အခန်း (၆၂၃)
Vol. 42 Ch. 623
လိုင်လီနတ်ဂိုဏ်း၏ ဆယ့်တစ်ယောက်မြောက် အကြီးအကဲ ချမ်းဟွာရှင်း၏ ကျင့်ကြံခြင်း အဆင့်သည် ဆိုးရွားလှသည်မဟုတ်ပေ။
သူမသည် သိုင်းအုပ်စိုးသူ အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အစီအရင်နှင့် ပတ်သက်လျှင်လည်း တတ်ကျွမ်းလွန်း၏။
"မင်းတို့က ဝင်ခွင့်စာမေးပွဲစစ်ဆေးသလိုမျိုး စမ်းသပ်ကြည့်ချင်တာလား။"
ပြီးသည့်နောက်မှာတော့ ဤအဘွားကြီးသည် အတားအဆီး အစီအရင်အား ဖျက်ရန် ကြိုးစားတော့သည်။
ချမ်းဟွာရှင်းသည် အစီအရင်ထဲသို့ ဝင်ပြီးသည့်နောက်မှာတော့ သူမ၏ စိတ်ဝိညာဉ်စွမ်းရည်အား ဖြန့်ကျက်၍ အစီအရင်၏ အရင်းအမြစ်အား ချိုးဖျက်ရန် ကြိုးစား လိုက်တော့သည်။
သို့ပေမဲ့ သူမ မထင်မှတ်ထားသည့် အရာများ ဖြစ်ပေါ်သွားခဲ့၏။ သူမသည် အတားအဆီးအစီအရင်နှင့် ထိတွေ့လိုက်ချင်းမှာပဲ စည်းတစ်ခုနှင့် ထိတွေ့မိသွားပြီး အစီအရင်တစ်ခုလုံး ပေါက်ကွဲသွားတော့၏။
ဟား ဟား ဟား။
ဂိုဏ်းထဲတွင် ရှိသော ကျန်းတယ်ကျွင်းသည် သူ၏ မျက်နှာအား ဖုံးအုပ်၍ အားရပါးရရယ်လျက်ရှိသည်။
သူသည် အစီအရင်အား အဆင့်မြင့်တင်ထားခြင်း ဖြစ်ပြီး မိုးကြိုးအစီအရင် နှင့် ပေါင်းစပ်ထားခဲ့၏။ ပြင်ပအားအင် တစ်ခုခုသည် ဤအတားအဆီး အစီအရင်အား ချိုးဖြတ်ရန် ကြိုးစားသည် ဆိုပါက ဤအတားအဆီး အစီအရင် သည် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပေလိမ့်မည်။
ကျန်းတယ်ကျွင်းသည် ဖောက်ခွဲရသည်ကို နှစ်သက်သော လူတစ်ယောက်ပင် ဖြစ်တော့၏။
ဝှစ်။
လေများ တိုက်ခတ်လာပြီးသည့်နောက် ဖုန်များ တစ်လုံးလုံး နှင့် ဖြစ်သွားတော့သည်။
ဖုန်များ ပြန်လည်၍ ငြိမ်သက်သွားသည့် အချိန်မှာတော့ လှေကားခြေရင်းတွင် ကြီးမားလှသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လျက်ရှိသည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။ ဤအားအင်အဆင့်သည်သာ အနည်းငယ် ပို၍ အားကောင်းသွားမည်ဆိုလျှင် ဂိုဏ်းတစ်ခုလုံးကိုပင် သက်ရောက်သွားနိုင်၏။
ကျန်းတယ်ကျွင်းသည် အစီအရင်အား အဆင့်မြင့်တင် တိုးတက်အောင် ပြုလုပ်ပြီးသည့်နောက်မှာတော့ အစီအရင်ပေါက်ကွဲမှု၏ အကျယ်အဝန်းကိုလည်း ဂိုဏ်း၏ တောင်ပေါ်သို့တက်ရာ လှေကားထစ်အထိ ကန့်သတ်ထားလိုက်သည်။
ပေါက်ကွဲမှု၏ အကျယ်အဝန်းကို လျှော့ချထားသောကြောင့် ပေါက်ကွဲမှု၏ အားအင်သည်လည်း လျှော့ချနေ၏။
သို့ပေမဲ့ ချမ်းဟွာရှင်းကိုတော့ အလွန်တရာ ရှက်ရွံ့စေခဲ့သည်။
