အခန်း (၆၃၃)
Vol. 43 Ch. 633
လွင့်မျောနေသည့် ကျောက်ပြားချပ်ပေါ်မှ ခုန်ဆင်းလိုက်သော ကျွင်းချောင်ရှောင်းသည် အဘိုးကြီး၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံလိုက်ရ၏။ ကံကောင်းစွာဖြင့် သူသည် အလွန်တရာအားကောင်းလှသော မီးတောက်များကို ထုတ်လွှတ်၍ သူ၏ရှေ့တွင် အကာအကွယ်အဖြစ် ဖန်တီးကာ အချိန်မီ ကာကွယ်ထားလိုက်နိုင်၏။ ထို့ကြောင့် အဘိုးအို၏ တိုက်ခိုက်မှုသည် တားဆီးလိုက်ရုံသာမက ၎င်း၏လက်ဝါးကိုပင် မဲနက်သွားစေခဲ့၏။
“လူတော်လေးပဲ”
အဘိုးကြီးသည် လေးလေးနက်နက် ပြောလိုက်၏။ “မင်းမှာ မီးတောက်တွေ အများကြီးရှိနေတာပဲ”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ် မမှားဘူးဆိုရင် ခင်ဗျားက ဒီကြာပန်းကို လိုချင်လို့ လက်ငှားပြီး ကျုပ်ကို ခိုင်းခဲ့တာပဲ”
“သိပ်မှန်တာပေါ့”
အဘိုးကြီးသည် တင်းမာခက်ထန်သော မျက်နှာဖြင့် ပြောလိုက်၏။ “ငါ ဒီအခွင့်အရေးကို ရဖို့အတွက် နှစ်ပေါင်းသုံးထောင်တိတိ စောင့်မျှော်ခဲ့ရတာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သင်္ချိုင်းစောင့် တစ်ယောက်အနေနဲ့ ခင်ဗျားက ဒီကြာပန်းကို ရယူချင်နေတယ်၊ ဒါက သစ္စာဖောက် ခိုးယူတာနဲ့ မတူဘူးလား”
ဟား ဟား ဟား ဟား
အဘိုးကြီးသည် ကျယ်လောင်စွာ ရယ်လိုက်၏။ “ဒီအဘိုးကြီးက ဆေးသူတော်စင်ရဲ့ သင်္ချိုင်းကို နှစ်ပေါင်းသုံးထောင်တိတိ စောင့်ကြပ်ပေးခဲ့တာလေ၊ ဒီတော့ ဒီကြာပန်းကို ဆုလာဘ်အဖြစ် ရယူရမယ်”
ကျွင်းချောင်ရှောင်းသည် နားမလည်နိုင်ချေ။ ဤလူသည် ဆေးသူတော်စင်၏ အစေခံလား (သို့မဟုတ်) သူလျှို တစ်ယောက်ယောက်လေလား။
အဘိုးကြီးသည် ခက်ထန်စွာဖြင့် ပြောလိုက်၏။ “ဒီအဘိုးကြီးက ရတနာငါးပါး နတ်ဘုရားအတတ်ပညာကို လေ့ကျင့်တုန်း ရူးသွပ်သွားခဲ့တယ်၊ ဒါပေမဲ့ ဆေးသူတော်စင်က ကျုပ်ကို ကုသပေးခဲ့ပြီးတော့ သူကို့ အလုံးစုံ ခစားဖို့ ကတိတောင်းခဲ့တယ်”
စနစ်က ပြောလိုက်သည်။ “ရတနာငါးပါး နတ်ဘုရားအတတ်ဆိုတာက မိစ္ဆာသူတော်စင် ရတနာငါးပါး(ဝူကျူး) ဖန်တီးခဲ့တဲ့ ပြိုင်စံရှားသိုင်းနည်းစနစ် တစ်ခုပဲ”
“ဒါဆို ခင်ဗျားက မိစ္ဆာသူတော်စင် ရတနာငါးပါးလား” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
ခါးကုန်းအဘိုးအိုသည် ထူးဆန်းစွာ ရယ်လိုက်၏။ “ဒီလောက်နှစ်တွေ အများကြီးကြာချိန်အထိ ဒီအဘိုးကြီးကို မှတ်မိသိရှိတဲ့လူ ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး”
“ချီးတဲ့မှ …. မိစ္ဆာသူတော်စင်၊ သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ပဲ”
ပြဿနာသည် ပိုမို၍ လေးနက်လာခဲ့၏။
မဟုတ်ဘူး။
ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ ဒီလူ ခုနတုန်းက တိုက်ခိုက်ချက်က သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်ပဲ ရှိတယ်၊ မဟုတ်ရင် ငါဘယ်လိုလုပ် ခုခံနိုင် မှာလဲ။
စနစ်က ပြောလိုက်၏။ “ဒီလူရဲ့ကျင့်ကြံခြင်းက သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်ဆိုတာ သေချာတယ်”
“ဒီလိုကိုး”
ကျွင်းချောင်ရှောင်း စိတ်သက်သာရာ ရသွား၏။ သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးဆိုလျှင် သူ့အနေနှင့် ယုံကြည်ချက် ရှိနေ၏။
“ပြီးတော့ကော” ကျွင်းချောင်ရှောင်း ဆက်မေးလိုက်၏။
မိစ္ဆာသူတော်စင် ရတနာငါးပါး၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ် သွား၏။ သူ၏ မျက်နှာသည် ပြန်လည်၍ တင်းမာ ခက်ထန်လာ၏။ “ဆေးသူတော်စင်သေဆုံးပြီးနောက်မှာ ကျုပ်က လွတ်လပ်မှုရပြီလို့ ထင်ခဲ့တာလေ၊ ဒါပေမဲ့ ဒီလူက သေဆုံးသွား ပြီးတဲ့နောက်မှာ ကျုပ်ရဲ့ဝိညာဉ်ကို အစီအရင်တစ်ခုထဲမှာ ပိတ်ပြီး ထားခဲ့တယ်၊ ဒါကြောင့် ဒီခန္ဓာကိုယ်ထဲကို ပြန်ပြီး ဝင်နိုင်ဖို့အတွက် နှစ်ပေါင်းထောင်ကျော် ထပ်ပြီး စောင့်ခဲ့ရတယ်”
“ဒီသင်္ချိုင်းထဲမှာ ခင်ဗျားဘယ်လိုလုပ် အသက်ရှင်နေတာလဲ”
ကျွင်းချောင်ရှောင်းသည် ဤမေးခွန်းကို အစောကြီးကတည်းက မေးချင်နေခြင်း ဖြစ်သည်။ ထို့အပြင် နှစ်ပေါင်း သုံးထောင်ဆိုသည့်အရာသည် ကြာလွန်းနေသည်မဟုတ်လား။
“အမှိုက်ကလေး”
မိစ္ဆာသူတော်စင်က အေးစက်စက်နှင့် ပြောလိုက်သည်။ “မင်းနဲ့ အချိန်ဖြုန်းမနေတော့ဘူး၊ မြန်မြန်ငါ့ကို ကြာပန်းလွှဲပေး၊ မဟုတ်ရင် မင်းနဲ့ မင်းရဲ့ မိန်းကလေးကို ဒီမှာ မြေမြှုပ်ပစ်မယ်”
သူ၏ မျက်လုံးများသည် ဆေးပင်ကြာပန်းဆီမှာ မခွာခဲ့ချေ။ ဤအရာသည် ကျိန်းသေပေါက် သူ့အတွက် အရေးကြီးလှသည်။ နှစ်ပေါင်းများစွာ သူရဲ့ဝိညာဉ်အရင်းအမြစ်ကို ဖိနှိပ်ခြင်းခံထားရတာကြောင့် ခန္ဓာကိုယ် ထဲသို့ ပြန်လည်ရောက်ရှိခဲ့သည်ဆိုလျှင်တောင်မှ သူ၏အဆင့် ကျဆင်းသွားခြင်း ကြုံခဲ့ရ၏။ လက်ရှိအခြေအနေ တွင် ဤကြာပန်းကို ပြန်လည်၍ စားသောက်မှသာလျှင် သူ၏အခြေအနေသည် ပြန်လည်ကောင်းမွန်လာပေ လိမ့်မည်။
စနစ်က ပြောလိုက်၏။ “မေးခွန်းက ကောင်းတယ်”
အစတုန်းက ဤအဘိုးကြီးသည် မျက်နှာတစ်ရာဆေးသူတော်စင်အကြောင်းနှင့်ပတ်သက်၍ ပြောဆိုသည့် အချိန်တွင် ၎င်း၏ ခံစားချက်များသည် အစစ်အမှန်ကဲ့သို့ပင်ဖြစ်၏။ ထို့ကြောင့် သူသည် ယုံကြည်လုနီးပါးပင် ဖြစ်၏။ ဤလူသည် တာဝန်ကျေလှသော သင်္ချိုင်းစောင့်တစ်ယောက်ဖြစ်သည်ဟု သူထင်ထားမိ၏။ သို့ပေမဲ့ မိစ္ဆာစိတ်ဓာတ်နှင့် လူတစ်ယောက်ဖြစ်လို့နေ၏။
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းပြောလိုက်၏။ “ဆေးပင်ကို ကျုပ်ကရသွားပြီဆိုတော့ ဒါက ကျုပ်အပိုင်ဖြစ်သွားပြီ”
