အခန်း (၆၄၃)
Vol. 43 Ch. 643
*
လုချင်းချင်း ပြန်လာပြီးသည့်နောက်မှာတော့ ဂိုဏ်းတစ်ခုလုံး အအေးဓာတ်များ ပြန်လည်၍ ပျံ့နှံ့လာခဲ့သည်။ ဤအရာသည် အချိန်အတိုင်းအတာတစ်ခုအတွင်း တပည့်သစ်များ အသားကျရန် ခက်ခဲလွန်းနေ၏။
အစောပိုင်း ရောက်ရှိနေသည့် တပည့်များမှာတော့ ဤအရာနှင့် အသားကျနေပြီးသားဖြစ်၏။ ၎င်းတို့သည် အကြီးဆုံးအစ်မကြီး ပြန်လာပြီးသည့်နောက်မှာမှ ဂိုဏ်းက ပြည့်စုံသွားသည်ဟု ခံစားမိကြသည်။
“များများစား”
ဂိုဏ်း၏ စားသောက်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မေးထောက်ကာ ထိုင်လျက်ရှိနေ၏။
လုချင်းချင်းသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ စားပွဲခုံပေါ်တွင်တော့ ဟင်းအမျိုးပေါင်းနှစ်ဆယ်လောက် ရှိနေပြီး အာ့ဟိုင်နှင့် ရိဟိုင်တို့သည် ဟင်းပွဲများကို တစ်ခုပြီးတစ်ခု ချလျက်ရှိသည်။ ဟင်းပွဲများမှာ တောင်လိုပုံလျက် ရှိ၏။ သူမသည် လျှိုဝမ်ရှစ်၏ အစားအစာတွေကို လွမ်းလျက်ရှိသည်။ သို့ပေမဲ့ လူတစ်ယောက်တည်းအနေနှင့် ဤမျှ များပြားသော အစားအသောက်များ၊ ဟင်းပွဲများကို မည်ကဲ့သို့ စားသုံးရမည်နည်း။
“မင်း တော်တော်ပိန်သွားတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကြောင့် ဒီနေ့အတွက် သေချာပြင်ဆင်ထားတာ”
“ကောင်းပါပြီ”
လျှိုဝမ်ရှစ်သည် မီးဖိုချောင်၏ အဝင်ဝတွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “စီနီယာအစ်မကြီး... ဒါတွေ ကုန်အောင်စားရမှာနော်”
လုချင်းချင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူမသည် တူများကို ကောက်ယူ၍ ဖြည်းညှင်းစွာ စားလိုက်၏။ ဤမျှ ကြာရှည်စွာ လွမ်းဆွတ်နေရသော အစားအသောက်များကို စားသုံးရချိန်မှာတော့ သူမသည် ရောထွေး လှသည့် ခံစားချက်များ ဖြစ်လျက်ရှိသည်။ သူမသည် ထိုက်ရွမ်အအေးနှလုံးသားနည်းစနစ်ကို ခန္ဓာကိုယ်တွင် အသာလှည့်ပတ်လိုက်၏။ ထိုမှသာလျှင် သူမ၏စိတ်များ မငြိမ်သက်မှုမှာ ပြန်လည်ကောင်းမွန်သွားခဲ့၏။ သူမသည် ရေကဲ့သို့ တည်ငြိမ်လှသော နှလုံးသားအခြေအနေကို ထိန်းသိမ်းထားခြင်းဖြစ်၏။ ဤအတောအတွင်း သူမသည် ရေခဲအင်ပါယာ၏ အမွေအနှစ်များကို နားလည်ခဲ့ရုံမက သူမ၏ အဆင့်နှင့်လည်း အလုံးစုံ အသားကျသွားခဲ့ပြီး ဖြစ်၏။
ကျွင်းချောင်ရှောင်းအနေဖြင့် သူ၏ အကြီးဆုံးတပည့်ကြီး ပြန်ရောက်လာပြီးသည့်နောက်မှာတော့ သူမ၏ အမူအရာ များသည် ပို၍အေးစက်သွားသည်ကို ခံစားလိုက်မိ၏။ သို့ပေမဲ့ သူမကို ကြည့်ရသည်မှာ အရင်ကထက်ပိုမို၍ လူသား ဆန်နေသည်။
