ငါလည်းသိချင်တယ်။
Vol. 8 Ch. 96
“ ရပ်စမ်း ... ။ ”
သို့သော် သူစကားမဆုံးမီ စုရီ၏ ညာလက်နှစ်ချောင်းက ဓားသွားပေါ် အသာအယာ ပုတ်လာ၏။
“ ခရစ်။ ”
ဓားဖျားသည် ရွှံ့ကဲ့သို့ အပိုင်းပိုင်း ကျိုးကျသွားတော့သည်။ ချန်ကျင်းလုံလက်ထဲ ဓားရိုသာ ကျန်ရစ်ခဲ့သည်။
“ မင်း ... ။ ”
ချန်ကျင်းလုံက အော်ဟစ်လျက် ရှောင်တိမ်းရန် ပြင်၏။ သို့သော် စုရီညာလက်က သူ့ပခုံးပေါ် ကျရောက်လာသည်။
“ ဒုန်း ... ။ ”
ကြီးမားသော တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ဒူးများ ပျော့ခွေလျက် မြေပြင်ပေါ် လဲကျသွားသည်။
ချန်ကျင်းလုံသည် အတွင်းတပည့် တစ်ဦးဖြစ်ပြီး အရိုးသန့်စင်ခြင်း၌ ဖြစ်ချေ၏။ လက်ရှိအဖွဲ့တွင် အသန်မာဆုံးပေပင်။
ချီသန့်စင်ခြင်း ရောက်ရှိရန် ခြေတစ်လှမ်း မျှသာလိုသည်။ ယခုမူ စုရီရှေ့၌ စက္ကူဖြူနီးပါး အားနည်းနေခဲ့၏။
“ မင်းထဝံ့ရင် ငါသတ်မယ်။ ”
ထရပ်ရန် ရုန်းကန်နေသော ချန်ကျင်းလုံကို စုရီက သတိပေးလိုက်သည်။ ချန်ကျင်းလုံခမျာ ချက်ချင်း အေးခဲသွား၏။
“ စုရီ၊ ဒါက စည်းစိမ်ချမ်းသာစံအိမ်ပဲ မင်းသေမှာ မကြောက်ဘူးလား။ ”
ယန်ချောင်က အော်ဟစ်လိုက်၏။ ကျင့်ကြံမှု ပြန်လည် ကောင်းမွန်လာပြီးနောက် တစ်ဖက်လူ ခွန်အားမှာ ကြောက်စရာ ကောင်းချေပြီ။
“ ဖြန်း ... ။ ”
စုရီက ပါးရိုက်ပြီး ဖြေ၏။ ယန်ချောင်တစ်ယောက် သုံးပါတ်လည်သွားကာ ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။
“ ချွင် ... ။ ”
တစ်ဆက်တည်းမှာပင် သူ့လည်ပင်းထံ ဓားတစ်လက်ဖြင့် ထိုးချိန် ခံလိုက်ရတော့၏။
“ သေမှာ မကြောက်ရင် ... ထပ်ပြောပါ။ ”
ထိုစဉ် နျန်ယွင်ချုံးက သတိဝင်လာပြီး၊
“ အပြင်မှာ ... တစ်ယောက်ယောက်ရှိလား ဒီမှာ လူသတ်နေတယ်။ ”
-ဟု အော်ဟစ်ကာ လှည့်ပြေးရန် ပြင်လိုက်သည်။
“ ရွှပ် ... ။ ”
“ အား ... ငါ့ခြေထောက် ... ။ ”
သို့သော် ဒူးခေါင်းကို ခုတ်ဖြတ်ခံလိုက်ရသဖြင့် ဆက်သွားနိုင်တော့ဘဲ ကြမ်းပြင်ပေါ် ပြိုကျသွားလေသည်။
အနားရှိ ယွီချင်းက အရိုးဖြူဖြူများထံ ငေးကြည့်လျက် တုန်လှုပ်စွာ နောက်ဆုတ်လိုက် တော့၏။
“ စုရီ၊ ငါနဲ့ငါတို့ ရန်ငြိုးမရှိပါဘူး ... ဘာလို့ဒီလိုလုပ်ရတာလဲ။ ”
“ ရန်ငြိုးမရှိဘူးလား ... အရှက်မရှိတဲ့ လူတွေကို ငါမုန်းတယ်။ ”
“ ရွှပ် ... ။ ”
