တရားခံ
Vol. 014 Ch. 1318
ရက်အနည်းငယ်အကြာ၌ အကျော်ဇေယျ အင်အားစုများသည် အင်ပါယာရှားဘုံမှ ထွက်ခွာခဲ့ကြသည်။ သူတို့သည် စစ်မြေပြင်သို့ ဦးတည်လိုက်ကြပြီး တပ်မဟာရှစ်ခု ခွဲဖြာသွားရန် စီစဉ်ထားခဲ့သည်။
ရီဖူရှင်းသည် ပြန်လည် မွေးဖွားခြင်းအဆင့် လေးယောက် စေလွှတ်ခဲ့သည်။ သူသည် ရာရာကိုလည်း သူတို့နှင့်အတူ စေလွှတ်ခဲ့သော်လည်း သူမသည် လီဟန်ဓားနန်းတော်မှ တန်ခိုးရှင်များနှင့် လိုက်ပါသွားခဲ့သည်။
လီဟန်ဓားသမားနှင့် ရာရာသည် အင်ပါယာရှားဘုံ၏ ထိပ်တန်းဓားသမားများ ဖြစ်ကြ၏။ ဓားသမားအဖြစ် ကျော်ကြားသည့် သူတို့နှစ်ဦးသည် လက်ရှိတွင် ရန်သူ့နယ်မြေအတွင်းသို့ ထိုးဖောက်ရာတွင် လက်တွဲခဲ့ကြသည်။ သူတို့ လမ်းကြောင်း၌ မည်သူမှ ရပ်တည်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သူတို့သည် ယခင်က ပြုလုပ်ခဲ့သလို အင်ပါယာရှားက ခေါ်ဆောင်၍ တာလီနန်းမြို့တော်သို့ ထိုးဖောက် ဝင်ရောက်နိုင်သော်လည်း ထိုသို့ မလုပ်ခဲ့ကြပေ။ သူတို့သည် အင်ပါယာလီဘုံသို့ စစ်ပွဲ ဆင်နွှဲရမည့်အစား နန်းတော်သို့ ဦးတည်ခဲ့သည်။ သူတို့သည် အင်ပါယာလီကို ကြီးမားသော ဖိအားပေးနိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်၏။
ဤသည်က ကယ်ဆယ်ရေးဟု အမည်ခံခြင်းမဟုတ်ဘဲ စစ်ပွဲဆင်နွှဲခြင်း ဖြစ်သည်။
သူတို့သည် များပြားလှသည့် ရီဖူရှင်း၏ သစ္စာခံ မိစ္ဆာသားရဲများနှင့်အတူ အဖွဲ့တစ်ဖွဲ့ချင်းစီသည် စတင် ထွက်ခွာသွားကြသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အဖွဲ့တိုင်းသည် အချင်းချင်း ဆက်သွယ်နိုင်ကြသည်။ ဤနည်းလမ်းဖြင့် ရီဖူရှင်းသည် အခြားလူများ မည်သည့်အရာတို့ လုပ်ဆောင်နေသည်အား အချိန်တိုင်း သိရှိနိုင်ပေသည်။
ရီဖူရှင်းသည် သူ့ဘေး၌ ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက်ကိုသာ ထားရှိခဲ့သည်။ ထိုသူမှာ ဝူယုံး ဖြစ်သည်။
နန်လိမျိုးနွယ်၊ ပေ့လိမျိုးနွယ် နှင့် ကျူးချွယ့်မျိုးနွယ်မှ ခေါင်းဆောင်များသည် ဆန်းထျန်ကျန့်နှင့်အတူ ထွက်ခွာသွားကြသည်။
ရီဖူရှင်းသည် တော်ဝင်နန်းတော်၌ ကျန်ရစ်ခဲ့သည်။ ထိုသည်မှာ သူက တိုက်ပွဲတွင် ပါဝင်တိုက်လိုက်မည် မဟုတ်ဘဲ အခြားအစီအစဉ် ရှိသောကြောင့် ဖြစ်၏။
