အခန်း (၆၂၀)
Vol. 42 Ch. 620
အမှောင်ဂိုဏ်း၏တည်ရှိမှုကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ရေမှာ မည်မျှနက်နဲသည်ဆိုသည်ကို နားလည်လိုက်မိ၏။ တချို့သောအရာများသည် တစ်ချက်ကြည့်လိုက်သည် နှင့် ရှင်းလင်းလှသည်မဟုတ်ပေ။ ထို့ကြောင့် သူ့အနေနှင့် မျက်စိကန်း နေသည်ဆိုလျှင်တောင်မှ သိရှိနိုင်မည့် အလွန်တရာ ကောင်းမွန်လှသော သတင်းကွန်ယက်များကို တည်ဆောက်ချင်နေမိသည်။
“အရှေ့တောင်ရန်ကျူးမှာရှိတဲ့ နိုင်ငံတိုင်းလိုလိုမှာ ပြီးတော့ တော်ဝန်မြို့လိုနေရာမျိုးမှာတောင်မှ ပြိုင်စံရှားဂိုဏ်းခွဲ လိုအရာမျိုးတွေ ဖွင့်ရမယ်”
ကျွင်းချောင်ရှောင်းသည် မြေပုံတစ်ခုကို လက်ညှိုးထိုးပြ၍ ကြီးမားလှသည့် စက်ဝိုင်းကြီးတစ်ခုကို ဆွဲပြလိုက်သည်။
လီလိုရှုက မေးလိုက်၏။ “ဒါတွေကို ပွင့်ပွင့်လင်းလင်း ဖွဲ့မှာလား၊ သိုသိုသိပ်သိပ်နဲ့ ထားမှာလား”
“ဟုတ်တယ်၊ ကျုပ်တို့က ပွင့်ပွင့်လင်းလင်း ဂိုဏ်းခွဲတွေ ဖွင့်ရမယ်”
သူ၏အစီအစဉ်အရဆိုလျှင် ဂိုဏ်းခွဲတစ်ခုဖွင့်သည်သာမဟုတ် နိုင်ငံ၏ ကြီးမားလှသော မြို့ကြီးများတွင်လည်း ခြေကုပ်ယူချင်ခြင်းဖြစ်သည်။ အထူးသဖြင့် အလွန်တရာ လူစည်ကားလှသော လမ်းမျိုးတွင် ဖြစ်သည်။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းခွဲများသည် အရေးပါသော တည်နေရာတွင် တည်ရှိနေခြင်း ဖြစ်ကြောင်း အားလုံးကို သိရှိစေချင်မိ၏။
ချင်းယန်မြို့ …။
ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်ရှဲ့ဆီသို့ လူကိုယ်တိုင် ရောက်ရှိလာပြီး ဂိုဏ်းခွဲဖွင့်မည့် အကြံအစည်နှင့် ပတ်သက်၍ ပြောပြလိုက်၏။
“ပြဿနာမရှိဘူး”
မြို့တော်ဝန်ရှဲ့သည် တည့်တည့်ပင်ပြောလိုက်တော့သည်။ “အကောင်းဆုံးသောနေရာကိုရွေးလိုက်၊ ကြိုက်တဲ့နေရာမှာ ဖွင့်လို့ရတယ်”
“ကျေးဇူးပါပဲ”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံးကို စားပွဲပေါ်သို့တင်ကာ ပြောလိုက်၏။ “ဒါက ကျေးဇူးတင်တဲ့ လက်ဆောင်ပါ”
သူ့အနေနှင့် သူငယ်ချင်းမိတ်ဆွေများအပေါ်တွင် အကူအညီ တောင်းခံရာ၌ အလကား လိုက်လံ၍ တောင်းခံနေမည် မဟုတ်ပေ။ ထို့ကြောင့်ပင်လျှင် မြို့တော်ဝန်ရှဲ့နှင့် တခြားသောသူများသည်လည်း သူ့အား လိုလိုချင်ချင်နှင့်ပင် ကူညီနေကြခြင်းဖြစ်ပေလိမ့်မည်။ ဤအရာသည် ၎င်းတို့၏ ခင်မင်ရင်းနှီးမှုကို ပိုမို၍ ခိုင်မြဲစေ၏။ သူတို့သည် မိတ်ရင်း ဆွေရင်းများ ဖြစ်ကြသည်မို့ မြို့တော်ဝန်ရှဲ့သည် မငြင်းတော့ပေ။ ချက်ချင်းပဲ ဆေးလုံးကို ယူကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ဒီဆေးလုံးရဲ့ အကျိုးအာနိသင်က ဘာလဲ”
