← Chapters

အခန်း (၆၃၁)

Vol. 43 Ch. 631

အခန်း (၆၃၁)

Vol. 43 Ch. 631

တစ်ခုတွင် ဆေးမျိုးစေ့ပေါင်း တစ်သိန်းပါဝင်သည့် သိုလှောင်လက်စွပ်ပေါင်း ၄၀၀ မှ ၅၀၀ နီးပါး။

“မဟုတ်သေးဘူး.. မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် သင်္ချာတော်လှသူ မဟုတ်သောကြောင့် မည်မျှရှိသနည်းဆိုသည်ကို ချက်ချင်းလက်ငင်း တွက်ချက်၍ မရနိုင်ပေ။

သိုလှောင်လက်စွပ်ထဲတွင်ရှိသော ဆေးပင်များ၏ အရည်အသွေးသည် အလွန်တရာ ကောင်းမွန်လှကြ၏။ အဆင့်များမှာလည်း ကျိန်းသေပေါက် မနိမ့်ပါးပေ။ တော်တော်များများသည် စိုက်ပျိုး၍ရနိုင်ပြီး ဆေးလုံးများအဖြစ် သန့်စင်နိုင်၏။

ကျွင်းချောင်ရှောင်းသည် ‌အပြင်ဘက်သို့ထွက်လာချိန်တွင် သိုင်းပညာနှင့်ပတ်သက်သည့် အရင်းအမြစ်များနှင့် ဆေးပင်များကို ရရှိလိုစိတ်နှင့်ပတ်သက်၍ ထွက်လာခဲ့ခြင်းဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သင်္ချိုင်းထဲကို ဝင်ရောက်ပြီးသည်နှင့်တပြိုင်နက် သူသည် အိပ်မက်ထဲသို့ ရောက်ရှိသွားသလိုပင် ခံစားလိုက်မိ၏။ သူများ ဆေးပင်များကို စိတ်စွဲနေသောကြောင့် ဆေးမျိုးစေ့များအား ပုံရိပ်ယောင်အဖြစ် မြင်တွေ့နေရသည်လား။

ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို အသာပိတ်ရိုက်လိုက်မိ၏။

နာကျင်သွားသည်။ သို့ပေမဲ့ သူရှေ့တွင်ရှိနေသော မြင်ကွင်းမှာတော့ ရှိနေသေး၏။ သူ့အနေနှင့် အစစ်လား အတုလား ဆိုသည်ကိုပင် ခွဲခြားရန်ခက်ခဲနေသည်။

“ထားလိုက်တော့၊ အရင်ယူရမယ်”

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်များအားလုံးကို ယူယူလိုက်ချင်းမှာပဲ အေးစက်နေသည့် လေတစ်ခုသည် သူ၏နားထဲကို ရုတ်တရက် တိုးဝင်လာသည်။

တစ်စုံတစ်ယောက်သည် သူ၏နောက်မှနေ၍ လေနှင့်မှုတ်လိုက်သလိုပင်ဖြစ်၏။

ကျွင်းချောင်ရှောင်း အသာခေါင်းလှည့်ကြည့်လိုက်ချိန်မှာတော့ အေးစက်စက်မျက်နှာတစ်ခုသည် သူ၏မြင်ကွင်းထဲမှာ ပေါ်လာတော့သည်။

ထူးခြားသည့် မြူလိုအရာမျိုးသည် ၎င်း၏နှာခေါင်းဆီမှ ထွက်ပေါ်နေပြီး မျက်လုံးများသည် ဟောက်ပက်ကြီးဖြစ်လျက်ရှိ၏။

သွေးစုပ်ဖုတ်ကောင်လား။ ဒါမှမဟုတ် သရဲလား။

ချီးတဲ့မှ။

ဘုတ်.. ဘုတ်.. ဘုတ်.. ဘုတ်.. ဘုတ်.. ။

ဆံပင်တွေ ပွစာကြဲကာနှင့် ရှိနေသော လူတစ်ယောက်သည် အနီးနားမှာ ရုတ်တရက်ပေါ်လာသည်ကို ‌မြင်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွှမ်၏ လက်ကိုဆွဲ၍ မြန်မြန်ဆန်ဆန် နောက်ဆုတ်လိုက်၏။

