← Chapters

အခန်း (၆၃၉)

Vol. 43 Ch. 639

အခန်း (၆၃၉)

Vol. 43 Ch. 639

*

မူချန်းဟုန်သည်တောင်မှ ပြိုင်စံရှားဂိုဏ်းသည် လိုင်လီနတ်ဂိုဏ်းအား စိန်ခေါ်ခဲ့သည့်သတင်းကို သိရှိနေ၏။ ထို့ကြောင့် ပြင်ပရှိ သိုင်းကျင့်ကြံသူများသိရှိကြသည်မှာ သဘာဝပင်ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ များပြား လှသော လူများသည် စုဝေးလျက်ရှိနေကြ၏။

“လိုင်လီနတ်ဂိုဏ်းက ကုန်းမြေတိုက်ကြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ကတည်းက စတည်ထောင်ခဲ့ တာလေ၊ ဒီလိုကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခုကို သွားပြီး စိန်ခေါ်တယ်ဆိုကတည်းက ပြိုင်စံရှားဂိုဏ်းက သွားပြီး သေလမ်းရှာတာနဲ့ အတူတူပဲ”

“ရှောင်ကျီနဲ့ မုယုံရှင်းရဲ့ ဇာတ်ကြောင်းကို ကျုပ်ကြားလိုက်တယ်”

“ကျုပ်လည်း ဒါကိုကြားတယ်လေ၊ မုယုံရှင်းလို့ခေါ်တဲ့ မိန်းကလေးက ရှောင်ကလန်ဆီကိုသွားပြီး စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တာတဲ့”

“မုယုံမိသားစုက အရမ်းကို အားကောင်းကြတယ်၊ ကျုပ်အထင်အရဆိုရင် ပြိုင်စံရှားဂိုဏ်းက ဒီကလန်နဲ့တောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး၊ ဘယ်လိုဖြစ်ပြီးတော့ လိုင်လီနတ်ဂိုဏ်းကို သွားပြီးတော့ စိန်ခေါ်ရတာလဲလို့ မသိတော့ ဘူး”

သုံးနှစ်တာ သဘောတူညီချက် တိုက်ပွဲ သတင်းသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့နေပြီး လက်ရှိ အခြေအနေတွင် သိုင်းကျင့်ကြံသူအများအပြား ဆွေးနွေးရန်ကိစ္စလည်း ဖြစ်လို့နေသည်။ အရှေ့တောင်ရန်ကျူးတွင် ရှိသော မြို့တော်ဝန်သည်တောင်မှ ထိုအရာကို စိတ်ဝင်စားလျက် ရှိနေသည်။

အတိုချုပ်အားဖြင့် ပြိုင်စံရှားဂိုဏ်းသည် ဒုတိယအဆင့်ဂိုဏ်းတစ်ခုကို မကြာမီ စိန်ခေါ်တော့မည်ဟု ကျင့်ကြံသူများ အားလုံး သိရှိသွား၏။ သူတို့၏ ပထမဦးဆုံး တုန့်ပြန်မှုသည် ဂိုဏ်းချုပ်ကျွင်းတစ်ယောက် စိတ်လွတ်သွားပြီလား ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်တော့သည်။

………..

မုယုံကလန်သည်လည်း လိုင်လီနတ်ဂိုဏ်းအား ပြိုင်စံရှားဂိုဏ်းက စိန်ခေါ်သည့်သတင်းကို ကြားပြီးဖြစ်သည်။ ဟောခန်းမထဲမှာတော့ မုယုံကလန်၏ ခေါင်းဆောင်သည် အကြီးအကဲ အနည်းငယ်နှင့် ဆွေးနွေးနေ၏။

အကြီး အကဲတစ်ယောက်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ရှောင်ကလန်ရဲ့ ကလေးက အချိန်တိုအတွင်းမှာပဲ တကယ့်ကို ကျော်ကြားလှတဲ့ ဂိုဏ်းတစ်ခုထဲ ရောက်ရှိသွားမယ် လို့ ကျုပ်မထင်မိဘူး”

မုယုံကလန်သည် သူတို့အနေဖြင့် ရှောင်ကျီတစ်ယောက် ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်ဆိုသည့် သတင်းကို ကြားသိခဲ့ပြီးဖြစ်သည်။ ထိုအရာသည် ယခုမှတည်ဆောက်ခဲ့သော သံမဏိအရိုးဂိုဏ်းဆိုသော ဂိုဏ်းထဲသို့ ဝင်ရောက်သွားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ ဤနာမည်မရှိသော ဂိုဏ်းတစ်ခု သည် နှစ်နှစ်အတွင်းမှာပဲ အဆင့်လေးဂိုဏ်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အားအင်အဆင့်ကိုပင် ပိုင်ဆိုင်လာ ခဲ့သည်။

