အခန်း (၆၁၇)
Vol. 42 Ch. 617
နှစ်ဖက်လုံးသည် တပည့်များဖြစ်၏။ ထို့အတူ ပြဿနာတက်ခြင်းလည်း တူညီလှသည်။ အဘယ်ကြောင့် ကျွင်းချောင်ရှောင်းသည် ခြားနားစွာဖြင့် ဆက်ဆံရသနည်း။ ဘက်လိုက်ခြင်းလား.. ။
မဟုတ်ပေ။
ကျွင်းချောင်ရှောင်းသည် ဓါး နှင့် သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ယခင်ကထက် ပိုမို၍ ရင့်ကျက်လာ၏။ ထို့အပြင် သူသည် နတ်မီးခန္ဓာကိုယ်အပြင် စက်အသေူ၏တပည့်များအား ရန်ပြုတိုက်ခိုက်ခြင်းသည် ခွင့်လွှတ်ပေးနိုင်သည့်အရာ မဟုတ်ပေ။ သို့ပေမဲ့ လုချင်းချင်းကို ကယ်တင်တုန်းကလို ၎င်း၏တပည့်များ ဦးဆောင်၍ အားလုံးကို သတ်ဖြတ်ပစ်သည့် အလုပ်ကိုတော့ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ရီချင်းရှန်နှင့် ရှောင်ကျီတို့သည် သိုင်းဘုရင်အဆင့်သို့ ချိုးဖျက်ရောက်ရှိပြီးသောသူများ ဖြစ်သည်။ ၎င်းတို့သည် သိုင်းအုပ်စိုးသူတစ်ယောက်ကို အနိုင်ယူနိုင်စွမ်းမရှိဘူးဆိုလျှင်တောင်မှ ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်နိုင်စွမ်းတော့ရှိကြ၏။
မည်သို့ပင်ဆိုစေကာမူ ကျွင်းချောင်ရှောင်း၏ လက်ဝါးဖြစ်ဖြစ်၊ လက်ဖမိုးဖြစ်ဖြစ် နှစ်ခုလုံးသည် ၎င်း၏လက်၊ အသွေးအသားနှင့် အရေပြားများပင်ဖြစ်သည်။ ထို့ကြောင့် ယောကျာ်း နှင့်မိန်းမကြားဟူ၍ ခြားနားချက်မရှိပေ။
ကျွင်းချောင်ရှောင်းသည် မှန်ကန်၏။ ရီချင်းရှင်နှင့်ရှောင်ကျီတို့သည် ယင်တောင်ရိုးထဲတွင် ပိတ်မိနေသည်ဆိုသော်လည်း သိုင်းအုပ်စိုးသူများသည် အချိန်တိုအတွင်း ၎င်းတို့အား ရှာဖွေ့မတွေ့ရှိနိုင်ခဲ့ပေ။
“ထူးဆန်းလိုက်တာ။”
အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထူးဆန်းလှသည့် မျက်နှာဖုံးတစ်ခုကို တပ်ထားသော ကျွမ်းကျင်သူတစ်ယောက်သည် ၎င်း၏စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကြက်ကာ သစ်တောတစ်ခုလုံးကို ဖုံးလွှမ်းကြည့်ရှုလိုက်၏။ ပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “သူတို့ ဝင်သွားတာကို ငါမြင်ခဲ့ပါတယ်၊ ဘယ်ရောက်သွားကြတာလဲ”
ရီချင်းရှန်နှင့်ရှောင်ကျီတို့နောက်သို့ လိုက်ပါလာသောလူသည် စုစုပေါင်း ၄ယောက်ဖြစ်၏။ ၎င်းတို့အားလုံးသည် အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး အလွန်တရာရုပ်ဆိုးလှသော မျက်နှာဖုံးများကိုလည်း ဝတ်ဆင်ထား၏။ ၎င်းတို့ကို ကြည့်ရှုရသည်မှာ အလွန်တရာ ဆန်းကြယ်နေသည်။
“ဒီတစ်ကြိမ်…. သခင်က ငါတို့ကို သတ်ဖြတ်ပစ်ဖို့အမိန့်ကို ပေးခဲ့တာပဲ၊ ပြိုင်စံရှားဂိုဏ်းက တပည့်တစ်ယောက်ကို ဖမ်းမိပြီဆိုတာနဲ့ ဘာပဲဖြစ်ဖြစ် ငါတို့ သတ်ဖြတ်ပစ်ရမယ်၊ မလုပ်နိုင်ဘူးဆိုရင် ပြန်ရောက်တာနဲ့ ကြီးမားတဲ့ အပြစ်ပေးမှုကို ခံရမှာသေချာတယ်”
