← Chapters

အခန်း (၆၂၅)

Vol. 42 Ch. 625

အခန်း (၆၂၅)

Vol. 42 Ch. 625

ဂိုဏ်းချုပ်ကျွင်းသည် သူ၏တပည့်ကို တိုက်ခိုက်စေခဲ့ချင်သည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ချမ်းဟွာရှင်းတစ်ယောက် ပြိုင်စံရှားဂိုဏ်းသို့ ရောက်လာသည့်လမ်းတွင် သူသည် သီးခြား တာဝန်ကို အသက်ဝင်စေခဲ့၏။ တာဝန်သည် အလွန်တရာ ရိုးရှင်းလွန်းလှ၏။ လိုင်လီနတ်ဂိုဏ်း၏ တပည့် ကိုးယောက်အား အနိုင်ယူရန်ပင်ဖြစ်တော့သည်။

ပထမတုန်းက ကျွင်းချောင်ရှောင်းသည် လိုင်လီနတ်ဂိုဏ်းမှ တပည့်ကိုးယောက်တို့နှင့် ယှဉ်ပြိုင်ရန် သူ၏တပည့် ကိုးယောက်အား ထုတ်ဖော်၍ တစ်ယောက်ချင်းဆီ အနိုင်တိုက်ခိုက်မည်ဟု စဉ်းစားခဲ့၏။ သို့ပေမဲ့ သူမထင်မှတ် ခဲ့သည်မှာ လင်းယွမ်ရွယ်သည် တစ်ယောက်တည်းနှင့် အားလုံးကို အနိုင်ယူခဲ့ခြင်းပင် ဖြစ်တော့၏။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းတွင် ကျော်ကြားပြီး အားကောင်းလှသော အမျိုးသမီးတပည့် များများ စားစား ရှိလှသည်မဟုတ်ပေ။ စာရေးသူအနေနှင့်လည်း လူကိုးယောက်ကိုဆွဲထုတ်၍ ပြိုင်ပွဲလုပ်ခိုင်းမည်ဆိုလျှင် နာမည်တွေ စဉ်းစားရင်းနှင့် ဦးနှောက်တွေ ခြောက်သွားပေလိမ့်မည်။ ထို့ကြောင့် ထားလိုက်တာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“အကြီးအကဲချမ်း”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားခေါ်လာတဲ့ တပည့်တွေက တော်တဲ့လူတွေ မဟုတ်ပါလား”

သူ့အနေနှင့် ဆက်လက်၍ လှောင်ပြောင်ခြင်းကို ပြုလုပ်ချင်နေမိသည်။ ဤအရာသည် ကလေးဆန်သည့်အရာ ဖြစ်သည်ဆိုလျှင်တောင်မှ သူလိုလိုချင်ချင်နှင့် ဆက်လက်၍ ပြုလုပ်နေမှာပဲ ဖြစ်တော့သည်။

ချမ်းဟွာရှင်း သည် မျက်နှာတွေ နီမြန်းသွားသည်အထိ ဒေါသတွေ ထွက်လျက်ရှိသည်။ သူ၏တပည့်သည် ကြယ်ခုနှစ်ပွင့် ဖမ်းဆီးခြင်း အစီအရင်အား ထုတ်ဖော်အသုံးပြုခဲ့သည်ဆိုလျှင်တောင်မှ တစ်ဖက်လူသည် လွယ်လွယ်ကူကူနှင့် ချိုးဖြတ်ခဲ့၏။ ဤမိန်းကလေးသည် အဆင့်နိမ့် သိုင်းဘုရင်တစ်ယောက် မဟုတ်နိုင်ပေ။ တကယ်တမ်းမှာတော့ လင်းယွမ်ရွယ်သည် အဆင့်နိမ့် သိုင်းဘုရင်တစ်ယောက်ဖြစ်ပြီး ယခုမှ သိုင်းဘုရင်အဆင့်တစ် ကျင့်ကြံသူ တစ်ယောက်အဖြစ် ရှိနေသေး၏။

