့မိဘူး”

“အဲဒါတွေ အားလုံးက အတိတ်တွေ ဖြစ်သွားခဲ့ပါပြီ စီနီယာ”

ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ သူ၏ စိတ်အခြေအနေက ယခင်နှင့်ယှဉ်လျှင် အလွန်ကွာခြားလှသည်။

လီဟန်ဓားသမားသည် ရီဖူရှင်း၏ ရန်ငြိုးကို ကြင်နာမှုဖြင့် ပြန်လည်ပေးဆပ်ခဲ့ပြီး ရီဖူရှင်း၏ လူများထဲမှ တစ်ယောက်က ဓားနန်းတော် သုံးဆယ့်သုံးလွှာသို့ ရောက်ရှိသည့်အခါ သူ၏ ဓားကို ပေးအပ်ခဲ့သည်။ ထိုအဖြစ်အပျက်က သူ၏ ကျင့်ကြံမှုတွင် အတော်လေး သက်ရောက်ခဲ့သည်။

“ကျုပ်ကိုပါ ထည့်တွက်လိုက်။ မဟုတ်လည်း တာလီက ကျုပ်တို့ကို အမြဲ တိုက်ခိုက်ချင် နေတာပဲမလား။ အခုတော့ ကျုပ်တို့က သူတို့ကို တပြန် ပြန်ပေးနိုင်တော့မှာပေါ့။ ဆိုးတာတစ်ခု သူတို့ကို သတ်လို့မရတာပဲ”

ရွှမ်ယွင်နန်းတော်သခင်က ရယ်မောကာ ပွင့်လင်း၍ တည့်တိုးဆန်သော စရိုက်ကို ပြသခဲ့သည်။

ထိုစစ်ဆင်ရေး၏ ရည်ရွယ်ချက်သည် နန်းတွင်းအကြံပေးကို ကယ်တင်ဖို့သာ ဖြစ်သည့်အတွက် သူတို့သည် စည်းမကျော်မိစေရန် စောင့်ထိန်းကြရမည် ဖြစ်သည်။

ရီဖူရှင်းသည် သူ အကူအညီ လိုအပ်နေသည့် အချိန်၌ ကူညီရန် သဘောတူလိုက်သော အကျော်အမော် ပုဂ္ဂိုလ်အများအပြား ရှိနေသည်ကို သိလိုက်ရသည့်အခါ အလွန် စိတ်လှုပ်ရှားသွားရသည်။ သူက လက်နှစ်ဖက်နှင့် ခွက်ကို မြှောက်ကာ တဖန် သောက်လိုက်ပြန်၏။ ထို့နောက် သူသည် သူတို့ကို ဦးညွှတ်လိုက်သည်။

“စီနီယာတို့ ကျွန်တော့် အကူအညီကို လိုအပ်လာတာ ရှိခဲ့ရင် ကျွန်တော် အစွမ်းကုန် ကူညီပါ့မယ်လို့ ကတိပေးပါတယ်”

ယခု သူ့ဘေးတွင် ရပ်တည်ပေးခဲ့သည့် ထိုပုဂ္ဂိုလ်များမှာ အင်ပါယာရှားဘုံ၏ ထိပ်သီးအင်အားများ ဖြစ်ကာ ဤစစ်ဆင်ရေးသည် ဘုံအတွင်း၌ ရှိသမျှ ထိပ်သီး အင်အားစုများကို စုစည်းထားသည်ဟု ဆိုနိုင်သည်။

သူ သွေးနဂါးဘုံမှ ခေါ်ဆောင်လာသည့် သူများနှင့်ပါ ပေါင်းစည်းလိုက်လျှင် တာလီကို ဝင်ရောင်စီးနင်းရန် ဖြစ်နိုင်သွားပြီ ဖြစ်၏။ လီဟန်ဓားသမား ပြောသလိုပင် တိုက်ပွဲက အတော်လေး လွယ်ကူလိမ့်မည် ဖြစ်၏။

“ကျုပ်လည်း ဒီလိုတိုက်ပွဲကြီးမျိုး တိုက်ကြည့်ချင်နေတာ။ အခု အားလုံးလည်း အမိန့်ရပြီးပြီဆိုတော့ အစီအစဉ်ချပြီး ပြင်ဆင်ကြရအောင်”

ကျိထန်နန်းတော်သခင်က ပြောလိုက်ပြီး လူတိုင်းက သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။