ရုတ်တရက်ဆိုသလိုပင် ထိုသွေးစုပ်ဖုတ်ကောင်လိုလို သရဲလိုလိုလူသည် သူ၏နောက်တွင် ပေါ်လာခြင်းဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင်များနှင့် အာရုံဖြန့်ကြက်ကြည့်၍လည်း မရရှိခဲ့ပေ။ ကြည့်ရသည်မှာ သရဲကားများကဲ့သို့ပင် ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ခရပ်.. ခရပ်.. ခရပ်

နူးညံ့သော မြေဆီလွှာများသည် ကွဲအက်သွားပြီးသည့်နောက်မှာတော့ ညိုးခြောက်ကပ်လျက်ရှိသော လက်များသည် ထိုအောက်ခြေဆီမှ ထွက်ပေါ်လာ၏။

ပြီးနောက် စုတ်ပြတ်နေသော အဝတ်အစားများ၊ ဆံပင်များ ပွစာကြဲစွာဖြင့် လူများသည် မြေကြီးအောက်ထဲမှ အပြင်ဆီသို့ ထွက်လာတော့သည်။

ဤကဲ့သို့ ရေတွက်လို့မရအောင် များပြားလှသော သွေးစုပ်ဖုတ်ကောင်များသည် သင်္ချိုင်း၏ မြေအောက်နေရာဆီမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြခြင်းဖြစ်၏။

ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူသည် နတ်ဆိုးတောင်ရိုးထဲတွင် ကြုံတွေ့ခဲ့ရပြီးဖြစ်၏။ သို့ပေမဲ့ ထိုစဉ်က တွေ့ခဲ့သည်မှာ သားရဲများဖြစ်ပြီး လက်ရှိမှာတော့ အစစ်အမှန် လူသားအလောင်းသရဲများ ဖြစ်နေသည်။

ဘုတ်.. ဘုတ်.. ဘုတ်.. ။

တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အလောင်းများသည် လက်များကို တွဲလောင်းချရင်း ဖြည်းဖြည်းချင်း လမ်းလျှောက်လာ၏။

ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွှမ်၏ရှေ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ခန်းမသခင်ရှစ်၊ မကြောက်နဲ့၊ ဒီမှာရှိတယ်”

ခန်းမသခင်ရှစ်အနေနှင့် မည်သည့်အရာကိုမှ မြင်နိုင်စွမ်းမရှိသည့်နောက် မည်သည့်အရာကို ကြောက်ရွံ့ရမည်နည်း။

ဝှစ်..

အနောက်ဘက်ဆီမှ လေအေးများ တိုက်ခတ်လာသည်။

တင်းမာခက်ထန်သော ရုပ်ရည်သွင်ပြင်များနှင့် အလောင်းများသည် ရုတ်တရက်ဆိုသလိုပဲ တိုက်ခိုက်လာ၏။

ဝုန်း..

ကျွင်းချောင်ရှောင်းသည် လက်သီးနှင့် ထိုးလိုက်သည့်နောက်မှာတော့ ထိုအလောင်းကောင်သည် အနောက်သို့ လွင့်စင်သွား၏။ ထိုသူ၏ရင်ဘတ်သည် ဘာမှမဖြစ်ခဲ့ချေ။

သူ၏ ခုခံခြင်းက အရမ်းအားကောင်းနေတာလား။

အလောင်းများသည် တိုက်ခိုက်ခံလိုက်ရသည်ဆိုသော်လည်း မည်သို့သော နာကျင်မှုကိုမှ မခံစားရချေ။

ချလွမ်..

အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးသည့်နောက်မှာတော့ အအေးဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလိုပဲ ဓားပန်းများသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်ပေါ်လာပြီး တိုက်ခိုက်လာသော အလောင်းကောင်အား အညှာအတာကင်းမဲ့စွာဖြင့် ခုတ်ပိုင်းတော့၏။

ဒင်.. ဒင်.. ဒင်.. ဒင်

ဓားချီများသည် ထိုသူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းပြီးနောက်မှာတော့ သံပြားတစ်ခုနှင့် ထိမှန်လိုက်သည့်အသံမျိုးပင် ထွက်ပေါ်လာ၏။ မီးပွင့်များ ထွက်ပေါ်မလာသည်ကလွဲရင် ထိုအလောင်းသည် သံနှင့်ပြုလုပ်ထားသည့် အလောင်းဟုပင် ထင်မှတ်မှားရလောက်သည်။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

ဒါက လူသားလား၊ ကျောက်တုံးလား။

ရွှီး.. ရွှီး..