စကားဆုံးသည်နှင့် စုရီဓားက ယွီချင်းပါးပြင်အပေါ် ကန့်လန့်ဖြတ် ကျရောက် သွားသည်။ သေရာပါ အမှတ်အသားဖြစ်၏။
“ အား ... ။ ”
ပါးရိုးများပေါ်လာပြီး နာကျင်စွာ အော်ဟစ်သံများ ဆူညံသွား၏။ ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်လာစေသည်။
“ စုရီ၊ မင်း .. မင်းဘာလိုချင်လို့လဲ။ ”
ချန်ကျင်းလုံက ကြမ်းပြင်တွင် ဒူးထောက်နေလျက်မှ ဒေါသနှင့် မကျေနပ်မှုများ ပြည့်နှက်လာတော့သည်။
စုရီက ဖန်ရှောင်ဖုန်းကို လှည့်ကြည့်၏။
“ ရှောင်ဖုန်း၊ မင်းမှာ ပြောစရာ ရှိသေးလား။ ”
“ ငါ ... ။ ”
ဖန်ရှောင်ဖုန်းက စိတ်လှုပ်ရှားနေပြီး ဘီးတပ်ကုလားထိုင် လက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။
ထိုအခိုက်တွင် သူ့နှလုံးသားထဲမှ အမုန်းဆုံးရန်သူသည် ဒူးထောက်နေသည်ကို မြင်လိုက်ရသဖြင့် မျက်ရည်များဝဲသွားသည်။
ဤလူသည် စုရီကို ကူညီခဲ့ခြင်းဟု အကြောင်းပြကာ သူ့အပေါ် ဒုက္ခိတဖြစ်စေခဲ့သူ ပေပင်။
ထိုစဉ်က ရှောင်ရန်ကို စောင့်ရှောက်ရမည့် တာဝန်သာမရှိသော် သူ့ကိုယ်သူ သတ်သေပြီး ဖြစ်ပေမည်။ သို့သော်၊
“ အစ်ကိုစု ... ဒါက တိမ်မြစ်စီရင်စု မြို့တော်ပါ ... မင်း သူ့ကိုသတ်ရင်ဒုက္ခရောက် လိမ့်မယ် ... ငါ့အတွက်နဲ့ မင်းကိုယ်မင်း အပြစ်မယူပါနဲ့။ ”
“ ဟား ဟား ဟား ... ဖန်ရှောင်ဖုန်း ထက်မြက်တယ် ဒါပေမယ့် ငါဒါကို လွှတ်ထားဖို့ နည်းလမ်းမရှိဘူး။ ”
ထိုစကားကြောင့် နျန်ယွင်ချုံးက လှောင်ပြောင်ရယ်မောလျက် စုရီထံ မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး။
“ စုရီ ... မင်းမှာ တကယ်သတ္တိရှိရင် ... ငါ့ကိုသတ်လိုက်ပါ စည်းစိမ်ချမ်းသာစံအိမ်ကနေ မင်းဘယ်လိုထွက်မလဲ ငါသိချင်တယ် ... ။ ”
“ ရွှပ် ... ။ ”
( ဟမ့် ... တကယ် သတ်ဝံ့တာလား။ )
“ ဒုန်းဂလုန်း ... လုန်း ... လုန်း ... ။ ”
စုရီက အမှန်ပင် ဓားဆွဲလိုက်သဖြင့် မျက်ဝန်းများ ပြူးကျယ်လာပြီး မယုံကြည်ဖွယ် ခံစားချက်များနှင့်အတူ ဘီးတပ်ကုလားထိုင် အနားလို့ လိမ့်ဆင်းသွားတော့သည်။
ကျန်ရစ်ခဲ့သော ခန္ဓာကိုယ်ကြီးထံမှ သွေးများပန်းထွက်လာသဖြင့် စုရီက ချက်ချင်း ကန်လှဲပစ်လိုက်ရသည်။
“ မင်း ... ။ ”
ချန်ကျင်းလုံတစ်ယောက် စကားလုံးများ ပျောက်ဆုံးလျက် တုန်ယင်ဆွံ့အ သွားခဲ့သည်။ အခြားသူများမှာ ဆိုဖွယ်မရှိချေ။
