← Chapters

အခန်း (၆၅၀)

Vol. 44 Ch. 650

အခန်း (၆၅၀)

Vol. 44 Ch. 650

ဓားခုနှစ်လက်။

ဤရာထူးသည် နတ်ဓားဂိုဏ်း၏ သီးသန့်ရာထူးဖြစ်၏။ ဓားတာအိုကို ကောင်းမွန်သည့်နားလည်မှုများရှိသော တပည့်များသည်သာလျှင် ဓားခုနှစ်လက်ထဲမှ တစ်လက်ဖြစ်ခွင့်ရှိသည်။

ဓားခုနှစ်လက်သည် ဂိုဏ်းထဲတွင် အားအကောင်းဆုံးသောသူများ မဟုတ်သော်လည်း လုံလောက်သည့် အတွေ့အကြုံမျိုးကို ပိုင်ဆိုင်လာပြီဆိုရင် ဂိုဏ်း၏ အကြီးအကဲတစ်ယောက်အဖြစ် လွယ်လွယ်ကူကူ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ဓားခုနှစ်လက်ထဲမှ တစ်လက် ဖြစ်မည်ဆိုလျှင် အကြီးအကဲဖြစ်နိုင်သည်ဟု သတ်မှတ်နိုင်၏။

ဥပမာအားဖြင့် နတ်ဓားဂိုဏ်းမှ အကြီးအကဲရှီ သည် အရင်တုန်းက ဓားခုနှစ်လက် အဖွဲ့ဝင်ဖြစ်၏။ သူသည် သူ၏ အပေါင်းအဖော်များထက် ပိုမို၍ ထူးချွန်ပြီး အားလည်းကောင်းလှသောကြောင့် အဆုံးသတ်တွင် အကြီးအကဲ တစ်ယောက်ဖြစ်လာခဲ့သည်။

“ဂိုဏ်းချုပ်”

ကျိုးဟုန်၏ မျက်လုံးများသည် တောက်ပလာ၏။ “တပည့်က တိုက်ခိုက်ဖို့ တောင်းဆိုချင်တယ်”

နတ်ဓားဂိုဏ်းမှ ဓားခုနှစ်လက်သည် အလွန်တရာ အားကောင်းလွန်းလှသော ဓားဆန္ဒများကို ထုတ်ဖော်လျက် ရှိသည်။ သူသည် ၎င်းတို့နှင့် အကြီးအကျယ် တိုက်ခိုက်ချင်နေမိ၏။

“သွား”

ကျိုးဟုန်သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ လှမ်းတက်သွား၏။ သူ၏လက်ထဲမှ ဓားသည် အနည်းငယ်တုန်ခါလျက်ရှိသည်။ ၎င်း၏ သခင်ကဲ့သို့ပင် ဓားတာအို ကျွမ်းကျင်သူများနှင့်အတူ တိုက်ခိုက်ချင်နေပုံပေါ်သည်။

ကျိုးဟုန်သည် ရပ်တန့်လိုက်၏။ ပြောစရာပင်မလိုချေ။ သူ၏ အနက်ရောင်မျက်လုံးထဲမှ တိုက်ခိုက်လိုစိတ်ဆန္ဒများသည် ပိုမို၍ အားကောင်းလာခဲ့၏။

ဟမ်

နတ်ဓားဂိုဏ်းမှ ဓားခုနှစ်လက်တို့သည် မျက်မှောင်ကုတ်သွားမိကြ၏။ တစ်ဖက်လူ၏ ဓားတာအိုအပေါ် နားလည်မှု သည် သူတို့ထက်ပို၍ အားကောင်းသည်ဟု အလိုလိုသိရှိနေမိကြသည်။

“ပြိုင်စံရှားဂိုဏ်းမှာ ဓားတာအိုကို ပိုင်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ရှိမယ်လို့ ကျုပ်မထင်မိဘူး”

နတ်ဓားဂိုဏ်းမှ အကြီးအကဲသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ တကယ်တမ်းမှာတော့ ဓားတာအိုတင် မဟုတ်ပေ၊ ဓားမော့တာအိုလည်း ရှိနေ၏။ မာယုံနင်သည် လက်ပိုက်ကာ ကြည့်ရှုနေ၏။ သူ၏ခါးကြားထဲမှာတော့ အမဲရောင်ဓားမကြီးတစ်လက် တည်ရှိလို့နေသည်။

“ဆိုးတာပဲ”

သူသည်ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီမှာ ဓားမော့တိုက်ခိုက်တဲ့လူလည်း မရှိဘူး”

............

သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ ကျိုးဟုန်သည် ၎င်း၏ဓားအော်ရာများကို မထုတ်လွှင့်သေးသော်လည်း နတ်ဓားဂိုဏ်းမှ တပည့်ခုနှစ်ယောက်တို့နှင့် နှိုင်းယှဉ်၍ ရနေ၏။

ဓားသမား။

ဤလူသည် ကျိန်းသေပေါက် ဓားသမားစစ်စစ် ဖြစ်၏။ သိုင်းကျင့်ကြံသူများ အားလုံးတို့သည် စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချနေမိ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပျင်းစရာအကောင်းဆုံး တိုက်ပွဲသည် ဓားသမား များ၏ တိုက်ပွဲပင်ဖြစ်၏။ ၎င်းတို့သည် အချိန်တစ်ဝက်လောက်ယူပြီး ဟန်ထုတ်သရုပ်ပြနေခြင်းနှင့်သာ ကုန်ဆုံးခဲ့၏။

ဤသို့နှင့်ပဲ ကျိုးဟုန်နှင့် ဓားခုနှစ်လက်တို့၏ တိုက်ပွဲသည်စတင်နေပြီဖြစ်သည်။

တိကျသေချာ လှသော အကွာအဝေးတစ်ခုတွင် နှစ်ဖက်လုံးသည် မတ်တပ်ရပ်လျက်ရှိနေကြပြီး တစ်ယောက်ကမှ စကားမပြောကြ။ သစ်သားရုပ်ထုကြီးများကဲ့သို့ပင်။

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူ တချို့သည် သန်းဝေလာကြ၏။ တချို့သည် အိပ်ချင်စိတ်တွေ ဖြစ်လာသောကြောင့် ကိုယ့်ပါးကိုယ် ပြန်ရိုက်နေ ကြ၏။

တခြားတစ်ဖက်တွင်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ စိတ်ဝင်တစားနှင့် ကြည့်ရှုလျက်ရှိ၏။ နှစ်ဖက်အဖွဲ့ ကြားထဲတွင် မမြင်နိုင်သည့် ဓားတိုက်ခိုက်ချက်များ ထုတ်ဖော်နေသည်ကို သူကောင်းကောင်း ခံစားမိ၏။ ဓားကျင့်ကြံသူများ၏ တိုက်ပွဲသည် ရှုပ်ထွေးလှသည့် အကြောင်းအရာများ မရှိပေ။ လှုပ်ရှားလိုက်သည် ဆိုသည်နှင့် ဖြစ်ပေါ်လာမည့်ရလဒ်ကို ဆုံးဖြတ်ပြီးသား ဖြစ်နေပေမည်။

ချလွမ် … ချလွမ်။

ထိုအချိန်မှာပဲ ဓားခုနှစ်လက်တို့သည် ၎င်းတို့၏ နောက်ကျောဘက်ဆီမှ ဓားများကို ဆွဲထုတ်လိုက်ကြ၏။

ဝှစ် …. ဝှစ်

တစ်ချိန်တည်းမှာပဲ သူတို့သည် နည်းဗျူဟာပိုင်းအရ နားလည်စွာဖြင့် ဓားများကို ဝှေ့ယမ်းလိုက်တော့သည်။ ခုနှစ်ရောင်စဉ်ဓားအလင်းများသည် တည်နေရာကို ဖြတ်သန်း၍ ပြင်းထန်လွန်းသောအရှိန်အဟုန်နှင့်အတူ ရောက်ရှိ လာခဲ့သည်။ ဓားခုနှစ်လက်သည် လူတစ်ယောက်တည်း ကဲ့သို့ ပူးပေါင်းကာ တိုက်ခိုက်ကြခြင်း ဖြစ်သည်။

