← Chapters

အခန်း (၆၂၈)

Vol. 42 Ch. 628

အခန်း (၆၂၈)

Vol. 42 Ch. 628

ကောင်းကင်ပေါ်မှာတော့ ကြီးမားသည့် မှန်ကြီးကဲ့သို့သော အတားအဆီးတစ်ခုသည် ဖြစ်တည်နေသည်။ ထို့ကြောင့် ဤနေရာကို ဖြတ်သန်း၍ ပျံသန်းမရနိုင်ချေ။

ကျွင်းချောင်ရှောင်းသည် မပျော်မရွှင် ဖြစ်သွားမိ၏။ သူသည် အတားအဆီးအစီအရင်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်ကာ ဖျက်ဆီးရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ ထိုအတားအဆီးနှင့် ထိမိလိုက်သည့်အချိန်မှာပဲ သူ၏ဝိညာဉ်သည် တိုက်ခိုက်ခြင်းခံခဲ့ရ၏။ ထို့ကြောင့် အလျင်အမြန်ပဲ နောက်သို့ ပြန်ဆုတ်လိုက်၏။ ဤအစီအရင်၏ အဆင့်သည် အနည်းငယ်တော့ မြင့်မားနေ၏။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လမ်းလျှောက်သွားကြစို့”

“အင်း ကောင်းပါပြီ” ရှစ်ကျန်းရွမ်သည် အသာပြောလိုက်၏။ သို့ပေမဲ့ သူမ၏ မျက်နှာသည် အနည်းငယ် နီမြန်းနေသည်။ သူမသည် ဟန်ချက်ပျက်၍ ကျွင်းချောင်ရှောင်း၏ လက်မောင်းအတွင်းသို့ ကျရောက်ခဲ့သည်။ သူတို့နှစ်ယောက်သည် မြေပေါ်သို့ ရောက်ပြီး မြန်မြန်ဆန်ဆန် လူချင်းကွဲသွားကြသည် ဆိုသော်လည်း ယောက်ျားနှင့် မိန်းမကြား အသား အရည်ချင်း ထိတွေ့မှုက ဖြစ်ပေါ်လာပြီး ထူးဆန်းသည့် ခံစားချက်များသည် လွယ်လွယ်ကူကူနှင့် ပြန်လည် မပျောက်ကွယ်သွားခဲ့ချေ။

“ဂိုဏ်းချုပ်ကျွင်း”

လမ်းမှာတော့ ရှစ်ကျန်းရွမ်သည် တီးတိုးမေးလိုက်၏။ “ဒီနားမှာ ဘယ်သူမှတော့ မရှိပါဘူးနော်၊ ဟုတ်တယ်မဟုတ်လား”

“မရှိပါဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဘယ်သူမှကို မရှိဘူး”

“ကောင်းပြီ၊ ကောင်းပြီ”

ရှစ်ကျန်းရွမ်သည် သူမနှလုံးသားထဲတွင် တီးတိုးပြောဆိုမိလိုက်၏။ အထူးသဖြင့် စောနက ဂိုဏ်းချုပ်ကျွင်းနှင့် ပွေ့ပွေ့ဖက်ဖက်ဖြစ်သွားသည့်ကိစ္စကြောင့် သူမသည် စိတ်မလုံခြုံသလို ခံစားနေရ၏။ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံးတွင် ရှိန်းသက်လျက်ရှိ၏။

သူမသည် ငယ်ရွယ်စဉ်ကတည်းကပင် မြောင်ဟွာခန်းမတွင် နေထိုင်ခဲ့ ခြင်းဖြစ်ပြီး တစ်သက်တာလုံး ထိတွေ့ခဲ့သူမှာ စီနီယာအစ်မနှင့် ဂျူနီယာညီမများသာဖြစ်၏။ ထို့ကြောင့် ယောက်ျား တစ်ယောက်နှင့် ခန္ဓာကိုယ်ချင်း ထိတွေ့မှုကို မည်သည့်အခါကမှ မပြုလုပ်ခဲ့ဘူးပေ။

“ခန်းမသခင်ရှစ်... အဆင်ပြေရဲ့လား” သူမ၏ အမူအရာ ထူးဆန်းနေသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်းသည် သတိပြုမိသွား၏။