စားသောက်ပွဲက မကြာခင်ပင် ပြီးဆုံးသွားခဲ့ပြီး ဧည့်သည်တော် အားလုံးသည်လည်း အိမ်သို့ ပြန်ရာ ပြင်ဆင်စရာရှိသည်များ စတင် ပြင်ဆင်ကြသည်။ သူတို့ချည်းပဲ ကျန်နေခဲ့ပြီးနောက်တွင် ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်လိုက်၏။ သူမသည် သူတို့ ဤကဲ့သို့ အလျင်အမြန် သဘောတူခဲ့ခြင်းမှာ သူမ အဖေကြောင့် မဟုတ်သည်ကို သိရှိကြပေသည်။ ထိုသည်မှာ ရီဖူရှင်း ကိုယ်တိုင်ကြောင့်ပင် ဖြစ်သည်။ သူသည် စိတ်ကူးဉာဏ် ကောင်းသည့်သူဖြစ်ပြီး လူတိုင်းသည်လည်း သူ၏ အရည်အချင်းကို သိရှိကြပေသည်။

အင်ပါယာရှားဘုံသည် စားသောက်ပွဲ ကျင်းပပြီးနောက် အလုပ်ရှုပ်လာကြသည်။ စစ်တပ်များကို စုစည်းခဲ့ပြီး တန်ခိုးရှင်များလည်း တော်ဝင်နန်းတော်သို့ ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်ရှုပ်ကာ သတင်းများ သယ်ဆောင်လာကြသည်။

အင်ပါယာရှားဘုံ၏ စစ်တပ်အထက်အရာရှိများ သည်လည်း ဘုံနှစ်ခုကြားတွင် တိုက်ပွဲကြီး ဖြစ်ပွားတော့မည်ကို သိရှိကြသည်။

ရှားရုန်သည်လည်း အလုပ်ရှုပ်နေခဲ့သည်။ သူသည် စစ်တပ်သို့ ပြန်ရန် ပြင်ဆင်နေပြီး သူ မထွက်ခွာခင် သူ၏ အဖေနှင့် တစ်ခါထပ်ကာ တွေ့ဆုံခဲ့သည်။

ရှားရုန်သည် အတော်လေး ရှုပ်ထွေးစွာ ခံစားနေရ၏။ သူသည် ဘုံစစ်ပွဲဆင်နွှဲရန် သူ့ အဖေကို ပြောသည့်အခါတိုင်း သူ့ကို လျစ်လျူရှုလေသည်။

သို့သော်လည်း အင်ပါယာရှားဘုံကို ပြန်လာသည့် ရီဖူရှင်းက တစ်ခွန်းလေး ပြောလိုက်ရုံနှင့် သဘောတူညီမှုကို ရရှိခဲ့ပြီး ဘုံနှစ်ခုကြားက မုန်တိုင်းက စတင် ဖြစ်ပွားတော့မည် ဖြစ်သည်။

အင်ပါယာရှားဘုံ၏ အစစ်အမှန် မင်းသားက မည်သူနည်း။

သို့သော်လည်း သူသည် ထိုမျှထိ အများကြီး တွေးမနေခဲ့တော့ပေ။ သူသည် သူ့အဖေကို ရိုးရှင်းစွာပင် ပြောခဲ့၏။

“ခမည်းတော်၊ အခု စစ်ပွဲမှာ ကျွန်တော်တို့ ဘက်က သိသိသာသာ အရေးသာနေတာပဲ။ ဘာလို့ သူတို့ကို ဖိနှိပ်ရုံပဲဆိုတဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ရတာလဲ။ ဘာလို့ အင်ပါယာလီဘုံကို အပြီးသတ် ချေမှုန်းဖို့ မလုပ်ရတာလဲ။”

ရီဖူရှင်းသည် နန်းတွင်းအကြံပေးကို ကယ်တင်ရန်သာ လုပ်ဆောင်လိုသော်လည်း မင်းသားသည် အခြား ရည်ရွယ်ချက်ကိုပါ အတူတကွ လုပ်ဆောင်ချင်နေပေသည်။

