← Chapters

အခန်း (၆၂၆)

Vol. 42 Ch. 626

အခန်း (၆၂၆)

Vol. 42 Ch. 626

မြောင်ဟွာခန်းမမှာတော့ အကြီးအကဲများအားလုံးသည် အလွန်တရာ စိတ်ဓာတ်ကျလျက်ရှိသည်။ တောင်ဘက် သဲကန္တာရထဲတွင် သဘာဝထက် ကျော်လွန်နေသည့် ရတနာတစ်မျိုးမျိုး တည်ရှိနေနိုင်၏။ ထိုကဲ့သော ရတနာမျိုး ပေါ်ပေါက်လာသည့်သတင်းသည်လည်း ပျံ့နှံ့နေပြီးဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ဤသတင်းကို လက်ခံ ရရှိ ပြီးသည့်နောက် ကျွင်းချောင်ရှောင်းဆီသို့ စာရေးသားခဲ့သည်။ သူ့ဆီသို့ လာရောက်၍ အတူတူသွားရန်ပင် ဖြစ်တော့သည်။

“ခန်းမသခင်”

လန့်ရှင်းရွဲ့သည် မနေနိုင်တော့ဘဲ ပြောလိုက်၏။

“တောင်ပိုင်းသဲကန္တာရထဲကိုဝင်တဲ့ ကျွမ်းကျင်သူတွေက နည်းတာမဟုတ်တော့ဘူး၊ အခုအချိန်မှ မသွားရင် အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်သွားနိုင်တယ်”

“အလျင်မလိုနဲ့၊ အလျင်မလိုနဲ့”

ရှစ်ကျန်းရွှမ်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းလာတဲ့အထိ စောင့်ရမယ်”

ယနေ့မှာတော့ သူမသည် အပြာရောင်တောက်တောက် ဂိုဏ်းချုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားလှသည့် ဆံနွယ်များသည် စည်းနှောင်ထားခြင်းမရှိသည်မို့ သူမ၏ ပခုံးထက်တွင် ဝဲကာကျနေသည်။

လန့်ရှင်းရွဲ့သည် ဆွံ့အသွားမိသည်။ “အနည်းဆုံးသူက သုံးရက်ကနေ ငါးရက်လောက်အထိ ကြာအုံးမှာလေ၊ ဒါဆိုရင် သဘာဝရတနာက သူများတွေ ယူသွားလိမ့်မယ်”

“ဟုတ်တယ်”

ကျန့်စွန်းဖန်းဟွာက ပြောလိုက်၏။ “ဖြစ်နိုင်ရင် အမြန်ဆုံးထွက်ခွာတာက ပိုကောင်းလိမ့်မယ်”

ရှစ်ကျန်းရွမ်သည် ခေါင်းကိုခါယမ်းလိုက်၏။

“ဒီတစ်ကြိမ် သဘာဝရတနာ ပေါ်ပေါက်လာတာက များပြားလှတဲ့ ဂိုဏ်းတွေကို အလန့်တကြားဖြစ်စေနိုင်တယ်၊ ပြီးတော့ ဒီရတနာအတွက် တော်တော်များများက တိုက်ပွဲတွေတောင် ဖြစ်နေကြတယ်၊ ကျွန်မတို့ရဲ့ အားအင် အဆင့်နဲ့ အားလုံးကိုသွားပြီး အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ငြိမ်သက်သွားကြ၏။ တောင်ပိုင်းသဲကန္တာရထဲတွင် ရတနာ ထွက်ပေါ် လာသည့် သတင်းသည် တည်နေရာအနှံ့သို့ ပျံ့နှံ့နေပြီဖြစ်၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော အဖွဲ့ အစည်းများအားလုံးသည် ထိုသတင်းကိုရရှိပြီးသည့်နောက်မှာတော့ တချို့ဆိုလျှင် တိုက်ခိုက်နေကြပြီတောင် ဖြစ်၏။