“တစ်စုံတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို သန့်စင်ပေးနိုင်တာလေ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
မြို့တော်ဝန်ရှဲ့သည် ဆွံ့အသွားသည်။ ပြီးနောက် ကျွင်းချောင်ရှောင်းကို လိုက်လံ ပို့ဆောင်ပြီးသည့်နောက်မှာတော့ ဆေးလုံးအား လျင်လျင်မြန်မြန်ပဲ သောက်သုံးလိုက်၏။ သူ၏ ဒန်ထျန်ထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပိုမို၍ သန့်စင်လာတော့သည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒါက ဆန်းကြယ်လွန်းတယ်”
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ချင်းယန်မြို့၏ အလွန်တရာ စည်ကားလှသော တည်နေရာတွင် ကြီးမားလှသော ဆိုင်ခန်းကြီးတစ်ခု ဖွင့်လှစ်လာသည်။ များပြားလှသောသူများသည် ဤအရာကို ဆိုင်တစ်ခု ဖြစ်သည်ဟု ထင်မှတ်ထား၏။ သို့ပေမဲ့ ဆိုင်းဘုတ်တွင်ရှိသော အနီရောင်အဝတ်စကြီးကို ဖယ်ရှားလိုက်သည့် အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုဖြစ်မှန်း သိရှိလိုက်ကြရ၏။ အလွန်အားကောင်းလှသော ဂိုဏ်းများ အနေဖြင့် ဂိုဏ်းခွဲများဖွင့်လှစ်ခြင်းသည် သာမန်ပင်ဖြစ်သည်။ ထို့ကြောင့် ချင်းယန်မြို့ရှိ သိုင်းကျင့်ကြံသူများသည် အံ့အားမသင့်ကြချေ။
ဟူရန်၊ ကျန်းရန်မြို့နှင့် တခြားသောမြို့များတွင်လည်း ဂိုဏ်းခွဲများ ဖွင့်လှစ်လာကြသည်။ ချင်းယန်နိုင်ငံ၏ မြို့ရှစ်မြို့တွင်လည်း ဂိုဏ်းခွဲများရှိ၏။ တခြားသောနိုင်ငံ၏ အဓိကမြို့များတွင်လည်း ဂိုဏ်းခွဲများ ထားရှိသည်။
ကျန်းရန်မြို့၏ မြို့တော်ဝန်ရုံး ….။
ကျိုးချောင်ရှင်းသည် စိတ်တိုနေသည့်အမူအရာဖြင့် စားပွဲပေါ်သို့ စာရွက်တစ်ရွက်အား ဆောင့်တင်လိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်းက ကျုပ်တို့ ကျန်းရန်မြို့ကို ဂိုဏ်းခွဲတစ်ခု လာပြီးတော့ ဖွင့်ချင်တယ်တဲ့”
“နိုင်ငံအုပ်ချုပ်သူ”
ဗျူဟာမှူးတစ်ယောက်က မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းက ဂိုဏ်းခွဲမှူးတွေကိုတောင် ဖျက်ဆီးပစ်လိုက်တာ၊ ပြီးတော့ သူကိုယ်တိုင်က နိုင်ငံအသီးသီးမှာ ဂိုဏ်းခွဲတွေလာပြီးတော့ ဖွင့်နေတယ်၊ သူ့ဆီမှာ ရည်မှန်းချက်တစ်ခု ရှိမယ်လို့ ထင်မိနေတယ်”
