← Chapters

အခန်း (၆၃၈)

Vol. 43 Ch. 638

အခန်း (၆၃၈)

Vol. 43 Ch. 638

*

ဆေးသူတော်စင်သည် များပြားလှသော ဆေးမျိုးစေ့များကို ချန်ရစ်ခဲ့သည်။ ဤအရာသည် ကျွင်းချောင်ရှောင်း၏ ဆေးပင် လိုအပ်ချက် ပြသနာအား ဖြေရှင်းပြီး ဖြစ်ခဲ့၏။

သူ့အနေနှင့် အပြင်ဘက်ကို ထွက်၍ အရင်းအမြစ်များကို ရှာဖွေရန် အကြံအစည် ပြည့်စုံသွားပြီဖြစ်သည်။ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလုံးစုံအားရုံစိုက်ထားနိုင်ပြီဖြစ်သည်။

သုံးနှစ်တာ သဘောတူညီမှုသည် နီးကပ်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် တပည့်များအား အား အကောင်းဆုံး အခြေအနေနှင့် လိုင်လီနတ်ဂိုဏ်းဆီသို့ ခေါ်သွားကာ စိန်ခေါ်ရန် စတင်စဉ်းစားတော့၏။

ဂိုဏ်းချုပ်ကျွင်းသည် အရင်တုန်းက အဆင့်လေး ဂိုဏ်းများနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့ပေမဲ့ တတိယအဆင့် ဂိုဏ်းများနှင့်တော့ မတိုက်ခိုက်ဖူးချေ။ လက်ရှိ အခြေအနေမှာတော့ ဒုတိယအဆင့် ဂိုဏ်းကို ပင် သွား၍ စိန်ခေါ်နေရပြီဖြစ်သည်။ ထို့ကြောင့် သတိအပြည့်ထားပြီး ဇွဲကောင်းကောင်းနှင့် ကျင့်ကြံမှ ဖြစ်ပေလိမ့်မည်။

ဒုတိယအဆင့် ဂိုဏ်းတစ်ခုဖြစ်သော လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်ရခြင်းမှာ အခွင့်အ‌ရေးတစ်ခုပင် ဖြစ်သည်။ ဂိုဏ်း၏ ဂုဏ်သိက္ခာသည် ပိုမိုတိုးတက်လာစေမည့် အခွင့် အရေးပင် ဖြစ်သည်။

ဤနေရာတွင် တစ်ခြားသော တစ်စုံတစ်ယောက်သာ ဆိုပါက ကျိန်းသေပေါက်ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းကတော့ ပြုလုပ်ရဲ၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဂိုဏ်းသည် အားအကောင်းဆုံး အခြေအနေသို့ တစ်ဖြည်းဖြည်းနှင့် နီးကပ်နေသည် မဟုတ်လား။

“သခင်”

မိစ္ဆာသူတော်စင် ဝူကျူးသည် အဓိက ဟောခန်းထဲသို့ လျှောက်ဝင်လာပြီး မေးလိုက်၏။ “ဒါက တကယ့်ကို အဆင့်ငါးဂိုဏ်းရော ဟုတ်ရဲ့လား”

သူ့အနေနှင့် ဂိုဏ်းထဲသို့ ရောက်ရှိခဲ့သည်မှာ နှစ်ရက်ခန့်ကြာမြင့်ပြီး ဖြစ်သည်။

သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် လက်ရည်စမ်းလျက်ရှိသော များပြားလှသည့် သိုင်းဘုရင်များကို မြင်လိုက်ရသည်။

ထို့ကြောင့် သူသည် အကြီးအကျယ် ထိတ်လန့် တုန်လှုပ် နေမိ၏။

အဆင့်ငါးဂိုဏ်းတစ်ခုတွင် သိုင်းဘုရင်နှစ်ယောက် ရှိသည်ဆိုသည်ကပင် အလွန်တရာ အားကောင်းနေပြီဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်းထဲမှာတော့ သိုင်းဘုရင်များသည် ရေတွက်၍ မရနိုင်အောင် ရှိနေသည်။