“မင်းက သေချင်နေတာပဲ”
မိစ္ဆာသူတော်စင် ဝူကျူးက အေးစက်စက်နှင့် ပြောလိုက်၏။ လက်ရှိအခြေအနေမှာတော့ သူသည် ဟန်ဆောင် ဖုံးကွယ်ခြင်းအားလုံးကို ဖယ်ရှားလိုက်ပြီးဖြစ်၏။ ထို့ကြောင့် ဟန်လုပ်နေစရာမလိုအပ်တော့ပေ။
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားက လွန်ခဲ့တဲ့နှစ်ပေါင်း သုံးထောင်လောက်တုန်းက အရမ်းအားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ချင် ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ကျုပ်က ဘယ်တော့မှ မကြောက်ဘူး”
“သောက်အမှိုက်ကလေး… ငါ့ရဲ့အားအင်တွေသာ အရင်ကလို ပြန်ပြီးရမယ်ဆိုရင် မင်းကို လက်တစ်ချောင်း နဲ့တောင်ဖိပြီး သတ်လို့ရတယ်”
မိစ္ဆာသူတော်စင် ဝူကျူးက အေးစက်စက်ပြောလိုက်၏။ ဤအရာမှာ အမှန်ပင်ဖြစ်သည်။ မိစ္ဆာသိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်သည် ၎င်း၏ ကျင့်ကြံခြင်းအဆင့်ကို အမှန်တကယ် ပြန်လည်ရရှိသည်ဆိုပါက ကျွင်းချောင်ရှောင်း၏ လက်ရှိအဆင့်သည် ကျိန်းသေပေါက် ပြန်တိုက်ခိုက်နိုင်မည့် အခွင့်အလမ်း မရှိချေ။
သို့ပေမဲ့ လက်ရှိအချိန်တွင် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်သာ ရှိနေ၏။ ထိုအရာကို အဘယ်ကြောင့် ဤမျှ မောက်မာနေရသနည်း။
ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်ကို အသာအောက်သို့ချပြီးသည့်နောက်မှာတော့ သူ၏ရှေ့တွင် စိတ်ဝိညာဉ် စွမ်းအင်နံရံတစ်ခုကို ဖန်တီးလိုက်၏။ ပြီးနောက် ကြာပန်းအား သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကာ သိမ်းဆည်းလိုက်၏။
ကြာပန်းအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ပျောက်ဆုံးသွားမည်ကို မကြောက်ရွံ့ဘူးလား။
အဓိပ္ပာယ် မရှိပေ။ တစ်ဖက်လူသည် ကြာပန်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်မည်ကို စိုးရိမ်သောကြောင့် သူ့အား လှည့်ဖျား၍ ပြောဆိုနေခြင်းဖြစ်ကြောင်း သူသိရှိနားလည်ပြီးဖြစ်၏။
“အဘိုးကြီး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ အေးစက်စက် အကြည့်ဖြင့်ကြည့်၍ ပြောလိုက်သည်။ “ခင်ဗျားက လှည့်စားရဲတယ်ဆိုမှတော့ ကျုပ်က ခင်ဗျားကို အရင်သေခိုင်းလိုက်မယ်”
သူသာ မြန်ဆန်သည့်တုန့်ပြန်မှုကို မပြုလုပ်နိုင်ခဲ့ပါက ကြီးမားသည့်အန္တရာယ်တွင်းသို့ ကျရောက်နေမှာ သေချာသည်။ ဆေးပင်ကို ယူချင်သည်ဆိုလျှင် ထားလိုက်ပါတော့၊ အဘယ်ကြောင့် ရိုင်းစိုင်းကြမ်းတမ်း လှသော တိုက်ခိုက်ချက်ကို ထုတ်ဖော်၍ တိုက်ခိုက်ခဲ့ရသနည်း။
ဟူး ဟူး