“မဆိုးဘူးပဲ၊ မဆိုးဘူး”

အကြီးအကဲရှီ သည် သဘောတကျဖြင့် ပြောလိုက်၏။ ဤနှစ်၏ ဓားခုနှစ်လက်တို့သည် အရင်နှစ်၏ ဓားခုနှစ်လက် ထက်ပိုမို၍ အားကောင်းကြသည်။ ဂိုဏ်း၏ ဂုဏ်သိက္ခာကို တိုးမြှင့်အောင် ပြုလုပ်ပေးနိုင်သည့်လူများဟု သတ်မှတ် ထားသည်။ အသက်ကြီးသွားကြပြီဖြစ်သော ဓားခုနှစ်လက် မျိုးဆက်များမှာတော့ အနားယူသူက အနားယူ၊ ဂိုဏ်း၏ စီမံရေးကိစ္စများတွင် ဝင်ရောက်သူက ဝင်ရောက်နှင့် ပျောက်ကွယ်ခဲ့ကြပြီဖြစ်သည်။ ယခု နတ်ဓားဂိုဏ်း၏ မျှော်လင့်ချက်သည် ဤဓားခုနှစ်လက်အပေါ်တွင် မူတည်လျက်ရှိနေ၏။

ဝှစ်

ဓားချီခုနှစ်စင်းတို့သည် ချက်ချင်းဆိုသလိုပဲ တည်နေရာအား ပိုင်းဖြတ်ကာ ရောက်ရှိလာခဲ့တော့သည်။

“အရမ်းအားကောင်းတယ်၊ ဓားကျင့်ကြံသူဆိုတာ ဒီလိုပဲလေ”

“ခုနှစ်ယောက် ပူးပေါင်းပြီး တိုက်ခိုက်တယ်ဆိုတော့ အားအင်အဆင့်က သိုင်းဘုရင်အဆင့်ထက်တောင် အားနည်း မှာ မဟုတ်ဘူး”

အားလုံး ထအော်လိုက်မိကြ၏။ ပြိုင်စံရှားဂိုဏ်းတပည့်ကို ထပ်၍ ကြည့်လိုက်ချိန်မှာတော့ တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိပြီး တစ်ချက်ကလေးမှ မလှုပ်ရှားသည်ကို သူတို့မြင်လိုက်ရ၏။

တစ်ဖက်လူများ၏ ပြိုင်ဘက် မဟုတ်သည်ကို သိရှိသောကြောင့် အစောကြီးကတည်းက အရှုံးပေးခဲ့သည်လား။ ပြိုင်စံရှားဂိုဏ်း၏ တပည့် ရှုံးနိမ့်သည်ကို သူတို့ မျက်ဝါးထင်ထင် မြင်ရပေတော့မည်။

အရှေ့ဘက်လွင်ပြင်ဆီမှ ကျွမ်းကျင်သူများသည် ထ၍ပင် ရယ်မိလိုက်ကြ၏။

ချလွမ်

ထိုအချိန်မှာပဲ ကျိုးဟုန်၏ ဓားလက်ကိုင်ကို ကိုင်ဆောင်ထားသောလက်သည် အသာလှုပ်ရှားသွားတော့သည်။ သူ၏ လက်ကောက်ဝတ်သည် လေထဲတွင် ယမ်းခါပြီးသည့်နောက်မှာတော့ ဓားချီများ ပျံ့နှံ့သွားတော့သည်။ ဓားချီများသည် အလွန်တရာ များပြားလွန်းသောကြောင့် ကြီးမားလှသည့် ဓားပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင် ဓားခုနှစ်လက်တို့အား လွှမ်းခြုံသွားသည်။

အကြီးအကဲရှီ သည် မျက်လုံးပြူးသွား၏။ ပြိုင်စံရှားဂိုဏ်းတပည့် ထုတ်ဖော်တိုက်ခိုက်လိုက်သည်မှာ အသက် တစ်ရှိုက်စာအတွင်း ဓားပေါင်းတစ်ထောင်ကို ထုတ်ဖော်တိုက်ခိုက်နေခြင်းဖြစ်သည်။ ဤအရာသည် မည်သည်ကို ဆိုလိုသနည်း။ ရိုးရှင်းသောနည်းဖြင့် ရှင်းပြရမည်ဆိုလျှင် ဤသို့သောအရာမျိုးကို ဓားဘုရင် (သို့မဟုတ်) အဆင့်မြင့် ဓားဘုရင်များသည်သာ ပြုလုပ်နိုင်သည့်အရာမျိုးဖြစ်၏။

