အခန်း (၆၃၂)
Vol. 43 Ch. 632
ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်ကို ခေါ်ကာ တခြားသောလှိုဏ်ဂူတည်နေရာတစ်ခုဆီသို့ ဝင်ရောက်သွား လိုက်တော့သည်။ ထိုလှိုဏ်ဂူထဲရှိ အမိုးများမှာတော့ အလွန်တရာလင်းထိန်လှသော ပုလဲများနှင့် အလှဆင် ထားသည်မို့ တည်နေရာတစ်ခုလုံးသည် ထင်လင်းလျက်ရှိ၏။
ဤနေရာသည် လူသားများဖန်တီးထားသည့် တည်နေရာတစ်ခု ဖြစ်ပုံပေါ်ပြီး နန်းတော်တစ်ခုနှင့်ပင် ဆင်တူလှ၏။ ဟောခန်းကြီးတစ်ခုလုံးအား ထောက်တိုင် ရှစ်ခုက ထောက်ပံ့ပေးထားပြီး ထိုတိုင်များပေါ်တွင် အသက်ဝင်နေသော ငှက်နှင့် သားရဲများ၏ ပုံသဏ္ဍာန်များကို ထွင်းထုထား၏။ ဤအရာသည် အမှန်ပင် ကြီးကျယ်ခမ်းနားလွန်းလှသည်။
ကျွင်းချောင်ရှောင်းသည် သေသေချာချာ ကြည့်ရှု့ကာ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ တည်နေရာ၏ အလယ်ဗဟိုသို့ ရောက်ရှိသွားတော့သည်။ ဤနေရာတွင်တော့ ဆယ်ပေခန့်မြင့်မားလှသော ကျောက်စင်မြင့်တစ်ခု တည်ရှိနေပြီး ကျောက်အခေါင်းနှစ်ခုသည် ထိုနေရာတွင် ရှိနေ၏။ ထိုအခေါင်းများသည် ရှေးကျပုံပေါ်ပြီး သီးသန့် ဖြစ်တည်ခြင်းအော်ရာများ ထွက်ပေါ်လျက်ရှိ၏။
“ဒီနေရာမှာ လူတွေကို မြှုပ်နှံထားတာနဲ့တူတယ်” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။
သူအရှေ့ကိုလျှောက်ဝင်ရန် ပြင်လိုက်ချိန်မှာတော့ ရုတ်တရက် ချောင်းဟန့်သံ ကြားလိုက်ရသည်။ အလျင်အမြန်လှည့်ကြည့်လိုက်သည့်နောက်မှာတော့ အလင်းမရောက်နိုင်သည့် အမှောင်ထဲမှ ထွက်လျှောက်လာသော ခါးကုန်းကုန်းနှင့် အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရတော့သည်။ ၎င်း၏ ဆံပင်များသည် ပွစာကျဲလျက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ထင်းချောင်းတစ်ခုကဲ့သို့ပင် ပိန်လှီလျက်ရှိ၏။ မျက်နှာသည် အလွန်တရာ ဖြူဖွေးနေပြီး မျက်လုံးထဲတွင်တော့ မည်သည့်အသက်ဓာတ်မှ မရှိချေ။ ၎င်းသည် နောက်ထပ် အလောင်းကောင်တစ်ခုဟု တွေးထင်စရာရှိ၏။
“ခင်ဗျား ဘယ်သူလဲ” ကျွင်းချောင်ရှောင်းသည် လှမ်း၍ မေးလိုက်၏။
အဘိုးအိုသည် ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်သည်။ “ကလေး …… ငါစောင့်ကြပ်နေတဲ့ သင်္ချိုင်းကို ရောက်လာပြီးတော့မှ မင်းက ဒီမေးခွန်းကို ပြန်မေးရတယ်လား”