“ရှင်းအာ”

ချမ်းဟွာရှင်းသည် အေးစက်စက်နှင့် ပြောလိုက်၏။

“သွားပြီး တိုက်ခိုက်လိုက်”

တပည့်ကိုးယောက်လုံး ရှုံးနိမ့်ခဲ့ပြီးဖြစ်၏။ သူမအနေနှင့် ဆက်လက်၍ ငြိမ်မခံနိုင်တော့ပေ။

“မလိုဘူး”

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “သဘောတူညီထားတဲ့နေ့မှာ သူမနဲ့ တိုက်ခိုက်ဖို့ ရှောင်ကျီကို ကျုပ်ခေါ်လာခဲ့မယ်”

ဤစကားသည် သုံးနှစ်တာ သဘောတူညီမှုမှာ အသက်ဝင်နေသေးကြောင့် ပြောဆိုခဲ့ခြင်းပင်ဖြစ်၏။ အချက် အလက်အားဖြင့် ရှောင်ကျီနှင့် မုယုံရှင်းအား လက်ရှိအချိန်တွင် တိုက်ခိုက်ခိုင်းသည်ဆိုပါက အလျင်လိုနေသလို ဖြစ်နေဦးမည်။ သူ့အနေနှင့် လိုင်လီနတ်ဂိုဏ်းရှိ အားလုံး၏ရှေ့မှောက်တွင် ရှောင်ကျီအား အနိုင်ရချင်စေမိသည်။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “ခင်ဗျားတို့ဂိုဏ်းက အနိုင်ရဖို့ လမ်းမရှိဘူးထင်ရင် ပြိုင်စံရှားဂိုဏ်းရဲ့ စိန်ခေါ်မှုကို လက်မခံနိုင်ဘူးလို့ လူသိရှင်ကြား ထုတ်ပြီးပြောလိုက်”

မဖြစ်နိုင်ပေ။ လိုင်လီနတ်ဂိုဏ်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးဂိုဏ်းများထဲမှတစ်ခုဖြစ်၏။ အဘယ်ကြောင့် စိန်ခေါ်မှုကို ကြောက်ရွံ့ရမည်နည်း။ အသစ်ဖြစ်ပေါ်လာသော အဆင့်ငါးဂိုဏ်းတစ်ခုကို ကြောက်ရွံ့သည်ဟု တခြားသူများအား ထင်မှတ်စေ၍ မဖြစ်ချေ။

“ကောင်းပြီ”

ချမ်းဟွာရှင်းသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်း တပည့်တွေခေါ်လာပြီး လိုင်လီနတ်ဂိုဏ်းဆီ လာခဲ့လိုက်ပါ၊ နှုတ်ဆက်ပါတယ်”

ပြောပြီးသည့်နောက် သူမသည် ဒဏ်ရာရရှိထားသော တပည့်များကို တစ်ချက်ကြည့်လိုက်၏။ လက်ကို ယမ်းခါကာ ထွက်ခွာသွားတော့သည်။ ဤတစ်ကြိမ်မှာတော့ သူမသည် သဘောတူညီမှုကို လာရောက် ဖျက်သိမ်းခြင်းဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာ‌တော့ သူမသာ အရှက်ရခဲ့သည်။

“လိုက်မပို့တော့ပါဘူး”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ တာဝန်ပြည့်စုံသွားပြီဖြစ်သောကြောင့် သူ့အနေနှင့် ဤအဘွားကြီးနှင့် ဆက်လက်တိုက်ခိုက်ရန် စိတ်ဝင်စားမှု မရှိချေ။

“မုယုံရှင်း”