“ဒီတိုက်ပွဲက ရီဖူရှင်းကြောင့် တိုက်ကြမှာ။ သူ သွေးနဂါးဘုံကနေ ခေါ်လာတဲ့ အင်အားစုတွေကြောင့်သာ မဟုတ်ရင် ငါတို့မှာ အဲဒီလို လုပ်နိုင်စွမ်းရှိလိမ့်မှာ မဟုတ်ဘူး။ အဲဒါကြောင့် သူ့ နည်းလမ်းအတိုင်းပဲ လုပ်ကြရမယ်”

အင်ပါယာရှားက ပြန်ဖြေလိုက်သည်။

“ခမည်းတော်၊ နန်းတွင်းအကြံပေး အတွက်ကြောင့်နဲ့ လက်တစ်ကမ်းအလိုက အခွင့်အရေးကို လက်လွှတ်လိုက်ရတာ မှန်တယ်လို့ ထင်လား”

ရှားရုန်က မေးလိုက်သည်။

အင်ပါယာရှားသည် ဝံ့ကြွားစွာနှင့် မားမားမတ်မတ် ရပ်နေသည့် သူ့သားဖြစ်သူကို ကြည့်လိုက်သည်။ သူ၏ သားတော်ထံမှ အင်အားပြည့်ဝသည့် ဖိအားများကို ခံစားရပြီး သူ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် နောက်ဆုတ်မည့် အရိပ်အယောင် မရှိချေ။ သူသည် ဖခင်ဖြစ်သူ၏ မျက်လုံးများထဲသို့ တည့်တည့် ကြည့်နေသည်။

“ရှားရုန်”

အင်ပါယာရှားသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

“ဒါက နန်းတွင်းအကြံပေး အတွက်ပဲ မဟုတ်ဘူး။ မင်းအတွက်လည်း ပါတယ်။ ဒီကိစ္စတွေ အားလုံးကို ဘယ်သူက ဖြစ်စေခဲ့တာလဲဆိုတာ မမေ့နဲ့”

နန်းတွင်းအကြံပေးကို ဤအခြေအနေ ရောက်သည်အထိ တွန်းပို့စေခဲ့သည်မှာ ရှားရုန်၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်လေသည်။ အင်ပါယာသည် ရှားရုန် လုပ်ဆောင်ခဲ့သည့် ပြဿနာကို ဖြေရှင်းရန် ရီဖူရှင်း၏ တောင်းဆိုချက်ကို လိုက်လျောပေးခဲ့ခြင်း ဖြစ်၏။

ရှားရုန်သည် သူ့ဖခင် မည်သည်ကို ဆိုလိုခြင်းဖြစ်သည်အား သေချာသိရှိပေသည်။ သူက အမှန်ကို သိနေသော်ငြား တခြားအတွေးများက ဝင်ရောက်နှောင့်ယှက် နေသည်။ ‘ခမည်းတော်က ရီဖူရှင်းအား ထိုမျှ ဂရုစိုက်သည်လား’ဟု သူ တွေးလိုက်သည်။

“စစ်တပ်ကို ပြန်ပြီး မင်းရဲ့ အထက်အရာရှိ စစ်သူကြီးဆီကို သတင်းပို့လိုက်။ မင်းရဲ့ အကြံအစည်အတိုင်း လျှောက်လုပ်မနေနဲ့”

အင်ပါယာရှားက သူ့ကို သတိပေးလိုက်သည်။

“ကျင့်ကြံခြင်းက တခြားအရာတွေ အားလုံးထက် ပိုအရေးကြီးတယ်။ မင်းရဲ့ လက်ရှိအခြေအနေမှာ အဲဒါကို ထပ်သတိပေးစရာ မလိုဘူးလို့တော့ ထင်တယ်”

ရှားရုန်သည် သူ၏ ကိုယ်ပိုင် ထင်မြင်ချက်ကိုပင် မဖော်ပြရဲသည့် လူငယ်မျိုးဆက် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် အလွန် တယူသန်ဆန်လှသည်။

သံသယကင်းစင်ခြင်း အဆင့်တစ်ယောက် အနေနှင့် ရှားရုန်၏ စိတ်အခြေအနေက သိပ်အများကြီး ပြောစရာမလိုပေ။ ထိုသည်ကပင် သူက သွေးနဂါးဘုံ၌ ထိုသို့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ထိုသည်က သူလိုချင်ခဲ့သည့် ရလဒ်မျိုး မဟုတ်ပေ။

“အမိန့်အတိုင်းပါ၊ ခမည်းတော်”

