အခန်း (၆၄၅)
Vol. 43 Ch. 645
*
အောက်တွင် တပည့်များရှိနေပြီး လင်းယုန်နက်ကြီးပေါ်မှာတော့ ဂိုဏ်းချုပ်က စီးနင်းနေသည်။ ၎င်းတို့အားလုံး သည် လိုင်လီနတ်ဂိုဏ်း၏ ဂိတ်တံခါးအား ဝန်းရံထားကြ၏။ ပြိုင်စံရှားဂိုဏ်းသည် ဤနေရာတွင် သုံးနှစ်တာ သဘောတူညီမှုအဖြစ် လာရောက်မည်ကို ကြိုတင်သာ မသိရှိထားပါက ဒုတိယအဆင့် ဂိုဏ်းတစ်ခုကို လာရောက် ဖြိုဖျက်သည်ဟု အားလုံးက တွေးထင်မိပေလိမ့်မည်။
“မောက်မာလိုက်တာ”
တခြားသော နယ်မြေတစ်ခုရှိ ကျွမ်းကျင်သူတစ်ယောက်က တီးတိုးပြောလိုက်သည်။ လိုင်လီနတ်ဂိုဏ်းသည် ကျော်ကြားလှသော ဒုတိယအဆင့် ဂိုဏ်းတစ်ခုဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းဆိုသောလူသည် တပည့်များကို ခေါ်ဆောင်လာ၍ ရိုင်းဆိုင်းသော အပြုအမူနှင့် တောင်အောက်တွင် ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် လာရောက်ရာလမ်းတွင် သိုသိုသိပ်သိပ်နှင့် လာရမည်ကို ကောင်းကောင်းသိ၏။ သို့ပေမဲ့ ထိုသို့သာ လာမည်ဆိုပါက လူများအားလုံး၏ ဝိုင်းဖွဲ့လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည်။ ထို့ကြောင့် ကြီးကြီးကျယ်ကျယ်နှင့် ဆရာကြီးစတိုင်လုပ်၍ လာခဲ့ခြင်းဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ လူသားတို့၏ ပါးစပ်ကို ပိတ်ဆို့ရန် မဖြစ်နိုင်သေးချေ။ သို့ပေမဲ့ အကျိုးသက်ရောက်မှုမှာတော့ မဆိုးဘူးဟု ဆိုရမည်။
ဟာရီကိန်းဝံပုလွေများမှာတော့ များပြားလှသော ဂိုဏ်းများအား ထိတ်လန့်တုန်လှုပ်စေ၏။ ထို့အပြင် ပျံသန်းနိုင် သော သားရဲများပါ ပေါ်လာသည့်အချိန်မှာတော့ အားလုံးသည် မနာလို ဝန်တိုစိတ်များပင် ဖြစ်မိနေကြ၏။ သူတို့ကို လှောင်ပြောင်နေသူများသည် မည်ကဲ့သို့သော အခွင့်အရေးရှိ၍ လှောင်ပြောင်နေရသနည်း။
“နေဦး”
အစောနတုန်းက အမျိုးသမီးလေးသည် အဘယ်ကြောင့် ကျွင်းချောင်ရှောင်း၏ အနားတွင် ရပ်နေရသနည်း။ သူမသည် အရှေ့မြောက်လုကျိုးဆီမှ ကျွမ်းကျင်သူတစ်ယောက် မဟုတ်ဘူးလား။ အဘယ်ကြောင့် ပြိုင်စံရှား ဂိုဏ်း၏ တပည့်တစ်ယောက်နှင့် တူနေရသနည်း။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အအေးနန်းတော်နှင့် တခြားသော ဂိုဏ်းချုပ်များဆီသို့ လှမ်း၍ ကြည့်လိုက်၏။ “ဟမ်... ခင်ဗျားတို့က ဘာလို့ ဒီကိုရောက်နေတာတုန်း”