ဘန်း ဘန်း

အလွန်တရာသိပ်သည်းပြီး များပြားအားကောင်းလွန်းလှသော ဓားချီများသည် သက်တန့်ရောင်စဉ် ဓားအလင်း များနှင့် ထိခိုက်မိပြီးနောက်မှာတော့ တစ်ဖက်မှ ဓားခုနှစ်လက်တို့အား အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပြုလုပ်သွား တော့သည်။ များပြားလှသော ဓားအလင်းများသည် ဓားခုနှစ်လက်အား ဖြတ်သန်းပြီးချိန်မှာတော့ လေဟာနယ် ထဲတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ မီးပန်းများလွှတ်သကဲ့သို့ အလွန်တရာ လှပလှသည် မြင်ကွင်းကို မြင်လိုက်ရသည်။

ချလွမ်

ကျိုးဟုန်သည် ဓားအားပြန်သိမ်းလိုက်တော့သည်။ သူဓားထုတ်ပြီး ဓားပြန်သိမ်းလိုက်သည့် အချိန်ကာလသည် မြန်ဆန်လွန်းအားကြီးပြီး သူ၏ မျက်နှာသည်လည်း တည်ငြိမ်လျက်ရှိနေ၏။

ဇွိ ဇွိ

မျက်နှာချင်းဆိုင်တွင် ရပ်လျက်ရှိသော ဓားခုနှစ်လက်တို့၏ ခန္ဓာကိုယ်ပေါ်မှာတော့ ဓားရာများဖြင့် ပြည့်နှက်သွား တော့သည်။ အရွယ်အစားနှင့် ဓားတစ်ချက်ချင်းစီတိုင်း၏ အနက်သည် တူညီလျက်ရှိနေကြပြီး ၎င်းတို့၏ အဝတ် များကို ပိုင်းဖြတ်ကာ သွားခဲ့၏။

“မဆိုးဘူး”

ကျွင်းချောင်ရှောင်း ချီးကျူးလိုက်မိ၏။ အသက်တစ်ရှိုက်စာအတွင်း များပြားလှသော ဓားချီများကို ထုတ်လွှတ်နိုင် ခဲ့သည်။ သို့ပေမဲ့ ရန်သူအား ကြီးကြီးမားမား ထိခိုက်အောင် မလုပ်ခဲ့ပေ။ သူ၏ ဓားတာအိုအပေါ် ထိန်းချုပ်နိုင်စွမ်း သည် ကြောက်မက်ဖွယ်ရာကောင်းသော အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားပြီဖြစ်၏။

သူကဲ့သို့ ဓားတာအိုကို ကျွမ်းကျင်သောသူတစ်ယောက်ပင်လျှင် ဤကဲ့သို့ ပြုလုပ်နိုင်မည် မဟုတ်ချေ။ ပြောရမည်ဆိုလျှင် ကျိုးဟုန်သည် ဓားတာအိုကို ကိုယ်တိုင်လေ့လာပြီး ရရှိခဲ့သူတစ်ယောက်ဖြစ်သည်။ ကျွင်းချောင်ရှောင်းကဲ့သို့ ဆေးရည်များသောက်၍ ဖြစ်တည်လာခဲ့သည့် ဓားဘုရင်တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ဓားတာအိုနှင့်ပတ်သက်၍ နားလည်မှုတွင် ကျိုးဟုန်ကို သူမယှဉ်နိုင်ခြင်းပင်ဖြစ်တော့သည်။