နျန်ယွင်ချုံးသည် နျန်မိသားစု၏ သခင်ငယ်ဖြစ်သည်။ စည်းစိမ်းချမ်းသာစံအိမ်၌ ဤသို့ ခွေးတစ်ကောင်လို အသတ်ခံလိုက် ရသည်မှာ အဓိပ္ပါယ် မရှိချေ။
“ ငါ့ကို အပြစ်မတင်နဲ့ ... မင်းလည်း ကြားတယ်မဟုတ်လား ... သူကိုယ်တိုင် သတ်ဖို့ တောင်းဆိုနေတာ ... ။ ”
စုရီမှ ဓားရှိသွေးများကို လွှဲခါလျက် ပြောကြားလိုက်၏။ ထို့နောက် ဖန်ရှောင်ဖုန်းထံ ပြန်လှည့်ကြည့်ပြီး၊
“ ရှောင်ဖုန်း၊ သူ့ကိုရော ဘယ်လိုဆက်ဆံဖို့ စီစဉ်ထားလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ အစ်ကိုစု၊ နျန်ယွင်ချုံးက ... ငါ့ကို အတင်းအကြပ် လုပ်ခိုင်းတာပါ ... ငါမလုပ်ရင် ငါ့ကိုသတ်ပါလိမ့်မယ် ... ငါ ... ငါ့မှာ ရွေးစရာ မရှိခဲ့လို့ပါ ... ခွင့်လွှတ်ပေးပါ။ ”
ထိုမေးခွန်းနှင့်အတူ စုရီက ယွီချင်းထံ လှည့်ကြည့်လိုက်သဖြင့် ယွီချင်းခမျာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်သည်။
ဖန်ရှောင်ဖုန်းက ရွံ့ရှာဖွယ်လှမ်းကြည့်ပြီး၊
“ အစ်ကိုစု၊ သူ့လို တိရိစ္ဆာန်မနဲ့ ငါငြင်းခုန်နေမှာ မဟုတ်ဘူး။ ”
-ဟု ပြန်လည်ပြောကြားလာ၏။
“ ဟုတ်ပါတယ် ... ဟုတ်ပါတယ် ... ငါကတိရိစ္ဆာန်မတစ်ကောင်ပါ ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပြုပါ။ ”
ယွီချင်းက ထိုစကားအတိုင်း အရှက်မဲ့စွာ တောင်းပန်တော့သည်။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
“ ပါးစပ်ပိတ်ထား။ ”
စုရီက ရင်ဘတ်ကို ပိတ်ကန်လိုက်ရာ ယွီချင်းတစ်ယောက် ကွေးညွှတ်လျက် အသံပင် မထွက်နိုင်တော့ဘဲ အခန်းထောင်သို့ လွင့်စဉ်သွားလေသည်။
“ ဖြန်း ... ဖြန်း ... ဖြန်း ... ။ ”
ထိုအချိန်တွင် ယန်ချောင်က ဒူးထောက်နေလျက်မှ စုရီ သူ့ထံလှည့်မလာခင် သူ့ကိုယ်သူ ပါးရိုက်လိုက်ကာ၊
“ အစ်ကိုစုရီ ငါမှားသွားပါတယ်၊ ငါမှားသွားပါတယ်။ ”
-ဟု ဦးစွာ တောင်းပန်တော့သည်။
“ ငါ ... ဘာလို့ပြန်လာတာလဲ မင်းသိလား။ ”
စုရီက သူ့စကားကို လျစ်လျူရှုလျက် မေးမြန်းလိုက်သည်။ ယန်ချောင်မှ အံ့အားသင့် စွာဖြင့် ခေါင်းယမ်းပြလေသည်။
“ ရွှပ် ... ။ ”
“ ငါ့ကံကြမ္မာကို ဖြတ်ဖို့ ... ။ ”
သို့သော် စုရီက ဓားကိုလွှဲလိုက်သဖြင့် သူ့ဦးခေါင်း ပျံထွက်သွားတော့၏။ ထိတ်လန့် ချိန်ပင် မရလိုက်ချေ။ စုရီစကားသည်သာ လေထဲ ပဲ့တင်ထပ်လာတော့သည်။