ထို့ကြောင့် ဤဂိုဏ်းသည် ဒုတိယအဆင့် ဂိုဏ်းတစ်ခု မဟုတ်ဘူးဆိုသည်ကို မိစ္တာသူတော်စင် ဝူကျူး က ယုံကြည်ရန် ခက်ခဲနေ၏။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မကြာသေးခင်ကမှ အဆင့်တက်ခဲ့တာလေ”

မိစ္ဆာသူတော်စင် ဝူကျူး၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

အဘယ့်ကြောင့် အဘိုးကြီးကဲ့ သည် ပြိုင်စံရှား ဂိုဏ်းထဲသို့ ဝင်ခဲ့ခြင်း ဖြစ်ကြောင်း သူ နားလည်သွားမိသည်။ အကန့်အသတ်မဲ့ အလားအလာကို ပိုင်ဆိုင်သော သိုင်းဘုရင်များ အများအပြား ရှိနေသည့် ဂိုဏ်းတစ်ခု။ ထိုဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် တစ်ဖက်သော သူ စိတ်ဝင်စားသည်ဆိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်တော့ပေ။

အဘိုးကြီးကဲ့မှာလည်း ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး၊ စိတ်ဝိညာဉ် ကြံခိုင်ခြင်း ဆေးလုံးများကို သောက်သုံးပြီးသည့်နောက် အလွန်တရာ စိတ်လှုပ်ရှားနေသည်။

ပြိုင်စံရှား ဂိုဏ်းထဲသို့ ဝင်ရောက်ရန်အတွက် စိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်းအသုံးပြုခဲ့ရသည်။ သို့ပေမဲ့ ဤအရာသည် ဆုံးရှုံးမှု မဟုတ်ပေ။ ကျိန်းသေပေါက် ဆုံးရှုံးမှု မဟုတ်ဟု ပြောရမည်။

……..

အပြင်ဘက်မှာတော့ တောင်ပိုင်းသဲကန္တာရတွင် ဖြစ်ပေါ်ခဲ့သော သဘာဝလွန် ဖြစ်ရပ်များနှင့် အထူးရတနာများ ပေါ်ပေါက်လာသည့် သတင်းသည် ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။

နတ်ဘုရားအဆင့် သမားတော်တစ်ယောက် သေဆုံးခဲ့ခြင်းသည် အားလုံးသောကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုကို ဖြစ်စေခဲ့၏။

သို့ပေမဲ့ ဤကဲ့သို့ သင်္ချိုင်းပေါ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ထူးခြားသည့် ပြောင်းလဲမှုကို ကြုံတွေ့ရခဲ့သည်ဆိုသည့် အကြောင်းသည် အချိန်ကြာကြာ ဆွေးနွေးရသည့် ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ဆေးသူတော်စင် သင်္ချိုင်းတွင် သိုင်းပညာနှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများသာ ရှိနေပြီး ကျင့်ကြံခြင်းနည်းစနစ် ၊ တိုက်ခိုက်ရေး နည်းစနစ်များ မရှိသောကြောင့်ပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသွားမိ၏။ သူ့အနေနှင့် တစ်ခြားသူများ လာရောက်လုယက်မည်ကို စိုးရိမ်စရာမရှိပေ။ အဘယ့်ကြောင့် ဆိုသော် သူ ယူသွားခဲ့သည်မှာ ဆေးစာအုပ်များ ဖြစ်နေသောကြောင့်ဖြစ်သည်။

ဆေးသူတော်စင်၏ သင်္ချိုင်းထဲတွင် သူတော်စင်ကြာပန်းတစ်ခုသာလျှင် တန်ဖိုးကြီးမားသည့် ပစ္စည်းဟု ဆိုရမည်။ ဆေးပင်များနှင့် ဆေးစာအုပ်များသည် သိုင်းကျင့်ကြံသူများကို ဆွဲဆောင်နိုင်သည့် အရာများ မဟုတ်ပေ။

……..

