← Chapters

အခန်း (၆၁၉)

Vol. 42 Ch. 619

အခန်း (၆၁၉)

Vol. 42 Ch. 619

သိုင်းအုပ်စိုးလေးယောက်တို့သည် ယင်ဓာတ်သဘာဝများကို ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ကြောက်ရွံ့ဖွယ်ရာကောင်းလှသည်ဆိုသော်လည်း ကြယ်မီးဓာတ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ကြယ်မီးဓာတ် ဆိုသည်မှာ အသန့်စင်ဆုံးသော ယန်ဓာတ်သဘာဝမီးတောက်ပင် ဖြစ်တော့သည်။

“ဂိုဏ်းချုပ်က အရမ်းအားကောင်းလွန်းတယ်”

ရှောင်ကျီ၏ မျက်လုံးများထဲတွင် ချီးကျူးမှုများနှင့် ပြည့်နှက်သွားတော့သည်။

ရီချင်းရှန်မှာတော့ မအံ့ဩချေ။ ဂိုဏ်းချုပ်သည်သာ အရင်တစ်ခေါက်က အသုံးပြုခဲ့သော လက်သီးချက်ကို ထုတ်ဖော်မည်ဆိုပါက ဤသိုင်းအုပ်စိုးသူ လေးယောက်တို့သည် ချက်ချင်းပင် သေဆုံးသွားမှာဖြစ်၏။ သူပြောနေသည်မှာ စက်အတောင်ပံ၏ တိုက်ခိုက်မှုပုံစံကို ပြောခြင်းဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို အသုံးမပြုချေ။ အဘယ်ကြောင့်ဆိုသော် ကြယ်မီးဓာတ်သဘာဝ တစ်ခုတည်း နှင့်ပင် သိုင်းအုပ်စိုးသူလေးယောက်တို့အား သတ်ဖြတ်ပစ်ရန် လုံလောက်နေပြီဖြစ်သည်။

သိုင်းဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သိုင်းအုပ်စိုးသူလေးယောက်တို့အား သတ်ဖြတ်ရန်ဆိုသည်မှာ လွယ်ကူလှသည်တော့မဟုတ်ပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ ချွင်းချက်အနေဖြင့် ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူ့တွင် စနစ်ရှိနေသောကြောင့်ဖြစ်၏။

သာမန်အတွေးအခေါ် လောကနိယာမများနှင့် တွက်ချက်သုံးသပ်ထား၍ မရသော အထူးသောပစ္စည်းများအားလုံး သည် သူ့တွင်ရှိနေ၏။ ပြော၍မရချေ။ အနာဂတ်တစ်နေ့၌ လောကကြီးတစ်ခုလုံးကို ဖောက်ခွဲဖျက်ဆီးနိုင်မည့် နျူကလီးယားဗုံးလိုဟာမျိုးပင် စတိုးဆီ၌ ပေါ်လာနိုင်သေးသည်။

သိုင်းအုပ်စိုးသူသည် နာကျင်စွာဖြင့် မြေပေါ်သို့ လဲကျသွားသည်။ သို့ပေမဲ့သူသည် မလှုပ်ရှားရဲချေ။ အဘယ်ကြောင့်ဆိုသော် သူ၏လည်ပင်းထက်မှာတော့ အလွန်တရာ ကြီးမားလှသော ဓားကြီးတစ်ခု ရောက်ရှိနေသောကြောင့်ဖြစ်၏။

“ကျုပ်ရဲ့ သည်းခံနိုင်မှုက အကန့်အသတ်ရှိတယ်” ကျွင်းချောင်ရှောင်း အေးစက်စက် နှင့် ပြောလိုက်သည်။

သူသည် သိုင်းအုပ်စိုးသူလေးယောက်အား လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ပစ်နိုင်သည်။ သူသိချင်သည်မှာ ဤလူများသည် မည်သူများဖြစ်သနည်းနှင့် မည်သည့်နေရာမှလာ၍ မည်သည့်အရာကို လိုချင်သည် ဖြစ်ကြောင်း အဖြေရှာချင်မိခြင်း ဖြစ်၏။