အတွင်းခြံဝန်း၏ အပေါက်ဝမှ ရှောင်ကျီသည် လှမ်းလျှောက်ထွက်လာကာ ပြောလိုက်၏။

“ရှောင်မိသားစုရဲ့ အဓိကဟောခန်းမှာတုန်းက ခင်ဗျားရဲ့ဆရာနဲ့ တပည့် နောက်လိုက်တွေအကုန်လုံးက ကျုပ်ရဲ့ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းသွားအောင် အကြီးအကျယ် ဖိနှိပ်ခဲ့ကြတယ်၊ သုံးနှစ်တာ သဘောတူညီမှု ကျရောက်တဲ့နေကြရင် လိုင်လီနတ်ဂိုဏ်းဆီကို ကျုပ် ကျိန်းသေပေါက် အရောက်လာပြီး ဂုဏ်သိက္ခာတွေကို ပြန်လည် အရယူမယ်”

ဤနေရာတွင် ဒေါသဟူ၍ မရှိပေ။ ရန်ငြှိုးဟူ၍ မရှိပေ။ သူ၏လေသံသည် တည်ငြိမ်လျက်ရှိနေ၏။ မုယုံရှင်းသည် ရပ်တန့်လိုက်၏။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။

“ကျွန်မ စောင့်နေပါ့မယ်”

ပြောပြီးသည့်နောက်မှာတော့ သူမသည် သူ၏ဆရာ၊ ဂိုဏ်းတူညီအစ်မများနှင့်အတူ ပြန်လည်၍ ထွက်ခွာသွား တော့သည်။ သူမ၏ နှလုံးသားထဲတွင်တော့ ရှုပ်ထွေးလှသည့် စိတ်ခံစားချက်များနှင့် ပြည့်နှက်နေတော့သည်။ လိုင်လီနတ်ဂိုဏ်း၏ အဖွဲ့သားတစ်ယောက်ဖြစ်သည့် မုယုံရှင်းသည် ပြိုင်စံရှားဂိုဏ်းမှ ထုတ်ဖော်ပြသခဲ့သည့် မောက်မာမှုများနှင့်ပတ်သက်၍ ကျိန်းသေပေါက် စိတ်အလိုမကျခဲ့ပေ။

သို့ပေမဲ့ တခြားတစ်ဖက်မှ ပြန်လည် တွေးကြည့်မည်ဆိုလျှင်တော့ သူမသည် ရှောင်မိသားစုဆီသို့သွား၍ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့စဉ်ကလည်း ဤကဲ့သို့ပင် မောက်မာမှုမျိုးကို ပြသခဲ့ဖူးသည် မဟုတ်လား။ လက်ရှိအခြေအနေမှာတော့ ဘေးကနေ ပွဲကြည့်ပရိသတ် တစ်ယောက်အဖြစ်ရှိနေသော မုယုံရှင်းသည် တစ်ဖက်လူ မည်မျှနာကျင်ခံစား ရမည်ကို ကောင်းကောင်း နားလည် မိသွားခဲ့ပြီဖြစ်၏။

ဤမိန်းကလေး၏ စိတ်နှလုံးသားသည် မဆိုးလှချေ။ သူမသည် မှားယွင်းသည့်အချိန်ကာလတွင် မှားယွင်းသည့် အရာကို လုပ်မိရုံသက်သက်သာဖြစ်၏။ သူတို့နှစ်ယောက်ကြားတွင် ဖြစ်နိုင်ချေ တစ်စုံတစ်ခု ရှိခဲ့သည်ဆိုပါက ပါရမီရှင်ယောက်ျားတစ်ယောက်နှင့် လှပသော အမျိုးသမီးတစ်ယောက်ဆိုလျှင် လိုက်ဖက်နေသော အတွဲတစ်တွဲ ကျင့်ကြံခြင်းလောကတွင် ဖြစ်တည်လာမှာ ဖြစ်တော့သည်။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ထိုကဲ့သို့ဖြစ်လာနိုင်သည့် မျှော်လင့်ချက်များသည် အလုံးစုံ ပျက်သုန်းပျောက်ကွယ် သွားရပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျီသည် လိုင်လီနတ်ဂိုဏ်းဆီသို့လာ၍ သူမနှင့် ယှဉ်ပြိုင် တိုက်ခိုက်တော့မှာဖြစ်၏။ ဤအရာသည် ရေစက်ပင် ဖြစ်တော့သည်။ ကောင်းကင်ကြီးမှ ဖန်တီးပေးထားသော အရာသည် ပြောင်းလဲ၍ မရနိုင်ချေ။

