← Chapters

အခန်း (၆၂၄)

Vol. 42 Ch. 624

အခန်း (၆၂၄)

Vol. 42 Ch. 624

ချမ်းဟွာရှင်းသည် ဤနေရာသို့ရောက်ရှိလာချိန်၌ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ် ငယ်ရွယ်၍ မောက်မာလွန်းသည် ဆိုသည့်အကြောင်းကို ကြားသိခဲ့ပြီးဖြစ်၏။ လက်ရှိ ဤနေရာသို့ ရောက်ရှိချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မောက်မာလွန်းရုံမက တစ်ဂိုဏ်းလုံးကပင် မောက်မာနေခြင်း ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရ၏။

“ဂိုဏ်းချုပ်ကျွင်း”

ချမ်းဟွာရှင်းသည် အဓိကဟောခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်ကာ အေးစက်စက်နှင့် ပြောလိုက်သည်။

“ဒီလိုဆိုရင်လည်း အဓိကဟောခန်းထဲကို မဝင်တော့ဘူး၊ ဒီနေ့လာရတဲ့ ရည်ရွယ်ချက်ကတော့ ရှင်နဲ့ ကျွန်မ တပည့် ရဲ့ကြားမှာ သုံးနှစ်သဘောတူညီချက်ဆိုပြီး ပြုလုပ်ထားတဲ့ စိန်ခေါ်ပွဲနှင့်ပတ်သက်ပြီး ဖျက်သိမ်းဖို့ လာပြောတာပဲ”

သူမအနေနှင့် ဤနေရာသို့ လာရောက်မလည်ပတ်ချင်ပေ။ ဤကိစ္စကို ဖြေရှင်းချင်၍သာ ရောက်ရှိလာရခြင်းဖြစ်၏။ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“အကြီးအကဲချမ်းက ချင်းယန်နိုင်ငံကို နောက်ဆုံးအကြိမ် လာခဲ့တာက လက်ထပ်ပွဲကို လာပြီး ဖျက်ဆီးတာ မဟုတ် ဘူးလား၊ အခု သဘောတူညီချက်ကို လာပြီး ဖျက်သိမ်းပြန်ပြီ၊ လိုင်လီဂိုဏ်းက ဒီလိုကိစ္စမျိုးတွေကို လုပ်နေမယ် ဆိုရင် ကျင့်ကြံခြင်းလောက က လူတွေအကုန်လုံးက အထင်အမြင် သေးကုန်လိမ့်မယ်”

သူ၏ စကားသည် တခြားသောသူများအား စွပ်စွဲပြောဆိုခြင်းနှင့် တူညီနေ၏။ ချမ်းဟွာရှင်းသည် မည်သို့မှ သည်းမခံ နိုင်တော့ဘဲ ဒေါသတကြီးနှင့် ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်း... ကျုပ်တပည့်ရဲ့ကျင့်ကြံခြင်းကို နှောင့်နှေးစေနိုင်မယ့် အဓိပ္ပာယ်မဲ့တဲ့ တိုက်ခိုက်မှုမျိုးကို ဘယ်တော့မှ လက်သင့်ခံမှာ မဟုတ်ဘူး၊ ရှင့်အနေနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် တခြားဂိုဏ်းကို သွားရှာပါ”

ကျွင်းရှောင်ချောင်းက ပြောလိုက်သည်။ “အကြီးအကဲချမ်း... ခင်ဗျားက ပြိုင်စံရှားဂိုဏ်းက တပည့်တွေကို အထင်အမြင်သေးနေတာလား”

“ကျွန်မက အထင်သေးနေတာ မဟုတ်ဘူး”

ချမ်းဟွာရှင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒါက အစစ်အမှန် ဖြစ်တည်နေတာပဲ”

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အဓိကဟောခန်းထဲမှ လျှောက်ထွက်လာ၏။ ပြီးနောက် ပြောလိုက်သည်။ “အကြီးအကဲချမ်း... ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ခင်ဗျားနောက်မှာရှိတဲ့ တပည့်တွေအားလုံး မုယုံရှင်း ကလွဲရင် တစ်ယောက်ကမှ ပြိုင်စံရှားဂိုဏ်းတပည့်ဖြစ်လာဖို့အတွက် အရည်အချင်း မရှိကြဘူး”