ဤအရာသည် မှားယွင်းသုံးသပ်မိခြင်းဖြစ်သည်။ အစစ်အမှန်တရားမှာတော့ ကျွင်းချောင်ရှောင်းသည် သတင်း ကွန်ယက်ကိုဖြန့်ချင်နေခြင်းသာဖြစ်၏။
ကျိုးချောင်ရှင်းသည် မည်သည့်စကားမှ မဆိုချေ။ လက်ရှိအချိန်မှာတော့ သူသည် ဇဝေဇဝါနှင့် ဖြစ်မိနေ၏။ လက်ခံလိုက်သင့်သည်လား၊ ငြင်းပယ်လိုက်သင့်သည်လား သေချာမသိချေ။
နောက်ဆုံးမှာတော့ မည်သို့မှ မတတ်နိုင်တော့ဘဲ ဂိုဏ်းခွဲဖွင့်လှစ်ရန် ခွင့်ပြုပေးလိုက်ရသည်။ အဘယ့်ကြောင့် ဆိုသော် ကျွင်းချောင်ရှောင်း၏ ဘာမှန်းမသိသော မီးလိုအကောင်၏ အစွမ်းကို သူ လက်တွေ့ခံခဲ့ရဖူးသည် မဟုတ်လား။
လဝက်အတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းခွဲများသည် နိုင်ငံအသီးသီးနှင့် အရှေ့တောင်ရန်ကျူး၏ အဓိက မြို့များ ဆီ၌ ပေါ်လာတော့၏။
ဌာနခွဲသည် သတင်းအချက်များကို စုစည်းနိုင်ရုံမကပေ။ တချို့သော ဂိုဏ်းမရှိသည့်တပည့်များကိုပါ ရွေးချယ်၍ ခန့်ထားကျင့်ကြံစေ၏။ ‘မင်းတို့ကို ပိုက်ဆံပေးမယ်၊ ငါ့အတွက် အလုပ်လုပ်ကြ’ ဆိုသည့်သဘောပင်ဖြစ်တော့သည်။
ကောင်းကင်ဘုံမြို့ …..။
သာမန်နေ့တစ်နေ့သည် လက်ရှိအချိန်မှာတော့ ပိုမို၍ စည်ကားသိုက်မြိုက်လို့နေ၏။ တခြားသော အကြောင်းအရာ မဟုတ်ပေ။ ပြိုင်စံရှားဂိုဏ်းသည် ကောင်းကင်ဘုံမြို့၏ အဓိကနေရာတွင် ဂိုဏ်းခွဲကို ဖွင့်လှစ်လိုက်တော့သည်။
“ဂိုဏ်းချုပ်ကျွင်း... ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်”
ချူကလန်၏ ခေါင်းဆောင်သည် ၎င်း၏ကျေးကျွန်အစေခံများကို ခေါ်လာပြီး ရက်ရောလှသည့် လက်ဆောင်များကို ပေးအပ်ကာ ဂုဏ်ပြုစကားဆိုသည်။ ပြီးသည့်နောက်မှာတော့ ဟုန့်ကလန်၊ ကျုံးကလန်နှင့် တခြားသော အဓိက ကလန်များသည် လူကိုယ်တိုင်ရောက်ရှိလာကာ ဂါရဝပြု ကျေးဇူးတင်စကား ပြောဆိုကြ၏။
ကောင်းကင်ဘုံ ကျောင်းနှင့် ဂိုဏ်းအသိအမှတ်ပြုဗဟိုမှ လူများလည်း ရောက်ရှိလာကြသည်။ အဓိကအရေးကြီးဆုံးလူမှာ မြို့တော်ဝန် မူချန်းဟုန်ပင်ဖြစ်သည်။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဌာနခွဲတွင် ကောင်းကင်ဘုံမြို့၏ အရေးအကြီးဆုံး လူများနှင့် စုဝေးလျက်ရှိနေတော့သည်။ ပွဲကိုလာရောက်ကြည့်ရှုကြသော စစ်သည်တော်၊ သိုင်းကျင့်ကြံသူများသည် သက်ပြင်းကိုချလိုက်မိကြ၏။ ကျင့်ကြံခြင်းလောကတွင် ယခုမှ ထွန်းတောက်လာခဲ့သော ပြိုင်စံရှားဂိုဏ်းသည် သူတို့ထင်မှတ်ထားသည်ထက် ပိုမို၍ အားကောင်းလွန်းနေ၏။ လူရာလည်း အလွန်ဝင်နေသည်ဟု ဆိုရမည်။
..........