အချက်အလက်အားဖြင့် လုချင်းချင်းသည် အရင်ကအတိုင်း အေးစက်ရုံပင်မက ပိုမို၍ပင် အေးစက် လာခဲ့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ထိုသို့သော အေးစက်မှုကို မခံစားရချေ။ ထိုအစားသူမသည် ပိုမို၍ နူးညံ့လာသည်ကို ခံစားမိနေကြ၏။ ဤအရာမှာ သူမအနေနှင့် ရေခဲသဘာဝကို ပိုမို၍ နားလည်ခဲ့သည့် အကြောင်းပင်ဖြစ်ပေလိမ့်မည်။ သူမသည် စိတ်ရှိသည့်အတိုင်း ထိန်းချုပ်လာနိုင်ခဲ့၏။
“ဂိုဏ်းချုပ်”
စားသုံးပြီးသည့်နောက်မှာတော့ လုချင်းချင်းက ပြောလိုက်သည်။ “ကျွန်မဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး တစ် ဒဿမ ခုနှစ်သန်း ရှိတယ်၊ ရော့”
ကျွင်းချောင်ရှောင်းသည် ကြောင်သွား၏။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “အများကြီးပါလား၊ ဘယ်လောက်”
“တစ် ဒဿမ ခုနှစ်သန်းပါ” လုချင်းချင်းသည် ထပ်ကာ ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး အံအား တသင့်ဖြင့် မေးလိုက်သည်။ “ဘယ်နေရာကနေ သွားရှာလာတာလဲ”
လုချင်းချင်းသည် အဆင့်လေး ဂိုဏ်းကိုးဂိုဏ်းဆီမှ ငွေညှစ်လာသည့်အကြောင်း ပြန်၍ မပြောပြပေ။ ထိုအစား စိတ်ဝိညာဉ်ကျောက်တုံးများ ပြည့်နှက်လျက်ရှိသော သိုလှောင်လက်စွပ်အား ကမ်းပေးလိုက်၏။
ဤမျှများပြားသော စိတ်ဝိညာဉ်ကျောက်တုံးများနှင့်ဆိုလျှင် ကြီးမားသည့် ကံကောင်းခြင်းကို ရရှိနိုင်၏။ တပည့်များကိုသာ ဖြန့်ဝေ ပေးလိုက်မည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော အားအင်သည် တိုးတက်သွားပေလိမ့်မည်။
………
လုချင်းချင်း ပြန်လည်ရောက်ရှိပြီးနောက် သူမသည် သူမ၏ အမူအကျင့်အတိုင်းပဲ ဂိုဏ်း၏ အလုပ်ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိချေ။ တပည့်များသည်လည်း ဇွဲရှိရှိနှင့် ဆက်လက်ကာ လေ့ကျင့်နေကြ၏။ များပြားလှသည့် စိတ်ဝိညာဉ်ကျောက်တုံးများနှင့်အတူ အတွင်းစည်းတပည့်၊ အပြင်စည်းတပည့်နှင့် တခြားတပည့်များအားလုံးသည် အချိန်တိုအတွင်း ပိုမို၍ တိုးတက်လာနေကြ၏။
“အကြီးဆုံးတပည့်ကြီး ပြန်လာပြီ ဆိုတော့ ….”
ကျွင်းချောင်ရှောင်းသည် လက်ဖမိုးပေါ်တွင် မေးတင်ကာ ပြောလိုက်၏။ “လိုင်လီနတ်ဂိုဏ်းကို သွားဖို့အတွက် ငါစောင့်နေရတာ ပြည့်စုံပြီပေါ့”
ဤအရာသည် အရမ်းကြာမြင့်လိမ့်မည် မဟုတ်ချေ။ အလွန်ဆုံး နှစ်လသာလျှင် ကျန်တော့၏။
အရှေ့မြောက်လုကျိုး ….။
ထိုတည်နေရာတွင်ရှိသော အဆင့်လေးဂိုဏ်း ကိုးဂိုဏ်းတို့သည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခရီးထွက်ခွာလာခဲ့ကြသည်။ တခြားသော ပြည်နယ်နှင့် မြို့များမှ ကျင့်ကြံသူများအားလုံးသည်လည်း စတင်၍ လှုပ်ရှားနေကြပြီဖြစ်သည်။
ပြိုင်စံရှားဂိုဏ်းသည် လိုင်လီနတ်ဂိုဏ်းအား စိန်ခေါ်ခဲ့၏။ ထို့ကြောင့် များပြားလှသော ဂိုဏ်းကြီးများသည် တိုက်ပွဲကို သွားရောက်ကြည့်ရှုချင်နေမိ၏။ တစ်ချိန်တည်းများပင် သူတို့သည် ကျိန်းသေပေါက်စုဝေး၍ ဤကဲ့သို့သော ပွဲကြီးပွဲကောင်းကို ကြည့်ရှုကြမှာဖြစ်သည်။
…….