ထိုအချိန်မှာတော့ များပြားလှသော အလောင်းများသည် ဘေးတစ်ဖက်တစ်ချက်စီမှနေ၍ အရှေ့ဆီသို့ တိုးလာကြတော့သည်။

ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွှမ်ကို ကောက်ချီ၍ တစ်ချက်ကလေးမှ တွန့်ဆုတ်ခြင်းမရှိဘဲ တိမ်ခြေလှမ်းကို အသုံးပြုကာ အနားပတ်ဝန်းကျင်ရှိ တည်နေရာတစ်ခုဆီသို့ ပြေးသွားလိုက်၏။

သူမအား လုံခြုံသည့်တည်နေရာတွင် ထားပြီးသည့်နောက်မှာတော့ သူ၏လက်များသည် တလက်လက်တောက်ပနေသော မီးတောက်များနှင့် ဖုံးလွှမ်းသွားတော့၏။

သူသည် အေးစက်စွာ ပြောလိုက်သည်။ “မင်းတို့ရဲ့ ခုခံမှုအားအင်က ဘယ်လောက်ထိကောင်းလဲဆိုတာကို ကြည့်ကြသေးတာပေါ့”

ဝှစ်..

ပူပြင်းတောက်လောင်လွန်းသော မီးတောက်များသည် သူ၏လက်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် အလောင်းကောင်နှစ်ခုဆီသို့ တိုးဝင်သွား၏။

ဘန်း.. ဘန်း..

ပေါက်ကွဲသံ‌ကြီး ထွက်ပေါ်လာတော့သည်။

အလောင်းကောင်နှစ်ကောင်သည် အနောက်ဘက်သို့ လွင့်စင်သွားပြီးသည့်နောက် ၎င်းတို့၏အဝတ်အစားများသည်လည်း မီးလောင်ကျွမ်းသွား၏။ သို့ပေမဲ့ ၎င်းတို့၏အသားအရေမှာ မည်းနက်သွားရုံသာ ရှိသည်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမျိုး မရရှိကြချေ။

“သေချာပြီ၊ သေချာပြီ”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ကောင်းကင်နီဓားကွက်ကို အသက်သွင်းလိုက်တော့သည်။ ပြီးနောက် သူသည် ပထမဦးဆုံးမီးမျိုးစေ့ကို ထုတ်ဖော်အသုံးပြုလိုက်၏။

ဘန်း…

ဤတိုက်ခိုက်ချက်သည် အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်သည်သာမက မီးဓာတ်၏စွမ်းအင်များလည်း ပါဝင်နေလေသည်။

အလောင်းကို ထိခိုက်မိသည့်နောက်မှာတော့ ရင်ဘတ်တစ်ခုလုံးကို ထိုးခွင်းသွားတော့သည်။

ကျွင်းချောင်ရှောင်းသည် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်၏။ သို့ပေမဲ့ သူ၏အပြုံးသည် ချက်ချင်းဆိုသလိုပဲ တုန်ယင်သွား၏။

အဘယ်ကြောင့်ဆိုသော် အလောင်းသည် ဓားချက်နှင့် ထိုးခွင်းခြင်းခံလိုက်ရသည်ဆိုလျှင်တောင်မှ မတ်မတ်ရပ်နေသေးသည်။

ကျွင်းချောင်ရှောင်း စိတ်ဓာတ်ကျသွားမိ၏။ “ဒီကောင်တွေက သတ်လို့မရတဲ့ အကောင်တွေလား။”

“ ေ“

စနစ်က ပြောလိုက်၏။ “သူတို့က အစောကြီးကတည်းက သေပြီးသားတွေ၊ ဘယ်လိုလုပ် သတ်မှာလဲ”

“ဟုတ်တယ်၊ ဟုတ်တယ်”

ကျွင်းချောင်ရှောင်း အေးစက်စက် ပြောလိုက်၏။ “ဒါဆိုလည်း ပြာဖြစ်အောင် မီးရှို့ကြတာပေါ့”

ရွှီး..

