အခန်း (၆၅၁)
Vol. 44 Ch. 651
ရှောင်ကျီနှင့် မုယုံရှင်းတို့ကြား ရန်ငြှိုးသည် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ခြင်းကြောင့် မဟုတ်ပေ။ အဓိကအားဖြင့် လိုင်လီနတ်ဂိုဏ်းသည် ရှောင်မိသားစုဆီသို့ ရောက်ရှိလာပြီး သူ့အား အရှက်တကွဲ အကျိုးနည်းဖြစ်အောင်၊ ဘာတန်ဖိုးမှ မရှိတော့အောင် ပြုလုပ်ခဲ့သောကြောင့်ပင်ဖြစ်၏။
ယောကျ်ားများသည် တချို့သောကိစ္စများကို လက်လွှတ်ထားလိုက်သည် ဆိုသော်လည်း ဤကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်မျိုးကိုတော့ သေသေချာချာ မှတ်သားထားမှ ဖြစ်ပေလိမ့်မည်။ ယခုတွင် များပြားလှသော ဂိုဏ်းနှင့်ကျင့်ကြံသူများ ရှိနေကြသည်ဖြစ်သည်မို့ ရှောင်ကျီသည် မုယုံရှင်းကို အနိုင်ယူပြီး သူ၏ ဂုဏ်သိက္ခာများကို ပြန်လည်ရယူရပေလိမ့်မည်။
ဝှစ်
အလွန်တရာ အားကောင်းလှသောအော်ရာများ စိမ့်ထွက်လာပြီးသည့်နောက် သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲရှိ ကျင့်ကြံသူများအားလုံးကို လွှမ်းခြုံသွားတော့သည်။ ရှောင်ကျီသည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်း နည်းစနစ်ကို အသုံးပြုထားခြင်းမျိုး မလုပ်ပေ။ သူ၏ အစစ်အမှန်အားအင်ကို ထုတ်ဖော်ပြသလိုက်၏။
“သိုင်းဘုရင်”
ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။ “ဒီကောင်လေးက တကယ့်ကို သိုင်းဘုရင်ပဲ”
“ဘာ”
များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများအားလုံးသည် မျက်လုံးများ ပြူးသွားကြ၏။
“ခင်ဗျားတို့ကလည်း ဘာဖြစ်နေတာလဲ။ ဆန်းတာကျလို့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ကျင့်ကြံသူများသည် အံ့အားသင့်မိနေကြသည်။ အဘယ်ကြောင့်ဆိုသော် အသက်နှစ်ဆယ်မတိုင်မီ သိုင်းဘုရင်အဆင့်သို့ ရောက်ရှိခြင်းဆိုသည်မှာ အလွန်တရာ ရှားပါးလှသည့်ကိစ္စဖြစ်သည်။
“ပြိုင်စံရှားဂိုဏ်းမှာ သိုင်းဘုရင်အဆင့်ကို ရောက်နေတဲ့ ရီချင်းရှန်ဆိုတဲ့ တပည့်တစ်ယောက်ရှိတယ်လို့ ကျုပ် ကြားဖူးတယ်။ ဒါပေမဲ့ ရှောင်ကျီကို သိုင်းဘုရင်အဆင့်ရောက်နေမယ်လို့ ကျုပ်မထင်မိခဲ့ဘူး”
မကြာသေးခင်က ရီချင်းရှန်သည် သေမျိုးအဆင့် ပါရမီရှင်များအား လိုက်လံစိန်ခေါ်ကာ တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် ပင် သေမျိုးစာရင်းနှင့် ထိပ်ဆုံးနေရာသို့ အမြန်ဆန်ဆုံးဖြင့်ပင် ရောက်ရှိခဲ့တော့သည်။ သူ၏ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အဆင့်များသည် လူတော်တော်နီးပါးက သိရှိကြပြီးဖြစ်၏။
“အဆင့်ငါးဂိုဏ်းတစ်ခုမှာ သိုင်းဘုရင် အဆင့်တပည့်နှစ်ယောက်ရှိတယ်ဆိုတာ မယုံကြည်နိုင်စရာပဲ”