ပြိုင်စံရှား ဂိုဏ်းမှ တပည့်များသည် ပြင်းပြင်းထန်ထန်နှင့် ကြိုးစားလျက်ရှိ၏။

မိစ္ဆာသူတော်စင် ဝူကျူး သည် ရောင်မုန့်ယဉ် ကို သင်ကြားပြသရန် တာဝန်ယူထားခဲ့၏။ ပြီးနောက် သူသည် မိုရှန်ကိုလည်း သင်ပေးသည်။

သို့ပေမဲ့ သူသည် မိစ္ဆာကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သိုင်းပညာနှင့် ပတ်သက်သည့် အရာများကို လမ်းညွှန်ပေးနိုင်ရန်သာ ဖြစ်နိုင်၏။ သေသေချာချာ သင်ကြားပြသ ပြုစုမပျိုးထောင်နိုင်ချေ။

သူသည် မိစ္ဆာဂိုဏ်းမှ သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

အကြီးအကဲ ဝေနှင့် ဆေးခန်းမဆောင်မှ အဖွဲ့သားများအားလုံးသည် ဂိုဏ်းချုပ်ကျွင်း ဆီမှ ဆေးပင်များကို သေသေချာချာ တက်တက် ကြွကြွနှင့် စိုက်ပျိုးလျက်ရှိသည်။ ထိုအရင်းအမြစ်များသည် ပြိုင်စံရှားဂိုဏ်းအား ပိုမိုအားကောင်းအောင် ကူညီပေးနိုင်သည့် ပစ္စည်းများပင် ဖြစ်၏။

ရွှဲ့ရမ်ကွေ့နှင့် တောက်ယွမ်တို့သည်လည်း သံချပ်ကာ ဝံပုလွေတပ်သားများကို လေ့ကျင့်ပေးရင်း စစ်တပ်ဆိုင်ရာကိစ္စရပ်များကို သေသေချာချာ စဉ်းစားနေမိကြသည်။

အလုပ်အရှုပ်ဆုံးလူမှာတော့ လီလိုရှုပင် ဖြစ်တော့သည်။ သူမသည် သတင်းအချက်အလက် ကွန်ယက်ကို အဆင့်မြင့်တင်ရန် ကြိုးစားနေရသည်သာမက သူမ၏ ဟောခန်းကိုလည်းကောင်းကောင်းစီမံခန့်ခွဲနေရ၏။

အခြားတစ်ဖက်က ကြည့်မည်ဆိုလျှင် တပည့်များ၏ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်သည် အလုပ်သိပ်မရှိသလို ဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုသော် တပည့်များအားလုံးသည် ကျင့်ကြံခြင်းကို အာရုံစိုက်နေသောကြောင့် စည်းကမ်းချိုးဖောက်သူဟူ၍ တစ်ယောက်မှ မရှိကြချေ။

တစ်လလောက် ကြာပြီးသည့်နောက်မှာတော့ လီချင်းယန်၏ ဦးဆောင်မှုနှင့်အတူ ဂိုဏ်း၏ တည်နေရာသည် ပိုမို၍ ချဲ့ထွင်လာခဲ့သည်။ အရင်တုန်းကထက်စာလျှင် ပိုမို၍ ခန့်ညားထည်ဝါလာခဲ့သည်။

သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ သူသည် အတွင်းဘက်ခြံဝန်းကိုလည်း သေသေချာချာ ပြုပြင်ထား၏။

အတွင်းစည်း တပည့်၊ အပြင်စည်းတပည့်ဟူ၍ တည်နေရာများ ပိုင်းခြားထားပြီး သိုင်းကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အရင်းအမြစ် များကိုလည်း ဖန်တီးပေးထားသည်။

“မဆိုးဘူး မဆိုးဘူး”

ကျွင်းချောင်ရှောင်းသည် သေသေချာချာ ကြည့်ရှု ပြီးသည့်နောက်မှာတော့ လီချင်းယန်၏ လုပ်ပုံကို သဘောကျနှစ်သက်သွား၏။