အင်ပါယာက ရှင်းလင်းစွာ ပြောဆို သတိပေးခဲ့သော်လည်း ရှားရုန်က အဓိကအချက်ကို မြင်နိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက် သူသည် အရိုအသေပြုပြီး ထွက်ခွာသွားတော့၏။

အင်ပါယာရှားဘုံတွင် ရှုပ်ထွေးနေသည့် အခြေအနေများကြောင့် အင်ပါယာလီ ဘုံသည်လည်း မသိဟန်ဆောင်နေ၍ မရနိုင်တော့ပေ။

ရန်ဟောင်ဘုံနှစ်ခုလုံးသည် တစ်ဖက်နှင့် တစ်ဖက် သူလျှိုများ ထားရှိကြလေသည်။ ရီဖူရှင်း ပြန်လာသည့် အကြောင်းသည် အစကတည်းက လျှို့ဝှက်ချက် မဟုတ်ခဲ့ပေ။ ထို့ကြောင့် ထိုလှုပ်ရှားမှုများမှာ အင်ပါယာလီဘုံသို့ သတင်းရောက်ရှိသွားရန် သိပ်မကြာမြင့်ခဲ့ပေ။

အင်ပါယာလီဘုံ နန်းမြို့တော်တွင် အားနည်း ထိခိုက်လွယ်သည့် လူအိုကြီးတစ်ဦးက မှော်လက်နက်များဖြင့် ဖိနှိပ်ထားသည့် အကျဉ်းထောင်ထဲတွင် ထိုင်နေသည်။ ထိုလူအိုကြီးသည် အတော်လေး ရင့်ရော်နေကာ သူ၏ အရှိန်အဝါသည် အားနည်းနေပြီး သူ၏ ဆံပင်များက ရှုပ်ထွေးနေသည်။

ခြေသံများ ချဉ်းကပ်လာပြီး သူတို့သည် သူ၏ အရှေ့၌ ရပ်တန့်လိုက်ကြသည်။

“နန်းတွင်းအကြံပေး”

ရင်းနှီးနေသည့် အသံတစ်ခု ပြောလိုက်သည်။

နန်းတွင်းအကြံပေးသည် သူ၏ ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်လျှင် တာလီ၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် သူကို မြင်တွေ့ခဲ့၏။ သူ ခမ်းနားထည်ဝါ၍ တော်ဝင်ဆန်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ထိုသူမှာ အင်ပါယာလီ ကိုယ်တိုင်ပင် ဖြစ်တော့၏။

“အရှင်မင်းကြီး”

နန်းတွင်းအကြံပေး၏ အသံက အားနည်းနေသည်။ သူ၏ မျက်လုံးများက ထိုင်းမှိုင်းနေပြီး တစ်ကိုယ်လုံးက စိတ်ထောင်းကိုယ်ကြေ ညှိုးနွမ်းနေ၏။

“အင်ပါယာရှားဘုံက သတင်း ရောက်လာတယ်။ ခင်ဗျားရဲ့ တပည့်က တာလီကို တိုက်ခိုက်ဖို့ စစ်တပ် အသင့်ပြင်နေတယ်တဲ့။ အဲဒါကို ခင်ဗျား ဘယ်လိုထင်လဲ”

အင်ပါယာလီက မေးလိုက်သည်။

“တပည့်လား”

နန်းတွင်းအကြံပေးက စဉ်းစားလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ ဇဝေဇဝါ ဖြစ်နေသော်လည်း လျင်မြန်စွာပင် အင်ပါယာက မည်သူ့ အကြောင်း ပြောနေသည်ကို နားလည်သွားခဲ့သည်။ ထိုသူမှာ ရန်ယွင်မဟုတ်သလို သူ တွေးကြည့်နိုင်သည့် အခြားသူများလည်း မဟုတ်ပေ။