ချမ်းဟွာရှင်းသည် ပိုမို၍ ဒေါသထွက်လာသည်။ လိုင်လီနတ်ဂိုဏ်းမှ တပည့်များသည်လည်း သူ့အား စူးစိုက်ကြည့်မိ ကြ၏။ ပြိုင်စံရှားဂိုဏ်းမှ တပည့်များ၏ အော်ရာသည် အများဆုံး သိုင်းဆရာအဆင့်သာရှိ၏။ အဘယ်ကြောင့် သူမတို့ကဲ့သို့ သိုင်းစစ်သူကြီးများနှင့် နှိုင်းယှဉ်၍ ရနေသနည်း။

“မကျေနပ်ကြဘူးလား”

ကျွင်းချောင်ရှောင်းသည် အေးစက်စက်နှင့် ပြောလိုက်၏။

“ဒါဆိုရင်လည်း အနည်းငယ်လောက် လက်ရည်စမ်းကြည့်ကြတာပေါ့”

တောင်ခြေသို့ ရောက်ရှိကတည်းက ဤလူများပြောသည့်စကားကို သူကြားသိခဲ့ပြီးဖြစ်၏။ လိုင်လီဂိုဏ်းသည် နှိုင်းယှဉ် ယှဉ်ပြိုင်၍ မရနိုင်သည့် အရာတစ်ခုလား။ ကောင်းပြီ၊ ကောင်းပြီ အမျိုးသမီးများကို အနိုင်ကျင့်ခြင်း အားဖြင့် ၎င်း၏ဂုဏ်သိက္ခာနိမ့်ကျသွားမည်ကို ကျွင်းချောင်ရှောင်း ဂရုမစိုက်ပေ။ ကြီးကျယ်မြင့်မြတ်သည်ဟု မိမိ ကိုယ်ကို ထင်မှတ်နေသူများအား မျက်နှာရောင်ကိုင်းအောင် ရိုက်နှက်ခြင်းကသာလျှင် သူ၏ စိတ်ဆန္ဒကို ဖြည့်တင်းပေးနိုင်ပေလိမ့်မည်။

ချမ်းဟွာရှင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ဒီနေရာကိုလာတာက တိုက်ခိုက်ပွဲကို ဖျက်သိမ်းချင်လို့ လာတာလေ၊ တပည့်တွေကိုခေါ်ပြီး ရှင်တို့ဂိုဏ်းကို လာစိန်ခေါ်တာ မဟုတ်ဘူး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုလည်း ခင်ဗျားတို့ ပြိုင်စံရှားဂိုဏ်းကို အနိုင်ယူပြီးတဲ့အချိန်ကျရင် ဆက်ပြောကြတာပေါ့”

“ရှင်က တကယ်ပဲ တိုက်ခိုက်ချင်တာလား”

“သိပ်မှန်တာပေါ့”

“ကောင်းပြီ”

ချမ်းဟွာရှင်းက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေက သာမန်လူတွေထက်ပိုတဲ့ အားအင်တွေ ရှိကြတယ်လို့ ကျွန်မ ကြားဖူးတယ်၊ ကျွန်မတို့ လိုင်လီနတ်ဂိုဏ်းကလည်း အတွေ့အကြုံ ယူချင်ပါတယ်”

“ယွမ်ရွှယ် အရင်တိုက်ခိုက်လိုက်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ ဤကဲ့သို့သော အမျိုးသမီးတပည့်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် သူ့အနေနှင့် ရီချင်းရှန်တို့ကဲ့သို့ ယောက်ျားကြီးများကို စေလွှတ်၍ မဖြစ်ချေ။ ထို့ကြောင့် အမျိုးသမီးတပည့်ကိုသာ စေလွှတ်ရပေလိမ့်မည်။ သဘောတူညီမှုမရောက်ခင်အထိ သူသည် တပည့်များအကြား တိုက်ပွဲသည် ညင်ညင်သာသာနှင့် ပြီးဆုံးသွားစေရန် ဆန္ဒရှိနေ၏။

...........

သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထက်မှာတော့ ပြိုင်စံရှားဂိုဏ်း တပည့်များ အားလုံးသည် အပြင်ဘက်၌ မတ်တပ်ရပ် နေကြ၏။ ယဉ်ကျေးသိမ်မွေ့ဟန်ပေါ်သည့် လင်းယွမ်ရွှယ်သည် အားလုံး၏အကြည့်များ အောက်မှာတော့ ဖြည်းဖြည်း ချင်းလှမ်းလျှောက်၍ တက်လာသည်။

“သိုင်းဆရာထိပ်ဆုံးအဆင့်လား”

ချမ်းဟွာရှင်းသည် ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။ “လင်းအာ... သွားပြီးတော့ တိုက်ခိုက်တော့”

“ကောင်းပါပြီ”

လင်းအာဟုခေါ်သော လိုင်လီနတ်ဂိုဏ်း၏ တပည့်သည် အသာလျှောက်၍ တက်လာတော့သည်။ သူမသည် ဆယ့်တစ်ယောက်မြောက်အကြီးအကဲ၏ တပည့်ဖြစ်သည်။ တိုက်ရိုက်တပည့်မဟုတ်သော်လည်း သူမ၏ အရည်အချင်းသည် ဆိုးရွားလွန်းသည်မဟုတ်ဘဲ သိုင်းစစ်သူကြီး အဆင့်ခြောက် အဆင့်ထိ ရောက်ရှိနေပြီဖြစ်၏။

“ဒါက”

လင်းယွမ်ရွှယ်သည် အားနွဲ့သလို ပြောလိုက်၏။ “မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး၊ တခြားတစ်ယောက်နဲ့ လဲလိုက်တာကောင်းမယ်”

“တော်စမ်း”

လင်းအာဟုခေါ်သောတပည့်သည် အေးစက်စက်နှင့် ပြောလိုက်၏။ “ရှင်ရဲ့အော်ရာတွေကို ကြည့်ရတာ အခုမှ သိုင်းဆရာထိပ်ဆုံးအဆင့် ကျင့်ကြံသူပဲ ရှိသေးတယ်၊ ဘယ်လို စွမ်းရည် မျိုးရှိလို့ ကျွန်မလို အဆင့်ခြောက် သိုင်းစစ်သူကြီးတစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေရတာလဲ”

“တကယ်လား”

လင်းယွမ်ရွှယ်က ပြောလိုက်သည်။

“မင်း ငါ့ကို နိုင်အောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး”

သူမသည် ခဏရပ်တန့်ကာ လိုင်လီနတ်ဂိုဏ်းမှ တပည့်အားလုံးကို ကြည့်လိုက်၏။ ပြီးနောက် အားတင်းကာ ပြောလိုက်သည်။ “အားလုံးတက်လာပြီး တိုက်ခိုက်ရင် ပိုကောင်းမယ်နဲ့တူတယ်”

ဟင်း

ဤမိန်းကလေးသည် ရှက်ရွံ့စွာ ပြောဆိုနေခြင်းဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ပြီးသည့်နောက်မှာ သူမသည် ဂိုဏ်းချုပ်နှင့် သူမ၏ ဂိုဏ်းတူညီအစ်ကို မောင်နှမများ၏ အကျင့်များ လွှမ်းမိုးခြင်း ခံရသောကြောင့် ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးမှာ အနည်းငယ် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ အနည်းငယ်တော့ ရှက်ရွံ့နေ တတ်သေးသည်။

“စီနီယာ အစ်မလင်းက လူများများနဲ့ တိုက်ခိုက်ချင်တယ်နဲ့တူတယ်”

“ဒီလူတွေရဲ့ အားအင်အဆင့်အရ တစ်ယောက်ချင်းစီ တိုက်ခိုက်မယ်ဆိုရင် အချိန်ဖြုန်းတာနဲ့ တူတူပဲလေ၊ အားလုံး တစ်ခါတည်း တိုက်ခိုက်လိုက်ရင် ပိုမကောင်းဘူးလား”

ပြိုင်စံရှားဂိုဏ်းမှတပည့်များ ပြောဆိုနေကြသော မှတ်ချက်ပြုစကားများကို ကြားလိုက်ရချိန်မှာတော့ လိုင်လီ နတ်ဂိုဏ်းမှ လူများအားလုံးသည် သွေးအန်လုမတတ် ဖြစ်နေကြသည်။ ပြိုင်စံရှားဂိုဏ်းမှ တပည့်အားလုံးသည် တမင် ရည်ရွယ်ချက်ရှိရှိနှင့် ပြောဆိုနေကြခြင်းဖြစ်၏။ မနေ့ကတည်းကတင် ဂိုဏ်းချုပ်သည် အားလုံးကို အမိန့်ပေး ထားခဲ့၏။ လိုင်လီနတ်ဂိုဏ်းရောက်လာသည်နှင့် အခွင့်အရေးရသည်နှင့် စကားလုံးများနှင့် တိုက်ခိုက်ရန် မှာကြား ထားခဲ့သည်။