မုယုံကလန်မပြောနှင့်၊ ဤကဲ့သို့သော ကိစ္စသည် ကုန်းမြေတိုက်အတွင်းတွင်ရှိသော အခြားသောကျင့်ကြံသူများ ထင်မှတ်ထားခဲ့သည့် ကိစ္စမျိုး မဟုတ်ချေ။ ပြိုင်စံရှားဂိုဏ်း၏ တိုးတက်မှုသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။

အကြီးအကဲတစ်ယောက်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ရှင်းအာက ပါရမီရှင်တစ်ယောက်လေ၊ ဒါကြောင့် ကျုပ်တို့ မုယုံကလန်အနေနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းတယ်ဆိုတာ မှားတယ်လို့ မထင်ဘူး”

“ရှင်းအာက စေ့စပ်ပွဲကို အရင်ဆုံးစပြီး ဖျက်ဆီးခဲ့တယ်ဆိုပေမယ့် ရှောင်ကျီရဲ့ စိတ်ဝိညာဉ်အမြစ် နဲ့ ကျင့်ကြံခြင်းအဆင့်က အဲတုန်းက မရှိတော့ဘူး၊ ဒီတော့ စေ့စပ်ပွဲကို ဖျက်ဆီးတယ်ဆိုတာ တကယ့်ကို မှန်ကန်တယ်”

မုယုံမိသားစုမှ အကြီးအကဲများအားလုံးသည် မုယုံရှင်း အမှားအယွင်းပြုလုပ်ခဲ့သည်ဟု မထင်ထားခဲ့ကြ။ ဤကဲ့သို့လည်း မတွေးကြ။

“အတိတ်က ကိစ္စတွေက အတိတ်မှာပဲ ပြီးသွားပြီ၊ ဒီကိစ္စကို ထပ်ပြီး မဆွေးနွေးနေနဲ့တော့”

မုယုံကလန်၏ ခေါင်းဆောင်က ပြောလိုက်သည်။ “မလိမ္မာတဲ့ တိုက်ရိုက်တပည့်တွေကို ပြောလိုက်တော့၊ သုံးနှစ်တာ သဘောတူညီချက် တိုက်ပွဲဆိုတာ ပြိုင်စံရှား ဂိုဏ်းနဲ့ လိုင်လီနတ်ဂိုဏ်းကြားမှာ ရှိတာ၊ ကျုပ်တို့ မုယုံကလန်နဲ့ ဘာမှမဆိုင်ဘူး၊ ဒီတော့ ဝင်မပါကြနဲ့”

“ခေါင်းဆောင်”

အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ရှောင်လင်နဲ့ တခြားသူတွေက မနေ့ကတည်းက ပြိုင်စံရှားဂိုဏ်းဆီ ထွက်သွားကြပြီ”

“ဘာ”

မုယုံမိသားစုခေါင်းဆောင်သည် မတ်တပ်ထရပ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဘာလို့ မင်းတို့ သူ့ကို မတားတာလဲ”

အကြီးအကဲက ပြောလိုက်သည်။

“ခေါင်းဆောင်... ကျုပ်အထင်အရဆိုရင် ပြိုင်စံရှားဂိုဏ်းက အရမ်းကို ဆန်းကြယ်လွန်းတယ်၊ ဒါကြောင့် ရှောင်လင် နဲ့ အခြားသူတွေ ရှင်းအာကို စိန်ခေါ်နိုင်ဖို့ အရည်အချင်းရှိလားဆိုတာ သွားပြီးတော့ စနည်းနာသင့်တယ် ထင်တယ်”

“ပေါက်ကရတွေ”

မုယုံမိသားစုခေါင်းဆောင်က အလွန်တရာ ပျက်ယွင်းသော မျက်နှာဖြင့် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက အအေးနန်းတော်တစ်ခုလုံးကို ပျက်စီးလုနီးပါးဖြစ်အောင် လုပ်ခဲ့တာ၊ ငါတို့ရဲ့ တိုက်ရိုက် မျိုးဆက်တွေ အဲကိုသွားရင် ကျိန်းသေပေါက် သင်ခန်းစာပေးခံရမှာပေါ့၊ ဘာကိုစောင့်နေတာလဲ၊ မြန်မြန်သွားပြီး တားလိုက်”

“ကောင်းပါပြီ”

