အခန်း (၆၂၇)
Vol. 42 Ch. 627
မြောင်ဟွာခန်းမရှိ အကြီးအကဲများကို ထားခဲ့၍ အဆုံးအစမဲ့သော ကောင်းကင်ယံထက်တွင် ရှစ်ကျန်းရွမ်နှင့်အတူ ပျံသန်းရခြင်းသည် မည်မျှကဗျာဆန်လိုက်သနည်း။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် သူ၏ စက်အတောင်ပံကို အသက်သွင်းကာ မိမိဘာသာတစ်ယောက်တည်း ပျံသန်းသွားခဲ့သည်။ မိန်းကလေးနှင့် နှစ်ယောက်တည်း အချိန်ဖြုန်းရမည့် အခွင့်အရေး သည် အလွန်တရာရခဲလှသည့် အခွင့်အရေးမျိုးဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ဤကဲ့သို့သော ပုံစံမျိုး ဖြင့် ဖြုန်းတီးခဲ့လေသည်။
ပုံမှန်အားဖြင့် ကြောက်ရွံပြီး ရှက်ရွံ့စိတ်များ ဖြစ်ပေါ်နေသော ရှစ်ကျန်းရွမ်သည် ဂိုဏ်းချုပ်ကျွင်းတစ်ယောက် အရင်ဆုံး ထွက်ခွာသွားမည်ကို မထင်မှတ်ခဲ့သောကြောင့် ဇဝေဇဝါနှင့် ဖြစ်မိနေသည်။ ထို့အတူ စိတ်ပျက်မှု အနည်းငယ်ကိုလည်း ခံစားမိနေသည်။ “သူ ငါ့ကို မုန်းတီးနေတာလား၊ မဟုတ်သေးဘူး၊ သူ့အနေနှင့် နည်းနည်းပိုကြာအောင် နေသင့်သေးတယ်လေ”
ဝှစ်
ထိုအချိန်မှာပဲ ဂိုဏ်းချုပ်ကျွင်းသည် ပျံသန်းကာ ပြန်လည်ရောက်ရှိလာ၏။
သိသွားပြီလား၊ သေချာပြီ လက်ရှိအခြေအနေမှာတော့ ပြန်ပြီးကယ်တင်နိုင်မယ့် အခွင့်အရေး ရှိနေသေးတယ်။
ရှစ်ကျန်းရွမ်းသည် ပြန်ရောက်လာသည်ကို သတိပြုမိပြီးသည့်နောက် မျက်နှာတွင် တောက်ပသည့်အပြုံးတစ်ခု ပေါ်လာ၏။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “တောင်ပိုင်းသဲကန္တာရထဲကိုသွားရင် တောင်ဘက်စွန်းစွန်းကိုပဲ ဦးတည်ပြီး သွားရမှာလား”
“ဟုတ်တယ်လေ”
ရှစ်ကျန်းရွမ်က ပြောလိုက်၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် အရှိန်ကိုမြှင့်တင်ကာ ထပ်မံပျံသန်းသွားတော့သည်။ သို့ပေမဲ့ မထွက်ခွာခင်မှာပဲ သူသည် နတ်ဆိုးလင်းယုန်ငှက်ကြီးကို လှမ်းမှာရန် မမေ့ခဲ့ပေ။
“ကောင်မလေး... ခန်းမသခင်ရှစ် ရှိတာကို သတိထား၊ အရမ်းကြီး မြန်မြန် မပျံနဲ့”
သူကတော့ မြန်မြန်ပျံပြီး ပဋိညာဉ်သားရဲကိုတော့ ဖြည်းဖြည်းပျံစေ၏။
.............