ရှောင်ကျီသည် သိုင်းဘုရင်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်လိုက်သည့်နောက်မှာတော့ ကျင့်ကြံသူများ အားလုံး သည် ထိတ်လန့်တုန်လှုပ်နေကြသည်။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတွင် သိုင်းဘုရင်ပေါင်း ရာကျော်ရှိနေကြောင်း သိရှိပါက အားလုံးသည် သွေးအန်ကုန်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များအား ကျင့်ကြံခြင်းအဆင့် များ မထုတ်ဖော်ရန် တားမြစ်ထား၏။ အဘယ်ကြောင့်ဆိုသော် တခြားသူများ ထိတ်လန့်သွားမည် စိုးသောကြောင့်ပင်။
ရန်သူသည် အလွန်တရာ အားကောင်းလှသည်သာ မဟုတ်ပါက ၎င်းတို့အနေနှင့် ကျင့်ကြံခြင်းအဆင့်များကို ဖိနှိပ် ထားရမည်။ မိမိထက် အဆင့်မြင့်မားသည့်လူများနှင့် တိုက်ခိုက်ရာတွင် မည်သို့မှ မနိုင်သည့် အခြေအနေသို့ ရောက်ရှိချိန်မှသာလျှင် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြသရန် ကျွင်းချောင်ရှောင်းသည် တပည့် အားလုံးကို သေသေချာချာ မှာကြားထားခဲ့ခြင်းဖြစ်၏။
ဟုတ်ပေသည်။ ဤအရာသည် သိုသိုသိပ်သိပ်နေထိုင်ခြင်းမဟုတ်ပေ။ အားနည်းချင်ယောင်ဆောင်နေခြင်းသာ ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် တကယ့်ကို မိစ္ဆာတစ်ကောင်လိုပင် ထင်မှတ်ရသည်။
လိုင်လီနတ်ဂိုဏ်းသည် ဘာတစ်ခုမှ ဆိုးဆိုးရွားရွား မဖြစ်သေးသော်လည်း အရှေ့ဘက်လွင်ပြင်ဒေသရှိ ဂိုဏ်းများအသီးသီးများမှာတော့ ၎င်းတို့၏ တပည့်ဆယ်ယောက်တို့က စေလွှတ်ကာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးမှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်ကိုပင် အနိုင်မယူနိုင်ခဲ့ချေ။
ရှောင်ကျီ၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းကို သိရှိပြီးသည့်နောက်မှာတော့ အားလုံးသည် စိတ်ပါဝင်စား သွားကြ၏။
မုယုံရှင်းသည်လည်း အလွန်တရာ အံ့အားသင့်မိနေသည်။ တစ်ဖက်လူသည် သုံးနှစ်ကြာပြီးသည့် နောက်မှာတော့ တူညီသည့် ကျင့်ကြံခြင်းအဆင့် ရောက်ရှိလာလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ သူမသည် သူမ ဆုံးဖြတ်ချက် ချခဲ့သော ကိစ္စရပ်များနှင့် ပတ်သက်၍ နောင်တရနေလိမ့်မည် မဟုတ်ပေ။
သူမသည် အတိတ်က ဖြစ်ရပ်များကို ပြန်လည်ကာ စဉ်းစားလိုက်မိ၏။ ရှောင်မိသားစုသို့ သွားရောက်ချိန်၌ ဤလူငယ်လေး၏ မျက်နှာသည် ဖြူလျော်လျက်ရှိပြီး ကျင့်ကြံခြင်းအဆင့်များအားလုံးသည်လည်း ပျောက်ကွယ် သွားကြ၏။ ထို့ကြောင့် အမှိုက်တွေထဲမှ အမှိုက်ဟုပင် ဆိုနိုင်သည်။ လိုင်လီနတ်ဂိုဏ်းမှ လိုက်ပါလာကြသော တပည့်များသည်လည်း ရှောင်မိသားစုအပေါ်တွင် အကြီးအကျယ် လှောင်ပြောင်ကဲ့ရဲ့ခြင်းကို ပြုလုပ်ခဲ့ကြသည်။ သို့ပေမဲ့ ယနေ့မှာတော့ ထိုလူငယ်လေးသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး အလွန် တရာ အားကောင်းလှသော အော်ရာများကို ထုတ်ဖော်နေသည်။