“ပြေပါတယ်၊ အဆင်ပြေပါတယ်” ရှစ်ကျန်းရွမ်သည် ခေါင်းကို မြန်မြန်ဆန်ဆန်ပဲ ငုံ့ထားလိုက်၏။

ကျွင်းရှောင်ချောင်းသည် ခေါင်းကိုမော့ကာဖြင့် အစီ အရင်၏ အထက်သို့ လှမ်းကြည့်လိုက်သည်။

“သဲကန္တာရထဲမှ လူအနည်းငယ်ပဲရှိနေတယ်၊ ဘာလို့ အစီအရင်တစ်ခုက ဒီနေရာကို ရောက်နေရတာလဲ”

ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ “ဂိုဏ်းကြီးတစ်ခုခုက ဒီနေရာကို ဝင်ရောက်လာပြီး တခြားသူတွေ လွယ်လွယ်ကူကူ ရောက်မလာနိုင်အောင် တားဆီးထားတာလဲ ဖြစ်နိုင်တယ်၊ ဒီနေရာက ရှားပါးလှတဲ့ ရတနာတစ်ခု ပေါ်ပေါက်လာတဲ့နေရာ မဟုတ်လား”

ဟမ့်

ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “သဘာဝရတနာတွေဆိုတာက ကံကြမ္မာအရသာ ပိုင်ဆိုင်ရတာလေ၊ ဒီလို အရှက်မဲ့တဲ့ နည်းလမ်းမျိုးကို အသုံးပြုလို့ မဖြစ်ဘူး”

ထိုတို့ဆိုလျှင်တောင်မှ ကောင်းမွန်သည့်အရာတစ်ခုကို လက်ထဲရရှိချိန်တွင် မည်သူက တခြားသူကို ပေးချင်မည် နည်း။ ဤအရာသည် သဘာဝကျသည့် လုပ်ဆောင်ချက်ဟုပင် ဆိုရမည်။

လူနှစ်ယောက်နှင့် သားရဲတစ်ကောင်တို့ သည် သဲကန္တာရကုန်းမြေထဲတွင် လမ်းလျှောက်သွားခဲ့သည်။ ဆယ်မိနစ်လောက် လျှောက်ပြီးသည့်နောက်မှာတော့ သူတို့၏ မြင်ကွင်းရှေ့တွင် ကြီးမားလှသည့် တွင်းကြီးတစ်ခုပေါ်ပေါက်နေသည်ကို မြင်လိုက်ရ၏။ ဤအရာသည် ဥက္ကာခဲပြုတ်ကျခြင်းကြောင့် ဖြစ်ပေါ်လာသော တွင်းကြီးတစ်ခုနှင့် ဆင်တူနေသည်။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါက အရမ်းကိုကြီးတဲ့ တွင်းကြီးပဲ၊ ရတနာက ဒီနေရာမှာ ပေါ်လာတာ ဖြစ်နိုင်တယ်”

ရှစ်ကျန်းရွမ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းက ကျွမ်းကျင်သူတစ်ယောက်နဲ့ နတ်သားရဲကြီး တိုက်ခိုက်တဲ့နေရာ ဖြစ်ဖို့ များတယ်”

“အဲလိုလား”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ဒါဆိုရင် တော်တော်ကြီးကို ထိခိုက်ခဲ့ကြမှာပေါ့”

စနစ်ကပြောလိုက်သည်။ “သိုင်းအင်ပါယာအဆင့်ကျင့်ကြံသူနှစ်ယောက်တိုက်ခိုက်တယ်ဆိုရင် တည်နေရာကြီး တစ်ခုလုံး ကို ပျက်စီးသွားဖို့ အတွက် လုံလောက်တဲ့ အခြေအနေပဲလေ”

“တကယ်ကို ကြမ်းတာပဲ”

ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ “ငါတကယ်လို့ သိုင်းအင်ပါယာဖြစ်သွားရင် လောကကြီးတစ်ခုလုံးက ငါ့ကို ကြောက်ရွံ့ကြမယ်ထင်တယ်”

အလွန်တရာနက်ရှိုင်းလှသော တွင်းကြီးကို နင်းလျှောက်ကာ ဖြတ်သန်းပြီးသည့်နောက် သူတို့သည် ရှေ့သို့ ဆက်လက်ကာ သွားခဲ့လိုက်တော့သည်။ ရှေ့မှာတော့ တောင်ကဲ့သို့မြင့်မားလှသော ‌ထူးဆန်းသည့် ကျောက်တောင် ကြီးများ မြင်နေရ၏။