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်မှာတော့ နတ်ဘုရားအဆင့် မီးတောက်သုံးမျိုးနှင့် သူတော်စင်အဆင့် မီးတောက် ဆယ်မျိုးတို့သည် ဖြစ်တည်လာခဲ့တော့သည်။ သူသည် မီးလူသားတစ်ယောက်ကဲ့သို့ပင် အသွင်ပြောင်းလဲသွား၏။
မိစ္ဆာသူတော်စင် ဝူကျူးသည် တုန်လှုပ်သွားမိသည်။ “မင်းက နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်တာလား”
ရှေးခေတ်၏ ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်သည့် အားလျော်စွာပင် သူသည် ကျွင်းချောင်ရှောင်းအား တစ်ချက်ကြည့်လိုက်သည်ဆိုသည်နှင့် ကုန်းမြေတစ်ခုလုံးတွင် အားအကောင်းဆုံးသော နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်သူဖြစ်မှန်း သိရှိသွားခဲ့၏။
တခြားသော ခန္ဓာကိုယ်အမျိုးအစား ဖြစ်နေမည်ဆိုလျှင် သူ့အနေနှင့် ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နတ်မီးခန္ဓာကိုယ်မှာတော့ အားအကောင်းဆုံး ယန်ဓာတ်သဘာဝ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် ခန္ဓာကိုယ်ဖြစ်သည်။ ထိုအရာသည် မိစ္ဆာစွမ်းအင်များကို ဖယ်ရှားပစ်နိုင်စွမ်းရှိသည်။
အစောကြီးကတည်းက သိမည်ဆိုပါက သူ့အနေနှင့် အချိန်အတော်ကြာ ပုန်းအောင်းနေမိမည်ဖြစ်ပြီး အခွင့်အရေး ကောင်းကိုရမှာသာ လှုပ်ရှားဖို့ စဉ်းစားမိပေလိမ့်မည်။
ရွှီး …..။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်ပြီးသည့်နောက် သူ၏ ညာဘက်လက်သီးသည် လေဟာနယ်ထဲသို့ ရုတ်တရက်ဝှေ့ယမ်းလိုက်၏။ ခရမ်းရောင်နတ်မီးတောက်သည် သူ၏လက်သီးထက်တွင် ဖြစ်တည်လာပြီးသည့် နောက် လေထုထဲသို့ ရောက်ရှိသွားသည်။
ဟူး ဟူး
ခရမ်းရောင်မီးတောက်များသည် တဟုန်းဟုန်းနှင့် တောက်ပလျက်ရှိပြီး ခရမ်းရောင်နဂါးသားရဲတစ်ကောင် ပါးစပ် ဖွင့်၍ သွားရောက်ကိုက်ခဲသည့်ဟန်ပင်မျိုးဖြင့် ရှေ့သို့ တိုးဝင်သွားတော့သည်။
“သတ်ဖြတ်ခြင်းလက်ဝါး”
မိစ္ဆာသူတော်စင် ဝူကျူးသည် နောက်သို့ခြေနှစ်လမ်းဆုတ်ပြီးနောက် သူ၏လက်ဝါးများကို ရှေ့သို့ဆန့်ထုတ် လိုက်၏။ မိစ္ဆာယင်ဓာတ်သဘာဝများသည် ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပဲ ကြီးမားသည့်လက်ဝါးကြီး အဖြစ်သို့ ပြောင်းလဲကာ ရှေ့သို့ဖိချလိုက်၏။
ဂျိန်း
ကြမ်းတမ်းတောက်ပလွန်းသော ခရမ်းရောင်မီးတောက်များနှင့် ညှီစို့စို့ ဓာတ်သဘာဝများရှိသော လက်ဝါး ရိုက်ချက်ကြီး ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်မှာတော့ စွမ်းအင်လှိုင်းများသည် ဘုန်းကနဲ ဖြစ်တည်သွားပြီး လှိုဏ်ဂူတစ်ခုလုံးသည် တုန်ယင်သွားခဲ့သည်။
………
ထိုအချိန်မှာတော့ ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းကြီးနှင့် အကြီးအကဲကဲ့၊ တခြားသောသူများအားလုံးသည် သတိပြုမိရန် အခြေအနေတွင် မရှိကြချေ။ အဘယ်ကြောင့် ဆိုသော် ကျွင်းချောင်ရှောင်းသည် ကြာပန်းကို ခူးယူလိုက်ချိန်မှာတော့ အလောင်းကောင်တစ်ရာကျော်တို့သည် ရုတ်တရက် မြေကြီးထဲကနေ ထွက်လာကြ တော့၏။