“…”
ဂိုဏ်းချုပ်ကိုးယောက်တို့သည် ငြိမ်သက်သွားကြ၏။
လာချင်လို့ လာတယ် ထင်နေတာလား၊ ခင်ဗျားတပည့်ကြောင့်ပေါ၊ ခင်ဗျားတပည့်ကြောင့်။
“ဘိုးဘေးအကြီးအကဲကြီး” ဂိတ်တံခါး၏ရှေ့ဝတွင် ရပ်လျက်ရှိသော အဘိုးအိုကိုမြင်တော့ အအေးနန်းတော်၏ ခန်းမသခင်သည် မတတ်နိုင် တော့ဘဲ မျက်ရည်ပါ ဝိုင်းလာမိသည်။
“အင်း”
အအေးနန်တော်၏ ဘိုးဘေးအကြီးအကဲကြီးသည် သက်ပြင်းချလိုက်မိသည်။ သူသည် အဆုံးမဲ့ အအေးပင်လယ် ထဲတွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးသည့်နောက် ဂိုဏ်းအတွက် လက်စားချေရန် ရည်ရွယ်ချက်ဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ လက်စားချေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့အား ရိုက်နှက်ခဲ့ရုံသာမက သူ၏ ဝိညာဉ်အရင်းအမြစ်အား ထုတ်ကာ အစေခံတစ်ယောက်အဖြစ် ခိုင်းစေလျက် ရှိနေတော့၏။
“ဂိုဏ်းချုပ်”
လုချင်းချင်းသည် အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းကို အားပေးဖို့အတွက် ဒီလူတွေကို ခေါ်ထားတာလေ”
ကျွင်းချောင်ရှောင်း ကြောင်သွား၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ကျေးဇူးပဲ”
လိုင်လီနတ်ဂိုဏ်းကို အားပေးရန်အတွက် များပြားလှသော အဖွဲ့အစည်းများ ရောက်ရှိနေကြ၏။ ထို့ကြောင့် ဂိုဏ်းအတွက် သူမသည် လူပေါင်းများစွာကို ထပ်မံခေါ်ယူခဲ့ခြင်းပင်ဖြစ်တော့သည်။
ကျွီ
ပိတ်ထားသောဂိတ်တံခါးကြီးသည် ပွင့်သွားတော့၏။ ပြီးနောက် အသံတစ်ခု ပေါ်လာခဲ့သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီး ဝင်ပါ”
“သွားကြစို့”
ကျွင်းချောင်ရှောင်းသည် ဂိတ်တံခါးရှေ့ဝတွင် မတ်တပ်ရပ်၍ အထဲသို့ လျှောက်ဝင်လိုက်တော့သည်။ တပည့်များ သည်လည်း ဟာရီကိန်းဝံပုလွေများကို စီးနင်းကာ အနောက်မှ လိုက်ပါလာကြသည်။ တစ်ဖက်လူများသည် အလွန်တရာ အားကောင်းလှသော အခြေခံကို ပိုင်ဆိုင်ကြသည့် ဒုတိယအဆင့် ဂိုဏ်းတစ်ခု ဖြစ်သည်ဆိုသော်လည်း ၎င်းတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင် တစ်ခုမှ မရှိချေ။ ထိုကဲ့သို့သော အတွေ့ အကြုံများကို ရရှိပြီးသည့် လူများကဲ့သို့ပင် မကြောက်မရွံ့ ရှေ့သို့ တိုးလာကြ၏။
ရှောင်ကျီသည် အသက်ကို ပြင်းပြင်းရှု၍ လက်သီးကို ဆုပ်လိုက်၏။ “မုယုံရှင်း... ကျုပ်လာပြီ”
……..