မြောင်ဟွာခန်းမသည် အဆင့်လေးဂိုဏ်းတစ်ခုသာဖြစ်၏။ ထို့ကြောင့် ဒုတိယအဆင့်နှင့် တတိယအဆင့် တို့နှင့် နှိုင်းယှဉ်လျှင် ကြီးမားသည့် ကွာဟချက်ကြီး ရှိနေ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းနှင့် ပူးပေါင်းလိုက်မည် ဆိုလျှင် ဤသဘာဝရတနာကို ရယူနိုင်စွမ်း ရှိနေလိမ့်မည်ဟု သူမယုံကြည်မိနေ၏။ ခန်းမသခင်သည် ကျွင်းချောင်ရှောင်း အပေါ်တွင် တကယ်ပဲ အထင်ကြီးနေသည်လား။ သို့မဟုတ် ဘာမှန်းမသိသော စိတ်ခံစားချက်များနှင့်အတူ တရားလွန် ယုံကြည်မှုမျိုး ဖြစ်ပေါ်နေခြင်းလား မသိရှိနိုင်တော့ပေ။

အကြီးအကဲနှစ်ဦးသည် စိတ်စနိုးစနှောက် ဖြစ်နေသည်ဆိုသော်လည်း သူတို့၏ ခန်းမသခင် ချမှတ်ထားသည့် ဆုံးဖြတ်ချက်ကို သေသေချာချာ လိုက်နာ နေရသည်။ ထို့အပြင် ဤရတနာများအား တခြားသူများ စောစောစီးစီး ရှာဖွေမတွေ့ရှိသွားစေရန် ဆုတောင်းနေရသည်။ မဟုတ်ပါက သူတို့၏ခရီးစဉ်သည် အလဟာသဖြစ်ပေတော့မည်။

ဝှစ်

ထိုအချိန်မှာပဲ‌ ကောင်းကင်ပေါ်တွင် လေလှိုင်းများ တိုက်ခတ်လာ၏။

ဟမ်

ကျန်းစွန်ဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် မျက်မှောင်ကုတ်လိုက်ကြသည်။ သူတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်၍ ကြည့်ရှုလိုက်ချိန်မှာတော့ သူတို့ဆီသို့ ပျံသန်းရောက်ရှိလာသော အလင်းတန်းတစ်ခုကို မြင်လိုက် ရ၏။

“သိုင်းအုပ်စိုးသူလား”

နှစ်ယောက်သား အထိတ်တလန့်ဖြစ်သွား၏။ ချက်ချင်းဆိုသလိုပဲ ထိုအလင်းတန်းသည် သူတို့၏ရှေ့ဆီသို့ ကျရောက် လာသည်။ ကျွင်းချောင်ရှောင်းသည် မြောင်ဟွာခန်းမ၏ အပြင်ဘက်တွင် ဝဲပျံလျက်ရှိနေ၏။ သူ၏ ကျောပေါ်မှာတော့ စက်အတောင်ပံတစ်ခုက တည်ရှိနေသည်။ သူသည် ကျယ်လောင်စွာ ပြောလိုက်၏။

“ခန်းမသခင်ရှစ်… ကျုပ်ရောက်လာပြီ”

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွမ်က ပျော်ရွှင်သွား၏။

ကျန့်စွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည်လည်း ဆွံ့အသွားမိ၏။ ဤကောင်လေး သည် အစစ်အမှန် ပျံသန်းနိုင်နေ၏။ သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားခဲ့လေသည်လား။

မဖြစ်နိုင်ပေ။ အတောင်ပံကဲ့သို့ အရာတစ်ခု သူ၏နောက်တွင် ရှိနေ၏။ ဖြစ်နိုင်သည်မှာ ပျံသန်းနိုင်စေရန်အတွက် အထူးသောရတနာတစ်ခုကို အသုံးပြုထားသည်သာ ဖြစ်ရမည်။

ထို့အပြင် ခန်းမသခင် … တစ်ဖက်လူမှ လာသည် ဆိုလျှင်လည်း လာသည်ပေါ့၊ အဘယ်ကြောင့် ဤမျှပျော်ရွှင်သည့်ပုံစံကို ပြသနေရသနည်း။

ကျွင်းချောင်ရှောင်းသည် တစ်ယောက်တည်း လာသည်မဟုတ်ချေ။ သူနှင့်အတူ လူသားပုံစံပြောင်းထားသော ရှောင်မိုရှန်းသည်လည်း လိုက်ပါလာ၏။ နဂါးလေးသည် မူလက သူ၏သခင်နှင့်အတူ လိုက်ပါလာရန် အစီအစဉ် ရှိ၏။ သို့ပေမဲ့ ဂိုဏ်းကို စောင့်ရှောက်ရမည့်တာဝန်ကြီးသည် သူ့၏ပခုံးထက်တွင် ရှိနေ၏။ ထို့အပြင် နဂါးလေးသည် ရှောင်မိုရှန်းနှင့် တည့်လှသည်မဟုတ်ပေ။ ခေါ်သွားပြီဆိုမှတော့ ဤနှစ်ယောက် ရန်ဖြစ်နေသည် ကို ဖြေရှင်းနေရင်းနှင့် ကျွင်းချောင်ရှောင်းသည် အချိန်ကုန်ဆုံးနေပေလိမ့်မည်။

……….

အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်၍ ထိုင်၍ ပြောလိုက်သည်။

“မတွေ့တာကြာပြီ၊ ခန်းမသခင်က ပိုပြီးတော့ ချောလာတယ်”

“ဟုတ်တယ်”

အနောက်ဘက်တွင် မတ်တပ်ရပ်နေသော ရှောင်မိုရှန်းသည် မျက်လုံးလေးကို ပေကလပ် ပေကလပ်လုပ်ကာ ပြောလိုက်၏။ “လှလိုက်တာ”

ရှစ်ကျန်းရွမ်သည် ရှက်သွေးဖြာသွား၏။

“ဟမ့်”

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် မျက်လုံးတွေ ချာချာလည်သွား၏။ ပြီးနောက် တွေးလိုက်မိသည်။ ဒီကောင်က ကြာလေ ဘူးလေပဲ။

သူတို့နှစ်ယောက်သည် ကျွင်းချောင်ရှောင်းကို မနှစ်သက်ကြပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့်ပတ်သက်၍ သူတို့ အံ့အားသင့်မိနေကြသည်။ မတွေ့ရသည့်အချိန်ခဏလေးအတွင်းမှာပဲ ထိုကောင်လေးဆီမှ အော်ရာများသည် အလွန်တရာ အားကောင်းလာ၏။ အားအင်အဆင့်သည် တိုးတက်သွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပင် သိရှိနိုင်သည်။

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွမ်သည် သူမကို သူမ အပြစ်တင်လိုက်သည်။ “ခုတလောအတွင်း ဂိုဏ်းကိစ္စတွေ အလုပ်များနေတယ်ဆိုတော့ ပြိုင်စံရှားဂိုဏ်း အဆင့်မြင့်တက်သွားတာကို လာပြီးတော့ ဂုဏ်ပြုစကားမဆိုနိုင်ခဲ့ဘူး၊ စိတ်မရှိပါနဲ့”

“အဆင်ပြေပါတယ်” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမထားပေ။

ရှစ်ကျန်းရွမ်သည် ရှောင်မိုရှန်းကို ကြည့်ကာ ဇဝေဇဝါဖြင့် ပြောလိုက်၏။

“ပြီးတော့ ဒါက”

ကျွင်းချောင်ရှောင်း မပြောရသေးခင်မှာပဲ ရှောင်မိုရှန်းက အရင်ဆုံးပြောလိုက်၏။ “ကျွန်မက သခင့်ရဲ့ ပဋိညာဉ်သားရဲပါ”

“ပဋိညာဉ်သားရဲ ဟုတ်လား”

ကျန်းစွန်းဖန်းဟွာသည် မျက်လုံးပြုးသွားမိ၏။ ဤချစ်စဖွယ်မိန်းကလေးသည် လူသားတစ်ယောက်မဟုတ် ဘူးလား။ သူတို့၏ နားလည်မှုအရဆိုလျှင် သားရဲတစ်ကောင်သည် လူသားအဖြစ်သို့ ပြောင်းလဲနိုင်သည့် အခြေအနေသည် စိတ်ဝိညာဉ်သားရဲအဆင့်သို့ ရောက်ရှိမှသာဖြစ်ပေလိမ့်မည်။ ကြည့်ရသည်မှာ အရှေ့မြောက် လုကျိုးမှ ပေါ်ထွက်လာခဲ့သော သတင်းများသည် ကောလဟလများ မဟုတ်နိုင်ပေ။ ကျွင်းချောင်ရှောင်းတွင် အစစ်အမှန်ပဲ သိုင်းအုပ်စိုးသူအဆင့် ပဋိညာဉ်သားရဲရှိနေသည်လား။

ကျွင်းချောင်ရှောင်းတစ်ယောက် အအေးနန်းတော်ဆီသို့သွား၍ ပြဿနာရှာခဲ့သည့်သတင်းသည် တစ်လောကလုံး ပျံ့နှံ့နေခဲ့ပြီဖြစ်ပြီး မြောင်ဟွာခန်းမသခင်သည်လည်း ထိုသတင်းကို ကြားသိခဲ့ရပြီးဖြစ်သည်။