သူမသည် အလွန်တရာ နက်ရှိင်းလှသော တွင်းကြီးထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး သူမ၏ ပတ်ပတ်လည်မှာတော့ စိတ်ဝိညာဉ် နံရံတစ်ခု ရှိနေသည်။ ပြီးနောက် သူမသည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။
သူမသည် ဒဏ်ရာ ရရှိသွားခဲ့ခြင်းပင် ဖြစ်သည်။
"ဆ … ဆရာ"
သူမနောက်တွင် ရှိသော တပည့်များသည်ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့အားလုံးသည် အဆင်ပြေနေသည်။ အဘယ့်ကြောင့်ဆိုသော် အစီအရင်၏ ပေါက်ကွဲသွားချိန်တွင် ချန်းဟွေ့ရှင်းသည် စိတ်ဝိညာဉ် နံရံတစ်ခုကို အသုံးပြု၍ ၎င်းတို့အား ကာကွယ်ပေးခဲ့သည်။ မဟုတ်ပါက သူမသည် ဤကဲ့သို့ သွေးအန်ထွက်လိမ့်မည် မဟုတ်ချေ။
"အကြီးအကဲ"
ကျန့်ရာ၏ အသံထွက်ပေါ်လာသည်။ "အစီအရင်ကို ခွင့်ပြုချက် မရှိဘဲ ထိတွေ့မယ်ဆိုရင် ပေါက်ကွဲမှုတွေ ဖြစ်သွားလိမ့်မယ်လို့ သတိပေးဖို့ မေ့သွားတယ်။ ပြီးတော့ ဒါက ပြိုင်စံရှား ဂိုဏ်းလေ။ လိုင်လီနတ်ဂိုဏ်းမဟုတ်ဘူး။ဒီကို ရောက်လာပြီဆိုမှတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်။ စိတ်ရှည်ဖို့ လိုတယ်။လျှောက်လုပ်လို့ မရဘူး"
ချမ်းဟွာရှင်း၏ မျက်နှာသည် ဒေါသတရားများဖြင့် ပြည့်နက်သွားသည်။ တစ်ဖက်လူများသည် ရည်ရွယ်ချက်ရှိရှိနှင့် ပြုလုပ်သည်ဖြစ်ကြောင်းကို သူမ ကောင်းကောင်းသိသည်။ သို့ပေမဲ့ မည်သည့် စကားမှ ပြော၍ မရချေ။
ထို့အပြင် သူမသည် စမ်းသပ်မှုကို ကျော်ဖြတ်၍ လာမည်ဟု သဘောတူညီပြီးဖြစ်၏။ သို့ပေမဲ့ အစီအရင်ကို ခွင့်ပြုချက် မဲ့စွာဖြင့် ချိုးဖြတ်ခဲ့သည်။ သူမဘက်က မှားယွင်းခဲ့ခြင်းလည်း ဖြစ်၏။
ကျန့်ရာက ပြောလိုက်သည်။ "အစီအရင်က ပျက်စီးသွားပြီဆိုတော့ စမ်းသပ်ဖို့ မလိုတော့ဘူး။ ခင်ဗျားတို့ တက်လာလို့ရတယ်။ ခင်ဗျားတို့ မှတ်ထားရမှာက ပြိုင်စံရှား ဂိုဏ်းတစ်ခုလုံးက အစီအရင်တွေ အပြည့်ပဲ။ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းကြပါ။အားလုံးက ကိုယ်လုပ်တာနဲ့ ပတ်သက်ပြီး တာဝန်ခံမှု ရှိရလိမ့်မယ်"
"တက်ကြစို့" ချမ်းဟွာရှင်း သည် ခေါင်းကို ငုံကာ ပြောလိုက်၏။
တပည့်အားလုံးသည် မြန်မြန်ဆန်ဆန်ပဲ တောင်၏ ဂိတ်တံခါးဝဆီသို့ ရောက်ရှိလာကြသည်။
မုယုံရှင်းမှလွဲ၍ အားလုံးသော လူများ၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နက်သွားသည်။ ၎င်းတို့အားလုံးသည် ပြိုင်စံရှား ဂိုဏ်းနှင့် စစတွေ့ချင်းမှာပဲ ကြီးမားသည့် ဆုံးရှံးမှုကြီးကို ခံစားလိုက်ရ၏။
ဤကဲ့သို့သော ပြုမူဆက်ဆံခံရပုံမျိုးသည် ၎င်းတို့လက်သင့်ခံနိုင်သော အရာမဟုတ်ပေ။
......