လိုင်လီနတ်ဂိုဏ်း၏ အပြင်ဘက်ခြံဝန်းသည် အလွန်တရာ ကြီးမားလွန်းလှ၏။ ၎င်းတို့ရပ်နေသည့် ခြေထောက် အောက်ခြေရှိ အုတ်ခဲနှင့် ကြွေပြားများပင် ရှည်လျားလှသော သမိုင်းကြောင်းကို ပိုင်ဆိုင်ကြသည်။
လက်ရှိ အခြေ အနေမှာတော့ အရှေ့ဘက်လွင်ပြင် တည်နေရာတစ်ခုလုံးရှိ များပြားလှသော မိသားစုများနှင့် ဂိုဏ်းများအားလုံး သည် အစောကြီးကတည်းက ကြိုတင်၍ ရောက်နှင့်နေကြပြီးဖြစ်သည်။ လူမှာအတော်ပင်များပြား၏။ နှစ်သောင်းမှ သုံးသောင်းနီးပါးခန့်ရှိသည်။
ကျွင်းချောင်ရှောင်းသည် အထဲသို့ တပည့်များနှင့်အတူ လျှောက်ဝင်လိုက်သည့် နောက်မှာတော့ ၎င်းတို့အားလုံးသည် ကျွင်းချောင်ရှောင်းအား အထင်အမြင်သေးစွာဖြင့် ကြည့်ရှုနေကြ၏။
အရှေ့ဘက်လွင်ပြင်ဒေသရှိ ဂိုဏ်းများအနေဖြင့် လိုင်လီနတ်ဂိုဏ်းကို ဦးစားပေးကြသည်ဖြစ်ပြီး ပြင်ပရှိဂိုဏ်းများ အား ရန်သူကဲ့သို့ပင် သဘောထားသည်။
မူချန်းဟုန်သည်လည်း ရောက်ရှိနေသည်။ အစောတုန်းက သူသည် ထိုကဲ့သို့သော ဂိုဏ်း၏ တိုက်ပွဲမျိုးကို ပါဝင်ရန် စိတ်မဝင်စားချေ။ သို့ပေမဲ့ လွန်ခဲ့သည့်လဝက်က အရှေ့တော်ဝင်ဒေသ၏ တော်ဝင်မြို့မှ မြို့တော်ဝန်သည် သူ့အားလာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဤအရာ၏ ရည်ရွယ်ချက်မှာ ပြိုင်စံရှား ဂိုဏ်းအနိုင်ကျင့်ခံရသည့်မြင်ကွင်းအား ၎င်း၏ မျက်စိဖြင့် မြင်တွေ့သွားစေရန် တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်ခြင်းဖြစ်ကြောင်း သိသာလှ၏။
“မြို့တော်ဝန်မူ”
ဟောင်ထျန်တော်ဝင်မြို့၏ မြို့တော်ဝန် တင်လင်းရွမ်သည် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ဒါက အခုတလော နာမည်ကြီးနေတဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား”
“အမှန်ပါပဲ”
မူချန်းဟုန်ပြောလိုက်သည်။
တင်လင်းရွမ်က ပြုံးလိုက်မိသည်။ “အခုမှမွေးလာတဲ့ ဝံပုလွေပေါက်လေးတွေက ကျားကို မကြောက်ဘူးဆိုတာ အမှန်ပဲကိုး”
တစ်ဖက်လူသည် ပြိုင်စံရှားဂိုဏ်းအား အထင်သေးနေသည်ကို မူချန်းဟုန် ကောင်းကောင်းသိ၏။ ထို့ကြောင့် သူ့အနေနှင့် ပြန်လည်၍ မပြောလိုပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင်လည်း ယုံကြည်ချက်ကြီးကြီးမားမား မရှိ သောကြောင့်ဖြစ်၏။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အပြင်ဘက်ဆီတွင် မတ်တပ်ရပ်လိုက်၏။ ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ပြိုင်စံရှားဂိုဏ်းနဲ့ ဒီဂိုဏ်းက တပည့်ချင်းလက်ရည်စမ်းကြဖို့ သဘောတူညီချက် ရှိခဲ့ တယ်၊ ဒီနေ့မှာတော့ တိုက်ပွဲကို ပြည့်စုံအောင်လို့ ကျုပ်လာခဲ့ပြီ”
ဝှစ် …. ဝှစ်
ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲ၊ ဟောခန်းသခင်နှင့် တပည့်များအားလုံးသည် ရင်ကိုကော့ကာဖြင့် ကျွင်းချောင်ရှောင်း၏ အနောက်တွင် ရပ်လျက်ရှိနေကြသည်။ ၎င်းတို့သည် လူအများကြီးလာကြသည်မဟုတ်ပေ။ များပြားလှသောဂိုဏ်းများမှ လူတစ်သောင်းကျော်နှင့် နှိုင်းယှဉ်မည်ဆိုရင် အရေအတွက်အရ အလွန်တရာ သေးငယ်လွန်း၏။ သို့ပေမဲ့ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသောသံမဏိကဲ့သို့ စိတ်ဓာတ်အော်ရာများအားလုံး သည် တစ်ဖက်ရှိလူများနှင့် နှိုင်းယှဉ်၍ ရနေ၏။
“ဒါက”
မူချန်းဟုန်သည် ဆွံ့အသွားမိ၏။ ပြိုင်စံရှားဂိုဏ်းနှင့် ဒုတိယအဆင့်ဂိုဏ်းကြားတွင် ကြီးမားသည့် ကွာခြားချက်များ ရှိနေသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်အကုန်လုံးသည် အဘယ်ကြောင့် ထိတ်လန့်ကြောက်ရွံ့သည် အမူအရာမျိုး မရှိရသနည်း။
ကျွင်းချောင်ရှောင်းသည် နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ် ခဲ့သည့် မြင်ကွင်းကို မြို့တော်ဝန်သည် ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရသောကြောင့်သာ ဤကဲ့သို့တွေးနေရခြင်း ဖြစ်သည်။
တကယ်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် မည်သူ့ကိုမှ ကြောက်ရွံသည်မှ မဟုတ်ချေ။ သူတို့အနေနှင့် အားကောင်းသော သူနှင့် တိုက်ခိုက်ရသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်တော့ချေ။ ထို့ကြောင့် မည်သည့်အရာကို ကြောက်ရွံနေရမည်နည်း။
တခြားသောပြည်နယ်များမှ ဂိုဏ်းများသည်လည်း လိုင်လီနတ်ဂိုဏ်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြ တော့သည်။ လူတော်တော်များများသည် တစ်ဖက်ခြမ်းဆီသို့ သွားရောက်ကြသူများဖြစ်သည်မို့ ကျွင်းချောင်ရှောင်း နှင့် တခြားသောသူများဘက်တွင် လူနည်းလျက် ရှိသည်။
အရှေ့တောင်ရန်ကျူးရှိ ဂိုဏ်းများသည် မလာကြပေ။ မဟုတ်ပါက သူတို့သည် ပြိုင်စံရှားဂိုဏ်း၏ အနောက်ဘက် တွင် ကျိန်းသေပေါက် ရပ်တန့်ပေလိမ့်မည်။
လုချင်းချင်းသည် အသာလှည့်ကြည့်ပြီးသည့်နောက်မှာတော့ ရွှမ်လင်းဂိုဏ်းနှင့် တခြားသောဂိုဏ်းများမှ ဂိုဏ်းချုပ်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းနှင့် သူ၏ဂိုဏ်း အနောက်ဘက်သို့ သဘောပေါက်စွာနှင့် ရပ်တန့်လိုက်ကြသည်။
“အရှေ့မြောက်လုကျိုးဘက်က ဂိုဏ်းတွေက ပြိုင်စံရှားဂိုဏ်းကို လာပြီး အားပေးတာလား၊ သူတို့က အရင်တုန်းက ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ် မဟုတ်ဘူးလား”
“အအေးနန်းတော်က ဖျက်ဆီးခံလိုက်ရလုနီးပါး ဖြစ်ခဲ့တယ်လို့ ကျုပ်ကြားတယ်၊ ဒီတော့ သူတို့ကြားထဲမှာ အလွန် တရာကြီးမားတဲ့ အမုန်းတရားတွေ ရှိနေမှာပဲ၊ သေတဲ့အထိတောင် တိုက်ခိုက်သင့်တယ်၊ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး တော့ အဲဒီနောက်မှာ သွားရပ်နေရတာလဲ”