“အရှေ့မှာ တစ်ယောက်ရှိတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက် ကြည့်ရှုလိုက်သည့်အချိန်မှာတော့ များပြားလှသည့် ကျင့်ကြံသူများ စုဝေးလျက်ရှိနေသည်ကို သတိပြုမိလိုက်၏။ ဤနေရာသည် ရှားပါးသည့်ရတနာ ပေါ်ပေါက်လာသောနေရာ ဖြစ်နိုင်၏။ ထင်မှတ်ထားသည့်အတိုင်းပင် ထူးဆန်းလှသည့် ကျောက်တောင်ကြီးအနားသို့ ချဉ်းကပ်သွားသည့်အချိန်မှာတော့ သိုင်းကျင့်ကြံသူတစ်ယောက်၏ တီးတိုးပြောဆိုသည့်အသံကို သူတို့ ကြားလိုက်ရသည်။

“အစ်ကိုကြီး... ဒီနေရာက အလင်းတန်းတွေ ထွက်ပေါ်လာတဲ့ နေရာမဟုတ်လား၊ ဘာလို့ ဘာမှမရှိရတာလဲ”

“အရင်ရောက်လာတဲ့ ဂိုဏ်းကြီးတွေရဲ့ ကျွမ်းကျင်သူတွေတောင် မသိကြဘူးလေ၊ မင်းငါ့ကိုလာမေးတော့ ငါက ဘာပြန်ဖြေရမှာလဲ” အစ်ကိုကြီးဟုခေါ်သောလူသည် စိတ်မရှည်သလိုဖြေလိုက်၏။

ဤနေရာတွင် သိုင်းကျင့်ကြံသူနှစ်ထောင်မှ သုံးထောင်နီးပါးခန့် ရှိနေကြ၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် မမြင့်မားလှချေ။ သို့ပေမဲ့ ရှိနေကြသော ကျင့်ကြံခြင်းအဆင့်မြင့်သည်သူများအားလုံးကို တွေ့ပြီးဖြစ်၏။

“အားလုံးပဲ”

အတွင်းဘက်ကျသော တည်နေရာတစ်ခုတွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက ပြောလိုက်၏။

“ကျုပ်တို့ ဒီနေရာကို ရောက်လာခဲ့တာ အလကားဖြစ်မှာ စိုးရိမ်မိတယ်၊ ဒီမှာက ရှားပါးလှတဲ့ရတနာဆိုတာလဲ မတွေ့ဘူး”

“ဒီနေရာမှာ အားကောင်းလွန်းတဲ့ မီးဓာတ်သဘာဝတွေ တွေ့နေရတယ်”

ရှစ်ကျန်းရွမ်သည် တီးတိုးပြောဆိုလိုက်၏။ “ဒါက ကျွမ်းလောင်ခြင်း မီးတောက်ဂိုဏ်းရဲ့ အကြီးအကဲဖြစ်ဖို့များတယ် ဒုတိယအဆင့်ဂိုဏ်းတစ်ခုပဲ”

နာမည်ကြားလိုက်ရုံဖြင့် ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာအားကောင်းလှသော ဂိုဏ်းမှဖြစ်ကြောင်း သိရှိ လိုက်ရ၏။ အနာဂတ်တွင် ပြိုင်စံရှားဂိုဏ်းသည်လည်း ထိုကဲ့သို့သောအဆင့်မျိုးရောက်ရှိရန် သူမျှော်မှန်းထား၏။

ကျွမ်းလောင်ခြင်း မီးတောက်ဂိုဏ်းမှ စကားပြောဆိုလိုက်သော အဘိုးကြီးကိုတော့ သူ လေးလေးနက်နက် မထားပေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မီးတောက်အော်ရာများသည် အနည်းငယ် အားနည်း နေ၏။

ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အားအကောင်းဆုံးသော နတ်မီးတောက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးသည့်နောက်မှာ တော့ ကျွင်းချောင်ရှောင်းသည် မီးဓာတ်အမျိုးအစား သိုင်းအုပ်စိုးသူ တစ်ယောက်ကိုပင် အထင်အမြင်သေးစွာဖြင့် ငုံ့ကြည့်နိုင်စွမ်း ရှိနေပြီဖြစ်၏။