သူ၏ အသံသည် အေးစက်ပြီး တစ်မျိုးကြီးဖြစ်၏။ ငရဲပြည်တွင် ငြီးတွားလျက်ရှိသော သရဲတစ်ကောင်နှင့်ပင် ဆင်တူ၏။ ထိုအသံသည် အပြင်ဘက်တွင် ကြားခဲ့ရသော အသံနှင့် ဆင်တူနေသည်ကို ကျွင်းချောင်ရှောင်းသည် သိရှိလိုက်ရ၏။
“ခင်ဗျားက ဒီက သင်္ချိုင်းစောင့်လား”
“ဟုတ်တယ်”
အဘိုးအိုသည် ရှစ်ကျန်းရွမ်ကို ကြည့်ကာ ပြောလိုက်၏။ “မင်းတို့ စုံတွဲက ဒီထဲကို ချိုးဖောက်ဝင်ရောက်လာနိုင်တယ်ဆိုတော့ ငါ့သခင်ကို ဂါရဝပြုဖို့ လုံလောက်တဲ့ အရည် အသွေးရှိတယ်”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒါက ဘယ်သူ့ရဲ့သင်္ချိုင်းလဲ”
“ဒါက ဆေးသူတော်စင်နဲ့ သူ့မိန်းမရဲ့ အုတ်ဂူတွေလေ”
အဘိုးအိုသည် အမှတ်တမဲ့ပြောလိုက်သည်ဖြစ်သော်လည်း ၎င်း၏မျက်လုံးထဲတွင်တော့ ထိခိုက်နာကျင်နေသည့် အရိပ်လက္ခဏာမျိုး ထင်ပေါ်လျက်ရှိနေ၏။
အနောက်ဘက်တွင် ရပ်တန့်နေသော ရှစ်ကျန်းရွမ်သည် အနည်းငယ် တုန်ယင်သွား၏။ ပြီးနောက် အလိုမကျသလို ပြောလိုက်သည်။ “ဆေး ….. ဆေးသူတော်စင်က သေသွားပြီလား”
သူမသည် လောကကြီးတစ်ခုလုံးတွင်ရှိသော ကျော်ကြားလှသည့် သမားတော်များကို ရှာဖွေခဲ့ပြီးဖြစ်သည်။ မည်သို့သော တစ်ဦးတစ်ယောက်ကမှ သူမ၏ မျက်လုံးရောဂါကို မကုသနိုင်ခဲ့ချေ။ သို့ပေမဲ့ ဆေးသူတော်စင် တစ်ယောက်သည်သာ သူမ၏ မျှော်လင့်ချက်ဖြစ်၏။ ဆေးသူတော်စင် သေသွားသည်ကို သိရှိပြီးနောက် ကြီးမား သည့် ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခန်းမသခင်ရှစ်… ခင်ဗျားနဲ့ကျုပ် အသက်ရှင်နေသေးတယ်ဆိုရင် မျှော်လင့်ချက်ရှိပါသေးတယ်၊ အရှုံးမပေးနဲ့၊ လွယ်လွယ်ကူကူ အရှုံးပေးစရာ မလိုဘူး”
ဤတစ်ကြိမ်မှာတော့ သူသည် ရှိရှိသမျှသော စိတ်အားတက်ကြွမှု ပေးနိုင်သော စကားလုံးများကို ရှာဖွေ၍ အလျင်အမြန်ပင် အားပေးစကားပြောလိုက်မိ၏။
သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ ဆေးသူတော်စင် သေဆုံးခြင်း သည် ရှစ်ကျန်းရွမ်အား ကြီးကြီးမားမား ရိုက်ခတ်မိ၏။ သူမ၏ စိတ်တစ်ခုလုံးသည် စိတ်ပျက်ခြင်းအငွေ့အသက် များနှင့် ပြည့်နှက်သွား၏။
ဟူး ဟူး
ချက်ချင်းဆိုသလိုပဲ အလွန်တရာကြမ်းရမ်းလှသော စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ တော့သည်။
“သွားပြီ”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ အနောက်ဘက်တွင် မတ်တပ်ရပ်လျက်ရှိသော ရှစ်ကျန်းရွမ်၏ ဆံပင်များသည် လေထဲတွင် လွင့်စင်သွား၏။ သူမ၏ အသက်မဲ့လှသော မျက်လုံးများသည် အေးစက်ပြီး တင်းမာလာတော့၏။
ရွှီး ….