အင်ပါယာရှားသည် ရီဖူရှင်းနှင့် သူ့လူများကို တော်ဝင်နန်းတော် အတွင်း၌ ကိုယ်ပိုင်နန်းဆောင် စီစဉ်ပေးခဲ့သည်။ တော်ဝင်မိသားစုဝင်များမှ လွဲ၍ ထိုသို့အခွင့်အရေးမျိုး မည်သူမှ မရရှိခဲ့ဖူးပေ။
သေမင်းရှန့် ထိုကဲ့သို့သော လူများပင်လျှင် ကျင့်ကြံရေးကွင်းပြင်နှင့် နေရာချထားပေးခြင်းသာ ရှိ၍ ကိုယ်ပိုင်နန်းဆောင် မရရှိကြပေ။
သို့သော်လည်း မည်သူကမှ ထိုအစီအစဉ်က သဘာဝမကျဟု မတွေးကြပေ။ အင်ပါယာရှားသည် ဟိုးအရင်ကပင် ရီဖူရှင်းအား သူ၏ မိသားစုဝင်အဖြစ် ဆက်ဆံခဲ့ပေသည်။ အင်ပါယာနှင့် ရီဖူရှင်း၏ ဆက်ဆံရေးက လျှို့ဝှက်ချက် မဟုတ်ပေ။
ထိုနန်းဆောင်တွင် စံအိမ်များနှင့် မြင့်မားသော အဆောက်အဦများအပြင် ရေတံခွန်ပင်လျှင် ရှိနေပြီး ထိုနန်းဆောင်သည် နတ်ပြည်တစ်ခုအလား သာယာလှပေသည်။
ရီဖူရှင်းနှင့် မင်းသားငါး ရှားလွင်သည် စစ်တုရင် ကစားနေကြသည်။ ရှားရှင်းယွန်လည်း ထိုနေရာ၌ ရှိနေခဲ့၏။
“ငါသွားစရာလေးတစ်ခု ရှိနေသေးတာ အခုမှ သတိရတယ်။ ခွင့်ပြုပါဦး။ ရှင်းယွန် ငါ့နေရာ အစားဝင်လိုက်”
ရှားလွင်က သူ့ညီမကို ပြောလိုက်ပြီး ထရပ်ကာ ဟိုဟိုဒီဒီ ဖုန်ခါလိုက်၏။ ထို့နောက် လှည့်ပင်မကြည့်တော့ဘဲ ထွက်ခွာသွားတော့သည်။ သူ့ကို ကြည့်ရသည်မှာ လွတ်လပ်ပေါ့ပါးပြီး ဖျတ်လတ်နေပေသည်။
“သုံးပွဲဆက်တိုက် ရှုံးတယ်တဲ့”
ရှားရှင်းယွန်၏ အသံတိုးတိုး ထွက်ပေါ်လာသည်။
“ဘယ်လိုတောင် ဆရာကျတဲ့ ကစားသမားလဲ”
ရှားလွင်၏ နှုတ်ခမ်းတို့က ဆတ်ခနဲ လှုပ်ရှားကာ ရှုံ့မဲ့သွားသော်လည်း သူက ပြန်လှည့်မကြည့်ပေ။ သူသည် ခေါင်းကို မော့ကာ အဝေးသို့ လျှောက်ထွက်သွားလေသည်။
သူက အတော်လေး မချင့်မရဲ ဖြစ်သလို ခံစားနေရ၏။ ထိုသည်မှာ ရီဖူရှင်းက ကျင့်ကြံခြင်း၌ ပါရမီ ရှိကြောင့်သာ မဟုတ်ပေ။ သူတို့ မင်းသားများကို မချင့်မရဲဖြစ်စေသည်မှာ တော်ဝင်နန်းတော် အပြင်၌ အခြားလူများ ပြောနေသည့် စကားများကြောင့် ဖြစ်သည်။ သူတို့ ပြောနေကြသည်မှာ မင်းသားများထက် ရီဖူရှင်းကသာ အင်ပါယာ၏ သားတော်နှင့် ပိုတူသည်ဟူ၍ ဖြစ်သည်။
ရှားလွင်သည် စစ်တုရင်ကစားရာ၌ အလွန် အရည်အချင်းရှိပြီး သူသည် ရီဖူရှင်းအား အနိုင်ယူ၍ မင်းသားများ၏ သိက္ခာကို အဖက်ဆယ်ရန် ရည်ရွယ်ခဲ့သည်။