“…”

ဘုန်း ဘုန်း

လေ့ကျင့်ရေးအခန်းထဲမှာ‌တော့ ရှောင်ကျီသည် ချွေးများတစ်ပေါက်ပေါက် ကျလျက် လေ့ကျင့်လျက်ရှိနေသည်။ သူသည် အားအင်စမ်းသပ်သည့်ကျောက်တုံးအား အားရပါးရ ထိုးနှက်နေသည်။

“ဂျူနီယာညီလေးရှောင်က ရူးသွားပြီလား မသိဘူး၊ ဒီရက်ပိုင်းအတွင်း အရမ်းကို ကျင့်ကြံနေတယ်၊ နည်းနည်းလေးတောင် မနားဘူး”

အပြင်ဘက်တွင်ရှိနေသော လီဖေးက ပြောလိုက်၏။

စုရှောင်မိုက ပြောလိုက်သည်။ “အဲလိုမဖြစ်ဘူး၊ ဒုတိယစီနီယာအစ်ကိုဆီသွားပြီး‌တော့ သူ့ကို ဖြောင်းဖြပြောဆိုဖို့ လုပ်အုံးမှပဲ”

တပည့်အနည်းငယ်တို့သည် ဂိုဏ်းတူညီအစ်ကိုချင်း အလွန်တရာ ရင်းနှီးကြ၏။ ထို့ကြောင့် ရှောင်ကျီအနေနှင့် ဤကဲ့သို့ ရူးရူးမူးမူး လေ့ကျင့်နေသည်ကို မမြင်ချင်ကြပေ။

“မလိုဘူး”

ကျွင်းချောင်ရှောင်းသည် လှမ်းလျှောက်လာကာ ပြောလိုက်၏။ “သူ ဘာလုပ်နေလဲဆိုတာ သူသိတယ်”

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်၏။ “သုံးနှစ်သဘောတူညီချက်ကြရင် ကျွန်တော့်ကိုလည်း တိုက်ခိုက်ခွင့်ပေးပါ၊ ဂျူနီယာညီလေးရှောင်အတွက် ကလဲ့စားချေချင်တယ်”

“ဂိုဏ်းချုပ်… ကျွန်တော်လည်း တိုက်ခိုက်မယ်” လီဖေးကပြောလိုက်၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မင်းတို့ ဒါဆိုရင် ဘာလို့သွားပြီး မလေ့ကျင့်တာလဲ၊ ဒီနေရာမှာ ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်ပြီး ဘာတွေ ကြည့်နေတာလဲ”

“ကောင်းပါပြီ”

စုရှောင်မိုနှင့် လီဖေးတို့သည် လေ့ကျင့်ရန်အတွက် အလျင်အမြန်ပဲ ထွက်ခွာသွားကြသည်။ ၎င်းတို့သည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများဖြစ်နေကြသည်ဆိုသော်လည်း ဒုတိယအဆင့် ဂိုဏ်းတစ်ခု၏ တပည့်များနှင့် နှိုင်းယှဉ်လျှင်တော့ သာမန်လူများလိုပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တိုက်ပွဲနေ့မရောက်ခင် သူတို့သည် ဖြစ်နိုင်သမျှ အားအကောင်းဆုံးဖြစ်အောင် ကြိုးစားလေ့ကျင့်ထားမှ ဖြစ်ပေလိမ့်မည်။ ထိုမှသာ ဒုတိယအဆင့် ဂိုဏ်းတစ်ခု၏ တပည့်များကို အညှာတာမဲ့စွာ နင်းချေနိုင်မည် မဟုတ်လား။

မဟုတ်သေးပေ။ တစ်ဖက်မှလူများ အားလုံးသည် မိန်းကလေးများဖြစ်၏။ ပက်ပက်စက်စက် ပြောဆိုလုပ်ကိုင်နေ၍တော့ မဖြစ်ပေ။ စိတ်ထိန်းမှ ဖြစ်မည်။

………..