တခြားသော သိုင်းအုပ်စိုးသူတစ်ယောက်က ပြောလိုက်၏။ “ဒါက အလုပ်ကောင်းတစ်ခုလို့ ငါထင်မှတ်ထားခဲ့တာ၊ ဒါပေမဲ့ ဒီနှစ်ယောက်က တကယ်တော်မယ်လို့ မထင်မိဘူး၊ ဒီလောက် တောက်လျှောက်ကြည့်နေတာတောင်မှ ငါတို့ သူ့ကို မျက်ခြည်ပြတ်သွားသေးတယ်”
“အတွေးများ မနေနဲ့”
အရှေ့မှာ လမ်းလျှောက်လျက်ရှိသော သိုင်းအုပ်စိုးသူသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီနှစ်ယောက်က ယင်တောင်ရိုးထဲမှာပဲ ရှိရအုံဒမယ်၊ တချို့သော အော်ရာဖုံးကွယ်တဲ့ ရတနာမျိုးကို အသုံးပြုထားတာမို့ ငါတို့ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ အာရုံဖြန့်ကြက်ကြည့်ရှုလို့ မရတာပဲနေမှာ”
….
အမှောင်ထဲမှာတော့ ရှောင်ကျီသည် သစ်ရွက်များကို အသာဖြဲကာဖြင့် အရှေ့ဘက်ခြမ်းဆီသို့ လှမ်း၍ကြည့်လိုက်သည်။ “ဂျူနီယာညီလေးရီ၊ သူတို့ ငါတို့ကို ရှာမတွေ့ဘူးနဲ့တူတယ်”
၎င်း၏ဘေးတွင် ပုန်းအောင်းလျက်ရှိသော ရီရှင်းချန် သည် အထင်အမြင်သေးသလို မထီမဲ့မြင်ပြုံးလိုက်၏။ အားအင်အရဆိုလျှင် သူတို့သည် သိုင်းအုပ်စိုးသူတစ်ယောက်နှင့် ယှဉ်ပြိုင်၍ မရနိုင်ပေ။
သို့ပေမဲ့ ထိုက်ရွှမ်ကျမ်း ၏ အကျိုးကျေးဇူးကြောင့် သူသည် သူနှင့် ရှောင်ကျီတို့၏အော်ရာများကို စည်းခတ်ထားနိုင်ကြ၏။ ထို့ကြောင့် တစ်ဘက်လူများသည် သူတို့ကို ရှာဖွေတွေ့ရှိဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဘယ်တော့မှလည်း ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ပေ။
သို့ပေမဲ့ ဤနေရာသည် ချောက်ကမ်းပါးများကြားထဲတွင် တည်ရှိနေသော တောင်ကြား တည်နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်ဆီမှ ဝင်လာသည့်လမ်းမှာ တစ်လမ်းတည်း ရှိနေ၏။ အထဲတွင် သိုင်းအုပ်စိုးသူ ၄ယောက်နှင့် ပုန်းတမ်းဝှက်တမ်း ကစားနိုင်ရုံသာ တတ်နိုင်၏။ ထွက်ပြေးလွတ်မြောက်ခြင်းကိုတော့ မစွမ်းသာကြချေ။
“ငါ အနီးဆုံးမှာရှိတဲ့ မိုးဆွေအဖွဲ့ဝင်တွေကို သတင်းပေးပြီးသွားပြီ”
ရှောင်ကျီက ပြောလိုက်၏။ “ဂိုဏ်းချုပ်က သတင်းရတာနဲ့ တပြိုင်နက် ငါတို့ကို လာကယ်မှာပဲ”
“ပြဿနာပဲ”
ရီရှင်းချန် သည် မတ်တပ်ရပ်၍ ချုံပုတ်ထဲမှ ထွက်ခွာသွားရန်ပြင်လိုက်သည်။ သူ၏ ကိုယ်ရည်ကိုယ်သွေးအရ သူသည် ဂိုဏ်းချုပ် သူ့အား လာရောက်ကယ်တင်မည်ကို ဘယ်တော့မှ စောင့်မျှော်နေမည် မဟုတ်ပေ။ ထို့အတူ သိုင်းအုပ်စိုးသူများ၏ ဝိုင်းပတ်ပိတ်ဆို့ထားခြင်းကနေ မည်သို့ထွက်ခွာရမည်ဆိုသည်ကို သူ တွေးတောနေမိ၏။
“ဂျူနီယာ ညီလေးရီ”
ရှောင်ကျီက ပြောလိုက်၏။ “အလျင်မလိုနဲ့လေ”
ရီရှင်းချန်သည် ထူးမခြားနားသလို ပြန်ပြောလိုက်၏။ “ဒီရက်စက်လှတဲ့ လောကထဲမှာ အသက်ရှင်ချင်တယ်ဆိုရင် တခြားသူတွေကို အားကိုးနေလို့ မဖြစ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်”
သူပြောသည်မှာ အဓိပ္ပာယ်ရှိလှ၏။ ရှောင်ကျီသည် ဘာမှဆက်မပြောနိုင်ပေ။
၎င်း၏အနောက်မှ အလျင်အမြန်နှင့် လိုက်ပါသွား၏။ သူတို့နှစ်ယောက်သည် စိတ်ဝိညာဉ်စွမ်းအင်များကို အမှတ်တမဲ့နှင့် ထုတ်ဖော်ခြင်း မလုပ်မိအောင် သတိထားကြသည်။ တစ်ဘက်လူများ သိရှိဖမ်းမိသွားမည်ကို စိုးရွံ့နေမိ၏။