သို့ပေမဲ့ ရလဒ်ကတော့ ဆိုးရွားလှပေသည်။ ရှားလွင်သည် ထိုကစားပွဲများမှနေ၍ ရီဖူရှင်း၏ ကြောက်မက်ဖွယ် တွက်ချက်နိုင်စွမ်းကို ခံစားမိစေလေသည်။
“ကျုပ်နဲ့ ကစားပေးမှာလား မင်းသမီး”
ရီဖူရှင်းက ရှားရှင်းယွန်ကို မေးလိုက်သည်။
ရှားရှင်းယွန်က ခေါင်းကို ခါလိုက်၏။
“မကစားတတ်ဘူး”
“ငါမင်းနဲ့ ကစားပေးမယ်”
ရန်ယွင်က အနားသို့ ရောက်လာရင်း ကြားဖြတ်ပြောလိုက်သည်။
“ဟုတ်ကဲ့၊ အစ်ကိုကြီး။ ဒါဆို ကစားကြရအောင်”
ရီဖူရှင်းက စစ်တုရင်ခုံကို ပြင်ဆင်လိုက်သည်။ နန်ကျိုင်းနှင့် ဖေးရွှီသည်လည်း ဘေးဘက်တွင် ရှိနေကြ၏။
သူတို့ နှစ်ယောက် စတင်ကစားလိုက်သည်နှင့် ရန်ယွင်သည် အလွန် အရည်အချင်းရှိသည့် ကစားသမားဖြစ်ကြောင်း သိရှိလိုက်ရသည်။ ဆရာကျသော ကစားသမား နှစ်ယောက်ကြားတွင် ပြင်းထန်သည့် ကစားပွဲ ပေါ်ပေါက်လာ၏။
ရီဖူရှင်းသည် စစ်တုရင် ကစားနည်းကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စစ်တုရင်ကျေးရွာ၌ သင်ယူခဲ့သော်လည်း ထိုသည်မှာ သူက ပြိုင်ဘက်ကင်း ဖြစ်သည်ဟုတော့ မဆိုလိုပေ။ စစ်တုရင်ရှန့်ထိုသည် သာမန်ရှန့်ထိုတစ်ပါး ဖြစ်သော်လည်း တစ်ဖက်တွင် ရန်ယွင်သည် ပြန်လည် မွေးဖွားခြင်းအဆင့် ရှန့်ထို ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူက သူ၏ အစ်ကိုကြီး တွက်ချက်နိုင်စွမ်း မည်မျှ ကောင်းမည်ကို သိချင်မိလေသည်။
ထို့အပြင် ရန်ယွင်သည် လုံးဝ အလျှော့မပေးဘဲ ရီဖူရှင်းကို အဖက်ဖက်မှ ဝန်းရံထားသည်။ ထိုသည်က သူ၏ စိတ်အခြေအနေကို ရောင်ပြန်ဟပ်နေပုံ ပေါ်သည်။
ရန်ယွင်သည် နန်းတွင်းအကြံပေးနှင့် ပတ်သက်ပြီး စိတ်ပူနေခြင်း ဖြစ်ရမည်။
သူတို့သည် ကူညီလိုသော်လည်း ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ထိုသို့ လုပ်ခဲ့ပါက အင်ပါယာလီ၏ ဒေါသကို ဆွလိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူတို့၏ ဆရာက အင်ပါယာလီလက်ထဲမှ အကျဉ်းသားအဖြစ်သာ ရှိနေသေး၏။
“အရမ်း စိုးရိမ်မနေပါနဲ့။ အင်ပါယာလီက အရူးမဟုတ်ဘူး။ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးခင်အထိ သူ ကျွန်တော်တို့ ဆရာကို ဘာမှ လုပ်လိမ့်မှာ မဟုတ်ဘူး။ သူတို့ဘက်က ဘာကောင်းကျိုးမှ မရှိမှာ အသိသာကြီးကို ကျွန်တော်တို့ ဒေါသ ထွက်သွားမှာကိုတောင် ကြောက်နေရမယ့် အခြေအနေလေ”