“အကြီးအကဲလီ”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ဒီလောက် ပတ်ဝန်းကျင်ပြောင်းလဲမှု ကြီးကြီးမားမားတွေဖြစ်နေတာ၊ ဘာလို့ရှားပါးလှတဲ့ရတနာက ဒီမှာ မရှိတာလဲ၊ တစ်ယောက်ယောက်က အရင်ယူသွားတာကော မဖြစ်နိုင်ဘူးလား”

“တောင်ပိုင်းသဲကန္တာရထဲမှာ ရှိတဲ့ ကျင့်ကြံသူတွေရဲ့ အပြောအဆိုအရဆိုရင် ဒီလိုအခြေအနေကြီး ဖြစ်ဖြစ်ခြင်းမှာပဲ ကျွမ်းလောင်မီးတောက်ဂိုဏ်းနဲ့ တခြားသောလူတွေက အလျင်အမြန် ရောက်ရှိလာတာလေ၊ ဒီတော့ ဘယ်သူမှ ယူသွားလို့ မရနိုင်သေးဘူး၊ ဟုတ်တယ်မဟုတ်လား”

“ဒါက ထူးဆန်းတယ်”

များပြားလှသောဂိုဏ်းများမှ ကျင့်ကြံသူများသည် ဇဝေဇဝါ ဖြစ်မိနေ၏။ ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ် နှင့်အတူ အထဲသို့ လျှောက်ဝင်လိုက်သည်။

“ရောင်းရင်းလေး”

သိုင်းကျင့်ကြံသူတစ်ယောက်က တီးတိုးပြောလိုက်သည်။ “အထဲမှာ ဆရာ့ဆရာတွေကြီးပဲ၊ ဒီလိုလျှောက်ပြီးဝင်သွားလို့ မဖြစ်ဘူး”

ကျွင်းချောင်ရှောင်းသည် ပြုံးကာ အသာရှေ့သို့ ဆက်လျှောက်သွား၏။ သိုင်းကျင့်ကြံသူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဘာလို့သူ စကားကို နားမထောင်ရတာလဲ”

ဟား ဟား

သူ့ဘေးတွင်ရှိသော သိုင်းကျင့်ကြံသူက ပြောလိုက်သည်။ “အစ်ကိုကျန်း... လောကကြီးမှာ ကိုယ့်အားအင်အကြောင်း ကိုယ်မသိကြတဲ့လူတွေက အများကြီး ရှိကြတယ်လေ”

ရှားပါးလှသော ရတနာအကြောင်း အားလုံးစဉ်းစားနေကြသည်ဖြစ်တာမို့ အထဲကို လျှောက်ဝင်လာသော ကျွင်းချောင်ရှောင်းကို မည်သူမှ ဂရုမစိုက်ကြချေ။

ဂိုဏ်းချုပ်ကျွင်းသည် အသာရပ်တန့်ပြီးသည့်နောက်မှာတော့ ရှိသမျှသော ကျင့်ကြံသူတို့ကို အသာလှမ်းကြည့်လိုက်၏။ ခြောက်ယောက်သည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူ များဖြစ်ကြပြီး ကျန်သော သူများမှာ သိုင်းဘုရင်များဖြစ်၏။ အပြင်ဘက်မှလူများ အထဲသို့ လျှောက်မဝင်ရဲသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။ သူတို့အနေနှင့် ဤအဆင့် ကျွမ်းကျင်သူများကို ရန်စဖို့ မတတ်နိုင်သောကြောင့်ပင် ဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း” သူနှင့်အဖွဲ့ ဖွဲ့ချင်သော အဘိုးအိုသည် ပြုံးကာဖြင့် လှမ်းနှုတ်ဆက်လိုက်၏။

အားလုံး လှမ်းကြည့်လိုက်ချိန်မှာတော့ မျက်လုံးထဲတွင် ဘာမှန်းမသိသည့် ခံစားချက်များ ပြည့်နေတာကို သတိပြုမိ၏။ ဤလူငယ်လေးသည် ဂိုဏ်းချုပ် တစ်ယောက်ဖြစ်နေ၏။ ကျော်ကြားလှသည့်ဂိုဏ်းတစ်ခုကတော့ မဟုတ်နိုင်ပေ။

“အကြီးအကဲကဲ့”