“ကျုပ်ပြောပြမယ်ဆိုရင် အသက်ချမ်းသာပေးမှာလား” သိုင်းအုပ်စိုးသူသည် အားပျော့စွာဖြင့် မေးလိုက်၏။

“သေချာတာပေါ့”

ကျွင်းချောင်ရှောင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကောင်းပြီ” သိုင်းအုပ်စိုးသူက ပြောလိုက်၏။

“ကျုပ်ကို အသက်ရှုခွင့်လေးတော့ ခဏပေး”

ကြယ်မီးတောက်၏ တိုက်ရိုက်ထိမှန်ခြင်းကို ခံရပြီးသည့်နောက် ကြယ်မီးတောက်ထဲတွင် ပါဝင်သောစွမ်းအင်များ သည် သူ့အား အပြင်းအထန် ဒဏ်ရာ ရရှိစေ၏။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “လှည့်စားဖို့ မစဉ်းစားနဲ့၊ မဟုတ်ရင်...”

ဘန်း

သူပြော၍ မပြီးခင်မှာပဲ မြေပေါ်တွင်လဲလျောင်းနေသော သိုင်းအုပ်စိုးသူသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ လေထဲတွင်‌တော့ အဖြူရောင်အငွေ့များ ကျန်ရစ်ခဲ့ပြီး လေနှင့်အတူ ထိုအငွေ့များသည်လည်း ချက်ချင်းပဲ လွင့်စင် ပျောက်ကွယ်သွား၏။

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ “ချီးတဲ့မှ … ငါပြောလို့တော့ မပြီးသေးဘူး၊ ခင်ဗျားက တကယ်ပဲ လှည့်စားသွားခဲ့တာပဲ”

ဘန်း ဘန်း ဘန်း …။

တစ်ချိန်တည်းမှာပဲ တခြားသော သိုင်းအုပ်စိုးသူ သုံးယောက်တို့သည် လေထုထဲ၌ပင် ပျောက်ကွယ်သွားကြ၏။ ၎င်းတို့ နေရာတွင် အငွေ့များသည်သာ ကျန်ရစ်ခဲ့ကြ၏။

ရီချင်းရှန်သည် အသံပို့လွှတ်လိုက်၏။ “ဒီလူတွေက ထွက်ပြေးလွတ်မြောက်ခြင်း နည်းစနစ်တချို့ကို အသုံးပြုခဲ့တာဖြစ်ရမယ်”

“ငါသတိလက်လွတ် ဖြစ်လွန်းသွားတယ်” ကျွင်းချောင်ရှောင်းသည် စိတ်တိုစွာဖြင့် ပြောလိုက်၏။

…….…

မိုင်တစ်ထောင်အဝေးရှိ တည်နေရာတစ်ခုတွင် သိုင်းအုပ်စိုးသူလေးယောက်တို့သည် လေထုထဲတွင် ပြန်ပေါ်လာ၏။ ၎င်းတို့သည် မြေပေါ်တွင် မတ်မတ်မရပ်နိုင်ဘဲ လဲကျသွား၏။ သူတို့၏ မျက်နှာများသည် ပိုမို၍ ဖြူလျော်လာတော့သည်။

ရီရှင်းချန်ပြောဆိုသလိုပဲ ၎င်းတို့သည် အထူးလွတ်မြောက်ခြင်းနည်းစနစ် တစ်ခုကို ထုတ်ဖော် အသုံးပြုခဲ့ခြင်းဖြစ်၏။ အန္တရာယ်ကြားမှ လွတ်မြောက်ခဲ့သည်ဆိုသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များသည် အလွန်တရာဆိုးရွားလွန်းသော အခြေအနေများသို့ ရောက်ရှိသွား၏။

“ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဒီလောက်အားကောင်းလိမ့်မယ်လို့ ကျုပ်မထင်မိဘူး၊ လေးယောက်ပေါင်း တိုက်တာတောင် သူ့ကို မယှဉ်နိုင်ဘူး” ခေါင်းဆောင် သိုင်းအုပ်စိုးသူသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။