အပြင်လောကတွင်ရှိသော များပြားလှသည့် ကျင့်ကြံသူများသည် စုဝေးလာနေကြသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း မှာတော့ ထုံးစံအတိုင်း လည်ပတ်လျက်ရှိနေ၏။ ဤအတောအတွင်း အကြီးအကဲကဲ့သည် ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်သောကြောင့် အကြီးအကဲတစ်ယောက်အဖြစ် ရာထူးတိုးခြင်း ခံရသည်။
မိစ္ဆာသူတော်စင် ဝူကျူးမှာ တော့ စည်းကမ်းထိန်းသိမ်းခြင်းခန်းမထဲတွင် ချမှတ်ခြင်းခံရသည်။ ပြောရမည်ဆိုလျှင် ဤလူသည် နေ၏ အလင်းရောင်ကို လုံလောက်စွာရရှိပြီး လျှိုဝမ်ရှစ်၏ အစားကောင်းများကို စားသောက်ပြီးသည့် နောက်မှာတော့ ပိုမို၍ စိတ်အားတက်ကြွလာပြီး အရင်တုန်းကလို ထိတ်လန့်ကြောက်ရွံ့စရာ ပုံပန်းသွင်ပြင်မျိုး မဟုတ်တော့ချေ။
သူ၏အားအင်အဆင့်သည်မှာတော့ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်တွင် ရှိနေပြီး မူလကျင့်ကြံခြင်း အဆင့်ကို ပြန်လည်မရရှိသေးပေ။ သူ့အနေနှင့် ပြန်လည်မကောင်းမွန်ချင်သောကြောင့် မဟုတ်ပေ။ အချိန် ကြာမြင့်စွာ မဲမှောင်လျက်ရှိသော သင်္ချိုင်းထဲတွင် နေထိုင်ရ၍ ဆေးသူတော်စင်၏ အဆိပ်နှင့် ထိန်းချုပ်ခြင်းကို ခံခဲ့ ရသောကြောင့် သူ့အနေဖြင့် ပြင်ပအကူအညီများ မပါဘဲ ထိပ်ဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိရန်ဆိုသည်မှာ ခက်ခဲလှပေသည်။ ဤပြင်ပအကူအညီဆိုသည်မှာ သူတော်စင်ကြာပန်းကို ဆိုလိုခြင်းဖြစ်သည်။
“သိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက် ပြန်ပြီးဖြစ်လာဖို့အတွက် ပွင့်ဖတ်ဘယ်လောက်စားဖို့လိုလဲ”
ကျွင်းချောင်ရှောင်းမေးလိုက်သည်။ ဤမျှအားကောင်းလှသည့် အစေခံတစ်ယောက် သူအနေနှင့် ထိပ်ဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိမည်ဆိုလျှင် အပြင်ထွက်မည်ဆိုပါက မည်သူ့ကိုမှ ထိတ်လန့်ကြောက်ရွံ့စရာ လိုတော့မည် မဟုတ်ချေ။
“အားလုံးကို စားရမှာပါ”
မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်၏။
“…”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “အခု ပွင့်ဖတ်နှစ်ခုလောက်လျော့သွားတော့ မရဘူးလား”
မိစ္ဆာသူတော်စင် ဝူကျူးသည် မျက်လုံးပြူးသွား၏။ ပြီးနောက် ပြောလိုက်သည်။ “သခင်က ပွင့်ဖတ်နှစ်ခုကို သုံးပြီးပြီလား”
“ဟုတ်တယ်လေ”