“ဟိုမှာ…. ဟိုမှာ”
သို့ပေမဲ့ သူတို့သည် ရှာဖွေတွေ့ရှိမိသွားသည်။
ဝှစ်.. ဝှစ်..။
ကြမ်းတမ်းလှသော စိတ်ဝိညာဉ်အာရုံများသည် အရှေ့ဘက်ဆီမှ ဖြစ်တည်လာပြီးသည့်နောက် ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံးသည် အပိုင်းပိုင်းဖြစ်သွားသည်။
ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် တိမ်ခြေလှမ်းနည်းစနစ်ကို အသုံးပြု၍ ချက်ချင်းပဲ အနီးအနားရှိ ချုံပုတ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
သိုင်းအုပ်စိုးသူများသည် ချက်ချင်းရောက်ရှိလာပြီး တည်နေရာတစ်ခုလုံးကို စည်းခတ်လိုက်၏။ သို့ပေမဲ့ သေသေချာချာ ရှာဖွေကြည့်သည့်နောက်မှာတော့ တစ်ယောက်ကိုမှ ရှာမတွေ့ချေ။
၎င်းတို့သည် ချီနယ်မြေကို ထုတ်ဖော်၍ ဖိနှိပ်ရန် ကြိုးစားခဲ့သေး၏။ သို့ပေမဲ့ တခြားသော သိုင်းဘုရင်များကိုသာ ထုတ်ဖော်အသုံးပြု ထိန်းချုပ်၍ ရနိုင်ပေလိမ့်မည်။ ရီရှင်းချန် နှင့် ရှောင်ကျီကို အသုံးပြုသည့်အချိန်မှာတော့ အသုံးမဝင်ချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ယောက်လုံးသည် စမ်းသပ်မှုမျှော်စင်တွင် အစဉ်အမြဲကျင့်ကြံနေကြသည် ဖြစ်သောကြောင့် ဤကဲ့သို့သော ဖိအားမျိုးသည် အချိန်အတိုင်းအတာတစ်ခုအတွင်း သူတို့အား မသက်ရောက်နိုင်ချေ။
“ချီးတဲ့မှ”
သိုင်းအုပ်စိုးသူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ချီဖိနှိပ်မှုကို ခုခံနိုင်တဲ့ ရတနာတစ်ခုလည်း သူတို့ဆီမှာ ရှိနေတာပဲလား”
တခြားသော လူတစ်ယောက်သည် ရှေ့ဘက်သို့ ပြေးထွက်လာပြီး ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက ဒီလိုမျိုးစွမ်းရည်တွေ မရှိရင် အချိန်တိုအတွင်းမှာ အဆင့်မြင့်တဲ့ တည်နေရာတစ်ခုကို ရောက်ရှိလာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
“ငါတို့ ချင်းယန်နိုင်ငံဆီသွားပြီး အမှောင်ထဲမှာပုန်းပြီး စောင့်နေတာပဲ ပိုကောင်းမယ်၊ ပြိုင်စံရှားဂိုဏ်းက တပည့်တွေ ထွက်လာတာနဲ့ ချက်ချင်းထွက်ပြီး သတ်ပစ်လိုက်မယ်၊ အဲဒါဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်”
“မူချန်းဟုန်က သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ ဖြစ်နေပြီလေ၊ ပြီးတော့ ကျွင်းချောင်ရှောင်းကလည်း အမေးနန်းတော်ရဲ့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်အနိုင်ယူခဲ့သေးတယ်၊ ငါတို့ အဲဒီကို သွားလို့ မဖြစ်ဘူး”
သိုင်းအုပ်စိုးသူသည် ငြိမ်သက်သွား၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကိုပင် ရိုက်နှက်နိုင်ခဲ့၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် ပြိုင်စံရှားဂိုဏ်း၏တည်နေရာထဲသို့ သွားရောက်ရန် သတ္တိတော့ မရှိချေ။
…..