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်လှည့်၍ သူမ၏ လက်ကောက်ဝတ်ကို လှမ်း၍ဆွဲကာ မရီဒန်များကို စည်းခတ်ရန်ပြင်ဆင်လိုက်သည်။
ဘန်း …။
သို့ပေမဲ့ ရှစ်ကျန်းရွမ်၏ ခန္ဓာကိုယ်သည် အထူးစွမ်းအင်များ ရှိနေပုံဖြင့် ထိလိုက်သည်နှင့်တပြိုင်နက် သူ့အား အနောက်ဘက်သို့ ပြန်ကန်သွားစေ၏။
ဟမ်
အဘိုးအိုသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီမိန်းကလေးကလည်း နေမကောင်းဘူးပဲ”
“…”
ကျွင်းချောင်ရှောင်းသည် ပြိုလဲသွားတော့မလို ဖြစ်သွား၏။
အဘိုး… ဒါက နေမကောင်းဖြစ်နေတာ မဟုတ်ဘူး၊ ရူးနေတာ၊ ရူးနေတာ၊ စိတ်ဖောက်သွားတာလေ ..။
“ခန်းမသခင်ရှစ်”
“သေစမ်း” ရှစ်ကျန်းရွမ်သည် အေးစက်စက်အော်လိုက်၏။ ပြီးနောက် သူမ၏ လက်ဝါးများကို ဆန့်တန်းကာ သိုင်းဘုရင် ထိပ်ဆုံး အဆင့်နှင့် နှိုင်းယှဉ်၍ ရသော ကျင့်ကြံခြင်း စွမ်းအင်များကို ထုတ်ဖော်တော့သည်။
ကျွင်းချောင်ရှောင်း သည် လက်တစ်ဖက်နှင့် လွယ်လွယ်ကူကူ ဖမ်းဆီးလိုက်၏။ မရီဒန်များကို ထပ်မံ၍ စည်းခတ်ရန် ကြိုးစားလိုက် တော့သည်။ အဆုံးသတ်မှာတော့ ဘာမှန်းမသိသည့်စွမ်းအင်တချို့ကြောင့် သူသည် အနောက်ဘက်သို့ ပြန်ကန် သွားခဲ့သည်။ သူ့အနေနှင့် ရွေးချယ်ခွင့်မရှိတော့ချေ။ ထို့ကြောင့် သူမ၏လက်ကို မြဲမြဲစွဲကိုင်ထားသည်။
“ခန်းမသခင်ရှစ်… ခွင့်လွှတ်ပါ”
ဖောင်း
သူသည်လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်ကို ဖျက်ဆီးလိုက်၏။ ပြီးနောက် သူမ၏ ဦးခေါင်းအား အနောက်ဘက်မှ အသာရိုက်ထုတ်လိုက်တော့သည်။ အားအနည်းငယ် သုံးခဲ့သည် ဖြစ်သောကြောင့် ရှစ်ကျန်းရွမ်သည် တစ်ခါတည်း ပျော့ခွေသွားသည်။ ပြီးနောက် ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ ပြိုလဲကျပြီး တစ်ခါတည်း မေ့မျောသွားတော့သည်။ ကံကောင်းစွာဖြင့် ကျွင်းချောင်ရှောင်းသည် အားကောင်းနေပြီဖြစ်၏။ မဟုတ်ပါက သူမကို မည်သို့မှ အနိုင်ယူထိန်းချုပ်နိုင်မည် မဟုတ်ပေ။
“ကလေး”
အဘိုးအိုက ပြောလိုက်သည်။ “ကလေးမလေးကို ကြည့်ရတာ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေပုံပဲ၊ ဒါကြောင့် သင်္ချိုင်းထဲကို ဝင်လာနိုင်တာ ဖြစ်မယ်၊ ဒါက ကောင်းကင်ရဲ့ အလိုတော်အတိုင်းပဲ”
ကျွင်းချောင်ရှောင်းသည် အဘိုးအိုအား လျစ်လျှူရှု၍ ရှစ်ကျန်းရွမ်ကို ကောက်ချီလိုက်သည်။
အဘိုးအိုက ဆက်ပြောလိုက်၏။ “သူအသက်ရှင်နေတုန်းမှာ ဆရာက ဆေးပင်တွေ စိုက်ပျိုးခဲ့ဘူးတယ်၊ အဲဆေးပင်တွေရဲ့ အကျိုးသက်ရောက်မှုက အရမ်းကို အားကောင်းပြီးတော့ ရှုပ်ထွေးလှတဲ့ ရောဂါတွေအကုန်လုံးကို ပျောက်ကွယ်စေနိုင်တယ်၊ မင်းတို့က ဒါကိုတွေ့ဖို့ ရေစက်ပါတယ်ဆိုမှတော့ ယူလိုက်တော့”