ဂိုဏ်းချုပ်ကျွင်း၏ ပြုမူပုံသည် အနည်းငယ်တော့ ကလေးဆန်လွန်းလှ၏။ သို့ပေမဲ့ မိမိကိုယ်ကို အထင်ကြီးပြီး အလွန်အကျွံ ကြီးကျယ်မြင့်မြတ်လှသူဟု ထင်မှတ်ကြသည့်သူများနှင့် ရင်ဆိုင်တွေ့သည့် အခါတွင်တော့ ဤကဲ့သို့ သော နည်းလမ်းများကို အသုံးပြု၍ ဒေါသကို ဆွပေးခြင်းကသာလျှင် ပိုမို၍ ကြည့်ကောင်းလှ၏။

ထင်မှတ်ထားသည့်အတိုင်းပင် ပြိုင်စံရှားဂိုဏ်းမှ တပည့်များ၏ မီးလောင်ရာလေပင့် မှတ်ချက်စကားများကို ကြားလိုက်ရသည့် အချိန်မှာတော့ တည်ငြိမ်လျက်ရှိနေကြသော လိုင်လီနတ်ဂိုဏ်းမှ တပည့်များ အားလုံးသည် အံကို ကြိတ်ကာ အမျက်ချောင်းချောင်း ထွက်နေကြတော့သည်။

လင်းအာသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “စီနီယာအစ်မတို့... မလိုပါဘူး၊ ကျွန်မတစ်ယောက်တည်း နိုင်တယ်”

“ကောင်းပြီ”

လင်းယွမ်ရွှယ်သည် အကူအညီမဲ့စွာဖြင့် ကြည့်လိုက်၏။ ထုံးစံအတိုင်းပဲ သူတို့နှစ်ယောက်သည် တည်နေရာတွင် မတ်တပ်ရပ်ပြီးနောက် နာမည်များကို ပြောပြလိုက်၏။ ကျန့်ရာသည် ဒိုင်လူကြီးတစ်ယောက် ဟန်ပင်မျိုးဖြင့် အော်လိုက်၏။

“စရအောင်”

ဝှစ် ဝှစ်

လင်းအာသည် သိုင်းစစ်သူကြီးကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ကာ လက်သီးချက်များကို ထုတ်လွှတ်လိုက်သည်။ သို့ပေမဲ့ သူမ၏ သိုင်းနည်းစနစ်များကို မထုတ်ဖော်ခင်မှာပဲ လေလှိုင်းတစ်ခု ရောက်ရှိလာသည်ကို ခံစားမိလိုက်၏။

ဘုန်း

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လွင့်စင်သွားပြီး သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်ဆီသို့ ဘုတ်ခနဲ ပြုတ်ကျသွားတော့သည်။ လင်းယွမ်ရွယ်သည် တည်နေရာမှာတင် မတ်မတ်ရပ်လျက်ရှိပြီး ဖြေးညှင်းစွာပင် သူမ၏ လက်သီးကို ပြန်ရုတ်လိုက်၏။ ပြီးနောက်ပြောလိုက်၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဒါက”

ချမ်းဟွာရှင်းသည် ကြောင်သွား၏။ သိုင်းဆရာထိပ်ဆုံးအဆင့် အားအင်သာရှိသော ဒီအားနည်းလွန်းသည့် မိန်းကလေးတစ်ယောက်၏ လက်သီးချက်သည် အဘယ်ကြောင့် ဤမျှမြန်ဆန်၍ ကြမ်းတမ်းနေရသနည်း။

“ဂိုဏ်းချုပ်”

လင်းယွမ်ရွှယ်သည် ဦးခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “ဆက်ပြီး တိုက်ခိုက်လို့ရသေးလား”

“ရတာပေါ့”

ကျွင်းချောင်ရှောင်း ရယ်လိုက်သည်။ လင်းယွမ်ရွှယ်သည် အသာလှည့်ကြည့်၍ လိုင်လီနတ်ဂိုဏ်းမှ တပည့်များ အားလုံးကို ကြည့်လိုက်သည်။ “အားလုံး တက်လာကြပါ့လား”

သူမ၏ ပြောဆိုနေသည့်ပုံစံမှာ ‘တောင်းပန်ပါတယ်၊ တက်လာကြပါတော့၊ အားလုံးနဲ့ပဲ တိုက်ခိုက်ချင်တယ်၊ တစ်ယောက်ချင်းဆီတိုက်ရင် အချိန်ကုန်တယ်’ လို့ ဆိုလိုခြင်းနှင့်ပင် ဆင်တူ၏။