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တောင်ပိုင်းသဲကန္တာရနှင့် မြောက်ပိုင်းသဲကန္တာရဆိုသည်မှာ အလွန်တရာ ဆန်းကြယ်လှသော တည်နေရာနှစ်ခုအဖြစ် ထင်ရှား၏။ အဘယ်ကြောင့်ဆိုသော် ၎င်းနေရာ၏ တည်နေရာ တော်တော်များများသည် ကုန်းမြေပြင်ကြီးနှင့် သဲကန္တာရများ ဖုံးလွှမ်းနေသောကြောင့် ဖြစ်သည်။ ထိုတည်နေရာ နှစ်ခုလုံး၏ ပတ်ဝန်းကျင်များသည် သီးခြားခြောက်ကပ်လျက်ရှိပြီး နေထိုင်ကြသည့် လူဦးရေမှာလည်း အတော် နည်းပါးလွန်း၏။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တောင်ပိုင်းသဲကန္တာရ၏ နယ်စပ်စည်းတွင် များပြားလှသော သိုင်းကျင့်ကြံသူ များသည် အလျင်အမြန် သွားလျက်ရှိသည်။ တချို့သည် တစ်ယောက်တည်း ဖြစ်ပြီး တချို့မှာတော့ အဖွဲ့လိုက်ဖြစ်၏။ တစ်ခါတစ်ရံတွင် သိုင်းဘုရင်ကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူများပင် မြင်နေရသည်။ အားလုံးသည် ကုန်းမြေတိုက်ကြီး၏ တည်နေရာအနှံ့မှ ရောက်ရှိလာကြခြင်းဖြစ်ပြီး ဤသဲကန္တာရ၏ တည်နေရာထဲသို့ ဦးတည်ကာ လာရောက် ကြခြင်း ဖြစ်တော့သည်။
သဲကန္တာရနယ်မြေသည် မိုင်တစ်သောင်းလောက် ကျယ်ဝန်းသော တည်နေရာကြီးဖြစ်ပြီး တစ်နှစ်ပတ်လုံး တည်နေရာအနှံ့သို့ ခြေချနိုင်သောသူဟူ၍ မရှိပေ။ သို့ပေမဲ့ လွန်ခဲ့သည့်လဝက်က ရုတ်တရက်ဆိုသလိုပဲ သဲကန္တာရ ဆီမှ လင်းလက်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ထွင်းဖောက်လုမတတ် လင်းထိန်သွားခဲ့၏။ ရက်အနည်းငယ် ကြာပြီးသည့်နောက် ထိုအရာသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
အားလုံး ထိုမြင်ကွင်းကို မြင်ရချိန်မှာတော့ ဆန်းကြယ်လှသည့်ရတနာတစ်ပါး ပေါ်ပေါက်လာသည်ဖြစ်ကြောင်း သိရှိလိုက်ရသည်။ ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ထာဝရနိယာမတစ်ခုပင်ဖြစ်၏။ အလင်းတန်းများပေါ်ပေါက်လာပြီဆိုသည်နှင့် အလွန်တရာ ရှားပါးလှသော အထူးရတနာသည် ပေါ်ပေါက်လာပြီး ဆိုသည်ကို အားလုံးသိရှိနိုင်၏။ ထို့ကြောင့်ပင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော အခြားသောဂိုဏ်း၊ မိသားစု၊ အဖွဲအစည်းများနှင့် တခြားသော ကျင့်ကြံသူများသည် အလျင်အမြန်နှင့် ရောက်ရှိလာတော့သည်။
ရှေးကတည်းက ရေတွက်လို့မရအောင် များပြားသော အထူးရတနာများ ပေါ်ပေါက်လာခဲ့ပြီး ထိုကဲ့သို့ ပေါ်ပေါက် လာသည့်အချိန်တိုင်း သွေးချောင်းစီးတိုက်ပွဲများ ပေါ်ပေါက်လာခဲ့ရ၏။
ဝှစ်
ကောင်းကင်ပေါ်တွင် အလင်းတန်းများ ပျံသန်းလာသည်။