ရီဖူရှင်းက ပြောလိုက်သည်။ အဆုံးမှာတော့ ဤ ကျူးကျော်တိုက်ခိုက်မှုသည် ဘုံစစ်ပွဲ ဆင်နွှဲခြင်း အမည်ခံထားသည် မဟုတ်ပါလား။
“ဟုတ်တယ်”
ရန်ယွင်က ခေါင်းညိတ်လိုက်သည်။ ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက်အနေနှင့် သူ၏ စိတ်အခြေအနေသည် အနိုင်မခံအရှုံးမပေး ခိုင်မာသည့် အခြေအနေသို့ ပြောင်းလဲခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း လက်ရှိအရေးမှာ သူတို့၏ ဆရာနှင့် ပတ်သက်နေသည် ဖြစ်၍ မချင့်မရဲဖြစ်နေရသည့် ခံစားချက်မှာ ရှောင်လွှဲမရနိုင်ပေ။ သူတို့သည် ရလဒ်ကို မျက်ဝါးထင်ထင် မတွေ့ရသေးခင်အထိ စိတ်ပူနေရဆဲ ဖြစ်သည်။
ရန်ယွင် တစ်ယောက်တည်းသာ ထိုသို့ ခံစားရကာ စိုးရိမ်ပူပန်နေခြင်း မဟုတ်ဘဲ နန်ကျိုင်း၊ ဖေးရွှီနှင့် အခြားလူမျာသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။ သူတို့ နှလုံးသားများသည် ခဲဆွဲထားသလိုပင် လေးလံနေကြပေသည်။
သို့ရာတွင် သူတို့အားလုံးသည် ရီဖူရှင်း၏ စစ်ဆင်ရေးကို အလွန် ထောက်ခံအားပေးကြသည်။ သူတို့သာ သူတို့၏ ဆရာကို အချုပ်ခန်းလေးထဲ၌ ထား ထားမည်ဆိုလျှင် သူတို့ဆရာ မည်သည်တို့ ကြုံတွေ့ရလိမ့်မည်ကို မည်သူမှ ပြောနိုင်မည် မဟုတ်ပေ။
သူတို့၏ ဆရာသည် ယခင်က အခြေအနေမျိုး မဟုတ်တော့ပေ။ သူ၏ ကျင့်ကြံဆင့်များက ဖျက်ဆီးခံလိုက်ရပြီး သူ၏ အသက် စွမ်းအားသည်လည်း အလွန်အားနည်းနေသည့် အခြေအနေ ဖြစ်နေသည်။
ထိုသည်က အလွန်သနားစရာ ကောင်းလှသည်။ သူတို့အားလုံးသည် ပညာရှိကျမ်းကို ကျင့်ကြံခဲ့ကြသော်လည်း ထိုကျင့်စဉ်ကို သူတို့ဆရာကဲ့သို့ မည်သူကမှ နက်ရှိုင်းစွာ သဘောပေါက် သိနားလည်ခြင်း မရှိခဲ့ကြ။ သူတို့သည် အနာဂတ်နှင့် ကံကြမ္မာကိုလည်း မြင်နိုင်စွမ်း မရှိပေ။
“မင်းတို့က အချိန်ကို ကောင်းကောင်း အသုံးချနေကြတာပဲ”
မရင်းနှီးသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ထူးကဲသည့် အရှိန်အဝါရှိသည့် စတုတ္ထမင်းသား ရှားခွန်း ဖြစ်သည်။ သူသည် ကစားပွဲအနီးသို့ ချဉ်းကပ်လာသည်။
“အရှင်မင်းသား”
ရီဖူရှင်းက မတ်တတ်ရပ်ကာ အရိုအသေပြုရင်း သူ၏ ယဉ်ကျေးမှုကို ပြသလိုက်သည်။
ရှားခွန်းက ပြုံးလိုက်သည်။
“ပုံမှန်အတိုင်းနေပါ။ ကျုပ်က ဒီမှာ လာကြည့်ရုံလေးတင်”
“ကောင်းပါပြီ”