ကျွီ
ပိတ်ထားသော တောင်၏ ဂိတ်တံခါးကြီးသည် ပွင့်သွားတော့၏။
စုရှောင်မိုသည် အထဲမှ လမ်းလျှောက်ထွက်လာပြီး လက်သီးကို ဆုပ်လိုက်၏။ "ဂိုဏ်းချုပ်က အဓိက ဟောခန်းထဲကနေ စောင့်နေပါတယ်။ကျေးဇူးပြုပြီး လိုက်ခဲ့ကြပါ"
ချမ်းဟွာရှင်းက အေးစက်စက် ပြောလိုက်သည်။ "ဒီအဘွားကြီးက မိုင်ထောင်ချီ ခရီးနင်ပြီး ဒီကို ရောက်လာခဲ့တာ မင်းတို့ရဲ့ ဂိုဏ်းချုပ်က လူကိုယ်တိုင်လာပြီး မကြိုဘူးလား"
"ခင်ဗျားတို့ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လာမယ်ဆိုရင်တော့ ဂိုဏ်းချုပ်က လူကိုယ်တိုင်လာပြီး ကြိုဆိုပါလိမ့်မယ်။ဒါပေမဲ့ အကြီးအကဲတစ်ယောက်ဆိုရင်တော့"
စုရှောင်မိုသည် ခဏရပ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ခင်ဗျားမှာ ဂိုဏ်းချုပ်ကိုယ်တိုင် လာပြီး ကြိုရလောက်တဲ့ အရည်အချင်းမရှိဘူး"
"ဘာပြောတယ်"
လိုင်လီနတ်ဂိုဏ်းရှိ တပည့်များအားလုံးသည် ဒေါသတကြီးဖြင့် ထအော်လိုက်ကြ၏။
"ဘာလဲ"
စုရှောင်မိုသည် လက်ပိုက်ကာ ထူးမခြားနားသလို ပြောလိုက်၏။ "မကြိုက်ကြဘူးလား"
ဤကောင်လေးသည် ပိုမို၍ မထီမဲ့မြင် ပြုလုပ်လာ၏။ လိုင်လီနတ်ဂိုဏ်းမှ တပည့်များသည် မည်သို့မှ လက်မခံနိုင်ခဲ့ကြပေ။
အကြီးအကဲတစ်ယောက်သည် တစ်စုံတစ်ခု ကို ထ၍ ပြောဟန် ပြင်နေချိန်မှာပဲ ချမ်းဟွာရှင်းသည် ပါးစပ်ပိတ်နေရန် တားမြစ်လိုက်၏။ ပြီးနောက် အသာပြောလိုက်သည်။ "အဆင့်ငါး ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်က အရမ်းကို မောက်မာလွန်းတာပဲ"
ပြောပြီးသည့်နောက် သူမသည် ဂိုဏ်းထဲသို့ လျှောက်၍ ဝင်လာလိုက်တော့သည်။
သူမ၏ တပည့်များအားလုံးသည်လည်း နောက်မှ နီးနီးကပ်ကပ် လိုက်ပါလာခဲ့ကြတော့သည်။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် စုရှောင်မိုကို ကျော်ဖြတ်သွားပြီးအချိန်မှာတော့ ဒေါသတကြီးဖြင့် စူးစိုက်ကြည့်သွားကြ၏။
ဤထောင့်မကျိုးသောလူသည် အလွန်တရာ ရိုင်းစိုင်းလွန်းလှ၏။ ပညာမတတ် သင်ယူပြသခြင်းကို မခံထားရသော လူပင် ဖြစ်လိမ့်မည်။
ကျော်ကြားလှသော ဂိုဏ်း၏ တပည့်များဖြစ်သည်မို့ ၎င်းတို့သည် ရှောင်ကလန်ဆီသို့ သွား၍ လက်ထပ်ပွဲ ဖျက်သိမ်းချိန်တွင် တစ်ခြားသူများကို လှောင်ပြောင်ကဲ့ရဲ့ခဲ့၏။ ထို့ကြောင့် ၎င်းတို့ အနေနှင့် ယဉ်ကျေးပြူငှာစွာ ဆက်ဆံရန် အရည်အချင်း ပြည့်မီသူများ မဟုတ်ပေ။