“သိုင်းအုပ်စိုးသူပါလား”
အားလုံးထိတ်လန့်သွားမိ၏။
“ဒီတောင်ပိုင်းသဲကန္တာရထဲက ရှားပါးလှတဲ့ ရတနာပေါ်လာတာနဲ့ သိုင်းအုပ်စိုးသူတွေတောင်မှ ရောက်လာကြတာ ပဲ၊ လွန်ခဲတဲ့နှစ်ပေါင်း ငါးရာတုန်းက မြောက်ပိုင်းသဲကန္တာရထဲမှာ ပြိုင်ဘက်ကင်းဓားတစ်ချောင်း ပေါ်ပေါက်ခဲ့ဖူး တယ်၊ ဒါက သိုင်းအုပ်စိုးသူအဆင့် လူတော်တော်များများကို ထိတ်လန့် တုန်လှုပ်စေတယ်၊ အဆုံးသတ်မှာတော့ ခုနှစ်ရက် ခုနှစ်ညတိတိ တိုက်ခိုက်ပြီး တိုက်ပွဲကြီး ဖြစ်ပွားခဲ့ရတယ်”
“ငါလည်း ဒါကိုကြားဖူးတယ်၊ အဆုံးသတ်မှာ ဒီရတနာကို ဘယ်သူယူသွားလဲ”
“တစ်ကိုယ်တော် ဓားအုပ်စိုးသူတစ်ယောက် ယူသွားတယ်လို့ ကြားတာပဲ”
အားလုံးသည် ဆွေးနွေးပြောဆို ငြင်းခုန်နေကြသည်။ သို့ပေမဲ့ သိုင်းဘုရင်တစ်ယောက်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေ၏။
“ထူးဆန်းလိုက်တာ ဒီသိုင်းအုပ်စိုးသူဆီက ဘာလို့ သိုင်းအုပ်စိုးအော်ရာတွေ မရှိရတာလဲ”
“အင်း ဟုတ်တယ်”
တခြားသော သိုင်းကျင့်ကြံသူများသည် ဇဝေဇဝါ ဖြစ်သွားသည်။ ယုတ္တိကျကျ ပြောရမည်ဆိုလျှင် သိုင်းအုပ်စိုးသူ များသည် လေကိုခွင်းကာ ပျံသန်းနိုင်စွမ်းရှိကြသည်။ သို့ပေမဲ့ လက်ရှိပျံသန်းနေသူမှာတော့ သိုင်းအုပ်စိုးသူ တစ်ယောက်၏ အော်ရာများ ထင်ထင်ရှားရှား ထွက်ပေါ်နေခြင်း မရှိချေ။
ထိုအချိန်မှာပဲ ပျံသန်းနိုင်သော အလင်း တန်းတစ်ခုသည် ရုတ်တရက် ရပ်တန့်သွား၏။ ပြီးနောက် ကျောဘက်တွင် အတောင်ပံတစ်ခုရှိသော လူငယ်တစ်ဦး သည် ရုတ်တရက် ပေါ်ပေါက်လာ၏။
များပြားလှသော ကျင့်ကြံသူများသည် ဆွံ့အသွားကြ၏။ “ဒီလူက အတောင်ပံတွေရှိနေတာလား”
“ဒီလူက လူသားလား၊ ပျံသန်းနိုင်တဲ့ စိတ်ဝိညာဉ်သားရဲလား”
“သူပျံတာ အရမ်းမြန်လွန်းတယ်”
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်တွင် ရပ်တန့်ကာ တီးတိုးရေရွတ်လိုက်၏။ “ခန်းမသခင်ရှစ်ကို အရင်စောင့်ရမယ်”
သူခေါင်းကိုငုံ၍ ကြည့်လိုက်သည့်အချိန်မှာတော့ တအံတဩဖြစ်နေကြသော ကျင့်ကြံသူများကို အောက်မှာ မြင်လိုက်ရ၏။ “ရှားပါးလှတဲ့ ရတနာပေါ်ပေါက်လာတာက လူတွေအများကြီးကို စုစုရုံးရုံးဖြစ်စေတာပဲ”
ဝှစ်
ထိုအချိန်မှာပဲ အလင်းတန်းတစ်ခု ဖြစ်တည်လာပြီး သူ၏ဘေးဆီသို့ ရောက်ရှိလာ၏။
“သိုင်းအုပ်စိုးသူ နောက်တစ်ယောက်ပဲ”
တစ်စုံတစ်ယောက်သည် ထ၍ အော်ဟစ်လိုက်၏။ အလင်းတန်းပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ဆံပင်ဖြူများနှင့် အဘိုးအိုတစ်ယောက် ပေါ်ပေါက်လာ၏။ ထိုသူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “သခင်လေး... ခင်ဗျားကို ကြည့်ရတာ သိပ်မရင်းနှီးဘူး၊ ဘယ်ဂိုဏ်းကလည်းဆိုတာ သိလို့ရမလား”