ရှောင်ကျီ၏ ကျင့်ကြံခြင်းအဆင့် ထွက်ပေါ်လာပြီးသည့်နောက်မှာ သူဆုံးရှုံးခဲ့ရသော ဂုဏ်သိက္ခာတရားများသည် ဖြည်းဖြည်းချင်း ပြန်လည်ရရှိနေပြီဖြစ်သည်။ ထို့အပြင် သူသည် တစ်ယောက်တည်း မဟုတ်ပေ။ သူ၏နောက်တွင် ရောင်းရင်းတစ်ရာကျော်ရှိပြီး ဂိုဏ်းချုပ်ပင် ရှိနေသေး၏။ အားလုံးသောသူတို့သည် သူ၏အားကောင်းသော ထောက်ပံ့ပေးသူများပင် ဖြစ်တော့၏။ ယနေ့မှာတော့ သူသည် သူဆုံးရှုံးခဲ့ရသော အရာအားလုံးကို ပြန်လည်ရယူ မည်ဟု ဆုံးဖြတ်ထား၏။
“ပြိုင်စံရှားဂိုဏ်း ရှောင်ကျီ”
ရှောင်ကျီသည် သူ၏ နာမည်ကို ကြေညာလိုက်၏။ အသံသည် ခေါင်းလောင်းသံ ကဲ့သို့ပင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် ရှိနေသော ကျင့်ကြံသူများ၏ စိတ်များသည် တုန်ခါသွားရ၏။
မုယုံရှင်းက ပြောလိုက်သည်။ “လိုင်လီနတ်ဂိုဏ်း မုယုံရှင်း”
ဝှစ် … ဝှစ်
သူမ ပြောပြီးပြီးချင်းမှာပဲ ခန္ဓာကိုယ်ဆီမှ အလွန်တရာအားကောင်းသော အော်ရာများ ထွက်ပေါ်လာသည်။ တည်နေရာတစ်ခုလုံးဆီကို ဖြန့်လွှတ်လိုက်၏။ ပြီးနောက် ရှောင်ကျီ ထုတ်လွှတ်ထားသော အော်ရာများကို ဖိနှိပ် လိုက်တော့သည်။
“သူမကလည်း သိုင်းဘုရင်ပဲကို”
ကျင့်ကြံသူတွေအားလုံးသည် ထအော်လိုက်မိကြ၏။ သို့ပေမဲ့ မုယုံရှင်းတစ်ယောက် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်း အဆင့်ကို ထုတ်ဖော်လိုက်သည် ဆိုလျှင်တောင်မှ သူတို့သည် အံ့အားမသင့်ပေ။ အဘယ်ကြောင့်ဆိုသော် လက်ခံနိုင်သော အတိုင်းအတာထဲတွင်ရှိနေသောကြောင့်ပင်။ သူမသည် ဒုတိယအဆင့် ဂိုဏ်းတစ်ခု၏ တိုက်ရိုက်တပည့် မဟုတ် လား။ ဤမျှတော့ အစွမ်းအစ ရှိနေသင့်ပေ၏။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ တပည့်များသည် ခန့်မှန်း၍ မရနိုင်အောင်ပင် အားကောင်းလွန်းလှ၏။ ထို့ကြောင့် ပိုမို၍ အဆင့်မြင့်မားသော ဂိုဏ်းတစ်ခု၏ တပည့်များသည် ပို၍ အားကောင်း နေမည်မှာ အံ့အားသင့်စရာ မရှိချေ။
“သိုင်းဘုရင်တွေအကြား တိုက်ပွဲက တကယ့်ကို စိတ်လှုပ်ရှားစရာပဲ”
ကြည့်ရှုနေကြသော ကျင့်ကြံသူများ၏ မျက်လုံးများသည် တောက်ပလာကြတော့သည်။ လူငယ်သိုင်းဘုရင် နှစ်ယောက်တို့၏ တိုက်ပွဲဆိုသည်မှာ နဂါးကျားတိုက်ပွဲလို နေရာမျိုးတွင်သာ တွေ့မြင်ရသည့် အရာမျိုးပင် ဖြစ်၏။ သူတို့ မျက်မြင်တွေ့ရသည်ဆိုသည်မှာ ကောင်းချီးတစ်ခုပင် ဖြစ်တော့သည်။
ရှောင်ကျီသည် ရှေ့သို့လှမ်းတက်ပြီးသည့်နောက်မှာ သူ၏ညာဘက်လက်သည် မီးတောက်များနှင့် လွှမ်းမိုးလာ၏။ ပြီးနောက် အလွန်တရာ အားကောင်းလှသော လက်သီးထိုးချက်ကို ထုတ်ဖော်လိုက်၏။ လက်သီးချက်တွင် ပါဝင်သော အပူများသည် သူ၏ ဒေါသတရားများကို ဖော်ညွှန်းနေ၏။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသော သူ၏ စိတ်ဆန္ဒများသည် လက်ရှိအခြေအနေမှာတော့ ပွင့်ထွက်သွားခဲ့၏။ ယနေ့မှာတော့ သူသည် အလုံးစုံသော စွမ်းအင်များကို ထုတ်ဖော်တိုက်ခိုက်လျက်ရှိ၏။