သူတို့သည် လိုက်၍ မတားဆီးနိုင်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် မုယုံမိသားစု၏ အကြီးအကဲများ ဆွေးနွေးနေစဉ်မှာပဲ သေသပ်လှပစွာ ဝတ်ဆင်ထားကြသော သခင်လေးများသည် သံမဏိအရိုးတောင်ခြေရင်းဆီသို့ ရောက်ရှိလာကြတော့သည်။

“ဟမ်”

စိတ်ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းလျက်ရှိသော တောင်ကို လှမ်းကြည့်ပြီးသည့်နောက် ထိုလူသည် အထင်အမြင် သေးစွာဖြင့် ပြောလိုက်သည်။

“အစ်ကိုရှောင်လင်... ပြိုင်စံရှားဂိုဏ်းက တကယ်ပဲ ရှောင်ကျီကို ထောက်ပံ့ပေးပြီး လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်ရဲ တယ်၊ သူတို့က တကယ်ပဲ ကျုပ်တို့ရဲ့ ဝမ်းကွဲနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားတာလား”

ဤလူများသည် မုယုံမိသားစု၏ တတိယမျိုးဆက် တိုက်ရိုက်သွေးမျိုးဆက်များဖြစ်ကြပြီး ခေါင်းဆောင်ပြီးလာသူ မှာ မုယုံရှောင်လင် ဖြစ်သည်။ ပါရမီအရဆိုလျှင် သူသည် မုယုံရှင်း၏နောက် ဒုတိယတွင် လိုက်သောသူဖြစ်သည်။ မုယုံမိသားစု၏ ပါရမီရှင်များထဲတွင် အား အကောင်းဆုံးသူများထဲမှ တစ်ယောက်ပင်ဖြစ်တော့သည်။

“ဒီနေ့မှာ ငါတို့က ဒီအမှိုက်သရိုက်လိုကောင်တွေ အရည်အချင်းရှိလား ဆိုတာကို စမ်းကြည့်ရမယ့် အချိန်ပဲ”

ဤလူငယ်လေးများသည် အလွန်တရာ မောက်မာလွန်းကြ၏။ ထို့ကြောင့် ရှောင်ကျီနှင့် မုယုံရှင်းတို့၏ သုံးနှစ်တာ သဘောတူညီချက် တိုက်ခိုက်ပွဲကို သဘောမတူကြချေ။ ထို့ကြောင့် ၎င်းတို့ဝမ်းကွဲဘက်က လိုက်ပါရန် စီစဉ်ထားကြသည်။ ထို့အပြင် လက်ရှိအခြေအနေအရ ပြိုင်စံရှားဂိုဏ်းသည် ထင်ရှားကျော်ကြားနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဤနေရာသို့ ရောက်ရှိလာပြီး စိန်ခေါ်တိုက်ခိုက်မှုကို ပြုလုပ်ချင်နေကြသည်။ ငယ်ရွယ်သေးသည်မို့ မာနတွေလည်း ကြီးလွန်းလှသည်။

“ရှောင်မန်”

မုယုံရှောင်လင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီကို ဘာကြောင့် ရောက်လာတယ်ဆိုတာ သူတို့ကို ပြောလိုက်စမ်း”

“ဟုတ်ပါပြီ”

ခက်ထန်တင်းမာနေသည့် အသွင်သဏ္ဍာန်နှင့် မုယုံရှောင်မန်သည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။ “ကျွင်းချောင်ရှောင်း... မုယုံမိသားစုကလူတွေက လာပြီး စိန်ခေါ်တယ်၊ မြန်မြန်ထွက်လာပြီးတော့ ကြိုဆိုစမ်း”

“ဟမ်”

ဘောလုံးကစားနေကြသော တပည့်များသည် ထိုအော်သံကို ကြားရှိချိန်မှာတော့ ရပ်တန့်သွားကြသည်။

လီဖေး သည် ဒေါသတကြီး ပြောလိုက်သည်။ “ဘယ်ကောင်က သတ္တိရှိလို့ ငါတို့ဂိုဏ်းချုပ်ရဲ့ နာမည်ကို ခေါ်ရဲရတာလဲ”

စုရှောင်မိုသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကြည့်ရှုလိုက်သည့်နောက်မှာတော့ တောင်ခြေ၏ တစ်နေရာတွင် သခင်လေးများအဖွဲ့တစ်ဖွဲ့ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုသူများသည် ကြည့်လိုက်သည် နှင့် ရိုက်နှက်ချင်စရာကောင်းသော အသွင်အပြင်မျိုးပင်ဖြစ်၏။

“ဟမ်”

ဟုန့်လင်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီလူတွေက မုယုံမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တပည့်တွေ”

“သူတို့ပဲ”