နင်ညီအစ်ကိုတို့သည်လည်း တပည့်သစ်များ ခေါ်ဆောင်သည့်နေရာတွင် တာဝန်ယူထားကြသည်။

တတိယအကြိမ်မြောက် ဂိုဏ်းသားခေါ်ယူမှု ပြုလုပ်သည့် နေရာမှာတော့ တင်းကြပ်လှသော စစ်ဆေးမှုများကို ပြုလုပ်ပြီး တပည့်တစ်ရာကျော်ခန့်ကိုသာ ခေါ်ဆောင်နိုင်ခဲ့သည်။ သို့ပေမဲ့ ပါရမီရှင်များသည် ပိုမို၍ တိုးလာခဲ့၏။

ဂိုဏ်းသည် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိပြီး ကျွင်းချောင်ရှောင်းမှာတော့ စိတ်လက် အပူအပင်ကင်းစွာဖြင့် နေထိုင်နေရ၏။ တစ်ခါတစ်ရံတွင် ရေကန်ဆီသို့သွား၍ ငါးမျှားခြင်းကိုပင် ပြုလုပ်နေသည်။

“နှစ်ဝက်ကြာပြီးအချိန်မှာ ငါ လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်ရမယ်။”

ယနေ့မှာတော့ ကျွင်းချောင်ရှောင်သည် ရေကန်ဘေး၌ အသာထိုင်ပြီး သူ၏ ငါးမြှားချိတ်အား ကိုင်ကာ ငါးများ လာဟပ်မည်ကို စောင့်လျက်ရှိသည်။ သူသည် တွေးလိုက်မိ၏။ “သူမ ပြန်လာတော့မှာလား”

သူမဆိုသည်မှာ လုချင်းချင်းကို ဆိုလိုခြင်း ဖြစ်သည်။

ဒုတိယအဆင့် ဂိုဏ်းတစ်ခုကို စိန်ခေါ်ခြင်းသည် အလွန်တရာ ခက်ခဲလှ၏။ သူ၏ အကြီးဆုံးတပည့်ကြီးသည် သူနှင့် အတူ သွားနိုင်လိမ့်မည်ဟု ကျွင်းချောင်ရှောင်း မျှော်လင့်နေမိ၏။

အဓိက အကြောင်းအရာအားဖြင့် လိုင်လီနတ်ဂိုဏ်းသည် မိန်းကလေးများ ရှိသောကြောင့်ပင် ဖြစ်သည်။ လူချင်းချင်းသည် လှပသော မိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် သူသာ သူမကို စိန်ခေါ်ပွဲသို့ ခေါ်ဆောင်သွားနိုင်မည်ဆိုပါက ရုပ်ရည်သွင်ပြင်နှင့်ပင် တစ်ခြားသော သူများကို ဖိနှိပ်ထားနိုင်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “မြို့တော်ဝန်မူလာပြီတော့ လည်ပါတယ်”

“သူထပ်လာပြန်ပြီလား”

ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွား၏။

လွန်ခဲ့သော လအနည်းငယ်အတွင်း မူဟုန်လင်သည် ဂိုဏ်းသို့ ဝင်ရောက်ခဲ့၏။ ထိုအချိန်ကတည်းက မူချန်းဟုန် လာလည်ခဲ့သည်မှာ သုံးကြိမ်ထက် မနည်းတော့ပေ။ သူ့သမီးကို တွေ့ရဖို့အတွက် အလွန်တရာ ဇွဲကောင်းကောင်းနှင့်ပင် လာနေချင်းဟုပင် ဆိုနိုင်သည်။

အဘယ်ကြောင့် ဤသို့ ဇွဲကောင်းကောင်းနှင့် လာနေရသနည်း။ တကယ်တမ်းမှာတော့ သူ၏ နောက်ဖြစ်လာမည့် သမက်ကို လာရောက် ကြည့်ရှုခြင်းပင် ဖြစ်သည်။

“သူ့ကို အထဲကို ဖိတ်ခေါ်လိုက်တော့....”