သူသည် မူလအားဖြင့် ရောင်းရင်းလေးဟု ခေါ်ချင်၏။ သို့ပေမဲ့ တစ်ဖက်လူသည် ပျံသန်းနိုင်သော အတောင်ပံကဲ့သို့ အရာမျိုး ကျောတွင်ရှိနေ၏။ ထို့ကြောင့် အခြေအနေ နှင့် အဆင့်အတန်းသည် နိမ့်ပါးလှသူတစ်ယောက် ဟုတ်ပုံ မပေါ်ပေ။
“ပြိုင်စံရှားဂိုဏ်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်း”
“ဪ”
အဘိုးကြီးသည် အံ့အားသင့်သွားမိ၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား”
သူသည်တကယ်ကျော်ကြားနေပြီဖြစ်၏။ နာမည်ပြောလိုက်သည်ဆိုသည်နှင့် သိုင်းအုပ်စိုးသူတစ်ယောက်ပင် မည်သူဖြစ်ကြောင်းကို ချက်ချင်း သိရှိနေ၏။
“အမှန်ပါပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အဘိုးကြီးသည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ရှားပါးလှတဲ့ ရတနာအတွက် ဒီကိုရောက်လာတာလား”
“ဟုတ်ပါတယ်”
ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။ သို့ပေမဲ့ သူ၏ မျက်လုံးများသည် အောက်ဘက်ဆီသို့ လှမ်းကြည့်နေ၏။
ဘာလို့ ရောက်မလာသေးတာလဲ။
သူသည်စကားဆက်လက်ပြောချင်စိတ်မရှိပေ။
အဘိုးကြီးသည် အသံကိုတိုးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... တောင်ပိုင်းသဲကန္တာရနယ်မြေထဲမှာ ရှားပါးလှတဲ့ရတနာ ပေါ်လာတာက များပြားလှတဲ့ ဂိုဏ်းတွေကို ထိတ်လန့်တုန်လှုပ်စေတယ်၊ ကျုပ်တို့အဖွဲ့တစ်ခုအဖြစ် ပူးပေါင်းကြမလား”
သူ့အနေနှင့် မည်သည့်ဂိုဏ်းကမှ ပိုင်ဆိုင်သူတစ်ယောက်မဟုတ်ပေ။ ကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ လှည့်၍ လျှောက်သွားနေသော လွတ်လပ်သည့် ကျင့်ကြံသူတစ်ယောက်သာဖြစ်၏။ သူ၏ ပင်ကိုယ်အားအင်သည် မဆိုးလှ ဟုဆိုသော်လည်း အဓိကဂိုဏ်းများနှင့် နှိုင်းယှဉ်မည်ဆိုပါက ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
“စိတ်မဝင်စားပါဘူး”
ကျွင်းချောင်ရှောင်းသည် တည်တည်ငြိမ်ငြိမ်ပဲ ငြင်းပယ်လိုက်၏။ သူ့အနေနှင့် တခြားသောအဖွဲ့များနှင့် ပူးပေါင်း၍ အတူတကွ အလုပ်လုပ်ကိုင်ရသည်ကို စိတ်မဝင်စားချေ။ တစ်ယောက်တည်း ပြုလုပ်ရသည်ကိုသာ ပိုမို၍ သဘောကျ နှစ်ခြိုက်သူဖြစ်သည်။
“ကောင်းပါပြီ”
အဘိုးအိုသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “အရင်ဆုံး ထွက်သွားပါတော့မယ်”