ဟူး … ဟူး

ရှောင်ကျီသည် ရပ်တန့်လိုက်၏။ သူ၏ချွေးများသည် မိုးစက်များလိုပဲ တစ်ပေါက်ပေါက်နှင့် ကျနေ၏။

“ဂိုဏ်းချုပ်… ဂျူနီယာညီမလေးလင်းက သူတို့ကို အနိုင်ယူခဲ့တယ်၊ လိုင်လီနတ်ဂိုဏ်းက သိပ်ပြီး ထူးချွန်လှတာ မဟုတ်ဘူး၊ တပည့်က ယုံကြည်ချက်ရှိနေတယ်”

“ရှောင်ကျီ”

ကျွမ်းချောင်ရှောင်းကပြောလိုက်သည်။ “သုံးနှစ်တာ သဘောတူညီချက်က မုယုံရှင်းကို အနိုင်ယူဖို့သက်သက် မဟုတ်ဘူးဆိုတာ မင်းကို နားလည်စေချင် တယ်၊ ပြီးတော့ ဂုဏ်သိက္ခာတရားနဲ့ ယုံကြည်မှုတွေ မင်း ပြန်ရပြီဆိုရင် ဒီထက်ပိုပြီး မြင့်မားတဲ့အဆင့်တွေ တက်လှမ်းနိုင်ဖို့ လိုတယ်”

ဤသုံးနှစ်တာ သဘောတူညီချက်ကို ပြုလုပ်ခဲ့ခြင်းမှာ ရှောင်ကျီအား စိတ်အားတက်ကြွစေရန်ပင် ဖြစ်သည်။ လွန်ခဲ့သည်နှစ်နှစ်အတွင်း သူသည် သိုင်းဘုရင်တစ်ယောက်ဖြစ်လာခဲ့၏။ ထိုအရာမှာ ထင်မှတ်ထားသည်ထက် မြန်ဆန်နေသည်။ စိတ်အားတက်ကြွမှု မရှိဘဲ ဤကဲ့သို့ အဘယ်မျှ မြန်ဆန်နေမည်နည်း။ လူသားများသည် အဆင့်မြင့်မားလာသည်နှင့်အမျှ ကြီးမားလှသည့် ရည်မှန်းချက်များ ရှိလာသည်။ ထို့ကြောင့် အစဉ်အမြဲ လက်စား ချေချင်စိတ်ကြောင့်သာ စိတ်အား တက်ကြွနေရမည်ဆိုလျှင် အဆုံးသတ်တွင် မြင့်မားသည့် တည်နေရာတစ်ခုသို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ချေ။

စနစ်က ဆွံ့အသွားမိ၏။ “လက်ခံသူရဲ့ အပြောအဆိုတွေက အရမ်းကို ခန့်ညားပြီး ထည်ဝါလွန်းတယ်၊ ဒါပေမဲ့ တစ်ဖက်က တပည့်တွေ ရောက်လာတဲ့အချိန်မှာတော့ ကလေးဆန်ဆန်နဲ့ လှောင်ပြောင်နေသေးတယ်၊ ဂိုဏ်းချုပ်တစ်ယောက်လို့တောင် ထင်စရာမရှိဘူး”