“ဂျူနီယာ ညီလေးရီ”
ပုန်းအောင်းလျက်ရှိသော ရှောင်ကျီသည် အသံပို့လွှတ်လိုက်၏။ “ဒီလူတွေက မျက်နှာဖုံးတွေ ဝတ်ထားတယ်၊ ကြည့်ရတာ တမျိုးကြီးပဲ၊ တော်ဝင်မြို့က ကျွမ်းကျင်သူတွေတော့ ဟုတ်ပုံမပေါ်ဘူး”
ရီရှင်းချန် သည် မည်သည့်စကားမှ မဆိုချေ။ တကယ်တမ်းမှာတော့ သူသည် အစောကတည်းက နားလည်ပြီးဖြစ်သည်။
ဒီလူတွေက ထူးဆန်းတဲ့ဝတ်စုံကို ဝတ်ထားကြတာ၊ ဒီတော့ မကောင်းတဲ့ အဖွဲ့အစည်းတစ်ခုကပဲ ဖြစ်ရမယ်။ ရီရှင်းချန် သည် တွေးလိုက်မိ၏။
“သွားကြစို့” ခဏလောက် ကြည့်ရှုပြီးသည့်နောက်မှာတော့ သူသည် ပြန်လည်ထွက်ခွာလိုက်သည်။
ရှောင်ကျီသည် နောက်မှ အနီးကပ်ဆုံး လိုက်ပါသွားတော့သည်။
ဤသို့နှင့်ပင် သူတို့သည် တောထဲတွင် ပုန်းအောင်းနေကြရင်း မကြာခင်မှာပဲ ဝင်ပေါက်ဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။
“ဂျူနီယာ ညီလေး….. သူတို့ထွက်သွားတဲ့ပုံပဲ”
“အဲလောက်တော့ မရိုးရှင်းဘူးလေ”
ရီရှင်းချန် သည် သိုင်းအုပ်စိုးသူ ၄ယောက်လုံး ထွက်ခွာသွားသည်ဟု မထင်ချေ။ တမင်တကာ သူတို့ထွက်လာစေရန် ဟပေးထားခြင်းပင်ဖြစ်ကြောင်း နားလည်မိ၏။ သူတို့နှစ်ယောက်သည် အမှောင်ထဲမှာပင် ပုန်းအောင်းရင်း စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေကြ၏။
တစ်နာရီခန့် ကြာပြီးသည့်နောက်မှာတော့ ဝင်ပေါက်တစ်ခုလုံးသည် ရှင်းလင်းလျက် ရှိနေသေးသည်။ ရံဖန်ရံခါဆိုသလို ကြမ်းတမ်းလှသော သားရဲရိုင်းတချို့ ဖြတ်သန်းသွားလာသည်ကလွဲလျှင် အနီးအနားတွင် တစ်ယောက်မှ မရှိချေ။
ရီရှင်းချန် သည် စိတ်လက်ပူပန်နေတုန်းပင်ဖြစ်သည်။ သို့ပေမဲ့ အမှောင်ထဲမှာပဲ ဆက်လက်စောင့်ဆိုင်းလိုက်၏။
ထင်မှတ်ထားသည့်အတိုင်းပင်။ နောက်ထပ်တစ်နာရီလောက် ကြာမြင့်သည့်နောက်မှာတော့ မျက်နှာဖုံး ဝတ်ဆင်ထားသော သိုင်းအုပ်စိုးသူနှစ်ယောက်တို့သည် ခုန်လွှားရောက်ရှိလာပြီးသည့်နောက် ၎င်းတို့၏ စိတ်ဝိညာဉ်အာရုံများကို တောင်ကြားတစ်ခုထဲသို့ ဖြန့်နှံ့ကာ ကြည့်ရှုလိုက်၏။
ပြီးနောက် မည်သူမျှ ရှာမတွေ့သောကြောင့် ထွက်၍အော်လိုက်မိသည်။ “သူတို့ ထွက်သွားကြပြီထင်တယ်”
“ယင်တောင်ရိုးထဲမှာ ထွက်ပေါက် ဒီတစ်ခုတည်းရှိတာလေ၊ မဖြစ်နိုင်ဘူး”
“ပြိုင်စံရှားဂိုဏ်းက တပည့်တွေက နည်းနည်းတော့ ထူးဆန်းတယ်၊ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုပြီး ထွက်ပြေးသွားတာမျိုးလည်း ဖြစ်နိုင်တယ်လေ၊ သူတို့ ချင်းယန်နိုင်ငံကို ပြန်သွားတာပဲ ဖြစ်ရမယ်၊ ငါတို့ လမ်းမှာသွားပြီး စောင့်ဖမ်းရအောင်”