“ဆရာ... ကျွန်မသွားမယ်”

လိုင်လီနတ်ဂိုဏ်းမှ တပည့်တစ်ယောက်သည် ဝင်၍ ပြောလိုက်သည်။

“သွား” ချမ်းဟွာရှင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်တော့သည်။

နောက်ဆုံးရလဒ်မှာတော့ စင်ပေါ်သို့ တက်သွားသော သူမသည်လည်း နာမည်ကို ရွတ်ပြပြီး မကြာခင်မှာပဲ သိုင်းလေ့ကျင့်ရေးကွင်းပြင် အပြင်ဘက်ဆီသို့ ရောက်ရှိသွားရ တော့သည်။

“မဟုတ်သေးဘူး”

ချမ်းဟွာရှင်းသည် ဒီတစ်ကြိမ်မှာတော့ သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်သည်။ ပြီးနောက် ထိတ်လန့်တကြား ဖြင့် ပြောလိုက်သည်။ “ဒီမိန်းကလေးက သိုင်းဆရာတစ်ယောက် မဟုတ်ဘူး၊ သိုင်းဘုရင်တစ်ယောက်ပဲ”

“သိသွားကြပြီလား”

လင်းယွမ်ရွှယ်သည် ကြောင်အအနှင့် ဦးခေါင်းကို ကုတ်လိုက်သည်။ ပြီးနောက် သိုင်းဘုရင်အဆင့် အော်ရာများကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ သူမ၏ ခန္ဓာကိုယ်အနီးတစ်ဝိုက်တွင်တော့ ဆန်းကြယ်လှသော အော်ရာ များ စုဝေးလျက်ရှိနေတော့သည်။ စင်ပေါ်သို့ တက်၍ တိုက်ခိုက်စမ်းသပ်ချင်ကြသော လိုင်လီနတ်ဂိုဏ်းမှ တပည့် အားလုံးသည် သူမတို့ထက် ပို၍ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှင့်နေသော တစ်ဖက်လူကို မြင်ရသည့်အချိန်မှာတော့ ဆွံ့အနေမိကြသည်။

ဒုတိယအဆင့် ဂိုဏ်းတစ်ခုမှ တပည့်များ၏ အားအင်သည် ဆိုးရွားလှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ သိုင်းဘုရင် တစ်ယောက်၏ ရှေ့မှာတော့ ဘာမှမဟုတ်ချေ။ လုံလောက်၍ အားအင်များကို ထုတ်ဖော်ပြသ၍ မဖြစ်နိုင်ချေ။

“ကဲ”

လင်းယွမ်ရွှယ်သည် ဝံ့ကြွားနေသည့်လေသံဖြင့် ပြောလိုက်၏။ “အားလုံး တက်လာကြတော့”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်နေ၏။ သူမသည် အလွန်တရာ မောက်မာနေသည့် ဟန်ပန် မျိုးကို ပြုလုပ်နေသည်။ သို့ပေမဲ့ မျက်နှာ အမူအရာမှာတော့ အဘယ်ကြောင့် ရှက်ရွံ့နေသည့်ဟန်ပန်မျိုး ဖြစ်နေရ သနည်း။

“ဂိုဏ်းချုပ်ကျွင်း”

ချမ်းဟွာရှင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီမိန်းကလေးက ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ရမယ်၊ အကြီးအကဲတစ်ယောက်ကို တပည့် အဖြစ် ဟန်ဆောင်ပြီးတော့ ကျွန်မတို့ ဂိုဏ်းရဲ့တပည့်ကို ရင်ဆိုင်တိုက်ခိုက်ခိုင်းတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး၊ များလွန်းတယ် မဟုတ်ဘူးလား”

“တောင်းပန်ပါတယ်၊ သူမက အကြီးအကဲမဟုတ်ပါဘူး၊ ပြိုင်စံရှားဂိုဏ်းရဲ့ အတွင်းစည်း တပည့်ပါ”

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။

“တကယ်လို့ ခင်ဗျားတို့ လိုင်လီနတ်ဂိုဏ်းက အရှုံးကို လက်မခံနိုင်ဘူးဆိုရင်လည်း ဒီလိုမျိုး ပေါက်ကရတွေ လျှောက်မပြောဘဲနဲ့ တခြားအကြောင်းအရာတစ်ခုခုကို ရှာကြပါ့လား”