ဤအရာသည် ကိုယ်ပြုလုပ်လိုက်သည့် အရာအတွက် ပြန်လည်၍ ခံရသည့် အရာပင် ဖြစ်ပေလိမ့်မည်။
"ကြည့်နေတာကို ရပ်လိုက်တော့"
စုရှောင်မိုသည် အသာပြောလိုက်၏။ "ဒီအတိုင်းဆက်ကြည့်နေမယ်ဆိုရင် မင်းတို့ ငါ့ကို ကြိုက်သွားလိမ့်မယ်"
"တောင်းပန်ပါတယ်"
ပြီးနောက် သူသည် ထပ်ပြောလိုက်၏။ "မင်းတို့ငါ့ကို ကြိုက်တယ်ဆိုရင်တောင်မှ ငါက မင်းတို့ကို စိတ်မဝင်စားဘူး။ ဘာလို့လဲ ဆိုတော့ မင်းတို့အားလုံးကို ကြည့်ရတာ သာမန်လိုပဲ"
၎င်းတို့၏ ဆရာသည်သာ အရှေ့မှ ဦးဆောင်၍သာ ထွက်သွားသည်မဟုတ်ပါက လိုင်လီနတ်ဂိုဏ်းမှ တပည့်များအားလုံးသည် လက်ထဲရှိ ဓားကို ဆွဲထုတ်ကာ စုရှောင်မိုအား အပိုင်းပိုင်းခုတ်ဖြတ်မိလိမ့်မည်။
……....
အရင်တုန်းက ဆိုလျှင် ဒုတိယအဆင့် ဂိုဏ်းများ မှ ရောက်ရှိလာသည်ဆိုသည်နှင့် တစ်ခြားသော ဂိုဏ်းများမှ လူများသည် အထူးဧည့်သည် များကဲ့သို့ ဆက်ဆံတတ်ကြ၏။ အလွန်တရာ ဂရုစိုက်၍ ဧည့်ကြိုခြင်းများကို ပြုလုပ်သည့် အပြင် ကပ်ဖားရပ်ဖား စကားလုံးများဖြင့် မြှောက်ပင့်၍ အကောင်းဆုံး ချိုသာစွာဖြင့် ဆက်ဆံတတ်ကြသည်။
သို့ပေမဲ့ ဤကဲ့သို့ အထူးဂရုစိုက်မှုမျိုးအားပြိုင်စံရှား ဂိုဏ်းတွင် ရရှိလိမ့်မည် မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုသော် ချမ်းဟွာရှင်းနှင့် တစ်ခြားသော သူများ အထဲသို့ လျှောက်ဝင်လိုက်သည့် အချိန်တွင်မှာတော့ မည်သည့် တပည့်ကမှ ၎င်းတို့ကို ထူးထူးခြားခြား ကြည့်မနေကြပေ။
“ဒုတိယအဆင့် ဂိုဏ်းတစ်ခုက အရမ်းကို အံ့အားသင့်စရာကောင်းမယ်လို့ ထင်ထားတာ။ကြည့်ရတာ သာမန်ပါပဲ။ငါတို့ရဲ့ စီနီယာနဲ့ ဂျူနီယာညီမ အစ်မတွေ ညီမတွေနဲ့ နှိုင်းယှဉ်ရင် တော်တော်ကြီးကို အဝေးမှာ ကျန်ခဲ့မယ့် လူမျိုးတွေပဲ။”
“အရိုးသားဆုံး ပြောရမယ်ဆိုရင် လက်ထပ်ပွဲကို အရင်ဆုံး ဖျက်လိုက်ရတာ ကံကောင်းတယ်။ မဟုတ်ရင် ပုံစံတွေကို ကြည့်ပါ့လား။ငါတို့ရဲ့ စီနီယာအစ်ကို ရှောင်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။"
ပြိုင်စံရှား ဂိုဏ်းမှ တပည့်များအားလုံးသည် တီးတိုးပြောနေကြသည်။