ထိုသူမှာ ကျိန်းသေ ရီဖူရှင်းသာလျှင် ဖြစ်နိုင်၏။

“ခင်ဗျား ဘာလို့ နန်းတွင်းအကြံပေး ဖြစ်လာလဲဆိုတဲ့ အကြောင်းပြချက် ရှိသေးတယ်။ ခင်ဗျားက အမြင်ကောင်းကောင်း ရှိတယ်။ တိဟောက်နဲ့ ဒွန်ချန်းကို ကျော်ပြီး ခင်ဗျား သူ့ကို ရွေးခဲ့ပြီးတော့ အဲဒီရွေးချယ်မှုက မှန်ကန်တယ်ဆိုတာကို အချိန်က သက်သေ ပြသွားခဲ့တယ်။ ရီဖူရှင်းက သူတို့နှစ်ယောက်လုံးထက် သာတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီး သူတို့တွေကို နှိုင်းယှဉ်ရတာကိုက ရယ်စရာ ဖြစ်စေခဲ့တယ်။ သူက အခု သွေးနဂါးဘုံမှာ မြို့စားဖြစ်လာပြီး ရန်ဟောင်အမွေအနှစ်ကို ဆက်ခံရရှိခဲ့တယ်။ သူက ပြန်လည် မွေးဖွားခြင်းအဆင့် အများကြီးနဲ့တောင် ရင်ဆိုင်နိုင်ခဲ့ပြီး စစ်ပွဲအခြေအနေကို ပြောင်းပြန်လှန် ပစ်ခဲ့တယ်။  အင်ပါယာရှားဘုံက ဒီထက်ပိုပြီး အရေးနိမ့်စရာအကြောင်း ရှိမှာမဟုတ်တော့ဘူး။ အခု သူက တာလီကို တိုက်ခိုက်ဖို့တောင် ဦးဆောင်နေပြီ။ သူက အဲဒီတိုက်ပွဲကို ခင်ဗျားကြောင့် ဆင်နွှဲချင်တာပဲ ဖြစ်ရမယ်။ ဘယ်လိုထင်လဲ”

“ဖြစ်ချင်တော့ သူက ခင်ဗျား ကိုယ့်ကိုယ်ကိုယ် စတေးခံပြီး ကာကွယ်ဖို့ ဆန္ဒရှိခဲ့တဲ့ သူပဲ။ အခု သူက တာလီကို တိုက်ခိုက်တော့မယ်။ အဲဒီအဖြစ်ကြောင့် လူဘယ်လောက်များများ သူတို့ရဲ့ အသက်ကို ပေးဆပ်လိုက်ရမယ်လို့ ထင်လဲ။ ခင်ဗျားရော ဘယ်လိုတွေးလဲ နန်းတွင်းအကြံပေး”

နန်းတွင်းအကြံပေး၏ သစ္စာဖောက်မှုကြောင့်သာ မဟုတ်လျှင် ရီဖူရှင်းသည် အချိန်ကြာမြင့်စွာ ကတည်းက အသတ်ခံခဲ့ရပြီး ဖြစ်လိမ့်မည်။

နန်းတွင်းအကြံပေးသည် ခေါင်းကို ငုံ့ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး၊ ရီဖူရှင်းက မင်းသားလီယောင်ကို ဆန့်ကျင်တိုက်ခိုက် ခဲ့တယ်ဆိုတာ သူ့ဇနီးနဲ့ တခြားလူတွေရဲ့ အသက်တွေအတွက် လက်စားချေဖို့ သက်သပ်ပါ။ အခု မင်းသားကလည်း မရှိတော့ဘူးဆိုတော့ ပြန်လှည့်ဖို့ အခွင့်အရေး ရှိပါသေးတယ်”

သူသည် ပြောပြီးသည့်အခါတွင် အားနည်းလှစွာ ချောင်းဆိုးလိုက်၏။

သူ့အတွက်တော့ အသက်ရှင်နေခြင်းကပင် တန်ဖိုးရှိနေပြီ ဖြစ်သည်။

အင်ပါယာလီက သူ့ကို ကြည့်ကာ တိတ်ဆိတ်နေ၏။ ‘ကိစ္စတွေကို ပြန်ပြင်မယ်တဲ့လား၊ ဘယ်လောက် ရူးမိုက်လိုက်သလဲ’ သူက တွေးလိုက်သည်။

အင်ပါယာသည် လှည့်ထွက်သွားခဲ့သည်။ သူနှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က တွေ့ခဲ့သော ထိုလူငယ်လေးက ထိုမျှ ကြောက်မက်ဖွယ်နှုန်းဖြင့် တိုးတက်လာမည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိပေ။

သူကဲ့သို့ ရန်ဟောင်တစ်ပါးပင်လျှင် ခြိမ်းခြောက်ခံရမှု ခံစားမိလေသည်။

***

All Chapters