“ဒါက အမှန်ပဲ”
သိုင်းအုပ်စိုးသူနှစ်ယောက်တို့သည် လေထဲတွင် ပျံသန်းပြီးသည့်နောက် ယင်တောင်ရိုးဆီမှ ထွက်ခွာသွားကြ သည်။ သိုင်းဘုရင်နှစ်ယောက်သည် ၎င်းတို့၏လက်မှ လွတ်မြောက်သွားခဲ့သည်ကိုမြင်သော သိုင်းအုပ်စိုးသူ ၄ယောက်တို့သည် အလွန်တရာ စိတ်ဓာတ်ကျမိကြ၏။
“ဂျူနီယာ ညီလေး”
ရှောင်ကျီသည် အသံပို့လွှတ်လိုက်၏။ “အခု ထွက်သွားလို့ ရပြီလား”
“သွားကြစို့” ရီချင်းရှန်သည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူတို့နှစ်ယောက် ယင်တောင်ရိုးထဲမှ ချောချောမောမော ထွက်ခွာသွားခဲ့၏။ သို့ပေမဲ့ ဂိုဏ်းဆီသို့ ပြန်ရောက်ရန် စိတ်မကူးကြချေ။
သေမျိုးစာရင်း၏ပထမနေရာကို ရရှိခဲ့ပြီဆိုပေမဲ့ ညအင်ပါယာသည် စိတ်မကျေနပ်သေးချေ။ ထို့ကြောင့် မြေကမ္ဘာအဆင့်ပါရမီရှင်များကို ဆက်လက်စိန်ခေါ်ရန် စဉ်းစားထား၏။
ဟုန်း.. ဟုန်း.. ။
သို့ပေမဲ့ သူတို့နှစ်ယောက်သည် မိုင်အနည်းငယ် ခရီးသွားပြီးသည့်နောက်မှာတော့ အတားအဆီးအစီအရင် တစ်ခုထဲသို့ အမှတ်တမဲ့ ကျရောက်သွားကြောင်း သိရှိလိုက်ရ၏။
“မကောင်းတော့ဘူး”
ရီချင်းရှန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါက အစီအရင်တစ်ခုပဲ”
“ဟားဟားဟားဟား”
မျက်နှာဖုံး ဝတ်ဆင်ထားသော သိုင်းအုပ်စိုးသူတစ်ယောက်သည် လှမ်းလျှောက်လာပြီးသည့်နောက် ထူးဆန်းစွာ ရယ်မောလိုက်သည်။ “မင်းတို့က အထဲမှာ ပုန်းအောင်းပြီး လုံလုံခြုံခြုံ ထွက်ခွာသွားနိုင်မယ်လို့ ထင်နေတာလား၊ ဟားဟားဟားဟား”
ယင်တောင်ရိုးတွင် သူတို့သည် တစ်ဘက်လူများကို ရှာဖွေမတွေ့ရှိခဲ့ချေ။ ထို့ကြောင့် ထွက်လာနိုင်သည့်လမ်းများတွင် ကြိုတင်၍ အစီအရင်များ စီရင်ထားခဲ့ခြင်းပင် ဖြစ်တော့သည်။
“မင်းတို့နှစ်ယောက်…”
ထိုလူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခုခံဖို့ မကြိုးစားနဲ့၊ ငါတို့နဲ့ လိုက်ခဲ့”
“ဘယ်ကိုလဲ”
“မေးနေစရာ မလိုဘူး၊ ရောက်ရင် သိလိမ့်မယ်”
“တကယ်လို့ မလိုက်ရင်ရော”
“ဒါကို မင်းတို့ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး”
ရီရှင်းချန် က ပြောလိုက်သည်။ “ဒီလိုဆိုရင်လည်း ကျုပ်တို့ ခင်ဗျားတို့နဲ့ပဲ လိုက်ရတော့မှာပေါ့”
“ဂျူနီယာ ညီလေး ….”