ဤကဲ့သို့သော စကားများသည် လိုက်လီနတ်ဂိုဏ်းမှ အမျိုးသမီး တပည့်များအား ပိုမို၍ ဒေါသထွက်သွားစေသည်။
ကြီးမားသော ဂိုဏ်းကြီးမှ လာရောက်ကြသော လူများဖြစ်သည်မို့ ၎င်းတို့သည် ၎င်းတို့၏ ပါရမီရှင်အသွင်အပြင်တွင် အလွန်တရာ ယုံကြည်ချက် ရှိနေကြ၏။ ယခု သူတို့အား သာမန်ဖြစ်သည်ဟု ပြောဆိုနေသည်ကို လက်ခံနေရ၏။
"အားလုံးပဲ"
လီလိုရှုသည် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လာပြီး ပြောလိုက်၏။ "အဓိက ဟောခန်းထဲကို ဝင်မယ်ဆိုရင် လက်နက်တွေကို ယူလာလို့ မရပါဘူး"
ဤအမျိုးသမီးသည် အမှန်ပင် ဖက်ရှင်ကျစွာ ဝတ်ဆင်ထားခဲ့၏။ သူမ၏ ပြည့်စုံလှသော ကောက်ကြောင်းသည် လှပစွာဖြင့် ထွက်ပေါ်လျက်ရှိသည်။
လိုင်လီနတ်ဂိုဏ်းမှ အမျိုးသမီးတပည့်များသည် ကြည့်ကောင်းလှသည်။ သို့ပေမဲ့ ဟောခန်းသခင်လီနှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ ဆင် နှင့် ဆိတ်လို ကွာခြား လွန်းလှ၏။
လူတစ်ချို့က ပြောဆိုပေလိမ့်မည်။
ယဉ်ကျေးသိမ်မွေ့ပြီး ရိုးရှင်းသည့် မိန်းကလေးမျိုးကို နှစ်သက်ဟု ….
ဟုတ်ပေသည်။
ဤကဲ့သို့သော မိန်းကလေးမျိုးလည်း ရှိနေ၏။
လင်းယွမ်ရွှယ် သည် ဤကဲ့သို့သော မိန်းကလေး မျိုးပင် ဖြစ်တော့သည်။ လိုင်လီနတ်ဂိုဏ်းမှ အမျိုးသမီးတပည့်များသည် သူမနှင့်နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ပေ။
ချစ်ဖို့ ကောင်းသည့်နေရာတွင်လည်း မည်သူကမှ နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် လျိုဝမ်ရှစ် ၊ ရောင်မုန့်ယဉ် နှင့် လူသားပုံစံ ပြောင်းထားသော ရှောင်မိုရှန်းတို့ အားလုံးသည် ချစ်စရာ ကလေးမလေးများပင် ဖြစ်သည်။
ဘာကို ယှဉ်ပြိုင်ရဲသနည်း။
လှပခြင်းကို ယှဉ်ပြိုင်မည်ဆိုပါက ပြိုင်စံရှား ဂိုဏ်းသည် လုချင်းချင်းကို ခေါ်ရပေလိမ့်မည်။။
ဤအကြီးဆုံးတပည့်ကြီး၏ အော်ရာနှင့် အမူအရာများသည် အေးစက်လှသည်ဆိုသော်လည်း တစ်ခြားသော အမျိုးသမီးများဆိုလျှင်ပင် လည်ပြန် လှည့်ကြည့်ရလောက်သော အလှကို ပိုင်ဆိုင်သူ ဖြစ်၏။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များ ဤကဲ့သို့ တီးတိုး ပြောဆိုနေကြသည်မှာ အံ့အား သင့်စရာ မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် တကယ်ပင် လိုင်လီနတ်ဂိုဏ်းမှ တပည့်များအားလုံးသည် ၎င်းတို့၏ စီနီယာနဲ့ ဂျူနီယာ ညီမ ၊ အစ်မများနှင့် နှိုင်းယှဉ် လျှင် ဘာမှ မဟုတ်သည့် လူများပင် ဖြစ်နေသည်။