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်၌ ဆက်လက်၍ စောင့်စားနေသည်။ တစ်နာရီလောက် ကြာပြီးသည့် နောက်မှာတော့ ရှစ်ကျန်းရွမ်ကို ကျောကုန်းပေါ်တင်ထားသော နတ်ဆိုးလင်းယုန်ငှက်ကြီးသည် ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့သည်။
“ကောင်းကင်ဘုံ”
သိုင်းကျင့်ကြံသူများသည် တုန်ရင်သွား၏။
“ဒီလောက်ကြီးမားတဲ့ လင်းယုန်ငှက်ကြီး ရှိတာလား”
ကျွင်းချောင်ရှောင်းသည် လင်းယုန်ငှက်ကြီး၏ ကျောပေါ်သို့ တက်ကာ ပြောလိုက်၏။ “ခန်းမသခင်ရှစ်... မြောင်ဟွာခန်းမက အကြီးအကဲတွေကို ဒီမှာဆက်ပြီးစောင့်ချင်သေးလား”
“မလိုပါဘူး”
ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ “သူတို့လာဖို့ အချိန်အတော်ကြအုံးမှာလေ၊ သဲကန္တာရထဲကိုပဲ အရင်ဆုံးသွားကြစို့”
“ကောင်းပါပြီ” ကျွင်းချောင်ရှောင်းသည် ဤတစ်ကြိမ်မှာတော့ ပျံသန်းမသွားချေ။ နတ်ဆိုးလင်းယုန်နက်ကြီးတွင် ကျောကုန်း ပေါ်တွင် မတ်တပ်ရပ်၍ အမြန်ဆန်ဆုံးသောနှုန်းဖြင့် သဲကန္တာရထဲသို့ ဝင်ရောက်သွား၏။
...........
သဲကန္တာရထဲမှာတော့ မြက်ပင်တစ်ပင်မျှပင် မရှိချေ။ အဝေးမှ ကြည့်လိုက်သည်ဆိုသည်နှင့် အဝါရောင်သဲများ ကိုသာ ဖွေးနေအောင် မြင်နေရ၏။ လောကကြီးတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်ဓာတ်သဘာဝများသည် အလွန်တရာ နည်းပါးလှသည်။ လေထုသည် ခြောက်ကပ်လွန်းသည်သာမက ပူလောင်သည့် ဓာတ်သဘာဝများကို လည်း ထုတ်လွှတ်နေ၏။
ဝှီး ဝှီး
နတ်ဆိုးလင်းယုန်နက်ကြီးသည် အတောင်ပံကို ဖြန့်ကာ ကောင်းကင်ပေါ်တွင် ဖြည်းဖြည်းချင်း ပျံသန်းလာ၏။ ကျွင်းချောင်ရှောင်းနှင့် ရှစ်ကျန်းရွမ်တို့သည် နှစ်ယောက်တည်း တူတူရှိရသည်မှာ ရှားပါးလွန်းလှ၏။ သို့ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြချေ။ အခြေအနေမှာတော့ အနည်းငယ် ကြောင်တောင်တောင် နိုင်နေ၏။
တကယ်လို့ အချစ်ရေး၊ အချစ်ရာနှင့်ပတ်သက်၍ ကျွမ်းကျင်လှသော အကြီးအကဲဝေသာ ဒီနေရာတွင် ရှိမည်ဆိုပါက မိန်းကလေးတစ်ယောက် ကြိုက်နှစ်သက်သွားသည်အထိ စကားတွေ ရွှန်းရွှန်းဝေအောင် ပြောဆိုနေလိမ့်မည်။ ထို့ကြောင့်ပင် တချို့သောလူများသည် တခြားသောအရာများတွင် ကျွမ်းကျင်လှသည်ဆိုသော်လည်း အချစ်ရေး ကိစ္စနှင့်ပတ်သက်လျှင် သုံးစားမရသည့် လူတစ်ယောက်ကဲ့သို့ပင်ဖြစ်၏။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်တော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