သူတို့၏ ကိုယ်ပိုင်တည်နေရာထဲမှာ ဖြစ်သည်မို့ ပြိုင်စံရှားဂိုဏ်းသည် အရှေ့တောင်ရန်ကျူးတွင် ဂိုဏ်းခွဲများ ဖွင့်လှစ်သည့်အတွက် ပြဿနာတစ်စုံတစ်ရာမှ မရှိချေ။ သို့ပေမဲ့ အပြင်ဘက်ကို ချဲ့ထွင်ရာတွင်တော့ အနည်းငယ် ပြဿနာရှိနေ၏။ နိုင်ငံတော်တော်များများသည် ပြင်ပဂိုဏ်းအဖွဲ့အစည်းများနှင့်ပတ်သက်၍ သိပ်ပြီးတော့ သဘောမကျလှချေ။
သို့ပေမဲ့ တချို့သောမြို့များမှာတော့ ပြိုင်စံရှားဂိုဏ်းအား ဂိုဏ်းခွဲများ ဖွင့်လှစ်ရန် ခွင့်ပြုပေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်း၏ အားအင်အား ကြောက်လန့်သောကြောင့် ၎င်းတို့၏ မျက်စိရှေ့တွင် ထားချင်ခြင်းပင်ဖြစ်သည်။
အနောက်မြောက်ဟယ်ကျူး၏ အင်ပါယာမြို့
ဤနေရာတွင် ရီချင်းရှန်သည် သိုင်းကျင့်ကြံသူများအား နှိပ်စက်တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ မကြာမီမှာပဲ ပြိုင်စံရှား ဂိုဏ်း၏ဌာနခွဲသည် ဤနေရာတွင် တည်ထောင်လာ၏။ မည်သူမှလာရောက်၍ ဂုဏ်ပြုစကား လာမပြောကြချေ။
ဖြတ်သွားဖြတ်လာကြသော သိုင်းကျင့်ကြံသူများသည် ထိုဆိုင်းဘုတ်ကြီးကို မြင်သောအခါ အထင်အမြင်သေး ရွံရှာ သည့်ဟန်ဖြင့် မျက်နှာပင် လွှဲသွားကြတော့သည်။ အဆိုးဆုံးအရာမှာ ဤလမ်းတစ်ခုထဲတွင် တည်ရှိနေသော နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းတို့၏ ဌာနခွဲနှစ်ခုရှိနေခြင်းပင်ဖြစ်၏။
“ဒါ ရည်ရွယ်ချက်ရှိရှိလုပ်တာပဲ”
“သိပ်ကို ကျိန်းသေတယ်”
ဂိုဏ်းခွဲမှုး နှစ်ယောက်တို့သည် မျက်နှာများ နီမြန်းသည်အထိ ဒေါသထွက်နေကြတော့သည်။ မကြာသေးခင်ကလည်း အရှေ့တောင်ရန်ကျူးရှိ ၎င်းတို့၏ မိစ္ဆာဂိုဏ်းဌာနခွဲနှစ်ခုကို ဖျက်ဆီးခဲ့သော ပြိုင်စံရှားဂိုဏ်းသည် လက်ရှိအချိန်တွင် သူတို့နှင့် မနီးမဝေးတွင် ဌာနခွဲတစ်ခု လာ၍ ဖွင့်လှစ်လျက်ရှိသည်။ ဤအရာသည် သူတို့အား မထီမဲ့မြင် ပြုခြင်းသာဖြစ်သည်။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် မည်သူအပေါ်မှ ဂရုစိုက်လှသည် မဟုတ်ချေ။ ဂိုဏ်း၏ အလုံးစုံအားအင်သည် တိုးတက်လာသည်နှင့်အမျှ ဂိုဏ်းချုပ်ကျွင်းသည် မည်သူ့ကိုမှ မစိုးရိမ်ဘဲ မိမိ လုပ်ချင်တာကို ရဲရဲဝံ့ဝံ့နှင့် လုပ်နေတော့သည်။
...........