“ဘယ်နေရာမှာလဲ” ကျွင်းချောင်ရှောင်းမေးလိုက်သည်။
“ငါ့နောက်လိုက်ခဲ့” အဘိုးအိုသည် အသာလှည့်ကာ လျှောက်ထွက်သွား၏။ ပြီးနောက် အနောက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ သူ၏နောက်သို့ လိုက်ပါသွား၏။ မကြာခင်မှာပဲ သူတို့သည် အခြားသောလှိုဏ်ဂူတစ်ခုဆီသို့ ရောက်ရှိသွား၏။ တိတိကျကျပြောရမည်ဆိုလျှင် ဤနေရာသည် တောင်လျှောချောက်တစ်ခုနှင့်ပင် ဆင်တူနေ၏။ အလယ်တည်နေရာတွင် ကျောက်ပြားတစ်ချပ် သည် လွင့်မျောလျက်ရှိပြီး ထိုနေရာပေါ်တွင်တော့ ထူထဲလှသော မြေဆီလွှာတစ်ခု ရှိနေသည်။ ကြာပန်း ပုံသဏ္ဍာန်ဆေးပင်တစ်ခုသည် ရောင်စဉ်များ ထွန်းလင်းလျက် ထိုနေရာတွင် ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် အဝေးဆီမှ လှမ်းကြည့်လိုက်သည့်နောက်မှာတော့ အလွန်တရာအားကောင်းလှသည့် အသက်ဓာတ်များကို ခံစားမိလိုက်၏။ သူသည် ကြိတ်ကာ ပြောလိုက်မိသည်။ ဒီဆေးပင်က တကယ့်ကို မရိုးရှင်းဘူး။
“ဒါက သန့်စင်နှလုံးသား သူတော်စင် ကြာပန်းပဲ၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ နတ်ဘုရားအဆင့် ဆေးပင် အနည်းငယ်ထဲက တစ်ခုလေ၊ ဆရာက အသက်ရှင်ကတည်းက စိုက်ပျိုးခဲ့တာ။ သူက ဒီဆေးပင်ကို အသုံးပြုပြီးတော့ သူ့မိန်းမကို ကယ်တင်ချင်ခဲ့တယ်၊ ဒါပေမဲ့ အဆုံးသတ်မှာ…”
အဘိုးအိုသည် သက်ပြင်းချကာ ခေါင်းကိုခါယမ်းလိုက်၏။ “ဆေးပင်က ခူးလို့မရသေးခင်မှာပဲ သူ့မိန်းမက သေဆုံးသွားတယ်”
“ပြီးတော့ကော” ကျွင်းချောင်ရှောင်းက ဆက်မေးလိုက်၏။
အဘိုးအိုက ဆက်ပြောလိုက်သည်။ “သူက ဆေးသူတော်စင်တစ်ယောက်ဖြစ်တယ်ဆိုပေမဲ့ သူ့မိန်းမရဲ့ရောဂါကို ကုသဖို့အတွက် အရမ်းကို ခက်ခဲတယ်၊ ဒါကြောင့် သူ့ကိုယ်သူ အရမ်းကို အပြစ်တင်ခဲ့တယ်၊ နောက်ဆုံးမှာတော့ သေဆုံးဖို့လမ်းကို ရွေးချယ်ပြီးတော့ သူ့မိန်းမနောက်ကို လိုက်သွားတာပဲ”
ချစ်ခင်နှစ်သက်ရသော လူတစ်ယောက်သေဆုံးသွားပြီးသည့်နောက်မှာတော့ သူသည် လိုက်ပါသွားရန်ကိုသာ ရွေးချယ်ခဲ့၏။ ရရှိခံစားခဲ့ရသော ခံစားချက်များသည် မည်မျှ ဝမ်းနည်းစရာ ကောင်းနေလိုက်မည်နည်း။
အဘိုးအို သည် ဆေးပင်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ဒီသန့်စင်နှလုံးသားသူတော်စင်ကြာပန်းက ဆရာသေဆုံးပြီး ဒုတိယနှစ်မှာမှ ပေါက်ရောက်လာတာပဲ၊ တကယ်လို့သာ …”