ဓားခုနှစ်လက်တို့သည် တည်နေရာကြီးတစ်ခုလုံးတွင် မတ်မတ်ရပ်ကာ ဆွံ့အနေမိကြ၏။ တစ်ဖက်လူသည် သူတို့ကို ညှာတာခဲ့ကြောင်း မသိဘဲ ဘယ်နေလိမ့်မည်နည်း။ တစ်ဖက်လူသည်သာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့မည်ဆိုပါက သူတို့သည် ကျိန်းသေပေါက် အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွား ပေလိမ့်မည်။

“မင်းနိုင်တယ်”

ဓားခုနှစ်လက်တို့သည် တစ်ခါတည်း လှည့်ကာ ထွက်သွားတော့သည်။

ကျိုးဟုန်သည်လည်း သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲမှ ထွက်လိုက်၏။ သူ၏နှလုံးသားသည် တစ်ချက်ကလေးမှ တုန်ခါမှုမရှိဘဲ တည်ငြိမ်လျက် ရှိနေသေးသည်။

သူ၏ရည်မှန်းချက်သည် အနိုင်ရရှိရန်မဟုတ်ပေ။ ဓားတာအိုကို ပိုင်နိုင်သော ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန်ပင်ဖြစ်တော့သည်။ ထိုမှသာလျှင် သူသည် ပိုမိုနက်နဲသော ဓားတာအိုကို နားလည်လာပေလိမ့်မည်။ ဤသို့ဆိုလျှင် လက်ရှိတိုက်ပွဲတွင် သူမည်သည့်အရာကို နားလည်ခဲ့သနည်း။

ဟုတ်ပေသည်။ ပြောနေစရာပင် မရှိချေ။ ဘာတစ်ခုမှ နားမလည်ခဲ့ပေ။ တစ်ဖက်မှလူများသည် အလွန်တရာ အားနည်းလွန်းနေ၏။

“ဒင်...ဒင်”

ဓားခုနှစ်လက်တို့ သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲမှ ထွက်ခွာလာပြီးသည့်နောက် သတိပေးသံများ ကျွင်းချောင်ရှောင်း ၏ နားထဲတွင် ပေါ်လာခဲ့တော့သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘယ်သူကျန်သေးလဲ”

“...”

အရှေ့ဘက်လွင်ပြင်ဒေသရှိ သိုင်းကျင့်ကြံသူများအားလုံးသည် ငြိမ်သက်သွားကြ၏။ နတ်ဓားဂိုဏ်းမှ ဓားခုနှစ်လက် တို့သည် လွယ်လွယ်ကူကူနှင့် ရှုံးနိမ့်သွားခဲ့သည်။ ထို့ကြောင့် သူတို့သည် သူတို့၏တပည့်များအား အားအင်စမ်းသပ် ရန် စေလွှတ်ခြင်းအလုပ်ကို ပြုလုပ်တော့မည် မဟုတ်ချေ။

“ဘယ်သူမှ မတိုက်ခိုက်တော့ဘူးဆိုရင်”

ကျွင်းချောင်ရှောင်းသည် ချမ်းဟွာရှင်းအား လှမ်း၍ ကြည့်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “ဒါဆိုရင် နောက်ဆုံးပွဲကို တိုက်ခိုက်လိုက်ကြရအောင်”

အထူးတာဝန်ကို ပြည့်စုံစေခဲ့သည့် လူအရေအတွက်သည်လည်း ပြည့်စုံသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် အဓိကလာရသည့် အကြောင်းအရင်းဆီသို့ ဦးတည်သွားခြင်းက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

“ရှောင်ကျီ”

ကျွင်းချောင်ရှောင်းက အော်လိုက်သည်။ “တိုက်ခိုက်လိုက်ရအောင်”

ရှောင်ကျီသည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် မတ်မတ်ရပ်လိုက် ၏။ ဤအတောအတွင်းသူသည် ရူးရူးမူးမူး ကျင့်ကြံခဲ့၏။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် ကြွက်သားများနှင့် ပိုမို၍ တောင့်တင်းလျက်ရှိနေ၏။

ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်သည့်နည်းစနစ်ကို အသုံးပြုထားသည်ဆိုလျှင်တောင်မှ အလွန်တရာ အားကောင်းလှသော အော်ရာများသည် သူ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လျက်ရှိသည်။