ရီဖူရှင်းသည် ထိုင်လိုက်ပြီး ဆက်ကစားနေသည်။
ရှားခွန်းသည် ဤနေရာသို့ ကြည့်ရှုရန်သာ လာရောက်ခြင်း ဖြစ်သည်။ ထို့နောက် သူက ပြောလိုက်၏။
“တယ်ကောင်းပါလား။ ဆရာရန်ယွင်နဲ့ ရီဖူရှင်းက စစ်တုရင် ကစားတာမှာ ဒီလောက်တော်တယ်ဆိုတာ မသိခဲ့ဘူး။ အစောနက ကျုပ်ရဲ့ ညီတော်တော့ အတော်လေး အခက်တွေ့သွားရမှာ သေချာတယ်”
“မင်းသားငါးရဲ့ အရည်အချင်းလည်း အရမ်းကောင်းပါတယ်”
ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“သူ့ကိုယ်သူလည်း အဲဒီလို ထင်တာပဲ”
ထို့နောက် ရှားခွန်းက ပြုံးကာ ပြောလိုက်၏။
“ရှင်းယွန်၊ မင်း ဘယ်တုန်းက စစ်တုရင်ကို စိတ်ဝင်စားသွားတာလဲ”
“ကြည့်ရုံကြည့်နေတာပါ”
ရှားရှင်းယွန်က ပြောလိုက်သည်။
“ဟုတ်ပါပြီ။ ဒါပေမဲ့ မင်း အရင်က ကစားပွဲတွေကို ကြည့်တာလည်း မမြင်ဖူးခဲ့သလိုပဲ”
ရှားခွန်းက ရယ်သွမ်းသွေးလိုက်၏။
ရှားရှင်းယွန်သည် သူ့ကို ကြည့်လိုက်ကာ ပြောစရာစကား မဲ့သွားခဲ့သည်။
“ကောင်းပါပြီ။ မင်းတို့ကို နှောင့်ယှက်လို့ ဝပြီဆိုတော့ ပြန်လိုက်ဦးမယ်။ အချိန်ရှိရင် ကျုပ်ရဲ့ နန်းဆောင်ကိုလည်း လာလည်ပါဦး ညီငယ်ရီ”
ရှားခွန်းက ပြောလိုက်သည်။
ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထိုအချိန်၌ သူက ဖေးရွှီထံမှ စိတ်ချင်းဆက်သွယ်၍ အကြောင်းကြားချက် တစ်ခုကို ရရှိခဲ့သည်။
ကျားစေ့ကို ကိုင်ထားလျက်နှင့် သူ၏ လက်က လေထဲတွင် ရပ်တန့်သွားသည်။ ထို့နောက် ရီဖူရှင်းသည် သူ၏ ခေါင်းကိုမော့လိုက်ပြီး အပြုံးနှင့် မေးလိုက်သည်။
“ရှောင်ရှမ်း သေသွားပြီးတော့ ရှောင်ကလန်ရော ဘာတွေ လုပ်နေလဲ”
လှည့်ထွက်သွားသည့် ရှားခွန်းသည် ရပ်သွားပြီး နေရာတွင်ပင် အေးခဲသွားသည်။ ထို့နောက် သူ့ခေါင်းကို လှည့်ကာ ရီဖူရှင်းကို ကြည့်လိုက်လျှင် သူ့ညီမအား စကားပြောလိုက်သည့် ရီဖူရှင်းကို တွေ့လိုက်ရသည်။
ရီဖူရှင်းသည် ရှားခွန်းဆီသို့ လှည့်ကြည့်ကာ မေးလိုက်သည်။
“ဘာများဖြစ်လို့လဲ အရှင်မင်းသား”
“ဘာမှမဟုတ်ပါဘူး”
ရှားခွန်းသည် သူ့ ခေါင်းကို ခါယမ်းလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
ရှားရှင်းယွန်သည် ရီဖူရှင်းကို ဇဝေဇဝါနှင့် ကြည့်လိုက်သည်။ ထိုမေးခွန်းသည် ယခုအချိန်၌ ထွက်ပေါ်လာရမည့် မေးခွန်းမျိုး မဟုတ်ပေ။ သူမနှင့် ရှားခွန်း နှစ်ယောက်လုံး မည်သို့ တုံ့ပြန်ရမည်ကို မသိခဲ့ကြပေ။