သူသည် လက်သီးကိုဆုပ်ကာ ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်၏။ “သခင်မသာ နောက်ထပ်နှစ်နှစ်လောက် ကြံ့ကြံ့ခံနိုင်ခဲ့မယ်ဆိုရင် ဆရာအနေနဲ့ ထင်မှတ်ထားတဲ့ကိစ္စတွေ အကုန်လုံးကို လုပ်နိုင်လောက်တယ်”
ကျွင်းချောင်ရှောင်းသည် အစက အဆုံးထိ မည်သည့်စကားမှ မပြောချေ။ ဆေးသူတော်စင်သည် သူ၏ မိန်းမကိုယ်ပင် ကုသနိုင်ခြင်းမရှိခဲ့ပေ။ အဆုံးသတ်မှာတော့ သူ၏လက်ပေါ်တွင် သေဆုံးစေခဲ့၏။ ဤကဲ့သို့ နာကျင်မှု၊ စိတ်ပျက်ဝမ်းနည်းစေမှုများ အားလုံးသည် တွေးကြည့်လိုက်ရုံဖြင့် သူကိုယ်တိုင်ပင် ရင်ထဲတွင် ခံစားမိ လာမိ၏။ ချက်ချင်းပဲ ကျွင်းချောင်ရှောင်းသည် ထူးဆန်းသည့် တည်နေရာတစ်ခုထဲသို့ ဝင်ရောက်သွားသည် စိတ်ကူးထဲတွင် ဖြစ်တည်လာသည်။
ဘေးမှကြည့်ရှုနေသူတစ်ယောက်အနေဖြင့် ဆေးသူတော်စင်တစ်ယောက် သန့်စင်နှလုံးသားသူတော်စင် ကြာပန်းအား စိုက်ပျိုးနေသည်ကို မြင်လာသည်။ ပြီးနောက် သူချစ်ခင်ရသည့် အမျိုးသမီးနောက် လိုက်ပါသွားသည့် မြင်ကွင်းသည်လည်း သူ၏ဦးနှောက်ထဲတွင် ထင်ပေါ်လာခဲ့၏။
“လောကကြီးတွင် အချစ်ဆိုတာဘာလဲ၊ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက နေထိုင်ဖြတ်သန်းမှုက ဘာအဓိပ္ပာယ်လဲ၊ လူတွေက ရှင်သန်ချိန်ကနေ သေဆုံးချိန်အထိ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ နေထိုင်သွားကြ တာလဲ၊ ပျော်ရွှင်မှုဆိုတာ စိတ်ဝင်စားဖို့ကောင်းပြီး ခွဲခွာမှုဆိုတာ နာကျင်စရာ ကောင်းလွန်းတယ်”
………..
“မင်း ဒီသန့်စင်နှလုံးသားသူတော်စင်ကြာပန်းကို ယူလိုက်၊ ပြီးတော့ ဒီမိန်းကလေးကို ကုသပေးတဲ့နေရာမှာ သုံးလိုက်လေ၊ ဒါကို ဆရာကလည်း သဘောကျမှာပါ” အဘိုးအိုက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
“ဒါပေမဲ့”
အဘိုးအိုက သတိပေးလိုက်သည်။ “ဆေးပင်စိုက်ပျိုးတဲ့ နေရာက အချစ်ကြမ္မာနယ်မြေလို့ ခေါ်တယ်၊ ရေစက်ပါတဲ့ အမျိုးသားနဲ့ အမျိုးသမီး စုံတွဲ မဟုတ်ဘူးဆိုရင် ဒီနေရာကို ဝင်ရောက်လာဖို့ မလွယ်ဘူး၊ ပြီးတော့ ဒီကပစ္စည်းကို ယူသွားဖို့ မလွယ်ဘူး၊ မင်းနဲ့ ဒီမိန်းကလေးက လှိုဏ်ဂူထဲကို ချိုးဖြတ်ဝင်ရောက်လာနိုင်တယ်ဆိုတော့ မင်းတို့ကြားမှာ နက်နဲလှတဲ့ ဆက်ဆံရေး ရှိနေပုံပေါ်တယ်၊ ဒီတော့ ပြဿနာမရှိလောက်ဘူးလေ”
ကျွင်းချောင်ရှောင်း ကြောင်သွားမိ၏။
ခန်းမသခင်ရှစ်နဲ့ ကျုပ်က သူငယ်ချင်းတွေလေ၊ ဘယ်လိုဖြစ်ပြီး ညစ်ညမ်းတဲ့ ဆက်ဆံရေး ရှိနေရမှာလဲ၊ ခင်ဗျား ပေါက်ကရတွေ လျှောက်ပြောမယ်ဆိုရင် တစ်ခါတည်း ထရိုက်လိုက်မယ်။
ထားလိုက်တော့၊ ထားလိုက်တော့ အရင်ဆုံး စမ်းကြည့်ရမယ်။
ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်အား အသာသယ်ပိုးရင်း ခုန်လွှားလိုက်၏။ လေထဲတွင် လွင့်မျောလျက်ရှိသော ကျောက်ပြားဆီသို့ ပျံသန်းပြီးနောက်တွင် သူသည် သန့်စင် နှလုံးသားသူတော်စင်ကြာပန်း၏ အရှေ့သို့ ရောက်ရှိသွားခဲ့၏။
“သေချာပြီ၊ အချစ်က ရွှေထက်ပိုပြီး အားကောင်းတာပဲ”
အဘိုးအိုက ပြောလိုက်သည်။ “ကလေး … ဒီဆေးပင်က နတ်ဆေးပင်ပဲ၊ သေသေချာချာ တူးဖို့ လိုအပ်တယ်၊ ပြီးရင် သူ့ရဲ့ စိတ်ဝိညာဉ် ဓာတ်သဘာဝတွေ ဆုံးရှုံးသွားတာကို ရှောင်ရှားတဲ့အနေနဲ့ သိုလှောင်လက်စွပ်ထဲကို ထည့်သွင်းတဲ့အလုပ်ကို မလုပ်သင့်ဘူး”
ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်အား လက်တစ်ဖက်ဖြင့် သယ်ဆောင်ပြီး မြေဆီလွှာများကို ဖြည်းဖြည်းချင်း အသာတူးထုတ်ရင်း သန့်စင်နှလုံးသားသူတောစင်ကြာပန်းအား ခူးလိုက်တော့၏။ အနီးကပ်ထိတွေ့နေသည် ဖြစ်သည်မို့ သူသည် ထိုဆေးပင်ဆီမှ အလွန်တရာသန့်စင်လှသော အသက်အော်ရာများကို ခံစားမိနေ၏။ မွှေးပျံ့သည့်အနံ့ကိုလည်း ခပ်ရေးရေး ရမိနေသည်။ သူ၏ စိတ်တစ်ခုလုံးသည် လန်းဆန်းလာတော့၏။ နတ်ဘုရားအဆင့် ဆေးပင်မျိုးသည် အလွန်တရာ အံ့အားသင့်စရာ ကောင်းလွန်းလှသည်။
ရွှီး
သူသည် သန့်စင်နှလုံးသားသူတော်စင်ကြာပန်းအား အသာခူးဆွတ်ပြီးနောက်မှာတော့ ရှစ်ကျန်းရွမ်အား သယ်ဆောင်ကာ မူလနေရာဆီသို့ ပြန်ရောက်လာခဲ့၏။
ဝှစ်
သို့ပေမဲ့ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ချိန်မှာပဲ အေးစက်သည့်အားအင်တစ်ခုသည် ဘေးတစ်ဖက်ဆီမှ ပေါ်လာသည်။ အဘိုးအို၏ ပိန်လှီနေသော လက်ငါးချောင်းသည် သူ့အား ရုတ်တရက် လှမ်းဆွဲ လိုက်၏။
ဘန်း
ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာပြီး တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါသွား၏။
ဘုတ် ဘုတ် ဘုတ် ဘုတ်
အဘိုးအိုသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ သူ၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှု များနှင့် ပြည့်နှက်သွား၏။
ကျွင်းချောင်ရှောင်းသည် တည်နေရာမှာပဲ ငြိမ်ငြိမ်သက်သက်နှင့် ရပ်နေ၏။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးတောက်များနှင့် လွှမ်းခြုံလျက်ရှိသည်။ မီးတောက်များသည် အကာအကွယ်နံရံ တစ်ခုကဲ့သို့ ဖြစ်တည်နေတော့သည်။ သူသည် ရှစ်ကျန်းရွမ်နှင့် သန့်စင်နှလုံးသားသူတော်စင်ကြာပန်းအား လက်တစ်ဖက်ဖြင့် အသာကိုင်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အဘိုးကြီး တော်တော်ဆိုးတာပဲ”