“မီးဓာတ်ကျင့်ကြံသူ”
အရင်တုန်းက ပြိုင်စံရှားဂိုဏ်းမှာ မီးဓာတ်ကျင့်ကြံသူတစ်ယောက်ကို မြင်ခဲ့ဖူးပြီး ဖြစ်သည်။ သို့ပေမဲ့ ရှောင်ကျီ သည်လည်း မီးဓာတ်သဘာဝကျင့်ကြံသူ ဖြစ်လို့နေသည်။ မည်သည့်အချိန်တုန်းက မီးဓာတ်သဘာဝကို ကျင့်ကြံကြ သော သိုင်းကျင့်ကြံသူများ များပြားလာခဲ့ကြသနည်း။
ဘုန်း
ရှောင်ကျီ၏ လက်သီးချက်သည် လေထဲသို့ ရောက်ရှိလာခဲ့၏။ အလွန်တရာကြီးမားပြီး ပူပြင်းလှသော မီးတောက် များသည်လည်း ၎င်း၏ ဒေါသတရားများနှင့်အတူ လိုက်ပါလာတော့၏။ လေထုထဲတွင်တော့ ကျားဟိန်းသံများပင် ထွက်ပေါ်နေပြီး မုယုံရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ သိုင်းဘုရင်အဆင့် ကျင့်ကြံသူများဖြစ်သည်မို့ အားအင်သည် တည်နေရာတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။
ဒွီ …။
မုယုံရှင်း၏ ကျောက်စိမ်းကဲ့သို့ သွယ်လှသော လက်များသည် သူမ၏ရှေ့၌ အတားအဆီးအစီအရင်တစ်ခုကို ချက်ချင်းပဲ ဖန်တီးစေခဲ့၏။
“သူမက ရေဓာတ်သဘာဝ ကျင့်ကြံသူပဲ”
“ရေဓာတ်က မီးဓာတ်ကို နိုင်တယ်လေ” အားလုံးသည် ဆွေးနွေးနေကြ၏။
ချမ်းဟွာရှင်းနှင့် နတ်ဓားဂိုဏ်းမှ လူများအားလုံးသည် အားပါးတရ ရယ်လိုက် ကြသည်။ မုယုံရှင်းသည် ရေဓာတ်သဘာဝ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် မီးဓာတ်သဘာဝကို အသုံးပြုသူထက် ပိုမို၍အားကောင်းသည်။ သံသယရှိစရာပင်မလိုချေ။ တစ်ဖက်မှ မီးဓာတ်သဘာဝကျင့်ကြံသူ ဖြစ်သောကြောင့် သူတို့ဘက်မှ အနိုင်သည် သေချာနေပြီဖြစ်၏။
နှစ်ယောက်လုံးသည် သိုင်းဘုရင်များ ဖြစ်သည် ဆိုလျှင်တောင်မှ ထုတ်ဖော်နိုင်သည့် ဓာတ်သဘာဝသည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။ ဤတစ်ကြိမ်တွင် ပြိုင်စံရှားဂိုဏ်းတပည့်သည် အနိုင်ယူနိုင်မည်လား ဆိုသည်မှာ မသဲကွဲတော့ချေ။
ဘုန်း
အားလုံးဆွေးနွေးနေကြတုန်းမှာပဲ အလွန်တရာ ပူပြင်းတောက်လောင်နေသော မီးတောက်ကြီးသည် ရေအတား အဆီးဆီသို့ ဝင်ရောက်သွားပြီး ချက်ချင်းပဲ ရေများအားလုံးသည် အငွေ့ပျံ ပျောက်ကွယ်သွားတော့သည်။
သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားကြ၏။ ချမ်းဟွာရှင်းနှင့် တခြားသောသူများ၏ မျက်လုံးများသည် လည်း အေးခဲသွားသည်။ မီးဓာတ်သဘာဝသည် ရေဓာတ်သဘာဝကြောင့် ငြိမ်းသတ်ခြင်းကို ခံရမည် ဖြစ်သော်လည်း လက်ရှိအခြေအနေ မှာတော့ ရှောင်ကျီထုတ်ဖော်လိုက်သော မီးဓာတ်အားအင်သည် မုယုံရှင်းထက် ပိုမို၍ အားကောင်းနေ၏။
ဘုန်း ဘုန်း
ရှောင်ကျီ၏လက်မှ ကြွက်သားများသည် ဖုဖောင်းလာပြီး လေထုထဲသို့ လက်သီးနှစ်ချက် ထုတ်လွှတ်လိုက်သည်။