ချူရှိုးနန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “အရင်တုန်းက ကျောင်းကိုလာပြီး သိုင်းပညာဆွေးနွေးမှု လုပ်ကြသေးတယ်၊ အဲ့တုန်းက ဟိုအဆုတ်ကွဲမတတ် အော်နေတဲ့ကောင်ကို ကျုပ် ရိုက်ခဲ့ပြီးပြီ”

“...” စုရှောင်မို၊ လီဖေးနှင့် တခြားသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ ၎င်းတို့အနေနှင့် ချူရှိုးနန် ကိုပင် အနိုင်မရခဲ့ဘဲ အဘယ့်ကြောင့် ပြိုင်စံရှားဂိုဏ်းကို လာရောက်၍ စိန်ခေါ်နေသနည်း။

“မိုလေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့ကို သွားခေါ်လာခဲ့”

အကြီးအကဲဝေက ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ရှောင်ကျီနဲ့ မုယုံရှင်းတို့အကြောင်းကို ကြားလို့ လာခဲ့ကြတာ ဖြစ်နိုင်တယ်”

ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ “ကျုပ်က လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်လို့ရတဲ့ လူတစ်ယောက်လို့ မုယုံမိသားစုက ထင်နေတာလား မသိဘူး၊ ဒါကြောင့် အကြီးအကဲတွေတောင် မစေလွှတ်ပဲနဲ့ မရင့်ကျက်သေးတဲ့ ကလေးသေးသေးလေးတွေကို လွှတ်လိုက် တာလား”

အကြီးအကဲဝေသည် ဆွံ့အသွားမိ၏။

ဂိုဏ်းချုပ်... ခင်ဗျားနဲ့ ခင်ဗျားတပည့်တွေကကော ဘယ်လောက်ထိ အသက်ကြီးနေလို့လဲ။

…..

မကြာခင်မှာပဲ မုယုံရှောင်လင်နှင့် တိုက်ရိုက်မျိုးဆက်ရှစ်ယောက်တို့သည် အထဲသို့ ရောက်ရှိလာကြသည်။ ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ထောင်ကျော်ခန့်သည် လေ့ကျင့်ရေးကွင်းပြင်နားတွင် မတ်တပ်ရပ်နေသည်ကို မြင်ရချိန်မှာတော့ မုယုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် ထီမထင်ဟန်ဖြင့် ရှိနေကြသည်။ မုယုံ မိသားစုမှ တိုက်ရိုက်တပည့်များသည် သိပ်ပြီး လေးလေးနက်နက် မတွေးကြချေ။

ပြိုင်စံရှားဂိုဏ်းသည် အလွန်တရာ အားကောင်းလှသည်ဟု ဆိုကြသည်။ သို့ပေမဲ့ သိုင်းတပည့်အဆင့် ငပေါလေး များအနေဖြင့် သူတို့ကို အနိုင်ယူနိုင်မည်မဟုတ်မှန်း သိရှိထားသင့်၏။

“အားလုံးပဲ”

လီချင်းယန်သည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လာပြီးသည့်နောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက မင်းတို့ စိန်ခေါ်မှုကို လက်ခံတယ်”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်မှ သွေးမျိုးဆက်လေးများ ရောက်ရှိလာသည်ကို ထွက်၍ မကြိုဆိုချေ။ သူ့အနေနှင့် စိတ်ပါမဝင်စားသလိုပင် အထဲ၌ နေလျက်ရှိ၏။ သူ၏ ဒုတိယတပည့်သည် ဤကိစ္စများနှင့် ပတ်သက်၍ တာဝန်ယူထားတော့သည်။ သို့ပေမဲ့ သူသည် အမိန့်တော့ ပေးခဲ့သေး၏။ ယခု လာရောက်စိန်ခေါ်ကြသူများကို ဘောင်းဘီထဲ သေးထွက်ကျအောင် ရိုက်နှက်ရန်ပင် ဖြစ်တော့သည်။

မုယုံရှောင်လင်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ဂိုဏ်းက တပည့်ရှောင်ကျီက ကျုပ်တို့ ဝမ်းကွဲ မုယုံရှင်းနဲ့ စိန်ခေါ်မယ်လို့ ကြားတယ်၊ သူ့ကို ထွက်လာပြီး ကျုပ်နဲ့ တိုက်ခိုက်ဖို့ ပြောလိုက်”

“အားနာပါတယ်”

လီချင်းယန်က ပြောလိုက်၏။ “ဂျူနီယာညီလေးရှောင်က လက်ရှိမှာ တံခါးပိတ် ကျင့်ကြံနေပါတယ်၊ ခင်ဗျားရဲ့ စိန်ခေါ်မှုကို လက်မခံနိုင်သေးဘူး၊ တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင်”