အရှေ့မြောက်လုကျိုး၏ အဆင့်လေးဂိုဏ်းကြီး ကိုးဂိုဏ်းတို့သည် ပြိုင်စံရှားဂိုဏ်း၏နောက်တွင် ရပ်လျက် ရှိနေ ကြသည်။ ထိုအရာသည် ကျန်သောဂိုဏ်းများအားလုံးကို ဇဝေဇဝါ ဖြစ်မိစေ၏။ ရွှမ်လင်းဂိုဏ်းချုပ်နှင့် တခြားသော သူများသည်လည်း စိတ်ဓာတ်ကျလျက် ရှိနေကြသည်။
ကျွင်းချောင်ရှောင်းသည် အဆင်အခြင်မဲ့စွာဖြင့် ဒုတိယ အဆင့်ဂိုဏ်းတစ်ခုကို စိန်ခေါ်ခဲ့သည်။ ပြီးနောက် သူတို့အား လိုက်ပါအားပေးရန် အတင်းဖိအားပေးခဲ့တော့သည်။ ယခုအချိန်သည် မျက်နှာပျက်ရတော့မည့်အခြေအနေတွင် သူတို့က ကြားဝင်ရောက်ရှိနေ၏။
လိုင်လီနတ်ဂိုဏ်း၏ အဓိကဟောခန်းထဲမှာတော့ ချမ်းဟွာရှင်းနှင့် အခြားသော အကြီးအကဲများသည် လျှောက် ထွက်လာကြသည်။ ထင်မှတ်ထားသည့်အတိုင်းပင် ဒုတိယအဆင့် ဂိုဏ်းတစ်ခု ဖြစ်သည်မို့ အားလုံးသည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်လို့နေသည်။
“ဂိုဏ်းချုပ်ကျွင်း”
ချမ်းဟွာရှင်းက တည်ငြိမ်စွာပြောလိုက်၏။ “တိုက်ပွဲသဘောတူညီမှုက ရှောင်ကျီနဲ့ ကျွန်မတို့ တပည့်နဲ့ပဲ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက်များတဲ့ တပည့်တွေ ခေါ်လာရတာလဲ”
ကျွင်းချောင်းရှောင်းက ပြောလိုက်သည်။ “ဒီကိုရောက်လက်စနဲ့ တစ်ပွဲလောက် တိုက်ခိုက်ရတာ အားမရနိုင်ဘူးလေ၊ ဒီတော့ တိုက်ပွဲလေး နည်းနည်းများများ ချရအောင်”
ဟား ဟား
ကျွမ်းကျင်သူများထဲမှ တစ်ယောက်က ကျယ်လောင်စွာရယ်လိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ရဲတင်းတာပဲ”
တခြားသောသူများသည်လည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ တီးတိုးပြောဆိုနေကြသည်။ များပြား လှသည့် တပည့်များကို ခေါ်ဆောင်လာပြီး စိန်ခေါ်လျက်ရှိသည်မှာ ဂိုဏ်းစိန်ခေါ်မှုကို ပြုလုပ်သည်နှင့်ပင် ဆင်တူ နေ၏။ တချို့သော သူများသည် ကျွင်းချောင်ရှောင်း၏ သတ္တိကို ချီးကျူးမိနေကြ၏။ သို့ပေမဲ့ တချို့သော သူများ မှာတော့ အထင်သေးရှုံ့ချနေ၏။
ချမ်းဟွာရှင်းသည် အေးစက်စက်နှင့်ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ဒီဟာကို စိတ်ဝင်စားတယ်ဆိုမှတော့ ကျွန်မတို့ လိုင်လီနတ်ဂိုဏ်းကလည်း အဆုံးထိ သဘော တူရမှာပေါ့”
ပြီးနောက် သူမသည် လက်များကို ဝှေ့ယမ်းလိုက်သည်။ ဂိုဏ်း၏တပည့်များသည် ရှေ့ဘက်သို့ လျှောက်ထွက် လာပြီးသည့်နောက် သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အစပ်တွင် ရပ်တန့်လိုက်ကြသည်။ လိုင်လီနတ်ဂိုဏ်းမှ တပည့် များအားလုံးသည် မိန်းကလေးများဖြစ်ပြီး သွင်ပြင်အမူအရာများမှာ မဆိုးဝါးလှချေ။ ဤကဲ့သို့ မတ်တပ်ရပ် တန်းစီလိုက် မည်ဆိုရင် ပန်းဥယျာဉ်ထဲတွင် စိုက်ပျိုးထားသော လှပလှသည့် ပန်းကလေးများကဲ့သို့ပင် ဖြစ်နေသည်။