သူသည် ရှေ့ကို လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ သူ၏လက်တွင် တောက်ပနေသော မီးတောက်များ ဖြစ်တည်လာ၏။

ပြီးနောက် လက်များကို အတင်းယမ်းခါလိုက်သည့်နောက်မှာတော့ အလောင်းများအား မီးများသည် လွှမ်းခြုံသွားပြီး ပြာကျအောင် လောင်ကျွမ်းတော့သည်။

ကောင်းကင်နီဓားတိုက်ကွက် နှင့် ကြယ်မီးတောက် ….

ကြယ်မီးတောက်သည် နတ်ဘုရားအဆင့် မီးမျိုးစေ့များထဲတွင် အားအကောင်းဆုံးသော မီးမျိုးဖြစ်၏။ ခန္ဓာကိုယ်အား ထိခိုက်လိုက်သည်ဆိုသည်နှင့် ချက်ချင်းဆိုသလိုပဲ ကျွမ်းလောင်သွားတော့သည်။ အားအင်အဆင့်မှာ အလွန်တရာ အားကောင်းနေသည်။

အလောင်းများသည် မီးတောက်များ၏ဖုံးလွှမ်းခြင်းကို ခံရပြီးသည့်နောက်မှာတော့ ၎င်းတို့၏မာကြောလှသော အသားနှင့်အရေပြားများ အားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

မည်မျှအားကောင်းသည့် ခန္ဓာကိုယ်ဖြစ်သည်ဆိုဆို.. နတ်ဘုရားအဆင့်မီးတောက်နှင့် ထိတွေ့ချိန်မှာတော့ မည်သို့မှ မခုခံနိုင်ခဲ့တော့ချေ။

ရွှီး.. ရွှီး..

တချိန်တည်းမှာပင် တခြားသော တည်နေရာသုံးခုဆီမှ အလောင်းကောင် တစ်ဒါဇင်ကျော်တို့သည် ပြေးဝင်လာကြတော့၏။

“မင်းတို့အားလုံး ပျောက်ကွယ်စမ်း”

ဝှစ်.. ဝှစ်..

ကြယ်မီးတောက်သည် ပေါက်ကွဲထွက်ပေါ်သွား၏။ လှိုဏ်ဂူ၏တစ်ဝက်လောက်သည် မီးတောက်များနှင့် ဖုံးလွှမ်းလျက်ရှိပြီး မီးပင်လယ်ကြီးကဲ့သို့ပင် ဖြစ်လျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ အားအကောင်းဆုံးသော မီးတောက်များကို ပထမဦးဆုံးအကြိမ် ထုတ်ဖော်အသုံးပြုခြင်းဖြစ်သည်။ အားအင်အဆင့်သည် သူ၏အနောက် ခပ်လှမ်းလှမ်းတွင် ရှိနေသော ရှစ်ကျန်းရွှမ်ပင်လျှင် ထိတ်လန့်တုန်လှုပ်မိသွားစေ၏။

သူမအနေနှင့် သူမ၏မျက်စိဖြင့် ဖြစ်ပေါ်နေသည့် မြင်ကွင်းကို မမြင်ရဘူးဆိုသော်လည်း အလွန်တရာ ကြမ်းတမ်းလှသော မီးတောက်အော်ရာများကို ခံစားကြည့်မိသည့်နောက်မှာတော့ ထိုမီးတောက်၏ စွမ်းအင်များသည် ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်း၏ အကြီးအကဲထက်ပင် ပိုမို၍ အားကောင်းနေသည်ကို သိရှိမိသည်။

ရွှီး.. ရွှီး..

တောက်လောင်လွန်းသော မီးတောက်များ၏အောက်မှာတော့ အရိုးနှင့်အရေပြားများကို မီးစွဲလောင်သည့်အသံများကို ကြားနေရ၏။ အလောင်းများသည် မီးပင်လယ်ကြီးများအောက်တွင် တစ်ကောင်ပြီးတစ်ကောင် ပြာအဖြစ်သို့ ပြောင်းလဲသွား၏။