သိုင်းအုပ်စိုးသူတစ်ယောက်က ပြောလိုက်၏။ “ဒီလူကို သိလို့လား”

အကြီးအကဲကဲ့ က ပြုံးကာပြောလိုက်၏။ “ကျုပ်သိရုံတင်မဟုတ်ဘူး၊ ခင်ဗျားတို့လည်း သူ့အကြောင်း ကြားဖူးတယ်”

ဟင်

တစ်ယောက်သည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “သူက ဘယ်သူလဲ”

အကြီးအကဲကဲ့သည် ပြုံးကာပြောလိုက်သည်။

“ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ၊ လတ်တလော ကျင့်ကြံခြင်းလောကမှာ ကျော်ကြားနေတာ မဟုတ်ဘူးလား”

“ဘာ... သူက ကျွင်းချောင်ရှောင်းလား”

အားလုံးသည် အံ့အားသင့်မိသွား၏။ ပတ်ဝန်းကျင်တွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် မျက်လုံးပြူးသွားမိ သည်။

စောနက ကျွင်းချောင်ရှောင်းကို အထဲသို့မဝင်သွားရန် အကြံပေးခဲ့သော မျိုးရိုးနာမည်ကျန်းနှင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် မယုံကြည်နိုင်မှုအပြည့်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်မိနေသည်။ တစ်ဖက်လူ သည် သူ့အား လျစ်လျှူရှုခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် လတ်တလော အလွန်ကျော်ကြားနေသော ပြိုင်စံရှား ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လို့နေ၏။

အခြားသော အထင်သေးမိသည့် သိုင်းကျင့်ကြံသူများသည် ရှက်ရွံ့ မှုဖြင့် ခေါင်းကိုပင် ငုံ့ထားလိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် ရှင်းပြမနေပေ။ မနီးမဝေးရှိ နေရာလွတ်သို့ လှမ်းကြည့်လိုက်၏။ ဤနေရာတွင်တော့ တွင်းလေးတစ်ခုရှိ၏။ ငါးပေလောက်ပင် နက်နေသေးသည်။ ဤသဲကန္တာရကုန်းမြေတွင်တော့ ကြီးမားလှသည့် ကျောက်ကမူ၊ ကျောက်လှိုဏ်ဂူများ ပြည့်နှက်လျက်ရှိ၏။ သို့ပေမဲ့ ဤတွင်းလေးသည် ထူးဆန်းလှသည့် အော်ရာ များ ထွက်ပေါ်နေပြီး သာမန်မဟုတ်သည်ကို သိရှိခံစားနိုင်၏။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကဲ့သည် အသံပို့လွှတ်လိုက်၏။ “ထူးဆန်းတဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှု ဖြစ်တည်တဲ့နေရာကို ကြည့်နေတာလား”

“အင်း”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒီထဲမှာ ဘာမှမရှိဘူးလား”

“ကျုပ်လည်းမသိဘူး” အကြီးအကဲကဲ့က ပြောလိုက်သည်။

“ဒင်... သီးခြားတာဝန် အသက်ဝင်”

ရုတ်တရက်ဆိုသလိုပဲ သူ၏နားထဲ၌ သတိပေးသံ ပေါ်လာသည်။ ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်ကြည့်လိုက် သည့်အချိန်မှာတော့ “တားမြစ်တည်နေရာသည် ဖွင့်လှစ်တော့မည်ဖြစ်၏၊ ကျေးဇူးပြုပြီး မိနစ်သုံးဆယ်အတွင်း ဝင်ရောက်ရန် ကြိုးစားပါ”

“တားမြစ်နယ်မြေသည် ဖွင့်လှစ်တော့မည် ဟုတ်လား၊ ဘာကို ဆိုလိုတာလဲ”

ဖြစ်နိုင်တာက ဤနေရာတွင် ရတနာမရှိခြင်း မဟုတ်ပေ။ အချိန်မကျရောက်သေးသောကြောင့် တားမြစ် တည်နေရာသည် မဖွင့်လှစ်သေးခြင်းသာ ဖြစ်ရမည်။

စနစ်သည် ဆွံ့အစွာဖြင့် ပြောလိုက်၏။ “ဒီသီးခြားတာဝန်ဆိုတာက အထဲမှာဘာရှိတယ်ဆိုတာကို ထုတ်ပြီး ပြောနေသလိုတောင် ခံစားမိတယ်”

All Chapters