“အား” မိစ္ဆာသူတော်စင် ဝူကျူးသည် သူ၏ဆံပင်များကို အသာဆုပ်ကိုင်လိုက်မိသည်။ မျက်လုံးထဲမှာတော့ စိတ်ပျက်ခြင်း အငွေ့အသက်များနှင့် ပြည့်နှက်သွားတော့သည်။
“ဘာဖြစ်လို့လဲ” ကျွင်းချောင်ရှောင်းမေးလိုက်သည်။
မိစ္ဆာသူတော်စင် ဝူကျူးသည် လဲပြိုတော့မလို ဖြစ်နေသည်။ “သူတော်စင်ဆေးဆရာရဲ့ နည်းလမ်းမပါဘဲနဲ့ သူတော်စင်ကြာပန်းက ပွင့်ဖတ်တစ်ခုဖြစ်လာဖို့ အနည်းဆုံး နှစ်ပေါင်း ငါးရာလောက်ကြာတယ်”
ဆိုလိုသည်မှာ သူ့အနေနှင့် ကြာပန်းပွင့်ချပ်ရှစ်ခုလုံး ပြန်လည်ဆုံဖို့ဆိုရင် နှစ်ပေါင်းတစ်ထောင်လောက် အနည်းဆုံး စောင့်ရမည့် အဓိပ္ပာယ်ပင်ဖြစ်တော့သည်။ မိစ္ဆာသူတော်စင်ဝူကျူးသည် ထိုမျှလောက် မစောင့်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ သက်တမ်းသည် ကုန်ဆုံးသွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “စီနီယာဆေးသူတော်စင်က ကြာပန်းကို ဘယ်လိုပြန်ပြီးတော့ ပျိုးထောင်ရမယ်ဆိုတဲ့ နည်းလမ်း သိတာလား”
“မှန်တာပေါ့” မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကိုပွတ်သပ်ကာ တီးတိုးပြောလိုက် သည်။ “ဒါကို စာအုပ်ထဲမှာ မှတ်တမ်းတင်ထားသေးလား”
“စွန်းပုကုံး”
သူသည် အသံပို့လွှတ်လိုက်၏။ “ဆေးသူတော်စင်ထားခဲ့တဲ့ စာအုပ်တွေကို သေသေချာချာ လေ့လာထား၊ တစ်ခုခုထူးခြားတာတွေ့ရင် ချက်ချင်း သတင်းပို့”
ဆေးခန်းမဆောင်တွင် စာအုပ်များ ဖတ်ရှုလျက်ရှိနေသော စွန်းပုကုံးသည် မြန်မြန်ပဲ ပြန်ပြောလိုက်၏။ “ကောင်းပါပြီ ဂိုဏ်းချုပ်”
ဤကောင်လေးသည် ဆေးသူတော်စင်ထားခဲ့သော စာအုပ်များနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် လေ့လာ ကြိုးစားလျက်ရှိသည်။ သူ့အနေနှင့် အကြီးအကဲဝေ၏ ရောဂါကို ကုသနိုင်မည့် နည်းလမ်းမျိုး အချိန်တိုအတွင်း ရှာဖွေ၍ မတွေ့နိုင်သေးဟု ဆိုသော်လည်း စာအုပ်များကို ဖတ်ရှုခြင်းအားဖြင့် ကြီးမားသည့် အကျိုးကျေးဇူးများကို ရရှိနေခဲ့၏။ ကြည့်ရသည်မှာ သူသည် ဂိုဏ်း၏ဆေးကုသမှုများကို တာဝန်ယူရမည့် တစ်ဦးတည်းသောသူ ဖြစ်လာ ပေလိမ့်မည်။
အချက်အားဖြင့် ကျွင်းချောင်ရှောင်းသည်လည်း ထိုသို့ပင် စဉ်းစားထားမိ၏။ ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲရသည်ဆိုသည်မှာ ပင်ပန်းလွန်းလှ၏။ ဤကဲ့သို့သော ကိစ္စဝိစ္စများကို တခြားသူသို့ လွှဲအပ်ထားမည် ဆိုလျှင် အကောင်းဆုံးပင်ဖြစ်၏။
……….