“ငါပြန်ရောက်ကတည်းက နန်းတော်ကနေ ဘယ်မှ မသွားခဲ့ဘူး။ အဲဒါကြောင့် နည်းနည်းပဲ သိတယ်။ ဒါပေမဲ့ အဲဒီကိစ္စ ဖြစ်သွားပြီးတဲ့နောက်မှာ အဘိုးက ကလန်ကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားတယ်”
ရှားရှင်းယွန်က ပြန်ဖြေလိုက်သည်။
“ဖြစ်ပြီးတာက ဖြစ်ပြီးပြီပဲ။ ရှောင်ရှမ်းကလည်း အဲဒီအတွက် ပေးဆပ်ပြီးပြီ။ အဲဒီကိစ္စကြောင့် မင်းသမီးနဲ့ မင်းသမီးအဘိုးတို့ ဆက်ဆံရေးကို မသက်ရောက်စေချင်ဘူး။ ရီဖူရှင်းက ပြောလိုက်ပြီး သူ့ဘေးမှာ ရှိနေသည့် ဖေးရွှီကို ကြည့်လိုက်သည်။
ဖေးရွှီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
‘လူသတ်ချင်တဲ့စိတ်ကို ခံစားမိတယ်’ ဟု သူမက သူ့ကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
ရီဖူရှင်း၏ လက်က တဖန်ထပ်၍ အေးခဲသွားပြီးနောက် ကျားစေ့ကို စစ်တုရင်ခုံပေါ်သို့ ချလိုက်သည်။
ဖေးရွှီ၏ စွမ်းရည်ကို နန်းတွင်းအကြံပေး အိမ်တော်မှ လူများသာ သိရှိကြပြီး သူသည် အင်ပါယာရှားဘုံမှ မည်သူ့ကိုမှ မပြောပြထားခဲ့ပေ။ ရှားရှင်းယွန်ပင် မသိရှိချေ။
သူမ၏ စွမ်းရည်ကို သိရှိသွားကြလျှင် လူတိုင်းက သူမရှေ့တွင် သတိထားနေတော့မည် ဖြစ်၏။
ဖေးရွှီ၏ စိတ်ချင်းဆက်သွယ်၍ ပို့လိုက်သည့် အကြောင်းကြားချက် ရရှိပြီးနောက် သူသည် ရှားရှင်းယွန်အား ရှောင်ကလန်အကြောင်း တမင် မေးမြန်းခဲ့သည်။ အထူးသဖြင့် ရှောင်ရှမ်း၏ အမည်ကို ထုတ်ပြောခဲ့၏။
သူသည် ရှားခွန်း မည်သို့ တုံ့ပြန်မည်ကို ကြည့်ချင်ရုံသာ ဖြစ်၏။ မင်းသားသည် သူ့ကိုယ်သူ ကောင်းစွာ ဖုံးကွယ်ထားသော်လည်း သဲလွန်စကတော့ ကျန်ရစ်ပေသည်။ ထို့နောက် ထိုသည်က သက်သေပြရန် ခဲယဉ်းလှပြီး ခဏအတွင်း ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ သို့ရာတွင် ထိုခံစားချက်က အတုလုပ်၍ မရပေ။ ထိုသည်က သူ ဖုံးကွယ်၍ မရနိုင်သော တစ်စုံတစ်ရာဖြစ်သည်။
ရှောင်ရှမ်း၏ နာမည် ကြားလိုက်သည်နှင့် လူသတ်ချင်သည့် ရည်ရွယ်ချက်က ရှားခွန်း၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။ သူသည် ထိုအဓိပ္ပာယ်က မည်သည့်အရာကို ဆိုလိုသည်အား အတိအကျ သိချင်နေပေသည်။