“ဒီကောင်က နတ်ဘုရားအဆင့် မီးတောက်ကိုသာ ပိုင်ဆိုင်မထားရင် ငါတို့ ဒီလို ဆိုးဆိုးရွားရွား ကျရှုံးမှာ မဟုတ်ဘူး”

“တာဝန်က ကျရှုံးသွားပြီ၊ ပြန်ရောက်ပြီဆိုရင် သခင်ရဲ့ အပြစ်ပေးခြင်းကို ရှောင်လို့ရမှာ မဟုတ်တော့ဘူး”

အပြစ်ပေးမှုဆိုသော စကားကိုကြားချိန်မှာတော့ အားလုံး၏ အမူအရာများသည် ပိုမို၍ ရှုံ့တွသွားတော့သည်။ ၎င်းတို့၏ ကျောရိုးမတစ်ခုလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် စိမ့်တက်သွား၏။

“သွားကြစို့”

သိုင်းအုပ်စိုးသူ ခေါင်းဆောင်သည် ခက်ခက်ခဲခဲဖြင့် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “အရင်ဆုံး ဒဏ်ရာတွေကို ကုသဖို့ နေရာတစ်ခု ရှာရမယ်”

…………

ကျွင်းချောင်ရှောင်းသည် ကြီးမားလှသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် ခြေချိတ်ကာထိုင်၍ မေးထောက်ကာ ပြောလိုက်သည်။ “ဒီလူတွေက နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းတို့က စေလွှတ်လိုက်တဲ့လူတွေလား”

“ဖြစ်နိုင်တယ်”

ရှောင်ကျီက ပြောလိုက်၏။ ပြိုင်စံရှားဂိုဏ်းနဲ့ ရန်ငြှိုးရှိနေတဲ့ မိစ္ဆာဂိုဏ်းဆိုလို့ နှစ်ခုသာရှိ၏။ ထို့ကြောင့် သတ်မှတ် ဆုံးဖြတ်ရ လွယ်ကူ၏။

ရီချင်းရှန်က ပြောလိုက်သည်။ “နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းက လူတွေ မဟုတ်လောက်ဘူး၊ သူတို့က အကြောင်းအရာ အားလုံးကို သိရှိပြီးသားလေ၊ သိုင်းအုပ်စိုးသူ အဆင့်လေးနဲ့ အဆင့်ငါးတွေ စေလွှတ်ရလောက်အောင် ရူးနေတဲ့ လူတွေ မဟုတ်နိုင်ဘူး”

“ဒါကတော့မှန်တယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

၎င်းတို့အနေနှင့် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့် ကျင့်ကြံသူများကို စိတ်ဝိညာဉ် ကျောက်တုံးများအသုံးပြု၍ ပြန်လည်ရွေးယူခဲ့ရသည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ အားအင်နှင့်ပတ်သက်၍ မိစ္ဆာဂိုဏ်းနှစ်ခုသည် အလွန်တရာ သတိထားမိပေလိမ့်မည်။ တကယ်တမ်း သိုင်းအုပ်စိုးသူ အလယ်အလတ်အဆင့် ကျင့်ကြံသူများကို စေလွှတ်၍ လှုပ်ရှားခိုင်းမည်ဆိုလျှင် သေလမ်းသို့ ပို့လိုက်ခြင်းနှင့်ပင် တူနေပေလိမ့်မည်။

“ပြီးတော့ကော”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ရီချင်းရှန်က ပြောလိုက်၏။ “ကျုပ်တို့ကို ဖမ်းဖို့အတွက် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူတွေကို စေလွှတ်လိုက်တယ်။ တတိယအဆင့် မိစ္ဆာဂိုဏ်းတွေက ကျွန်တော်တို့လို အတွင်းစည်းတပည့်တွေကို ဖမ်းဆီးဖို့အတွက် သိုင်းအုပ်စိုးသူအဆင့်ကျင့်ကြံသူ လေးယောက်လောက်ကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး”