မီးတောက်များ ပြန်လည်ရုတ်သိမ်းပြီးသည့်နောက်မှာ‌တော့ အနီးအနားတွင်ရှိသော အလောင်း ၄၀ကျော်တို့သည် ပြာအဖြစ်သို့ ကျွမ်းလောင်ခြင်းကို ခံလိုက်ရ၏။ ကြယ်မီးတောက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်များ အားလုံးကို အလျင်အမြန် သိမ်းဆည်းပြီးသည့်နောက်မှာတော့ ရှစ်ကျန်းရွှမ်ကို ဆွဲခေါ်ကာ နောက်ထပ်ဝင်ပေါက်တစ်ခုဆီသို့ သွားလိုက်တော့သည်။

ပြီးနောက် သူတွေးလိုက်၏။ ပထမဦးဆုံးက ဆေးပညာနဲ့ဆိုင်တဲ့ အရာတွေ၊ နောက်တစ်ခုက ဆေးမျိုးစေ့တွေ၊ ဒီတော့ ဒီသင်္ချိုင်းက ဆေးသူတော်စင်နဲ့ ကျိန်းသေပေါက် ပတ်သက်ရမယ်။

စနစ်က ပြောလိုက်သည်။ “ငါ သမိုင်းစာအုပ်တွေကို စစ်ဆေးကြည့်ရှုပြီးပြီ၊ သမိုင်းအချက်အလက်တွေအရဆိုရင် ဆေးသူတော်စင်ဆိုသူက တောင်ပိုင်းသဲကန္တာရနယ်မြေထဲမှာ ပေါ်လာခဲ့ဖူးတယ်လေ”

စနစ်သည် ကုန်းမြေတိုက်ကြီးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းလျက်ရှိနေ၏။

ဟုတ်ပေသည်။ ထိုသို့စုဆောင်းရာတွင် သမိုင်းမှတ်တမ်းများအကြောင်းကိုလည်း တစ်ချက်ကလေးမှ အလွတ်မပေးချေ။

“ဒီလိုလား”

သတင်းအချက်အလက်သည် အလွန်တရာ အရေးကြီးလွန်းလှ၏။ ဤသင်္ချိုင်း၏ပိုင်ရှင်သည် ဆေးသူတော်စင် မဟုတ်လျှင်တောင်မှ ဆေးသူတော်စင်နှင့် ပတ်သက်လိမ့်မည်ဟု ကျွင်းချောင်ရှောင်း ကောက်ချက်ချမိသည်။

ဟုတ်ပေသည်။ သူ့အနေနှင့် ဤကိစ္စအား ရှစ်ကျန်းရွှမ်အား ပြောဆိုလိမ့်မည် မဟုတ်ချေ။ သူမသာ စိတ်ဓာတ်ကျသွားမည်ဆိုလျှင် ပြဿနာများ ဖြစ်လာနိုင်၏။

စနစ်က ပြောလိုက်သည်။ “မှတ်တမ်းတွေအရဆိုရင် ဆေးသူတော်စင်က တောင်ပိုင်းသဲကန္တာရထဲကို လာခဲ့တာ အပြင်းအထန် နေမကောင်းဖြစ်နေတဲ့ သူ့မိန်းမကို ကယ်တင်ချင်လို့တဲ့”

ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ “သူက ဆေးသူတော်စင် မဟုတ်လား၊ သူကတောင် သူ့မိန်းမရဲ့ရောဂါကို မကုသနိုင်ဘူးလား”

စနစ်က ပြောလိုက်သည်။ “ဒါတော့ မသိဘူး”

ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ မမေးမြန်းတော့ချေ။ သူသည် ရှစ်ကျန်းရွှမ်အားခေါ်၍ လှိုဏ်ခေါင်းထဲသို့ဝင်ကာ အတွင်းဘက်သို့ ဆက်လက်ကာသွားလိုက်၏။

သူ ထွက်ခွာပြီးပြီးချင်းမှာပင် များပြားလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများသည် လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်လာကြသည်။ သူတို့အားလုံး၏ ပုံပန်းသွင်ပြင်များသည် ရှုပ်ယှက်ခတ်လျက်ရှိပြီး အဝတ်အစားများသည်လည်း စုတ်ပြတ်နေသည်။

ကြည့်ရသည်မှာ ကြမ်းတမ်းလှသည့် တိုက်ပွဲများကို ကျော်ဖြတ်ခဲ့ရပုံပေါ်၏။

ဟူး.. ဟူး..