အဓိက ဟောခန်းထဲမှာတော့ မူချန်းဟုန် သည် ထိုင်ခုံတစ်ခုပေါ်၌ ထိုင်လိုက်၏။ သူသည် ထုံးစံအတိုင်း သူ့သမီးအကြောင်းကို မမေးမြန်းပေ။ ဤအစား မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ခင်ဗျားတို့ဂိုဏ်းက လိုင်လီနတ်ဂိုဏ်းနဲ့ တိုက်ခိုက်ဖို့ အတွက် သဘောတူညီချက်ရှိတယ်လို့ ကြားခဲ့တယ်။”

“မြို့တော်ဝန်မူက ဘယ်က ကြားတာလဲ” ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။

မူချန်းဟုန်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်တုန်းက အရှေ့လွင်ပြင်မှာရှိတဲ့ အင်ပါယာမြို့တော်နဲ့ အစည်းအဝေးတစ်ခု သွားတက်ခဲ့ရတယ်လေ။ အဲမှာ ကြားတာပဲ”

လိုင်လီနတ်ဂိုဏ်းသည် အရှေ့ဘက်လွင်ပြင် တည်နေရာတွင် တည်ရှိခြင်းဖြစ်၏။ ၎င်းပြည်နယ်သည် ကြီးမားလှသည် မဟုတ်သော်လည်း ဗဟိုကုန်းမြေတိုက်ကြီး၏ ဒုတိယအဆင့်တွင် ရှိနေသော နေရာဖြစ်သည်။

“ဟုတ်တယ်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဲလိုကိစ္စရှိတယ်လေ”

မူရှန်းဟုန်၏ အမူအရာသည် လေးနက်သွားသည်။ ပြီးနောက် သူ ပြောလိုက်သည်။ “လိုင်လီနတ်ဂိုဏ်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ထိပ်ဆုံးဂိုဏ်းတစ်ခုပဲ။ကြည့်ရတာ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒီလိုဂိုဏ်းမျိုးကို စောစောစီးစီး စိန်ခေါ်တယ်ဆိုတာက မ‌ကောင်းဘူးထင်တယ်။”

သူ့အနေနှင့် ပြိုင်စံရှား ဂိုဏ်း၏ အလားအလာနှင့် ပတ်သက်၍ အသိအမှတ်ပြုပြီး ဖြစ်၏။ ထို့အပြင် တစ်ဖြည်းဖြည်း တိုးတက်သွားမည်ဆိုလျှင် ကျိန်းသေပေါက် ဒုတိယအဆင့်နှင့် ပင် နှိုင်းယှဉ်၍ ရနိုင်မည်ဖြစ်ကြောင်း သူ ယုံကြည်မိ၏။ သို့သော်ငြား ယခုအချိန်တွင် ဒုတိယအဆင့် ဂိုဏ်းတစ်ခုကို စိန်ခေါ်ခြင်း ဆိုသည်မှာတော့ အလျင်လိုလွန်းနေသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါ အမှန်ပါပဲ”

ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော အားအင်များသည် ဒုတိယအဆင့်ထက် မကောင်းဘူးဆိုသော်လည်း ၎င်းတို့၏ လက်ရွေးစင် တပည့်များကို ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက်တော့ ယုံကြည်ချက် မြင့်မြင့် မားမား ရှိလို့နေသည်။

“ကျုပ် အထင်အရဆိုရင်”

မူချန်းဟုန်က လေးလေးနက်နက် ပြောလိုက်သည်။ “ဒီစိန်ခေါ်ပွဲကို သဘောတူညီမှုကို ဖျက်သိမ်းလိုက်တာပဲ ကောင်းတယ်။ နောင် အနာဂတ် ပိုပြီးအားကောင်းတဲ့ အခါမှာ ပြန်စိန်ခေါ်ကြတာပေါ့။”