“မင်းဆိုလိုတာက ပထမအဆင့်နဲ့ ဒုတိယအဆင့် မိစ္ဆာဂိုဏ်းတွေကို ဆိုလိုတာလား” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ရီချင်းရှန်က ခန့်မှန်းလိုက်သည်။ “မိစ္ဆာဂိုဏ်းတွေက မဖြစ်နိုင်ဘူး၊ အမှောင်ဂိုဏ်းတွေက ဖြစ်ရမယ်”

“အမှောင်ဂိုဏ်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။

ရီရှင်းချန်က ပြောလိုက်သည်။ “အမှောင်ထဲမှာပဲ တောက်လျှောက် ပုန်းအောင်းနေလို့ လူတွေအားလုံးက အမှောင်ဂိုဏ်းလို့ ခေါ်ကြတာပဲ၊ အမှောင်ဂိုဏ်းက လူတွေက သူတို့ဘယ်သူဖြစ်တယ်ဆိုတာကို ထုတ်ဖော်မပြောကြဘူး၊ ကျင့်ကြံခြင်းလောက တစ်ခုလုံးမှာတော့ သူတို့နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ မရှိကြဘူး၊ အမှောင်ဂိုဏ်းအများစုက အရင် အရိပ်မဲ့ ဂိုဏ်းကို ကိုယ်စားပြုကြတာလေ”

၎င်းဂိုဏ်းများသည် လုပ်ကြံသတ်ဖြတ်ခြင်းဂိုဏ်းများနှင့် ဆင်တူကြ၏။ နှစ်ပေါင်းတစ်ထောင်ကျော် အမှောင်ထဲတွင် ပုန်းအောင်းနေကြ၏။ များပြားလှသည့်တပည့်များကို မပိုင်ဆိုင်ကြသော်လည်း ရှိသည့်တပည့်များသည် အလွန်တရာ အားကောင်းလှ၏။ ပထမအဆင့်နှင့် ဒုတိယအဆင့် ဂိုဏ်းများထက် မည်သို့မှ အားမနည်းကြချေ။

ကံဆိုးစွာဖြင့် ၎င်းအရိပ်မဲ့ဂိုဏ်းသည် အရင်ဘဝ၏ ရီရှင်းချန်အား ရန်ပြုခဲ့မိ၏။ ထို့ကြောင့်ပင် ဖျက်ဆီးခံခဲ့ရတော့ သည်။ သို့ပေမဲ့ ဤသို့ဖျက်ဆီးခဲ့ရခြင်း လုပ်ငန်းစဉ်မှာ အလွန်တရာ ခက်ခဲလွန်း၏။ ကျွန်ုပ်တို့၏ ညအင်ပါယာသည် ထိုဂိုဏ်းတစ်ခုလုံးကို ဖမ်းပြီး ဖျက်ဆီးရန်အတွက် နှစ်အနည်းငယ်အကြာ ကုန်ဆုံးခဲ့ရသည်။ သိုင်းအင်ပါယာ တစ်ယောက်ပင်လျှင် ဤကဲ့သို့အားအင်စိုက်ထုတ်ရမည်ဆိုလျှင် အမှောင်ဂိုဏ်းများသည် မည်သို့ သိုသိပ်စွာ နေထိုင် သည်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်၏။

ကျွင်းချောင်ရှောင်းသည် သူ၏ဂုတ်ပိုးကို ပွတ်ကာ တွေးလိုက်၏။ “ဒီလောကကြီးနဲ့ ပတ်သက်ပြီး ငါ့ရဲ့နားလည်မှုက အနည်းငယ်လိုအပ်နေသေးတာပဲ”

လိုအပ်နေခြင်းမဟုတ်ပေ။ ထိပ်တန်းကျွင်းကျင်သူများမှလွဲ၍ ကျွမ်းကျင်သူ တော်တော်များများသည် အမှောင် ဂိုဏ်းများအကြောင်း မသိရှိကြပေ။

ရီချင်းရှန်သည် မြေကမ္ဘာအဆင့်ပါရမီရှင်များကို ဆက်လက်၍ စိန်မခေါ်ခဲ့ချေ။ ဂိုဏ်းချုပ်နှင့်အတူ ဂိုဏ်းဆီသို့ ပြန်လည်၍ လိုက်ပါလာတော့သည်။