ရှစ်ကျန်းရွမ်က ပြောလိုက်၏။ “မကြာသေးခင်ကလည်း ကြားခဲ့သေးတယ်၊ ဂိုဏ်းချုပ်ကျွင်းက အအေးနန်းတော်ရဲ့ ဘိုးဘေးကြီးကို အနိုင်ယူခဲ့ တယ်ဆို”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒီအဘိုးကြီးက ပြိုင်စံရှားဂိုဏ်းကို ပြဿနာ လာရှာတာလေ၊ အခုတော့ ဖမ်းထားတယ်၊ ခြံထဲမှာ ဟိုရှင်း၊ ဒီရှင်း လုပ်ခိုင်းထားတယ်”

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်ဆိုသည်မှာ ၎င်းတို့ဂိုဏ်းတွင်မရှိသော မြင့်မားသည့်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

ရှစ်ကျန်းရွမ်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သိုင်းနယ်မြေတစ်ပိုင်းအဆင့်ကိုတောင် ရောက်သွားပြီလား”

ဤမိန်းကလေးသည် ရည်ရွယ်ချက်ရှိရှိ သူ့အား စုံစမ်းနေပုံပေါ်၏။

“မဟုတ်ပါဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ရှေးတုန်းကတည်းက ဆင်းသက်လာတဲ့ အမွေအနှစ်တွေ ရှိတယ်လေ၊ ဒီတော့ သဘာဝထက် ကျော်လွန်တဲ့ စွမ်းရည်တွေကို ဆင့်ခေါ်နိုင်တယ်၊ ဒီနည်းလမ်းတွေကို သုံးပြီးတော့ အအေးနန်းတော်ရဲ့ ဘိုးဘေးကြီးကို နိုင်အောင် တိုက်ခိုက်ခဲ့ရတာပါ”

လက်ရှိအခြေအနေမှာတော့ ကျင့်ကြံခြင်းလောကရှိ လူများအားလုံးသည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပြောဆိုနေကြသည်။ ဤနေရာတွင် မဖြစ်နိုင်သည့်အကြောင်းအရာများ ပါဝင်နေသည်ဆိုသော်လည်း အဓိက အနေနှင့် ပြိုင်စံရှားဂိုဏ်း အဘယ်ကြောင့် ရုတ်တရက်ကြီး အားကောင်းလာသည်ဆိုသည်ကို ဖြေရှင်းချက် အနည်းနှင့် အများ ထွက်ပေါ်လာပြီဖြစ်သည်။

ရှစ်ကျန်းရွမ်သည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ရှေးကတည်းက ဆင်းသက်လာတဲ့ အမွေအနှစ်တွေ ဂိုဏ်းချုပ်ဆီမှာ ရှိတာပေါ့၊ ဒါက မယုံနိုင် စရာပဲ”

“ခန်းမသခင်ရှစ်... ဒါဆိုရင် အလုပ်ကိစ္စလေး ပြောကြရအောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တောင်ပိုင်းသဲကန္တာရထဲကို ဘယ်အချိန်လောက် သွားကြမလဲ”

သူသည် အပြင်ကိုထွက်၍ အပျော်အပါးရှာရန် အစီအစဉ်ရှိနေခဲ့ပြီး လက်ရှိ ရှားပါးလှသည့်ရတနာ ပေါ်ထွက်လာ သည့်သတင်းကို ကြားရချိန်မှာတော့ သွား၍ ကြည့်ရှုရန် စိတ်ပါဝင်စားလျက်ရှိသည်။ သိုင်းကျင့်ကြံခြင်း အရင်းအမြစ် အများအပြားကို ရရှိလာနိုင်သည်မဟုတ်လား။ မည်သူက သိရှိနိုင်မည်နည်း။ အရိုးသားဆုံး ပြောရမည် ဆိုလျှင် ရှားပါးလှသည့်ရတနာဆိုသည်ကို ကျွင်းချောင်ရှောင်းသည် သိပ်၍ စိတ်ဝင်စားလှသည်တော့ မဟုတ်ချေ။