ဟုတ်ပေသည်။
မုယုံရှင်းမှာတော့ အလွန်တရာ ကြည့်ကောင်းလွန်းလှ၏။ သူမ၏ ဘေးတွင် ရှိသော တစ်ခြားသောတပည့်များမှာတော့ ကြည့်ဖို့ပင် ထိုက်တန်သည့် သူများ မဟုတ်ကြပေ။
ချမ်းဟွာရှင်း သည် ပျက်ရွင်းနေသော မျက်နှာ အမူအရာဖြင့် ပြောလိုက်သည်။
“ကျင့်ကြံသူတွေက ဘယ်တော့မှ လက်နက်ကို အပ်မနေဘူး။”
သူမတို့ လိုင်လီ နတ်ဂိုဏ်းပင်လျှင် အဓိက ဟောခန်းထဲသို့ ဝင်ရောက်ပါက လက်နက်များ ချန်ထားခဲ့ရမည်ဟူသည့်စည်းမျဉ်း မရှိပေ။
တစ်ခြားတစ်ဖက်မှာတော့ လီလိုရှုက ပြုံးလိုက်၏။ "ဒါက ပြိုင်စံရှား ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းလေ။ ရှင်တို့ လာပြီးလည်မယ်ဆိုရင် လိုက်နာရမယ်"
"တကယ်လို့ မလိုက်နာဘူးဆိုရင်ရော" ချမ်းဟွာရှင်းက မေးလိုက်သည်။
လီလိုရှုက ပြောလိုက်သည်။ "ဒါဆိုရင် ထွက်သွားပါတော့..."
ချမ်းဟွာရှင်း၏ မျက်နှာသည် ပိုမို၍ ပျက်ရွင်းသွားသည်။
ပြိုင်စံရှားဂိုဏ်းသည် သူမအား တမင်သက်သက် ခက်ခဲအောင် ပြုလုပ်နေသည်ဆိုသည်ကို ကောင်းကောင်းသိမိ၏။ ယခုမှ အဆင့်ငါးအဆင့်သို့ တိုးတက်လာခဲ့သော ဂိုဏ်းတစ်ခုသည် သူမတို့ကဲ့သို့ ဒုတိယဂိုဏ်းတစ်ခုနှင့် ယှဉ်ပြိုင်၍ ပြောဆိုနေသည်။ ၎င်းတို့၏ သတ္တိသည် မည်သည့်နေရာဆီမှ ရောက်ရှိလာသနည်း။
"ဂိုဏ်းချုပ်ကျွင်း"
ချမ်းဟွာရှင်းသည် အေးစက်စက်ဖြင့် အော်လိုက်သည်။ "ဒါက ပြိုင်စံရှား ဂိုဏ်းအနေနဲ့ ဧည့်သည်ကို ဆက်ခံတဲ့ ပုံစံလား။"
"အကြီးအကဲချမ်း"
ကျွင်းချောင်ရှောင်း၏ အသံသည် အဓိက ဟောခန်းထဲမှ ထွက်ပေါ်လာသည်။ "တစ်ခြားသူရဲ့ အိမ်ကို ရောက်ရင် အဲအိမ်ရဲ့စည်းမျဉ်းစည်းကမ်းကို လိုက်နာရမယ်ဆိုတာ လောကကြီးရဲ့ အမှန်တရားပဲ မဟုတ်လား။"
ချမ်းဟွာရှင်း သည် သူမ၏ လက်များ တုန်ရင်နေသည်အထိ ဒေါသထွက်မိနေသည်။
"ပြီးတော့"
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ "ခင်ဗျားတို့ရဲ့ တပည့်တွေကို ဒေါသထိန်းထားဖို့ ပြောပေးပါအုံး။ပြိုင်စံရှား ဂိုဏ်းထဲမှာ သူတို့ ဘယ်သူ့ကိုမှ ယှဉ်နိုင်တာလဲ မဟုတ်ဘူး။ ဟန်ထုတ်နေသလို ဖြစ်နေပြီ"