“ဂိုဏ်းချုပ်”
လီလိုရှုသည် အဓိကဟောခန်းသို့ လျှောက်ဝင်လာပြီးသည့်နောက် ပြောလိုက်သည်။ “ဂိုဏ်းခွဲစုစုပေါင်း နှစ်ဆယ့်ခြောက်ခုကို တည်ထောင်ပြီးပါပြီ”
“အင်း”
ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်၏။ ဂိုဏ်းခွဲနှစ်ဆယ့်ခြောက်ခုတွင် ခေါင်းဆောင် နှစ်ဆယ့်ခြောက်ယောက် လိုအပ်ပေလိမ့်မည်။ ဤရာထူးနေရာများအား မိုးဆွေဟောခန်းမှ တပည့်များသည် ခဏတာ ယူဆောင်ထား ကြ၏။
“ဂိုဏ်းချုပ်”
လီလိုရှုက ပြောလိုက်သည်။ “ကျွန်မရဲ့ မိုးဆွေဟောခန်းက လူတော်တော်များများကို စေလွှတ်လိုက်ရတယ်၊ ဒါကြောင့် တပည့်တွေ ပိုပြီးတော့ တာဝန်ချထားပေးဖို့ လိုအပ်နေပြီ”
“ဒီလိုလုပ်ရအောင်”
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားကာ ပြောလိုက်၏။ “လစဉ်လတိုင်း ရွေးချယ်ခံရတဲ့ တပည့်သစ်တွေထဲကနေ မိုးဆွေဟောခန်းက ကြိုက်တဲ့လူကို ရွေးချယ်နိုင်ခွင့် ရှိတယ်”
“ကောင်းပါပြီ”
လီလိုရှုသည် သဘောတကျဖြင့် ပြန်လည်ထွက်ခွာသွားသည်။ ရက်အနည်းငယ်ကြာပြီးသည့်နောက် ပြိုင်စံရှား ဂိုဏ်း၏ စာမေးပွဲကျင်းပမည်ဖြစ်ပြီး မိုးဆွေဟောခန်းသည် အဖွဲ့ဝင်အသစ်များကို ရွေးချယ် ခေါ်ယူကြပေ လိမ့်မည်။
တပည့်ခေါ်ယူမှု အချိန်ကာလကိုရောက်ရှိချိန်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိလာပြီး စာမေးပွဲဝင်ရောက်ဖြေဆိုကြတော့သည်။
တချို့ဆိုလျှင် အလွန်တရာဝေးကွာသောနေရာမှ ခရီးနှင်လာကြခြင်းဖြစ်၏။ သို့ပေမဲ့ ဤတစ်ကြိမ်တွင် လာရောက်၍ စာရင်းပေးသွင်းကြသောသူများသည် စုစုပေါင်း ခြောက်ထောင်မှ ခုနှစ်ထောင်နီးပါးခန့်ပင် ရှိ၏။ သို့ပေမဲ့ တကယ်တမ်းစာမေးပွဲကိုအောင်၍ တောင်ထိပ်ဆီသို့ ရောက်ရှိနိုင်သော သူများမှာတော့ လူတစ်ထောင် ကျော်သာ ရှိတော့သည်။
သိုင်းနည်းစနစ်များ စမ်းသပ်မှုတွင် လူပေါင်းငါးရာကျော်သည်သာ အောင်မြင်ကြပြီး တပည့်သစ်ဖြစ်လာကြတော့ သည်။ ကျွင်းချောင်ရှောင်းသည် တပည့်သစ်ခေါ်ယူသည့်အရာမျိုးတွင် ဝင်ရောက်ရှုပ်ခြင်းမရှိပေ။ ဤအရာအားလုံး ကို အကြီးအကဲများသည် တာဝန်ယူထားရ၏။ သူ့အနေနှင့် ဂိုဏ်းထဲသို့ လူများဝင်ရောက်လာသည်နှင့် ဖြစ်ပေါ်လာ သော တဒင်ဒင်အသံများကို နားထောင်ပြီး စိတ်ကျေနပ်လျက်ရှိနေတော့သည်။