“တော်စမ်း” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ရှောင်ကျီက ပြောလိုက်သည်။ “ဂိုဏ်းချုပ်… တပည့် နားလည်ပါပြီ၊ တပည့်အနေနဲ့ ပိုပြီးအားကောင်းချင်တယ်ဆိုတဲ့စိတ်နဲ့ တိုက်ခိုက်ဖို့ ကြိုးစား ပါ့မယ်”

“အလုပ်ကြိုးစားထား”

ကျွင်းချောင်ရှောင်းသည် ပခုံးကိုပွတ်လိုက်၏။ တကယ်တမ်းမှာတော့ သူသည် ရီချင်းရှန်နှင့်ပတ်သက်၍ ပိုမို၍ ကြိုးစားရမည့်အကြောင်းကို နားလည်သွားခဲ့ခြင်းပင်ဖြစ်တော့၏။ အဘယ်ကြောင့်ဆိုသော် ရီချင်းရှန်သည် အမုန်း တရားများနှင့် ထာဝရနေထိုင်နေရသူ ဖြစ်ပေသည်။

………..

ကျွင်းချောင်ရှောင်းသည် ထုံးစံအတိုင်း သူ၏ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်လက်ပြုလုပ်နေသည်။ လင်းယွမ်ရွယ်အနေနှင့် တစ်ဖက်ဂိုဏ်း၏လူကိုးယောက်ကို အနိုင်ယူခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ သူသည် စိတ်ထဲတွင် ထူးထူးခြားခြား မရှိချေ။ ထို့အပြင် တစ်ဖက်လူခေါ်ဆောင်လာသည့်သူများက သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူများဖြစ်သည်။ ဒုတိယအဆင့်ဂိုဏ်းတစ်ခုကို အထင်အမြင်သေး၍ မဖြစ်ချေ။ ထို့အပြင် မုယုံရှင်းသည် သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသားဖြစ်၏။ သူမ၏ အမြန်နှုန်းသည် အလွန်တရာမြန်ဆန်သည်ဟု ဆိုရမည်။

စနစ်ကပြောလိုက်သည်။ “ဒုတိယအဆင့်ဂိုဏ်းတွေမှာ လက်ခံသူရဲ့ဂိုဏ်းကတပည့်တွေထက် ပိုပြီးတော့ ကျွမ်းကျင်သူတွေ ရှိနိုင်တယ်၊ အထူးသဖြင့် ဒီလူတွေအားလုံးက ပြုစုပျိုးထောင်ပေးဖို့ကောင်းတဲ့ တပည့်ကောင်းတွေဖြစ်လိမ့်မယ်”

“အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ဂုတ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်၏။ “သုံးနှစ်စီမံချက်က တစ်နှစ်တောင်မကျန်တော့ဘူး၊ ဒီတော့ အရင်းအမြစ်တွေ ပိုပြီးရရှိနိုင်မယ့်နည်းလမ်းကို ရှာဖွေ ရမယ်”

ဤနေရာတွင် တပည့်တွေသာ အများကြီးမရှိပါက သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို လုံလုံ လောက်လောက် ပံ့ပိုးပေးနိုင်၏။ ပိုက်ဆံဆိုသည်မှာ သူ့အတွက် အဓိပ္ပာယ်မရှိလှချေ။ အရေးအကြီးဆုံးအရာမှာ စိတ်ဝိညာဉ်ကျောက်တုံးများပင်ဖြစ်သည်။ အထူးသဖြင့် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများဖြစ်၏။

“ပြီးတော့ သိုင်းဘုရင်ဆေးလုံးအတွက် ပစ္စည်းတွေ လိုအပ်သေးတယ်”

သိုင်းဘုရင်ဆေးလုံးအတွက် ကုန်ကြမ်းများလိုအပ်ချက်သည် များပြားလွန်းသည်ဖြစ်သောကြောင့် အကြီးအကဲဝေ သည် ဆက်လက်ကာ စိုက်ပျိုးနေရ၏။ ကျွင်းချောင်ရှောင်းသည်လည်း အဝယ်တော်ဟောင်းများကို တာဝန်ပေး၍ လိုအပ်သည့်ပစ္စည်းများကို အမြန်ဆန်ဆုံး ဝယ်ယူရန် ပြောပြထားသည်။ ကုန်ကြမ်းအတွက် ပါဝင်သည့်ပစ္စည်း များမှာ မတရားလည်း ဈေးကြီးလွန်းလှ၏။