သိုင်းအုပ်စိုးသူလေးယောက်တို့သည် အမှောင်ဂိုဏ်းဆီမှ ရောက်ရှိလာခြင်းဖြစ်သည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် ပစ်မှတ်ထားခြင်း ခံရသည်ဟု ဆိုရ မည်။ ထိုသို့ဆိုလျှင် တခြားသော လှုပ်ရှားမှုများလည်း ရှိလာနိုင်၏။ ပြဿနာများကို ရှောင်ကျဉ်နိုင်ဖို့အတွက် ဆိုလျှင် သူသည် ဂိုဏ်းထဲတွင် ကျင့်ကြံနေမှသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ညအင်ပါယာကို ထိတ်လန့် ကြောက်ရွံ့အောင် ပြုလုပ်နိုင်သည်ဆိုတော့ ထိုသူများကို ချီးကျူးရပေလိမ့်မည်။

ရွှီး

အတောင်ပံကို ဖြန့်ကျက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပဲ ပျံသန်းသွားတော့သည်။ မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်နှင့် ရှောင်ကျီတို့အား ဂိုဏ်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ပြန်လည် ခေါ်ဆောင်လာသည်။

တပည့်များအားလုံး စုစည်းပြီးသည့်နောက်မှာတော့ သူသည် အပြင်ဘက်သို့ ထွက်၍ တာဝန်များထမ်းဆောင်ရာတွင် ပိုမိုဂရုစိုက်ရန်နှင့် အန္တရာယ်များ တွေ့ကြုံလာမည်ဆိုပါက ချက်ချင်း အကြောင်းကြားရန် မှာကြားခဲ့လိုက်၏။ သိုင်းအုပ်စိုးသူလေးယောက်တို့သည် မည်သည့်အဖွဲ့အစည်းမှ ရောက်ရှိ လာသည်ဖြစ်ဖြစ် သူ၏တပည့်များကို ရန်ပြုတိုက်ခိုက်ရဲသည်ဆိုကတည်းက အန္တရာယ်ကြီးသောသူဖြစ်ကြောင်း သိသာနေ၏။ ထို့ကြောင့် မည်သည့်ထိခိုက်မှုမှ မရှိအောင် ပိုမို၍ ဂရုစိုက်ရပေလိမ့်မည်။ သို့ပေမဲ့ ဤကဲ့သို့ အမှောင် ထဲမှာ ပုန်းအောင်း၍ ဒုက္ခပေးတတ်သူများ သူ၏ ရန်သူစာရင်းမှာ ရှိနေခြင်းကို မနှစ်မြို့နိုင်ပေ။

“ဂိုဏ်းချုပ်”

လီလိုရှုသည် လျှောက်ဝင်လာကာ ပြောလိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က သတင်းကွန်ယက်ကို ထပ်ပြီးတော့ ချဲ့ထွင်ချင်တယ်၊ ခင်ဗျားဆီမှာ အကြံရှိသေးလား”

သတင်းကွန်ယက်ကိုချဲ့ထွင်ပြီးဖြစ်၏။ သို့ပေမဲ့ တိုးတက်မှုနှုန်းသည် အနည်းငယ် နှေးကွေးနေသည်။ ထို့ကြောင့် သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံး ကြီးမားလှသည့် သတင်းကွန်ယက်ကြီးတစ်ခုကို တည်ဆောက်နိုင်ရန် စီစဉ်ထား၏။ သတင်းအရင်းအမြစ်များ လုံလောက်စွာသိရှိမည်ဆိုလျှင် မြေအောက်တွင် ပုန်းအောင်းနေသော အမှောင်ဂိုဏ်းများသည် သူ၏လက်မှ ပြေးလွတ်လိမ့်မည် မဟုတ်ချေ။ ဤအရာသည် အကြံကောင်းပင်ဖြစ်၏။ အရင်တုန်းကဆိုလျှင် ညအင်ပါယာသည် ၎င်း၏ကိုယ်ပိုင်သတင်းကွန်ယက် မရှိခြင်းကြောင့် လောက၏ တစ်ဝက် လောက်ကို စိတ်ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်ကာ ရှာဖွေခဲ့ရ၏။