တချို့သောတပည့်သစ်များသည် လီချင်းယန်နှင့်တခြားသောသူများ၏ စီမံခန့်ခွဲမှုအောက်သို့ ရောက်ရှိသွားကြ သည်။ သူ့အနေနှင့်အရာအားလုံးကို တခြားသူများကို လွှဲအပ်ထားရန် အချိန်အနည်းငယ်သာ လိုအပ်တော့သည်ဟု ခံစားလိုက်မိ၏။
ဂိုဏ်းထဲတွင် အားအကောင်းဆုံးလူတစ်ယောက်ဖြစ်သောကြောင့် ဂိုဏ်းချုပ်အနေနှင့် မည်သည့် အရာကိုမှ ပြုလုပ်စရာမလိုအပ်ပေ။ ထိုမှသာလျှင် သူသည် မိမိကိုယ်ကို ပိုမိုတိုးတက်အောင်လည်း ကျင့်ကြံနိုင်မည် ဖြစ်သည်။
တပည့်သစ်ခေါ်ယူဖို့အတွက် စာမေးပွဲ စည်းမျဉ်းစည်းကမ်းများကို ချမှတ်လိုက်သည့်အတွက် သူတို့သည် ပိုမို ကောင်းမွန်သွားသည်ဟု ခံစားမိသည်။ လွန်ခဲ့သည်လက ဂိုဏ်းသားသစ်ဖြစ်ခဲ့သော လူတစ်ရာကျော်တို့သည် ဂိုဏ်း၏ ကျင့်ကြံခြင်းအဆင့်နှင့်ပတ်သက်၍ အသားကျနေကြပြီဖြစ်၏။ ၎င်းတို့သည်လည်း မြန်မြန်ဆန်ဆန်ပဲ ပိုမို တိုးတက်လာကြသည်။
ရွေးချယ်ခံထားရသည့်တပည့်များသည် အလားအလာရှိသည့်လူများဖြစ်သည်မို့ ကုန်ဆုံးရသည့်အရင်းအမြစ်များ သည်လည်း နည်းပါးလှ၏။ ဤအရာသည် မျက်လုံးနှင့်ကြည့်ရှု၍ တပည့်ခေါ်ဆိုခြင်းထက် စစ်ဆေး၍ခေါ်ဆိုခြင်း သည် ပိုမိုကောင်းမွန်သည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်တော့သည်။
ဆိုးရွားသည်မှာ တပည့်မဖြစ်ဘဲ ပြန်လည် ထွက်ခွာသွားရသည့်အရေအတွက်သည် အလွန်တရာမြင့်မားနေခြင်းပင်ဖြစ်တော့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း သည် စိတ်လက်ပူပင်ခြင်း မရှိပေ။ တစ်လလျှင် တပည့်နှစ်ရာမှ သုံးရာကြား ခေါ်ယူနိုင်မည်ဆိုလျှင် တစ်နှစ်အတွင်း လူအများကြီး ရရှိနိုင်သည် မဟုတ်လား။
ထို့အပြင် ဂိုဏ်းထဲတွင် တပည့်များအား အကန့်အသတ်မရှိ ခေါ်ယူနေမည်ဆိုလျှင် ၎င်းတို့အား ဖွံ့ဖြိုး တိုးတက်စေရန် အရင်းအမြစ်များ ပေးရလွန်းသောကြောင့် သူသည် လျှာထွက်၍ သေဆုံးသွားစေနိုင်၏။ ထို့ကြောင့် တပည့် များအား ဖြည်းဖြည်းချင်းခေါ်ယူ၍ အစီအစဉ်အတိုင်း ပြုစုပျိုးထောင်ခြင်းကသာလျှင် ပိုမို၍ အားကောင်းလာပေ လိမ့်မည်။