ထို့အပြင် စတိုးတွင်ရှိသော ပစ္စည်းများအားလုံးသည် ကောင်းကင်မှ ငြင်းဆန်ရသော ရှားပါးလှသည့် ရတနာ မျိုးပင် ဖြစ်သည်။ သူ့အနေနှင့် အဓိက လိုအပ်သည်မှာ သိုင်းအရင်းအမြစ်များပင် ဖြစ်၏။ ဥပမာအားဖြင့် ချီစုစည်း ခြင်းဆေးလုံး၊ စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံး၊ သိုင်းဘုရင်ဆေးလုံးများကို ဖော်စပ်၍ ရရှိနိုင်သော ကုန်ကြမ်း ပစ္စည်းများသည် စနစ်တွင် ဝယ်ယူ၍ မရချေ။ ထို့ကြောင့် သူအပြင်ထွက်ကာ ရှာဖွေနေချင်မိသည်။

“ဂိုဏ်းချုပ်ကျွင်း... အနားမယူချင်ဘူးလား”

“မလိုပါဘူး”

“ကောင်းပြီ၊ ဒါဆိုလည်း အခုသွားကြတာပေါ့”

.......

မြောင်ဟွာခန်းမ၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင်တော့ အလွန်တရာမာကြောပြီး ကြံ့ခိုင်လှသောမြင်းများ သည် စီစီရီရီနှင့် ရပ်နေကြသည်။

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွမ်သည် လျှောက်ထွက်လာပြီးနောက် ပြုံးကာပြောလိုက်သည်။ “ကျွန်မက မိုင်တစ်ထောင် လေအဟုန်မြင်းတွေကို ပိုက်ဆံတွေ အများကြီးသုံးပြီး ဝယ်ထားတာလေ၊ သူတို့ရဲ့ အမြန်နှုန်းက ရှင်တို့ရဲ့ ဟာရီကိန်းဝံပုလွေလောက်တော့ မမြန်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခန်းမသခင်ရှစ်က ဒါတွေကို စီးပြီးတော့ တောင်ပိုင်းသဲကန္တာရဆီသွားဖို့ စီစဉ်နေတာလား”

“အင်း” ရှစ်ကျန်းရွမ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါက နှေးလွန်းတယ်”

ပြီးနောက်သူသည် ရှောင်မိုရှန်းကို ကြည့်ကာ အမိန့်ပေးလိုက်၏။

“မင်း အစစ်အမှန်ပုံစံကို အသွင်ပြောင်းလိုက်၊ ပြီးတော့ ခန်းမသခင်ရှစ်ကို ခေါ်ပြီး တောင်ပိုင်းသဲကန္တာရ နယ်မြေ ဆီကို သွားကြရအောင်”

“ဟုတ်ကဲ့ပါ”

ရှောင်မိုရှန်းသည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် သိုင်းလေ့ကျင့်ရေးကွင်းပြင်အလယ်ဆီသို့ လျှောက်သွား လိုက်၏။ သူမ၏ ခန္ဓာကိုယ်တွင် အလင်းတန်းများ ဖြတ်သန်းလာပြီး ချက်ချင်းဆိုသလိုပဲ အလွန်တရာကြီးမား သည့် နတ်ဆိုးလင်းယုန်နက်ကြီးအသွင် ပြောင်းလဲလိုက်တော့သည်။

ရွှီး

အတောင်ပံနှစ်ဖက်ကို ဖြန့်ကားလိုက်ပြီးသည့်နောက် အလွန်တရာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် မျက်စိ ရှေ့၌ ပေါ်လာတော့သည်။

ဟီ ဟီ ဟီ ဟီ

များပြားလှသော မိုင်တစ်ထောင်လေဟုန်မြင်းများအားလုံးသည် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်ကြ၏။ ရှစ်ကျန်းရွမ်နှင့် လန့်ရှင်းရွဲ့တို့သည်လည်း မျက်လုံး ပြူးသွားကြသည်။ ဤမျှ ချစ်စရာကောင်းသော မိန်းကလေး သည် ရုတ်တရက်ဆိုသလိုပဲ ကြီးမားလှသော လင်းယုန်ငှက်ကြီးအသွင်သို့ ပြောင်းလဲသွား၏။ ကြောက်မက် ဖွယ်ရာ ကောင်းလွန်းလှ၏။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားကြစို့”

“ဒါက”

ရှစ်ကျန်းရွမ်သည် ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ နတ်ဆိုးလင်းယုန်နက်ကြီး၏ ကျောကုန်းပေါ်သို့ တက်လိုက်တော့သည်။