ရှောင်ကျီ ပါးစပ်ဟလိုက်ချင်းချင်းမှာပဲ ရီရှင်းချန် သည် အသံပို့လွှတ်လိုက်၏။
“အစီအရင်ထဲက ထွက်ပြီးတဲ့နောက်မှ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ရအောင်”
လက်ရှိအခြေအနေတွင် သူတို့သည် အနိုင်မရနိုင်ချေ။ အစီအရင်ထဲတွင်လည်း ပိတ်မိလျက်ရှိ၏။ ထို့ကြောင့် တစ်ဘက်နှင့်အတူ လိုက်လျောညီထွေ ရှိစေရန် ဟန်ဆောင်ခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ပြီးမှသာ လွတ်မြောက်ရန် တခြားသောနည်းလမ်းကို ရှာဖွေရမည်။
ညအင်ပါယာသည် မောက်မာကောင်း မောက်မာပေလိမ့်မည်။ သို့ပေမဲ့ ညံ့ဖျင်းလှသည့် လူတစ်ယောက်တော့ မဟုတ်။ ဤကဲ့သို့သော အခြေအနေတွင် အတင်းကာရော ခွန်းတုံ့ပြန်၍ တိုက်ခိုက်ခြင်းအလုပ်ကို သူ ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
ဟုတ်ပေသည်။ သူ့အနေနှင့် အန္တရာယ်တောထဲမှနေ၍ လုံခြုံသည့်အခြေအနေတစ်ခုဆီသို့ ပြောင်းလဲနိုင်ဖို့ ကြိုးစားရပေလိမ့်မည်။ ထို့ကြောင့် အဆင်အခြင်မဲ့ပြုလုပ်ခြင်းက ပြဿနာဖြစ်မည်ကို သိရှိမိသည်။
သို့ပေမဲ့ ရီရှင်းချန် သည် သတိပေးလိုက်၏။ “ဂိုဏ်းချုပ်က သူ့တပည့်တွေကို အရမ်းကိုတန်ဖိုးထားတယ်လေ၊ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ခင်ဗျားတို့ စဉ်းစားထားသင့်တယ်”
“ကောင်လေး…. အချိန်ဖြုန်းမနေနဲ့တော့”
သိုင်းအုပ်စိုးသူတစ်ယောက်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “မင်းတို့ရဲ့ မရီဒန်တွေကို မင်းတို့ဟာမင်းတို့ စည်းခတ်မှာလား၊ ငါတို့က လာလုပ်ပေးရမှာလား”
ရီရှင်းချန် နှင့် ရှောင်ကျီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ မရီဒန်များကို ကိုယ့်ဘာသာ စည်းခတ်လိုက်တော့သည်။
ဝှစ်..။
အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ အစီအရင်သည်လည်း ဖယ်ရှားသွား၏။ အပြင်ဘက်တွင် ရပ်တန့်နေသော ခေါင်းဆောင်သည် ပြောလိုက်၏။ “မင်းတို့က ငါတို့ကို အချိန်တော်တော်ဖြုန်းခဲ့တာပဲ၊ မြန်မြန်သွားကြစို့”
အဖော်နှစ်ယောက်သည် ရီရှင်းချန် နှင့် ရှောင်ကျီဆီသို့ လျှောက်လာကြတော့သည်။ ၎င်းတို့သည် သူတို့အား ခေါ်ဆောင်၍ ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် အဝေးတစ်နေရာရှိ အလင်းတန်းတစ်ခုသည် ဖြတ်သန်းရောက်ရှိလာကြောင်း သူတို့ မြင်လိုက်ရ၏။
ထိုအလင်းတန်းသည် လေထဲတွင် ရပ်လျက်ရှိပြီး အေးစက်စက်အသံ ထွက်ပေါ်လာသည်။ “ဘယ်သူမှ ထွက်သွားလို့ မရဘူး”
“ဂိုဏ်းချုပ်” ရှောင်ကျီသည် ပျော်ရွှင်သွားမိ၏။
ရီရှင်းချန် က ပြောလိုက်သည်။ “ခင်ဗျားတို့တော့ ဒုက္ခရောက်ပြီ”