ထိုအလောင်းကောင်များသည် မျက်နှာတစ်ရာဆေးသူတော်စင် အသက်ရှင်စဉ်က ချန်ထားခဲ့သော အလောင်းကောင်များဖြစ်၏။ ထိုအရာများ သည် ပြင်ပမှလူများ ရောက်ရှိလာပြီး ဆေးပင်အား ခူးဆွတ်မည်ကို စိုးရိမ်သောကြောင့် ဖန်တီးထားသော အရာများလည်း ဖြစ်နေသည်။
“ဒါက ပြဿနာပဲ”
ကျွမ်းလောင်ခြင်း မီးတောက်ဂိုဏ်း၏ အကြီးအကဲသည် မျက်မှောင်ကုတ်လိုက်၏။ အားအင်အရဆိုလျှင် သူသည် အလောင်းများထက် ပိုမို အားကောင်း၏။ သို့ပေမဲ့ တစ်ဖက်လူများသည် ခုခံနိုင်ခြင်းအားအင် အလွန်တရာ ကောင်းမွန်ပြီး အရေအတွက်လည်း များပြားလှသည်မို့ လွယ်လွယ်ကူကူနှင့် တိုက်ခိုက်အနိုင်ယူဖို့ မဖြစ်နိုင်ချေ။ ဤတိုင်းသာ ဆက်လက်တိုက်ခိုက်သွားမည်ဆိုပါက ကျိန်းသေပေါက် မောပန်းသွားပေလိမ့်မည်။
ခွပ် ခလွပ် ခွပ်
ရုတ်တရက် မြေကြီးသည် ကွဲအက်သွား၏။ နောက်ကျောဘက်တွင် ဓားကို လွယ်ပိုးထားသော အလောင်းကောင် ဆယ်ကောင်သည် ဖြည်းညှင်းစွာဖြင့် မတ်တပ်ထရပ်လာ၏။ ၎င်းတို့တွင် မည်သည့်အသက်ဓာတ်မှ မရှိဘူးဟု ဆိုသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးသည် ထက်ရှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိနေသည်။ သံသယရှိစရာ ပင်မလိုချေ။ ထိုလူများသည် အသက်ရှိစဉ်က ဓားကျင့်ကြံသူများ ဖြစ်ခဲ့ပုံပေါ်၏။
အကြီးအကဲကဲ့သည် အလောင်းကောင်ရှစ်ခု၏ အဝတ်အစားများကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ခါးတွင်ရှိသော စာသားအား သတိပြုမိလိုက်မိသည်။
“မိစ္ဆာဓားဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူ ရှစ်ယောက်လား”
မိစ္ဆာဓားဂိုဏ်း - တတိယအဆင့်ဂိုဏ်းတစ်ခုဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်းသုံးထောင်ကျော်က ထိပ်ဆုံးအဆင့်သို့ ရောက်ရှိလုပင်။ ၎င်းတို့၏ အားအင်အဆင့်သည် ဒုတိယအဆင့် ဂိုဏ်းများနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။
“ဒီလူတွေကို မျက်နှာတစ်ရာ ဆေးသူတော်စင်ရဲ့ ရောင်စဉ်ကိုးပါး နတ်ဘုရားအပ်နဲ့ သတ်ဖြတ်ခဲ့တာ မဟုတ်လား၊ ဘာလို့ ဒီကို ရောက်နေရတာလဲ”
“ဆေးသူတော်စင်က ဆန်းကြယ်တဲ့ အကျင့်တစ်ခုရှိတယ်တဲ့၊ သူက သူသတ်ခဲ့တဲ့ အလောင်း တွေကို ထိန်းသိမ်းထားရတာ နှစ်သက်တယ်လို့ ဆိုတယ်”
“ကျုပ်လည်း ဒါကိုကြားဖူးတယ်။ သူက မိစ္ဆာဂိုဏ်းတွေကိုသာ သတ်ဖြတ်တာဖြစ်ပြီး မှန်ကန်တဲ့ဂိုဏ်း တွေကိုတော့ ဘယ်တုန်းကမှ မသတ်ဖြတ်ခဲ့ဖူးဘူး”
ချလွမ် ချလွမ်