ကျွင်းချောင်ရှောင်းမှာတော့ သူ၏လက်ရှိအဆင့်နှင့် စိတ်ဝိညာဉ်စွမ်းအင်များကို ကြယ်တွေကုန်းမြေတိုက်ကြီး တစ်ဝက်လောက်ကို ဖုံးလွှမ်းနိုင်စွမ်း မရှိချေ။ ထို့ကြောင့် လုံလောက်သည့် သတင်းအရင်းအမြစ်များ ရမည် ဆိုလျှင် နေရာအနှံ့ဆီသို့ မျက်စိဒေါက်ထောက် ကြည့်ရှုသည်နှင့်ပင် ဆင်တူနေလိမ့်မည်။ လီလိုရှုက ပြောလိုက်၏။ “လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို စဉ်းစားနေတာ၊ တကယ်တော့ ကျွန်မတို့က နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားဂိုဏ်းတို့လိုမျိုး ပြည်နယ်တွေရဲ့ စီရင်စုတော်တော်များများမှာ ဂိုဏ်းခွဲတွေ ဖွင့်လှစ်ထား နိုင်ရင် ….ဒါဆိုရင် သင့်တော်တဲ့နေရာတွေမှာ များပြားလှတဲ့ သတင်းကွန်ယက်တွေကို စုစည်းနိုင်လိမ့်မယ်”

“ဒါက အကြံကောင်းတစ်ခုပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြန်မြန်စပြီးတော့ လုပ်တော့”

လီလိုရှုက ထပ်မံ၍ ပြောလိုက်သည်။

“ဒီအတွက် ဂိုဏ်းခွဲတစ်ခု တည်ထောင်ဖို့ဆိုရင် သတင်းအရင်းအမြစ်တွေကော လူတွေကော လိုအပ်တယ်၊ ပြီးတော့ အားအင်အဆင့်ကလည်း ကောင်းမွန်ရအုံးမယ်၊ ဒီတော့ ကျွန်မတို့ ပြိုင်စံရှားဂိုဏ်းရဲ့ လက်ရှိ အားအင်အဆင့်အရ ဆိုရင် ဒီလိုမျိုးလုပ်ဖို့ဆိုတာ တော်တော် ခက်ခဲတယ်”

“နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းတို့က ဌာနခွဲတွေဖွဲ့ထားတယ်ဆိုတာ သူတို့ရဲ့တပည့်တွေ ကြီးပဲ သီးသန့်ဖွဲ့စည်းထားတယ်လို့ ထင်နေတာ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီလိုရှုသည် နားလည်သွားမိ၏။ “ဂိုဏ်းချုပ်ဆိုလိုတာက အပြင်မှာရှိတဲ့ သိုင်းကျင့်ကြံသူတွေကို ငှားရမ်းမယ်လို့ ဆိုလိုတာလား၊ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး ပုံစံမျိုးနဲ့ ဂိုဏ်းထဲမှာ ထားမယ်လို့ စဉ်းစားနေတာထင်တယ်”

“ဒါအမှန်ပဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ ကျန့်ရာသည် နတ်ဆိုးမိစ္ဆာဂိုဏ်း၏ တပည့်တစ်ယောက် မဟုတ်ပေ။ သို့ပေမဲ့ နှစ်ပေါင်းများစွာ ၎င်းတို့အတွက် အလုပ်လုပ်ခဲ့ရသည်။ ပြိုင်စံရှားဂိုဏ်းသည်လည်း များပြားလှသည့် ပြည်နယ် စီရင်စုများတွင် ဂိုဏ်းခွဲများဖွင့်လှစ်ထားနိုင်မည်ဆိုလျှင် ကိုယ်ပိုင်တပည့်များကို စေလွှတ်ထားရန် မလိုပေ။ အလုပ် လုပ်ရန်အတွက် သင့်တော်လှသည့် လူများကို ရွေးချယ်၍ ခန့်ထားရန်သာ ရှိတော့သည်။

All Chapters