လုချင်းချင်းနှင့် မူဟုန်လင်တို့သည် ကျွင်းချောင်ရှောင်း၏ အနောက်တွင် မတ်တပ်ရပ်လျက်ရှိသည်။ ၎င်းတို့သည် ဒုတိယအဆင့်ဂိုဏ်းကြီးမှ တပည့်များ၏ လှပမှုကို နှစ်ယောက်တည်း နှင့် ထိန်းချုပ်ထားနေ၏။ ကျင့်ကြံခြင်းကိုပဲ ဂရု စိုက်ပြီး လှပမှုကို စိတ်မဝင်စားသောလူများက စတင်၍ ချီးကျူးလိုက်၏။ “လိုင်လီနတ်ဂိုဏ်းက တပည့်တွေက အဆင့်နှစ်သိုင်းစစ်သူကြီးအဆင့်တွေပါလား”
ပြီးသည့်နောက်မှာတော့ သူသည် ကျွင်းချောင်ရှောင်းခေါ်ဆောင်လာသော တပည့်တစ်ရာကျော်တို့ကို လှမ်းကြည့် လိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။ “ဒီနှစ်ဖွဲ့က နှိုင်းယှဉ်လို့တောင် မရဘူး”
အားလုံး၏ မျက်နှာပြင်ပေါ်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များသည် လိုင်လီနတ်ဂိုဏ်းနှင့် နှိုင်းယှဉ်၍ မရနိုင်အောင် အားနည်းနေ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ပြိုင်စံရှားဂိုဏ်းသည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ် သည့် နည်းစနစ်ကို အသုံးပြု၍ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သိုင်းစစ်သူကြီးအဆင့်များသည်မက သိုင်းဆရာအဆင့်အဖြစ် ဖုံးကွယ်ထားသည့်သူများပင် ပါဝင်နေကြသည်။
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “အကြီးအကဲချမ်း... ပြိုင်စံရှားဂိုဏ်းက လေးလေးစားစားနဲ့ လာပြီးစိန်ခေါ်တာလေ၊ ကျေးဇူးပြုပြီး လေးလေးစားစား ပြန်လည်တိုက်ခိုက်ပေးပါ၊ ဒီလိုသုံးမရတဲ့လူတွေ ရှေ့ကိုပို့ပြီး ဘာလုပ်မှာလဲ”
“...” ကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။
လိုင်လီနတ်ဂိုဏ်းတပည့်များ၏ ကျင့်ကြံခြင်းအဆင့်နှင့် ပင်ကိုယ်စွမ်းရည်များသည် မဆိုးရွားလှချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သုံးစားမရသည့် သူများအဖြစ် ပြော ဆိုလျက်ရှိနေသည်။ ချမ်းဟွာရှင်းက အေးစက်စက်နှင့် ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကျွင်း... ကျွန်မတို့ဂိုဏ်းရဲ့ တပည့်တွေက ရှင်တို့ဂိုဏ်းရဲ့တပည့်တွေနဲ့ တိုက်ခိုက်ဖို့အတွက် လုံလောက်တဲ့ အားအင်ရှိတယ်၊ ဒီတော့ ရှင်ရဲ့အားအကောင်းဆုံးတပည့်ကိုသာ လွှတ်လိုက်တော့၊ မဟုတ်ရင် အနိုင်ကျင့်တယ် ဆိုပြီး ဖြစ်နေအုံးမယ်”
“အဆင်ပြေပါတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားကောင်းတဲ့လူတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံရတာကို သဘောကျတယ်လေ၊ ခင်ဗျားကို ဂိုဏ်းကသာ တကယ့်ကို လက်ရွေးစင်တပည့်တွေ စေလွှတ်ပေးဖို့ မျှော်လင့်မိတယ်”
အားကောင်းတဲ့သူတွေရဲ့ အနိုင်ကျင့်မှုကို ကြိုက်နှစ်သက်သည်ဟု ပြောဆိုလျက်ရှိနေသည်။ ဂိုဏ်းချုပ်ကျွင်းသည် အမှန်ပင် ရူးသွပ်နေသူတစ်ယောက်ဖြစ်မည်ဟု များပြားလှသော ဂိုဏ်းများမှ လူများက သုံးသပ်မိလိုက်ကြသည်။
စာစဉ် ၄၃ ပြီး၏။