အားလုံးပြောနေကြတုန်းမှာပဲ မိစ္ဆာဓားကျင့်ကြံသူရှစ်ယောက်တို့သည် ၎င်းတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြ သည်။ ဓားများသည် ရေညှိများပင် တက်လျက်ရှိသည်ဆိုသော်လည်း ဓား၏ထက်ရှမှုမှာမူ ကြောက်မက်ဖွယ် ကောင်းသည့် အခြေအနေအဖြစ် ရှိလို့နေသေး၏။ ၎င်းတို့သည် အသက်ရှင်စဉ်က ဓားတာအိုကို အလွန်မြင့်မား သည့်အဆင့်တစ်ခုသို့ နားလည်ခဲ့ပုံပေါ်သည်။
“အားလုံးပဲ”
ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းမှ အကြီးအကဲ၏ မျက်နှာသည် ပြောင်းလဲသွား၏။ “ဒီမိစ္ဆာဂိုဏ်းက ကာကွယ်စောင့်ရှောက်သူ ရှစ်ယောက်က ဓားဘုရင်ထိပ်ဆုံးအဆင့်ကို ရောက်ခဲ့ကြတဲ့သူတွေ၊ ဒီတော့ အားလုံးအတူတူ ပူးပေါင်းပြီးတော့ ခုခံကြမှဖြစ်မယ်”
ဝှစ် …. ဝှစ်
များပြားလှသော ကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်ကြ၏။ လက်ရှိ အခြေအနေမှာတော့ သူတို့သည် သင်္ချိုင်းထဲတွင်ရှိနေသော ရတနာများကို ဂရုမစိုက်ကြချေ။ သူတို့အာရုံစိုက် နေကြသည်မှာ ဤအားကောင်းလှသော အလောင်းကောင်များကို မည်ကဲ့သို့ ဖြေရှင်းပြီး ရင်ဆိုင်ရမည်ဆိုခြင်းပင်။
………..
ဘန်း ဘန်း ……။
အဓိက သင်္ချိုင်းဂူထဲမှာတော့ အလွန်တရာ ပူပြင်းလှသော မီးတောက်များသည် တောက်လောင်လျက်ရှိပြီး မိစ္ဆာချီများကို ဝါးမြိုလျက်ရှိနေ၏။ အချိန်တိုအတွင်းမှာပဲ ကျွင်းချောင်ရှောင်းနှင့် မိစ္ဆာသူတော်စင်ဝူကျူးတို့သည် တိုက်ကွက်ဆယ်ကွက်ခန့် တိုက်ရိုက်ခဲ့ကြပြီဖြစ်ပြီး လက်ရည်ညီလျက်ရှိသည်။ မည်သူက အထက်စီးမှ တိုက်ခိုက်နေသည်ဆိုခြင်းပင် ပြောရန်ခက်ခဲလှ၏။
ဘန်း …..။
သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ပြီးနောက်မှာတော့ လူချင်းပြန်ခွဲသွားသည်။ မိစ္ဆာသူတော်စင် ဝူကျူး၏ မျက်နှာသည် မယုံကြည်နိုင်မှုများနှင့် ဖြူလျော်လျက်ရှိသည်။ တစ်ဖက်လူသည် အလွန်တရာ အားကောင်းလှသော နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်သာမက စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း အလွန် တရာ များပြားမြည်ကဲ့သို့ လေ့ကျင့်ခဲ့သနည်း (သို့မဟုတ်) နှစ်ပေါင်းသုံးထောင်လောက် ကြာပြီးသည့်နောက် လောကကြီးသည် ပြောင်းလဲသွားခဲ့လေသည်လား။ လူငယ်တစ်ယောက်ပင်လျှင် အလွန် တရာ အားကောင်းနေပြီး သိုင်းဘုရင်အဆင့်နှင့် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား စိန်ခေါ်တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။ မယုံကြည်နိုင်စရာပင်ဖြစ်သည်။
မဟုတ်ပေ။
လောကကြီးက ပြောင်းလဲခြင်းမဟုတ်ပေ။ ဝိညာဉ်ကူးပြောင်းလာသော ကျွင်းချောင်ရှောင်းသည် ဂိမ်းဆာဗာကြီး တစ်ခုလုံးကို ခန္ဓာကိုယ်ထဲ ထည့်ကာ လုပ်ချင်တိုင်းလုပ်နေခြင်းပင်ဖြစ်တော့၏။