လဝက်လောက်ကြာပြီးသည့်နောက်မှာတော့ ဆေးပင်များ၏ ဒုတိယအသုတ်သည် ရင့်မှည့်လာခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဆေးခန်းမဆောင်ကို ဖွင့်၍ အများဆုံးသန့်စင်နိုင်သည့် ပမာဏကို တိုက်ရိုက်ပင် သန့်စင် လိုက်သည်။
ဆေးဘုရင်ဆေးလုံးသန့်စင်ရန်အတွက် အသုံးပြုသည့် ဆေးပင်မှာ အလွန်တရာ အရေးကြီးလှ၏။ လက်ရှိ ဆေးခန်းမဆောင်မှ အဖွဲ့သားများအားလုံးသည် ထိုအရာကို မစိုက်ပျိုးနိုင်ကြချေ။ အကြီးအကဲဝေသည်သာ ကိုယ်တိုင်စိုက်ပျိုးခဲ့ရခြင်းဖြစ်၏။ သို့ပေမဲ့ အကြီးအကဲဝေသည်တောင်မှ အတွေ့အကြုံ လိုအပ်ချက်များ ရှိသည်မို့ ဆေးလုံးပေါင်း နှစ်ရာကိုသာ ရရှိအောင် စိုက်ပျိုးနိုင်ခဲ့သည်။
ကျွင်းချောင်ရှောင်းမှာတော့ ထိုအရာကို စိတ်ကျေနပ်နေပြီဖြစ်သည်။ ဆေးကိုသန့်စင်ပြီးသည့်ဆိုသည်နှင့် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိရန် စောင့်နေကြသည့် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့် ကျင့်ကြံသူ နှစ်ရာကျော် ရှိနေသည် မဟုတ်လား။ သူ့အနေဖြင့် အနာဂတ်တွင် ပိုမို၍ စိုက်ပျိုးနိုင်မည်ဆိုလျှင် ဂိုဏ်း၏ တပည့်များသည် သိုင်းဘုရင်အဆင့်ကို လွယ်လွယ်ကူကူ ရောက်ရှိသွားပေလိမ့်မည်။
အနာဂတ်တွင် ပြိုင်စံရှားဂိုဏ်းအား လာရောက် အနိုင်ကျင့်မည့်သူအား ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင် တစ်ထောင်ကျော်အား ဆွဲထုတ်၍ တိုက်ခိုက်ခိုင်းမည်။ မည်မျှ ကောင်းမွန်လှသည့် မြင်ကွင်းမျိုး ဖြစ်မည်နည်း။
“ဒင် ဒင် ဒင်”
ရက်အနည်းငယ်အတွင်းမှာပဲ သိုင်းဘုရင်ဆေးလုံး နှစ်ရာကျော်သည် သန့်စင်ပြီးဖြစ်သွား၏။
ဝှစ် …. ဝှစ်
ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်အထက်တွင်တော့ သိုင်းဘုရင်ဖြစ်တည်ခြင်း အော်ရာများသည် အလွန်တရာ ကြီးမားစွာဖြင့် စုဝေးလာတော့သည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာ ထိုအော်ရာများသည် ပြန်လည်၍ ပျောက်ကွယ်သွားကြ၏။ တပည့်နှစ်ရာကျော်တို့သည် သိုင်းဘုရင်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ကြပြီးဖြစ်၏။
၎င်းတို့ထဲတွင် အခုမှ ဂိုဏ်းထဲသို့ စတင်ဝင်ရောက်ခဲ့သော မူဟုန်လင်လည်း ပါဝင်နေ၏။
“ဒါက အရမ်းကို မှော်ဆန်လွန်းတယ်၊ သိုင်းဘုရင်အဆင့်ကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်နိုင်ဖို့ဆိုတာ အိမ်မက်ထဲမှာတောင် ထည့်ပြီး မမက်ရဲခဲ့ဘူး”
အခုမှ အဆင့်ကျော်ဖြတ်ခဲ့ကြသော တပည့်များအားလုံးသည် အလွန်ပဲ စိတ်လှုပ်ရှားနေကြ၏။ သိုင်းဘုရင်ဆေးလုံး ကို သောက်သုံးပြီးသည့်နောက်မှာ ပြိုင်စံရှားဂိုဏ်း၏ သိုင်းဘုရင်အရေအတွက်သည် သုံးရာအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