သူတို့သည် ယခင်က တရားခံကို မရှာနိုင်ခဲ့ပေ။ သက်သေအားလုံးသည် ဖျက်ဆီးခံခဲ့ရသည်။
သို့သော် စုံစမ်းစစ်ဆေးမှုမှ တစ်ဆင့် ရီဖူရှင်း မှန်းဆမိသည်မှာ သံသယတရားခံသည် တော်ဝင်နန်းတော်မှ လူဖြစ်လေသည်။ တော်ဝင်နန်းတော်မှ လူသာလျှင် သူ မည်သည်တို့ လုပ်နေသည်ကို ထောက်လှမ်းနိုင်စွမ်း ရှိပြီး အင်ပါယာလီဘုံသို့ သွားရောက် ပြန်လာမည်အား သိရှိနိုင်ပေလိမ့်မည်။
သို့သော် ထိုအရာအားလုံးသည် မှန်းဆချက်သာ ဖြစ်၏။ သူ၏ အဆင့်အတန်းအရ တော်ဝင်နန်းတော်မှ လူများကို စစ်ဆေးခွင့်မရှိပေ။ တိကျသော သက်သေမရှိပါက ထိုသို့ လုပ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
ရှားခွန်း ထွက်သွားပြီးနောက် ရှားရှင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။ သူမသည် ရီဖူရှင်းကို ကြည့်ကာ မေးလိုက်၏။
“အဲဒီကိစ္စက ဘာလို့လဲ”
သူမသည် ငတုံးမဟုတ်သည့်အတွက် တစ်ခုခု လွဲနေသည်အား သတိထားမိလေသည်။ ရီဖူရှင်းက သဲလွန်စသက်သေ လိုချင်နေသည်အား သူမ ခန့်မှန်းမိသည်။ သို့ရာတွင် သူက သူမ၏ စတုတ္ထအစ်ကိုကို ရုတ်တရက်ကြီး စမ်းသပ်ကြည့်သည်အား နားမလည်နိုင်ပေ။
ထို့အပြင် သူသည် သူမမှတဆင့် ရှားခွန်းကို စမ်းသပ်ကြည့်ခဲ့ခြင်း ဖြစ်သည်။
ရီဖူရှင်းသည် ရှုပ်ထွေးနေသည့် ခံစားမှုများဖြင့် ခေါင်းကို မော့ကာ ရှားရှင်းယွန်ကို ကြည့်လိုက်သည်။ ထိုသည်က သူလိုချင်သည့် ရလဒ်မဟုတ်ပေ။ ထိုကိစ္စက မင်းသားနှင့် ပတ်သက်နေသည်။ သူက မည်သည်ကိုပဲ လုပ်လုပ် ရှုံးနိမ့်မည် ဖြစ်သည်။
မေးခွန်းတစ်ခုက သူ့ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူနှင့် ရှားခွန်းသည် ယခင်က ပတ်သက်ခဲ့ဖူးခြင်း မရှိပေ။ ထီးနန်းနှင့် ပတ်သက်သည့် အရေးကိစ္စဖြစ်ခဲ့လျှင် ရီဖူရှင်းသည် ရှားရှင်းယွန်၏ ဘေး၌ အရေးပါသော ကဏ္ဍတွင် ရှိနေခဲ့သည်။ သို့ပေမဲ့ ထိုသည်က ရှားခွန်း ပါဝင်ပတ်သက်ရမည့် အရေးမဟုတ်ပေ။
“မင်းသမီး၊ ဘယ်မင်းသားက ရှားခွန်းနဲ့ ရင်းနှီးလဲ”
ရီဖူရှင်းက မေးလိုက်သည်။
မေးခွန်း ထွက်ပေါ်လာသည်တွင် ရှားရှင်းယွန်၏ တုံ့ပြန်မှု အမူအရာက ဆက်တိုက်ဆိုသလို ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ သူမသည် အလွန်ဆိုးဝါးသည့် တစ်ခုခုကို ပြန်စဉ်းစားမိသွားပုံ ပေါ်သည်။ အလွန် ဆိုးဝါးလွန်းသဖြင့် သူမကိုယ်တိုင်ပင် ထုတ်မပြောနိုင်ပေ။