ပြိုင်စံရှားဂိုဏ်းသည် လက်ရှိတွင် တိုးတက်လာနေသည့် ဂိုဏ်းတစ်ခု ဖြစ်သည်။ ဒုတိယအဆင့် ဂိုဏ်းတစ်ခု၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့သည်ဆိုပါက ၎င်းတို့၏ စိတ်ခံစားချက်များကို သက်ရောက်စေလိမ့်မည်။

“မြို့တော်ဝန်မူ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လူကြီးလူကောင်းတွေ ဆိုတာ စကားကို ပြန်ပြီးတော့ မရုတ်သိမ်းဘူး”

သူအနေနှင့် ဒုတိယအဆင့် ဂိုဏ်းတစ်ခုကို စိန်ခေါ်ခဲ့ခြင်း ဆိုသည်မှာ အဘက်ဘက်က အများကြီး ရှိနေသည်။ အနိုင်ရရှိမည်ဆိုပါက ပိုမိုကြီးမားသည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်လာမှာဖြစ်ပြီး ရှောင်ကျီသည်လည်း ကလဲ့စားချေနိုင်မှာဖြစ်၏။ ထို့ကြောင့် မူချန်းဟုန် မပြောနှင့် ကောင်းကင်ဘုံက နတ်ဘုရားများ ဆင်းသက်၍ လာတားလျှင်တောင်မှ သူသည် ရပ်တန့်လိမ့်မည် မဟုတ်ချေ။

သုံးနှစ်တာ သဘောတူညီချက်အရ တိုက်ခိုက်ကို တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

မူချန်းဟုန်သည် သက်ပြင်းချကာ ပြောလိုက်သည်။ “ဒီလိုဆိုရင်လည်း ဂိုဏ်းချုပ်ကျွင်း အောင်မြင်စေဖို့ အတွက် ဆုတောင်းပေးရမှာပေါ့”

ကျွင်းချောင်ရှောင်းအနေနှင့် လိုင်လီနတ်ဂိုဏ်းကို အနိုင်ယူနိုင်ရန် သူ မျှော်လင့်မိ၏။ ထိုမှသာလျှင် အရှေ့တောင်ရန်ကျုးရှိ ဂိုဏ်းများ၏ အလားအလာကို ပြသနိုင်တော့မှာဖြစ်သည်။ သို့ပေမဲ့ ထိုဂိုဏ်းနှစ်ခုကြားတွင် ခြားနားသည့် အားအင်ကွာခြားချက်မှာ အလွန်တရာ များပြားနေ၏။

သူ၏ ဖြောင်းဖျပြောဆိုမှုသည် အသုံးမဝင်မှန်းကို ပြောဆိုပြီးသည့်နောက်မှာတော့ မူချန်းဟုန်သည် စကားလမ်းကြောင်းကို ပြောင်းကာ ပြောလိုက်သည်။ “ဟုန်လင်ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လိုရှိလဲ”

“သူမက သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ကို ချိုးဖြတ် ရောက်ရှိသွားပြီလေ” ကျွင်းချောင်ရှောင်းပြောလိုက်၏။

မူချန်းဟုန်သည် အံ့အားသင့်မိသွား၏။ “ဒီလောက် မြန်တာလား”

ဤအရာသည် မမြန်လှပေ။ သိုင်းဘုရင် ဆေးလုံး လက်ထဲတွင် ရှိပြီဆိုပါက မြို့တော်ဝန်မူ၏ သမီးအား တစ်မိနစ်အတွင်း သိုင်းဘုရင်အဆင့်ရောက်အောင် ပြုလုပ်ပေးနိုင်စွမ်း သူ့တွင် ရှိ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းသမီးလေးက သာမန်ထက်ပိုတဲ့ ပါရမီကို ပိုင်ဆိုင်တယ်လေ။ဒီတော့ ကျုပ်ရဲ့ သင်ကြားပြသမှုနဲ့အတူ ပိုပြီး တိုးတက်လာတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။”