ဝှစ်
တောက်ပလွန်းသော မီးတောက်များနှင့် ဖွဲ့စည်းထားသော လက်သီးချက်ကြီးနှစ်ခုသည် ရှေ့သို့ ထိုးထွက်လာသည်။ အလွန်တရာ ပေါက်ကွဲမှုပြင်းသော အော်ရာများသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားပြီး သည့်နောက် အောက်ခြေတွင်ရှိသော ကျောက်ပြားများသည်ပင် ရဲရဲနီလာရ၏။
တည်နေရာ၏ အနီးကပ်တွင် ရှိနေကြသော ကျင့်ကြံသူများသည် အပူဒဏ်ကို မခံနိုင်သောကြောင့် မြန်မြန်ပဲ နောက်ဆုတ်လိုက်ကြသည်။
“ဒီကောင်လေး၊ သူရဲ့မီးဓာတ်အပေါ် နားလည်မှုက အရမ်းအားကောင်းတာပဲ”
ဒွီ … ဒွီ …။
မုယုံရှင်းသည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ကြိုးစားပြီးသည့်နောက်မှာတော့ သူမ၏ လက်များကို လေထဲသို့ မြှောက်ကာ စည်းသင်္ကေတ ကို ပြုလုပ်လိုက်၏။ ရေဓာတ်သဘာဝများသည် ရေတံခွန်ကဲ့သို့ ဖြစ်တည်လာပြီး သည့် နောက်မှာတော့ သူမ၏ရှေ့တွင် အခုအခံ အတားအဆီးတစ်ခုအဖြစ် ဖြစ်တည်လာသည်။ အဆင်ပြေချောမွေ့လွန်းသော လှုပ်ရှားမှုကို ထုတ်ဖော်ပြသပြီးသည့်နောက်မှာတော့ သူမသည် ရေဓာတ်သဘာဝကို နားလည်မှု အားကောင်းကြောင်း အားလုံးကို ပြသခဲ့ခြင်းပင် ဖြစ်သည်။
ဝုန်း ဝုန်း
လက်သီးချက်ကြီးနှစ်ခုသည် ရေအတားအဆီးကို ထိမှန်ပြီးသည့်နောက်မှာတော့ ရေအတားအဆီးသည် ပျောက်ကွယ်သွားရပြန်သည်။ မုယုံရှင်းအနေဖြင့် နောက်ဆုံးတွင် မည်သို့မှ မခုခံနိုင်တော့ဘဲ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားရ၏။ သူမ၏ မျက်နှာသွင်ပြင်သည်လည်း ပျက်ယွင်းသွားရ၏။
“လိုင်လီနတ်ဂိုဏ်းက တပည့်ကတော့ အောက်စည်းရောက်သွားပြီ”
“ရေဓာတ်က မီးဓာတ်ကို နိုင်တယ်ဆိုပေမယ့် မီးဓာတ်အပေါ် နားလည်မှုက ပိုမိုမြင့်မားပြီဆိုရင် ရေဓာတ်သမား တွေလည်း ရှုံးရတာပဲ၊ ပြီးတော့ ရှောင်ကျီက ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်လေ၊ သူ့ရဲ့ခန္ဓာကိုယ်က သာမန်ထက် ပိုပြီးတော့ သန်မာတယ်”
“မုယုံရှင်းမှာသာ တခြားဝှက်ဖဲတွေ မရှိတော့ဘူးဆိုရင် နိုင်ဖို့ဆိုတာ မသေချာဘူး”
ကျင့်ကြံသူများ အားလုံးသည် ဆွေးနွေးလျက်ရှိနေကြသည်။ အရှေ့လွင်ပြင်မှ ကျင့်ကြံသူများအားလုံးသည် မုယုံရှင်း ကို အားပေးနေကြသည်ဆိုသော်လည်း ရှောင်ကျီ၏ တိုက်ခိုက်မှုများ အလွန်တရာ အားကောင်းလွန်းသည်ကို အသိအမှတ်ပြုမိနေကြ၏။
“အင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ့်ကို လက်ရည်ညီတဲ့ တိုက်ပွဲတစ်ခု ဖြစ်မယ်လို့ ထင်ထားတာ၊ လိုင်လီနတ်ဂိုဏ်းရဲ့တပည့်က ဒီလောက် အားနည်းလိမ့်မယ်လို့ မထင်မိဘူး”
“…”
အားလုံးသော သူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ အစ်ကိုကြီး... ခင်ဗျားက တကယ့်ကို မောက်မာလွန်းတယ်။ ကျုပ်တို့ ဘာဆက်ပြောရမလဲ။