ချက်ခြင်းပင် ချန်ကျင်းလုံနှင့် အခြားသူများသည် ရေခဲဂူထဲကျရောက်သွား သကဲ့သို့ ဝိညာဉ်များ တုန်ခါလာ၏။
“ ဒါပေမယ့် ... ဒါပေမယ့် ငါတို့မင်းကို မစော်ကားခဲ့ဘူး။ ”
ချန်ကျင်းလုံက တုန်ယင်စွာ ပြောကြား လိုက်သည်။ လက်ရှိအချိန်တွင် ရှင်သန်ခွင့်သာ သူ လိုချင်၏။
“ မှန်တယ် ... ဒါကြောင့်လည်း မင်းဒီမှာ ဒူးထောက်နေရတာ ... မဟုတ်ရင် သူတို့နောက် လိုက်သွားရလိမ့်မယ်။ ”
သို့မှသာ ချန်ကျင်းလုံတစ်ယောက် စိတ်သက်သာရာရသွား၏။ သို့သော် ချက်ချင်း အရှက်တရားများ ဝင်ရောက်ပြီး အံကြိတ်လိုက်မိသည်။
“ အခုထိ စည်းစိမ်ချမ်းသာစံအိမ်ရဲ့ အစောင့်တွေ ဘာလို့ ရောက်မလာသေးတာလဲ မင်းတွေးနေတာလား။ ”
စုရီက ချန်ကျင်းလုံကို စိုက်ကြည့်ပြီး မေးသည်။ ချန်ကျင်းလုံခမျာ မျက်နှာပျက်ယွင်း သွားတော့၏။ မည်သူမျှ ပြန်မဖြေရဲကြချေ။
စုရီက ဓားကိုသိမ်းလျက် ထိုင်ခုံသို့ ပြန်သွားပြီး သူ့အတွက် ဝိုင်တစ်ခွက်ငှဲ့လိုက်ကာ၊
“ ငါလည်းသိချင်နေတယ် ... သူတို့ ဘာဆက်လုပ်ကြမလဲ၊ ဘာလို့အခုထိ မလာကြ သေးတာလဲ ... ကောင်းပြီ ငါတို့အတူတူ စောင့်ကြည့်ရအောင်။ ”
“ ဒါက ... ။ ”
လူတိုင်း သေချင်စိတ်ပေါက်ကုန်၏။ မည်သူမဆို ဤငရဲခန်းမှ ထွက်သွားလိုကြသည်။ ချန်ကျင်းလုံက အသက်ပြင်းပြင်းရှူလျက် စကားပြောရန်ပြင်၏။
“ ငါ့စကား မဆုံးသေးဘူး ... ငါတို့ကြားမှာ ရန်ငြိုးမရှိပေမယ့် ... မင်းလည်းတစ်နည်းနည်းနဲ့ ပတ်သက်ခဲ့ဖူးတယ် ... ။ ”
စုရီက ဝိုင်ကို မော့သောက်ကာ ချန်ကျင်းလုံကို စကားအပြောမခံဘဲ၊
“ မင်းရဲ့ ကလဲ့စားချေတာကို ... ငါမကြောက်ဘူး ... ဒါပေမယ့် ဒုက္ခတွေကို ငါမုန်းတယ် ... ဒါကြောင့် လက်စားချေမယ် ဆိုရင် မင်းသေချာစဉ်းစားပါ။ ”
-ဟု ထပ်မံ သတိပေးလိုက်တော့သည်။
ဤကမ္ဘာကြီးသည် ကမောက်ကမ ဖြစ်ရပ်များစွာဖြင့် ပြည့်နှက်နေပြီး ကံကြမ္မာကို ဖြတ်ရန် ခက်ချေပြီ။
ထို့ကြောင့် တစ်စုံတစ်ယောက်မှ လက်စားချေလာမည်ကို မကြောက်သော်လည်း ငြီးငွေ့စရာပေပင်။
“ စုရီ ... မင်းကို နျန်နဲ့ယန်မိသားစုက လွှတ်ထားမှာ မဟုတ်ဘူး ... ပြီးတော့ ဒီနေရာက စည်းစိမ်ချမ်းသာစံအိမ်ရဲ့ ပိုင်နက်ပါ။ ”
ဤသည်မှာ ခြိမ်းခြောက်မှု မဟုတ်ချေ။ သတိပေးချက်သာဖြစ်သည်။ စုရီက ပျင်းရိသော အမူအရာဖြင့်၊
“ ငါသိတယ် ... ခဏလောက် စောင့်ကြည့်ရအောင်။ ”
-ဟုဆိုကာ ကုလားထိုင်ပေါ် ကျောမှီ ချလိုက်တော့၏။