ဟား ဟား ဟား

မူချန်းဟုန်သည် ရယ်ကာ ပြောလိုက်၏။

“ဟုန်လင်က ဂိုဏ်းချုပ်ကျွင်းရဲ့ သင်ကြားပြသမှုကို ခံရတယ်။ဒါကြောင့် ပိုပြီး တိုးတက်လာမှာ မြင်ယောင်ပါသေးတယ်။ ဒါနဲ့”

သူသည် ရှေ့ကို အသာကိုင်းကာ လေးလေးနက်နက် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက မငယ်တော့ဘူးနော်။မင်္ဂလာဆောင်ဖို့ မစဉ်းစားသေးဘူးလား”

“ဒါက”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ကျုပ်က ဂိုဏ်းကိုတိုးတက်ဖို့အတွက်ပဲ အာရုံစိုက်ထားတာလေ။ဒီတော့ အချိန်ကာလတစ်ခု အထိ ဒီအကြောင်းတွေကို စဉ်းစားမှာ မဟုတ်ပါဘူး”

မူချန်းဟုန်က ပြောလိုက်သည်။ “ယောကျာ်းကောင်းဆိုတာ ရည်မှန်းချက် ရှိရတယ်။ပြီးတော့ ချစ်ခြင်းမေတ္တာတရားတွေကို ဖယ်ရှားထားလို့ မဖြစ်ဘူး”

သူသည် ကျွင်းချောင်ရှောင်းအား ပိုမို၍ ချီးကျူးလာမိ၏။

ဤကဲ့သို့သော အသက်အရွယ်နှင့် အချစ်ရေးကိစ္စများကို မစဉ်းစားဘဲ ဂိုဏ်းပိုမို တိုးတက်အောင် ပြုလုပ်နေသည်ဆိုခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်သည်။

အရင်တုန်းက ဆိုလျှင် တော်ဝင်မြို့၌ အလွန်တရာကောင်းမွန်သည့် ပါရမီရှင် တစ်ယောက် ပေါ်ပေါက်လာဖူး၏။

မြို့ထဲတွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် သူ့အတွက် ကြီးမားသည့် မျှော်လင့်ချက်တို့ ထားရှိခဲ့ကြသည်။ အနာဂတ်တွင် သူ့အတွက် တစ်စုံတစ်ခု ဖြစ်လိမ့်မည်ဟုပင် တွေးထားကြသည်။

ဆိုးဝါးသည်မှာ သူသည် ကျင့်ကြံခြင်းအတွက် ပိုမိုအားမွေးမနေဘဲ အမြဲတမ်း မိန်းက‌လေးများနှင့် ပျော်မွေ့လျက်ရှိပြီး ကျင့်ကြံခြင်းကို လက်လွှတ်ထားခဲ့၏။ အသက်နှစ်ဆယ်သို့ ရောက်ချိန်မှာတော့ မိန်းမတွေသာ တစ်ယောက်ပြီးတစ်ယောက် ယူသွားခဲ့သည်။ သူ၏ ကျင့်ကြံခြင်းမှာတော့ တိုးတက် မလာခဲ့တော့ချေ။

“ဂိုဏ်းချုပ်ကျွင်း”

မူချန်းဟုန်က ပြောလိုက်၏။ “ယောကျာ်းတွေဆိုတာ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို အာရုံစိုက်ထားရတယ်။ဒါပေမဲ့ အနာဂတ်မှာ ဂိုဏ်းကြီးသာ တည်ငြိမ်သွားတဲ့ အချိန်ရောက်ရင် ခင်ဗျားအနေနဲ့ လက်ထပ်ဖို့ကို အာရုံစိုက်သင့်တယ်။ဒါမှလည်း သားသမီး ကျင့်ဝတ်က ကျေမှာ မဟုတ်လား။အနာဂတ်မှာ ကိုယ့်ရဲ့ မျိုးဆက်မရှိဘူးဆိုတာ အဆိုးဆုံး အရာပဲ။”

“အနာဂတ်က ကိစ္စကို အနာဂတ်ကျမှပဲ ပြောကြတာပေါ့။” ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြန်ပြောလိုက်တော့သည်။

All Chapters