ကျန်းစွန်းဖန်းဟွာ၊ လန့်ရှင်းရွဲ့နှင့် တခြားသော အကြီးအကဲများသည်လည်း လင်းယုန် ငှက်ကြီး၏ ကိုယ်ပေါ်သို့ ခုန်တက်ရန် ပြင်လိုက်ကြ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းက လှမ်းတားလိုက်သည်။ “တောင်းပန်ပါတယ်၊ ကျုပ်ရဲ့ ပဋိညာဉ်သားရဲက ခန်းမသခင်ရှစ်ကိုပဲ ခေါ်သွားချင်တာ၊ ကျန်တဲ့လူတွေ အကုန်လုံးက မိုင်တစ်ထောင်လေအဟုန်မြင်းကိုပဲ စီးပြီး တောင်ပိုင်းသဲကန္တာရဆီကိုပဲ လိုက်ခဲ့ကြပေါ့၊ သွားမယ်”

ရွှီး ဝှီး

နတ်ဆိုးလင်းယုန်နက်ကြီးသည် ရုတ်တရက်ဆိုသလိုပဲ သူ၏ အတောင်ပံများကို ယမ်းခါလိုက်၏။ ဖုန်များ အလိမ်းလိမ်းတက်လာပြီးသည့်နောက်မှာတော့ လင်းယုန်နက်ကြီးသည် ကောင်းကင်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

“ချီးပဲ”

ကျန်းစွန်းဖန်းဟွာက ပြောလိုက်သည်။ “ဒီကောင် တမင်သက်သက် ငါတို့ကို ထားခဲ့တာပဲ ဖြစ်ရမယ်၊ ခန်းမသခင် တစ်ယောက်တည်း ပါသွားတယ်၊ သွားကြစို့ အနောက်ကနေ လိုက်ရအောင်”

အကြီးအကဲများသည် မိုင်တစ်ထောင် လေအဟုန်မြင်းကိုစီး၍ လိုက်ပါသွားသည်။ သို့ပေမဲ့ ပျံသန်းနိုင်သော စိတ်ဝိညာဉ်သားရဲနှင့် ယှဉ်လျှင်တော့ အလွန်တရာ နှေးကွေးနေသေး၏။ ထိုအချိန်မှာတော့ နတ်ဆိုးလင်းယုန်နက် ကြီးသည် တော်တော်ဝေးဝေးသို့ ပျံသန်းရောက်ရှိနေပြီဖြစ်၏။

ရှစ်ကျန်းရွမ်၏ ဆံပင်အမဲရောင်များသည် လေထဲတွင် လွင့်လျက်ရှိပြီး လှပလှသော မျက်နှာလေးသည် ချစ်စဖွယ်ကောင်းစွာ ပေါ်နေတော့၏။ ဤမျက်နှာလေးသည် အနဲငယ်နီမြန်းလျက်ရှိသည်။ အကြီးအကဲများ လိုက်ပါမလာဘဲ သူမသည် ဂိုဏ်းချုပ်ကျွင်းနှင့် နှစ်ယောက်တည်း ဖြစ်နေ၏။ ဤအရာသည် အနည်းငယ် စိုးရွံ့မှုကို ဖြစ်စေမိ၏။

“ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ”

ရှစ်ကျန်းရွမ်၏ နှလုံးခုန်သံများသည် ပိုမို၍ မြန်ဆန်လာသည်။ သူမဘာဆက်လုပ်ရမည်ကို ကောင်းကောင်း မသိချေ။

“ခန်းမသခင်ရှစ်... ကောင်းကောင်းထိုင်နော်”

ကျွင်းချောင်ရှောင်းသည် စက်အတောင်ပံကို အသက်သွင်းပြီးသည့်နောက်မှာတော့ အပြင်ဘက်သို့ ပျံသန်းကာ ပြောလိုက်၏။ “အရင်သွားနှင့်တော့မယ်”

ဝှစ်

ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။ ဤနေရာတွင် အကြီးအကဲဝေ ရှိမည်ဆိုပါက နဖူးကိုပွတ်ကာ စိတ်ဓာတ်တကျဖြင့် ပြောမိနေမည်ဖြစ်သည်။ “ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ကတော့ မျှော်လင့်ချက်မဲ့နေပြီ၊ ဘယ်လိုမှ မရနိုင်တော့ဘူး”

All Chapters