အားလုံးသည် ရပ်တန့်ပြီးသည့်နောက်မှာတော့ အသက်ကိုမနည်းရှုလိုက်ကြ၏။

“ချီးတဲ့မှ”

ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်း၏အကြီးအကဲသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အဲဒီ ကျောက်တုံးလို မာကြောတဲ့ အလောင်းတွေက ဘာလို့ ဒီလောက်များရတာလဲ”

သူတို့ပြောဆိုနေသည်ကို ကြည့်လိုက်သည်နှင့်တပြိုင်နက် အလွန်တရာ အားကောင်းလှသော ခန္ဓာကိုယ်နှင့် အလောင်းများကို တွေ့ကြုံခဲ့သည်ဖြစ်ကြောင်း သိရှိနိုင်သည်။

အကြီးအကဲကဲ့နှင့် အခြားသောသူများ အားလုံးသည် များပြားလှသော ရှေးဆေးစာအုပ်များရှိသည့် အခန်းတည်နေရာထဲသို့ ရောက်ရှိခဲ့ကြသည်။ ထိုအရာများအား သိုင်းနည်းစနစ်များနှင့် မှားယွင်းကာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ကြ၏။

ထိုသို့တိုက်ခိုက်နေစဉ်အတွင်းမှာပင် အလောင်းကောင်များသည် ပေါ်လာခဲ့ကြ၏။ သူတို့အနေနှင့် ရွေးချယ်ခွင့်မရှိဘဲ အတူတူစုပေါင်း၍ အလောင်းကောင်များကို ပြန်လည်တိုက်ခိုက်ရပြန်သည်။

အချိန်အတော်ကြာ အားစိုက်ပြီးသည့်နောက်မှာ သူတို့သည် အလောင်းကောင်များကို အနိုင်ယူနိုင်ခဲ့၏။ ပြီးသည့်နောက်မှာတော့ ဤဆေးဥယျာဉ်ကဲ့သို့သော တည်နေရာဆီသို့ ရောက်ရှိလာ၏။

“ဟမ်”

ကျွမ်းလောင်ခြင်းဂိုဏ်း၏အကြီးအကဲသည် ရုတ်တရက် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီမှာ အရမ်းကိုကြမ်းတဲ့ မီးတောက်အော်ရာတွေ ရှိနေတယ်”

မီးဓာတ်သဘာဝကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အပြင် သိုင်းအုပ်စိုးသူတစ်ယောက်လည်း ဖြစ်သည်မို့ သူသည် ဓာတ်သဘာဝတူညီသည့် အော်ရာများကို ကောင်းကောင်းအာရုံစိုက် ကြည့်ရှုနိုင်သည်။

သူ သေချာစစ်ဆေးကြည့်ရှုပြီးသည့်နောက်မှာတော့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဒီမီးဓာတ်သဘာဝက မီးဓာတ်နဲ့ပတ်သက်ရင် ကျုပ်ထက်တောင် ပိုပြီးအားကောင်းနေတာပဲ”

“ဘယ်သူလဲ”

ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်း၏အကြီးအကဲသည် ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းကို တွေးလိုက်မိ၏။ ထို့အပြင် ၎င်းနှင့် မြောင်ဟွာ ခန်းမသခင်တို့သည် အရင်ဆုံးရှေ့မှ ဝင်ရောက်သွားကြသည် မဟုတ်လား။

ဤလူသည် မီးဓာတ်သဘာဝကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု ကောလဟာလများကို သူ ကြားခဲ့ရဖူးသည်။ သို့ပေမဲ့ ဘုရင်အဆင့်သာ ရှိနေသေး၏။ အဘယ်ကြောင့် ၎င်း၏မီးဓာတ်အပေါ် နားလည်မှုသည် သူ့ထက်ပို၍ အားကောင်းနေရသနည်း။

“ထူးဆန်းလိုက်တာ”

အကြီးအကဲကဲ့သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဘာလို့ ဒီနေရာမှာ ဘာမှမရှိတာလဲ”

တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်း ရောက်ခဲ့သောနေရာတွင် တစ်စုံတစ်ခု ကျန်ခဲ့သည် ဆိုသည်ကသာလျှင် ထူးဆန်းနေပေလိမ့်မည်။ ဘာမှမရှိခြင်းသည် ထူးဆန်းသည့်အရာ မဟုတ်တော့ပေ။

All Chapters