ခဏလောက်ရပ်တန့်ပြီးသည့်နောက် သူသည် သိုင်းလေ့ကျင့်ရေးကွင်ပြင်ဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒီထဲက ကြိုက်တဲ့လူတစ်ယောက်နဲ့ ရွေးပြီး တိုက်ပေါ့”

မုယုံရှောင်လင် မျက်မှောင်ကုတ်သွား၏။ ပြိုင်စံရှားဂိုဏ်းတွင် တပည့်များ အများအပြားရှိသည်ဆိုသော်လည်း အားအကောင်းဆုံးသော အော်ရာများကို ထုတ်ဖော်နေသူများမှာ သိုင်းဆရာအဆင့် ကျင့်ကြံသူများသာဖြစ်သည်။ ထို့အပြင် အသက်ခြောက်နှစ်မှ ခုနှစ်နှစ် နီးပါးခန့်ရှိသော မိန်းကလေးပင် ပါဝင်နေသေး၏။ သူ့အား အထင်အမြင် သေးနေသည်လား။

“ရှောင်ကျီ မတိုက်ခိုက်နိုင်ဘူးဆိုတော့ ကျုပ်က အတွင်းစည်းတပည့်တွေနဲ့ တိုက်ရမယ်”

မုယုံရှောင်လင်သည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ သူ့အနေနှင့် တိုက်ခိုက်မည်ဆိုလျှင် အတွင်းစည်းတပည့် များကို ရွေးချယ်၍ တိုက်ခိုက်မှဖြစ်မည်။ ထိုမှသာလျှင် အနိုင်ယူပြီးသည်နှင့် ခံစားရမည့် ဂုဏ်သိက္ခာသည် ပိုမို၍ ကြီးမားသွားမည် မဟုတ်လား။

လီချင်းယန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မင်းက အရမ်းကို အားနည်းလွန်းတယ်၊ အတွင်းစည်းတပည့်တွေကို စိန်ခေါ်ဖို့အတွက် အရည်အချင်း မရှိဘူး၊ အပြင်စည်းတပည့်တွေထဲက ကြိုက်တဲ့လူကို ရွေးလို့ရတယ်”

“အပြင်စည်းတပည့်တွေ ဟုတ်လား၊ ဒီလူတွေကို တကယ်ပဲ စိန်ခေါ်ပြီး တိုက်ခိုက်ရမှာလား”

“အစ်ကိုရှောင်လင်”

တိုက်ရိုက်သွေးမျိုးဆက်တစ်ယောက် သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒီလူတွေက ကျုပ်တို့ကို အထင်အမြင်သေးနေကြတာပဲ”

မုယုံရှောင်လင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အေးစက်သည့် အကြည့်ဖြင့်ပြောလိုက်သည်။ “ဒီကိုလာခဲ့တာ ငပေါလေးတွေကို အနိုင်ယူဖို့ မဟုတ်ဘူး၊ အတွင်းစည်းတပည့်တွေ၊ တကယ့် လက်ရွေးစင်တပည့်တွေကို စိန်ခေါ်ချင်တာ”

“ငပေါလေးတွေ ဟုတ်လား”

လီချင်းယန်သည် ကျယ်လောင်စွာပြောလိုက်၏။

“ဂျူနီယာ ညီလေးတွေ၊ ညီမလေးတွေ မင်းတို့ရဲ့ အော်ရာတွေ ထုတ်ပြီး ပြလိုက်၊ အဝေးကလာတဲ့ ဧည့်သည်တွေ ကို ဘယ်သူက ငပေါလဲဆိုတာ သိရအောင်”

ဟူး ဟူး

ချက်ချင်းဆိုသလိုပဲ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်သည့်နည်းစနစ်အား ဖယ်ရှားလိုက်ပြီးသည့်နောက် အော်ရာများ သည် ကြောက်မက်ဖွယ်ကောင်းစွာ ဖြစ်တည်လာတော့သည်။ တပည့်တစ်ထောင်ကျော်တို့သည် အော်ရာများကို ထုတ်လွှတ်လိုက်ပြီးသည့်နောက်မှာတော့ ကြီးမားလှသည့်ချီလှိုင်းများ ဖြစ်တည်လာပြီး မုယုံမိသားစု၏ တိုက်ရိုက် တပည့်များသည် အနောက်ဘက်သို့ပင် ဆုတ်ခွာသွားကြ၏။ တချို့ဆိုလျှင် ဟန်ချက်ပျက်၍ မြေပေါ်ကိုပင် လဲကျ သွားတော့သည်။

All Chapters