“သူက ရှောင်ကျီပဲ၊ မုယုံရှင်းရဲ့ စေ့စပ်ပွဲ ဖျက်သိမ်းတာကို ခံလိုက်ရတဲ့လူလေ”

“ဒီကလေးရဲ့ အသွင်အပြင်နဲ့ ဟန်အမူအရာက မဆိုးဘူး၊ မုယုံမိသားစုရဲ့ သမီးက ဘာလို့ သူ့ကို မကြိုက်တာလဲ မသိဘူး”

“ငါကြားခဲ့တာတော့ ဒီရှောင်ကျီက ရှောင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်လေ၊ သူ့ရဲ့စိတ်ဝိညာဉ်အမြစ်နဲ့ ကျင့်ကြံခြင်း အဆင့် အားလုံးက ယုတ်လျော့သွားခဲ့တယ်တဲ့”

“ကျုပ်သိပြီ၊ ဒါကြောင့် ဒီကောင်မလေးက စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တာပေါ့”

လူများ၏ ပြောဆိုဆွေးနွေးနေမှုကို လျစ်လျှူရှုပြီး ရှောင်ကျီသည် ခေါင်းကိုမော့ကာ အဓိကဟောခန်းပေါ်ရှိ လိုင်လီနတ်ဂိုဏ်းဟု ရေးသားထားသော စာတမ်းကြီးကို ကြည့်လိုက်သည်။ ပြီးနောက် ပြောလိုက်တော့သည်။ “မုယုံရှင်း... ကျုပ်က သုံးနှစ်တာ တိုက်ခိုက်မှု သဘောတူညီချက်ကို ဖြည့်ဆည်းဖို့ လာခဲ့တာပဲ”

လွန်ခဲ့သည့် သုံးနှစ်တုန်းက သူသည် ဤအမျိုးသမီးနှင့် တိုက်ခိုက်မည်ဟု သဘောတူညီချက် ချမှတ်ခဲ့သည်။ ထို့ကြောင့်ပင် ယနေ့အချိန်သို့ ရောက်ရှိအောင် စောင့်မျှော်နေခဲ့ရခြင်းဖြစ်တော့သည်။ သူအရင်က ဆုံးရှုံးသွားခဲ့သည့် အရာအားလုံးကို ယနေ့တွင် ပြန်လည်ယူဆောင်ရပေလိမ့်မည်။

ဝှစ်

အလွန်တရာ ကြည့်ကောင်းလှသော ပုံရိပ်တစ်ခုသည် ဆန်းကြယ်လှသော ခြေလှမ်းကွက်ကို အသုံးပြုကာ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ရောက်ရှိလာ၏။

သူမ၏ ဟန်ပန်သည် ကခုန်နေသော လိပ်ပြာလေးကဲ့သို့ပင် လှပလွန်းသည်။ မုယုံရှင်းသည် သန့်ရှင်းသပ်ရပ်လှသော ဝတ်စုံများကို ဝတ်ဆင်ထား၏။ သူမ၏ သွင်ပြင်အမူအရာ သည် အလွန်တရာ ကြည့်ကောင်းလှပေ၏။ သို့ပေမဲ့ သူမ၏ မျက်ဝန်းနက်ထဲမှာတော့ ရှုပ်ထွေးလှသည့် ခံစားချက် များ ပြည့်နှက်လျက်ရှိသည်။

“ဒီမိန်းကလေးက တော်တော်လှတာပဲ”

အားလုံးသည် ရှောင်ကျီကို လှမ်းကြည့်ပြီးသည့်နောက်မှာတော့ ခေါင်းကို ခါယမ်းလိုက်သည်။ အလွန်တရာ လိုက်ဖက်ညီလောက်သည့် စုံတွဲတစ်ခုသည် အဆုံးသတ်မှာတော့ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရပြီ ဖြစ်သည်။ ဤအရာသည် ကြမ္မာရေစက်ဟုပင် ဆိုရမည်။

“ဒီနေ့မှာ”

ရှောင်ကျီသည် မုယုံရှင်းကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်တော့သည်။ “ခင်ဗျားနဲ့ကျုပ် တို့ရဲ့ ရန်ငြှိုးတွေ အဆုံးသတ်ကြရမယ်”

All Chapters