………
နောက်ထပ်သုံးလ ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ သဘောတူညီမှုကို ရောက်ရှိရန် ဆယ်ရက်သာ ကျန်ရှိတော့သည်။
ကျွင်းချောင်ရှောင်းသည် လက်များကို ယမ်းခါကာ အဓိက ဟောခန်းထဲမှ လျှောက်ထွက်လာ၏။ အကြီးအကဲလေးယောက်ဖြစ်သော ကျန့်ရာ၊ နင်တုစွေ၊ နင်တုရှင်းနှင့် အကြီးအကဲကဲ့တို့အားလုံးသည် ဂိုဏ်းချုပ်၏ နောက်မှ လိုက်ပါလာသည်။ ၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ F4 မင်းသားများပင် ဖြစ်တော့သည်။
ဝှစ်
လေ့ကျင့်ရေးကွင်းပြင်ထဲတွင်တော့ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရင်ကိုကော့၍ ရပ်နေကြသော တပည့် တစ်သောင်းကျော်တို့သည် ရှိနေကြ၏။ သုံးနှစ်ဆိုသော အချိန်ကာလသည် မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ ကျွင်းချောင်ရှောင်း၏ အလုပ်ကြိုးစားမှုအောက်မှာတော့ မည်သည့်အဆင့်မှန်းပင် ကောင်းကောင်းမသိသော ပြိုင်စံရှားဂိုဏ်းသည် တတိယ သို့မဟုတ် စတုတ္ထအဆင့်များနှင့် နှိုင်းယှဉ်၍ ရနိုင်သည့်အရည်အသွေးကို ပိုင်ဆိုင် နေကြပြီဖြစ်၏။ သို့ပေမဲ့ ခရီးဆုံးသို့ ရောက်ရှိရန် အဝေးကြီး လိုအပ်နေသေး၏။
ကျွင်းချောင်ရှောင်းအနေဖြင့် ယနေ့တွင် လိုင်လီနတ်ဂိုဏ်းကို သွားရောက်စိန်ခေါ်ရန်အတွက် ခရီးထွက်ခွာတော့ မည်ဖြစ်သည်။ ဤအတောအတွင်း ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အပြင်းအထန် ကြိုးစားခဲ့ပြီ ဖြစ်သောကြောင့် ၎င်းတို့၏ အားအင်များသည် တိုးတက်လာခဲ့သည်။ ထိုကြိုးစားခဲ့သမျှ အရာအားလုံးသည် ယနေ့ အတွက်ပင်ဖြစ်တော့သည်။
“လိုင်လီနတ်ဂိုဏ်းကို သွားမယ့်ခရီးစဉ်က ပြိုင်စံရှားဂိုဏ်းအတွက် ကြီးမားသည့် စမ်းသပ်မှုပဲ၊ မင်းတို့ဆီမှာ အနိုင် ယူဖို့အတွက် ယုံကြည်ချက် ရှိရဲ့လား”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ မေးလိုက်၏။
“ရှိပါတယ်” လီချင်းယန်နှင့် တခြားသူများအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ညိတ်လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ “တပည့်တို့ …… သွားကြစို့”
“ကောင်းပါပြီ”
ဝှစ် ဝှစ်
ဟာရီကိန်းဝံပုလွေများသည် တစ်ကောင်ပြီးတစ်ကောင် ပြေးထွက်သွားကြ၏။ ထိုဟာရီကိန်း ဝံပုလွေများ၏ အပေါ်မှာတော့ တပည့်များသည် စီးနင်းလျက် ရှိနေကြပြီး ဤတစ်ကြိမ် လိုင်လီနတ်ဂိုဏ်းဆီသို့ သွားသော တပည့်များသည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများပင် ဖြစ်ကြတော့၏။
ကျွင်းချောင်ရှောင်း၏ ရည်မှန်းချက်မှာတော့ တကယ်လို့ တိုက်ခိုက်ကြမည်ဆိုလျှင် အင်ပြည့် အားပြည့်နှင့် စိတ်ရှိလက်ရှိ ပျော်ပျော်ကြီး တိုက်ခိုက်ဖို့ပင် ဖြစ်တော့သည်။