“မင်းသမီး”
ရီဖူရှင်းက ခေါ်လိုက်သည်။
ရှားရှင်းယွန်က သူမခေါင်းကို လှည့်ကာ တစ်နေရာကို ကြည့်လိုက်သည်။ သူမသည် တစ်ခုခုကို တွေးတော စဉ်းစားကာ အဖြေရှာနေသည့်ပုံ ပေါ်သည်။
“အဲဒါ သူလား”
ရှားရှင်းယွန်သည် ရီဖူရှင်းထံသို့ လှည့်ကာ ကြည့်လိုက်သည်။
ရီဖူရှင်းကလည်း သူမကို ပြန်၍ ကြည့်လိုက်ပြီး ပြောသည်။
“အဲဒီအကြောင်း မှားနိုင်စရာမရှိဘူး။ သူက တရားခံ မဟုတ်ခဲ့ဘူးဆိုရင်တောင် တစ်ခုခု သိနေတာဖြစ်ဖြစ် ပါဝင်ပတ်သက်နေတာ ဖြစ်နိုင်တယ်”
မည်သည့်အတွက် ရှောင်ရှမ်း၏ နာမည် ထွက်ပေါ်လာသည်နှင့် ရှားခွန်း၏ စိတ်ထဲတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ဖြစ်ပေါ်လာသည်ဟု ဖေးရွှီက ခံစားမိရသည်လဲ။
ရီဖူရှင်း၏ လက်ရှိ အခြေအနေနှင့် စွမ်းအားအရ သူသည် လွန်ခဲ့သည့် နှစ်များစွာကတည်းက ရီဖူရှင်းကို သတ်ချင်နေလျှင်ပင် သူ၏ အတွေးများကို ချုပ်ထိန်းထားရမည် ဖြစ်သည်။
သို့သော်လည်း ရှောင်ရှမ်းနှင့် အဖြစ်အပျက်က ဖြေရှင်းမရနိုင်သည့် ခြိမ်းခြောက်မှု ဖြစ်ပြီး ယခင်က ဖြစ်ပျက်ခဲ့သည်များ၏ သက်သေဖြစ်လာနိုင်ကာ အန္တရာယ်များလှသည်။
ထို့ကြောင့် ရှားခွန်း၏ သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်လာမှုက သူ ပါဝင်ပတ်သက်နေသည့် သဲလွန်စဖြစ်လာပေသည်။
“အဲဒီကောက်ချက်ကို ဘယ်လို ချလိုက်တာလဲ”
ရှားရှင်းယွန်က မေးလိုက်သည်။
“အဲဒါကို ဒီအတိုင်း ထားလိုက်ရအောင်ပါ။ ဒီကိစ္စထဲမှာ တခြားလူတွေလည်း ပါနေတယ်။ ပြီးတော့ ကျုပ်က သူတို့ ပါဝင်ပတ်သက်နေမှာကို မမြင်ချင်ဘူး။ ကျုပ်ကို ယုံရဲ့လား မင်းသမီး”
ရှားရှင်းယွန်သည် မည်သည့်စကားကိုမှ မပြောခဲ့ပေ။ သူမသည် အဖြေကို မှန်းဆမိခဲ့ပြီး ဖြစ်သည်။ သူမ၏ အသိစိတ်က သူ့ကို ယုံကြည်သည်။ စစ်ဆေးမှု ရလဒ်အရ တော်ဝင်နန်းတော်မှ တစ်စုံတစ်ယောက် ပါဝင်ပတ်သက် နေခဲ့သည်။ ထိုသူမှာ အရေးကြီးသည့် တစ်စုံ တစ်ယောက်သာလျှင် ဖြစ်နိုင်ပေသည်။
ရီဖူရှင်း၏ မေးခွန်းကို သူမအစ်ကို တုံ့ပြန်သည့်ပုံကို ကြည့်၍ မည်သည်တို့ ဖြစ်သွားသည်ကို ခန့်မှန်းနိုင်၏။
သူမသည် ထိုအရှုပ်အထွေးများမှ နာကျင်ခြင်းကို ခံစားမိသည်။ ထိုသည်မှာ သူမ မမြင်တွေ့ချင်ဆုံး အရာပင် ဖြစ်လေသည်။
***