ခဏလောက်ကြာတော့ ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းလောက်က ဒီနေရာကို နတ်သားရဲကြီးတစ်ကောင် ရောက်လာတယ်၊ လောကကြီး မှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူသွားခဲ့တယ်”
“နတ်သားရဲကြီး ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွား၏။ ဤအဆင့်သည် သိုင်းအင်ပါယာနှင့် နှိုင်းယှဉ်၍ပင်ရနိုင်သည့် အရာပင် မဟုတ်ပါလား။
ရှစ်ကျန်းရွမ်က ဆက်ပြောလိုက်သည်။ “နောက်ပိုင်းမှာတော့ ဒီနေရာကို ဖြတ်သွားတဲ့ ကျွမ်းကျင်သူတစ်ယောက်က နတ်သားရဲကြီးကို သတ်ဖြတ်ပစ် လိုက်တယ်၊ သူ့ရဲ့သွေးတွေက ဆူဝေလွန်းတာကြောင့် ဒီမှာရှိတဲ့ကုန်းမြေကြီး ပျက်စီးပြီး သဲကန္တာရဖြစ်သွား တာပေါ့”
“ကျုပ်သိပြီ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “နတ်သားရဲကြီးတစ်ကောင်ကို သတ်ဖြတ်ပစ်ဖို့ဆိုတာ ဒီကျွမ်းကျင်သူရဲ့ အားအင်အဆင့်က ကြောက်မက်ဖွယ်ရာ ကောင်းလွန်းတဲ့အဆင့်ကို ရောက်နေတာဖြစ်ရမယ်”
ဂျိန်း
ထိုအချိန်မှာပဲ နတ်ဆိုးလင်းယုန်ငှက်ကြီးသည် မမြင်ရသည့်အတားအဆီးတစ်ခုကို တိုက်မိပြီး ရုတ်တရက် အနောက်ဘက်သို့ ကန်ထွက်သွား၏။ ပြီးနောက် အလွန်တရာ မြန်ဆန်လှသော အရှိန်နှုန်းဖြင့် နောက်ဘက်သို့ လှန်ကျသွား၏။ ရုတ်တရက်အလှည့်အပြောင်းကြောင့် ရှစ်ကျန်းရွမ်သည် ဘယ်လိုမှ သတိမထားမိလိုက်ချေ။ နတ်ဆိုးလင်းယုန်ငှက်ကြီး၏ ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျသွားတော့သည်။
“မကောင်းတော့ဘူး”
ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ သူ၏ညာခြေကို ဆန့်တန်းကာ အောက်ဘက်သို့ ခုန်ဆင်းလိုက်၏။ ပြီးနောက် လက်တစ်ဖက်ဖြင့် ရှစ်ကျွမ်းရွမ်အား ပွေ့ဖက်ပြီး မြေပြင်ပေါ်သို့ အသာခုန်ဆင်းလိုက်တော့သည်။
ဘုန်း
နတ်ဆိုးလင်းယုန်ငှက်ကြီးသည် မြေပေါ်သို့ ပြုတ်ကျသွား၏။ ပြီးနောက် ဖုန်ထဲတွင် လိမ့်ထွက်သွားတော့၏။
အဟွတ် အဟွတ်
ရှောင်မိုရှန်းသည် သူမ၏ လူသားပုံစံအား ပြန်လည်ပြောင်းလိုက်၏။ ပြီးနောက် နဖူးအား အသာပွတ်ကာ ပြောလိုက်သည်။ “သခင်...ဒီနေရာမှာ ပျံသန်းမှုကို တားဆီးထားတဲ့ အစီအရင်တစ်ခုရှိတယ်”
ရှစ်ကျန်းရွမ်ကို အသာဘေးသို့ချပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဆင်ပြေလား မိန်းကလေး”
“အဆင်ပြေပါတယ်” ရှောင်မိုရှန်းက ပြောလိုက်သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်တွင်ရှိသော အစီအရင်ကြီးကို ကြည့်၍ စိတ်အစာမကြေသလို ပြောလိုက် သည်။ “ဘယ်သူကများ အားအားယားယား ဒီလိုသဲကန္တာရထဲကို လာပြီး မပျံသန်းနိုင်တဲ့ အစီအရင်တွေ လျှောက်ထား ထားရတာလဲ”