“အပြင်ကို ထွက်ရမယ့်အချိန်ပဲ”

သူသည် အန္တရာယ်ရှိသည့်နေရာများသို့ ထပ်မံ၍ သွားရောက်ချင်နေမိ၏။ ထိုမှသာလျှင် အရင်းအမြစ်မျိုးစုံကို အမြန်ဆန်ဆုံးရမည်ဟု သူယုံကြည်မိနေသည်။ ထို့ပြင် သူ၏ကျင့်ကြံခြင်းအဆင့်ကလည်း ပိတ်မိနေသေးသည်။ ဂိုဏ်းထဲရှိ အရာကိစ္စများမှာလည်း သာမန်ပင်ဖြစ်နေ၏။ သူ့အတွက် အရာကိစ္စများ လုပ်စရာ ဘာမှမရှိပေ။ အပြင်ဘက်ကိုလျှောက်သွားပြီး အပျော်အပါး ရှာခြင်းကသာ ပို၍ကောင်းပေလိမ့်မည်။

ဤကဲ့သို့ အိမ်မှာထိုင်ပြီး စောင့်နေရုံဖြင့် အခွင့်အရေးဆိုသည်မှာ ရောက်ရှိလာသည်မဟုတ်ပေ။ ကြိုးစား၍ တိုက်ခိုက်မှသာလျှင် အခွင့်အရေးဆိုတာ ရရှိပေလိမ့်မည်။ ဥပမာအားဖြင့် ချောက်ထဲသို့ ပြုတ်ကျခြင်း၊ ပင်လယ်ထဲသို့ပြုတ်ကျခြင်း စသည့် အရာမျိုးဖြစ်လာမှသာလျှင် ဆန်းကြယ်လှသော အမွေအနှစ်များကို ရရှိပြီး အားကောင်းသည့်လူတစ်ယောက် ဖြစ်လာမှာ ဖြစ်၏။ ထိုင်နေရုံဖြင့် ဘာမှတော့ ဖြစ်မလာခဲ့ချေ။

“ဂိုဏ်းချုပ်”

လီလိုရှုသည် လျှောက်ဝင်လာကာ ပြောလိုက်၏။ “မြောင်ဟွာခန်းမက စာပို့လိုက်တယ်”

ဟမ်

ကျွင်းချောင်ရှောင်းသည် စာကိုယူကာ ဖတ်ရှုလိုက်၏။ လှပသည့်စာလုံးများသည် အထဲမှာ ရေးသားထားသည်။ ပါဝင်သည့်အကြောင်းအရာမှာ မကြာသေးခင်က တောင်ဘက် သဲကန္တာရထဲတွင် သဘာဝလွန်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး ရှားပါးလှသည့် ရတနာတစ်ခု ပေါ်ထွက်လာသည်ဟု သတင်းထွက်နေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် စိတ်ဝင်စားသည်ဆိုပါက မြောင်ဟွာခန်းမသို့ လာရောက်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ ပို့လွှတ်လိုက်သည့် သူမှာ ရှစ်ကျန်းရွမ်ပင်ဖြစ်သည်။ သူမ၏ လက်ရေးသည် အစဉ်အမြဲလိုလို လှပနေ၏။ လက်ရှိအချိန်မှာ‌တော့ ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ အပြင်းအထန် စဉ်းစားနေသည်။

“ရှားပါးလှတဲ့ ရတနာတွေ ပေါ်ထွက်လာတာလား၊ စိတ်ဝင်စားစရာပဲ”

All Chapters