ဂျွတ်

ချမ်းဟွာရှင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ စီနီယာတစ်ယောက်ဖြစ်သည်မို့ သိုင်းအုပ်စိုးသူ အဆင့်ဖြစ်သော သူမသည် အလွန်တရာ တည်ငြိမ်နေ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိပြီးသည့်နောက်မှာ တော့ ကျွင်းချောင်ရှောင်း၏ မောက်မာမှုများကြောင့် တရစပ်ဆိုသလိုပဲ ဒေါသတွေ ထွက်နေရတော့သည်။

“ခုနှစ်ယောက်လုံး တက်လာခဲ့ပါလား”

“ကောင်းပြီ”

မုယုံရှင်းမှလွဲ၍ ကျန်သော လိုင်လီနတ်ဂိုဏ်း၏ တပည့်ခုနှစ်ယောက်တို့သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ရောက်ရှိလာသည်။ သူတို့ထဲတွင် အားအကောင်းဆုံးသည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သာဖြစ်ပြီး အားအနည်း ဆုံးမှာမူ သိုင်းစစ်သူကြီး အဆင့်ခုနှစ်ဖြစ်၏။ ဤကဲ့သို့ ကျင့်ကြံသူများ ခုနှစ်ယောက်ဆိုသည်မှာ အားကောင်းသည် ဟု ဆိုရမည်။ ဟုတ်ပေသည်။ သို့ပေမဲ့ တိုက်ခိုက်ခြင်းဆိုသည်မှာ အရေအတွက်နှင့် မသက်ဆိုင်ပေ။ အဘယ်ကြောင့် ဆိုသော ၎င်းတို့၏ပြိုင်ဘက်သည် သိုင်းဘုရင်တစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။

“အစီအရင် ဖန်တီးကြ”

စစချင်းမှာပဲ အရပ်ရှည်ရှည်နှင့် အမျိုးသမီးတပည့်သည် ရှေ့ဆုံးမှ ဦးဆောင်ကာ အော်လိုက်၏။

ဝှစ် ဝှစ်

တခြားသောတပည့်ခြောက်ယောက်တို့သည်လည်း ဆန်းကြယ်လှသည့် ခြေလှမ်းကွက်များကို အသုံးပြု၍ အစီအရင်၏ ပုံပန်းသွင်ပြင်အတိုင်း မိမိ၏ တည်နေရာတွင် စွဲစွဲမြဲမြဲရပ်ကာ တိုက်ကွက်ကို ဖော်ဆောင်တော့၏။

“ကြယ်ခုနှစ်ပွင့် ဖမ်းဆီးခြင်း အစီအရင်”

ကျွင်းချောင်ရှောင်း၏ဘေးတွင် မတ်တပ်ရပ်လျက်ရှိသော အကြီးအကဲကျိုးက ပြောလိုက်တော့သည်။

“ဒါက အစီအရင်သိုင်းနည်းစနစ် ကျွမ်းကျင်တဲ့ ဆရာတစ်ယောက်က ဖန်တီးထားတာပဲ၊ သိုင်းစစ်သူကြီးအဆင့် ခုနှစ်ယောက် အသုံးပြုမယ်ဆိုရင် အားအင်က သိုင်းဘုရင်တစ်ယောက်နဲ့ နှိုင်းယှဉ်၍ရ...”

ဘန်း ဘန်း

သူပြော၍ မဆုံးသေးခင်မှာပဲ လင်းယွမ်ရွှယ်သည် သူမ၏ စိတ်ဝိညာဉ်များကို စုစည်းကာ တောင်ပြိုလက်သီးကို ထုတ်ဖော်အသုံးပြုလိုက်တော့သည်။ ပြီးသည်နောက် သက်တန့်ရောင်စဉ်နည်းစနစ်ကို ထုတ်ဖော်လိုက်သည့် အချိန်မှာတော့ အစီအရင်ကို ဖန်တီးလျက်ရှိသော လိုင်လီနတ်ဂိုဏ်းမှ တပည့်ခုနှစ်ယောက်တို့သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အပြင်ဘက်ဆီသို့ပင် လွင့်စင်၍ ထွက်သွားကြတော့သည်။

အကြီးအကဲကျန်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

“ငါပြောလို့တောင် မပြီးသေးဘူး”

“ဒင်... ဂိုဏ်းတာဝန် ပြည့်စုံပြီ၊ ဂိုဏ်းစုဆောင်းမှတ် ငါးထောင်အား ရရှိသည်”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၃၇၄၃ / ၂၀၀၀၀”

All Chapters