← Chapters

အခန်း (၆၅၅)

Vol. 44 Ch. 655

အခန်း (၆၅၅)

Vol. 44 Ch. 655

ဓားနှင့်သိုင်းအုပ်စိုးသူအဖြစ်သို့ ရောက်ရှိသွားခဲ့သော ကျွင်းချောင်ရှောင်းသည် သူ၏အဆင့် မြင့်တက်ရန်အတွက် များပြားလှသော စွမ်းအင်ပမာဏများကို လိုအပ်လျက်ရှိသည်။ တာဝန်ပြီးမြောက်ခြင်းကြောင့် ရရှိလာခဲ့သော အတွေ့အကြုံအဆောင်များသည် ထုချေလိုက်ရုံဖြင့် သူ၏အဆင့်ကို တိုးမြှင့်ပေးနိုင်၏။ သို့ပေမဲ့ လက်ရှိအခြေအနေ မှာတော့ ထိုသို့မရတော့ပေ။

“အင်း”

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ခါယမ်းပြီးသည့်နောက် ဒုတိယမြောက် အတွေ့အကြုံအဆောင်အား ချိုးချေလိုက်တော့၏။ ထိုသို့ဆိုလျှင်တောင်မှ သူသည် ဒုတိယအဆင့်ဆီသို့သာ ချိုးဖြတ်ရောက်ရှိခဲ့သည်။

ဂျျွတ် …. ဂျွတ်။

တခြားသော နှစ်ခုကို ချိုးချေပြီးသည့်နောက်မှာတော့ သူ၏အဆင့်သည် သိုင်းအုပ်စိုးသူ ဒုတိယအဆင့်မှသည် တတိယအဆင့်ဆီသို့ တိုးတက်ရောက်ရှိသွား၏။ အတွေ့အကြုံအဆောင်လေးခုကို အသုံးပြုပြီးသည့်နောက် မှာတော့ သူသည် အဆင့်နှစ်ခုသာ တိုးတက်ခဲ့သည်။ ထိုအရာသည် ကျွင်းချောင်ရှောင်းအား အလွန်အမင်း စိတ်ဓာတ်ကျဆင်းစေ၏။

စနစ်က ပြောလိုက်သည်။ “သာမန်သိုင်းအုပ်စိုးသူ ကျင့်ကြံသူတစ်ယောက်ဆိုရင် သူ့ရဲ့အဆင့်တစ်ခုကို တက်ဖို့ ဆယ်စုနှစ်တစ်ခုလောက် ကြာတာ၊ လက်ခံသူက ကျေနပ်သင့်ပြီ”

“ဒါတော့လည်း မှန်ပါတယ်”

သူ၏အဆင့်သည် အရင်တုန်းကထက်ပိုပြီး တက်ရောက်နိုင်ရန် ခက်ခဲလာခဲ့၏။ သို့ပေမဲ့ သူတွင် စနစ်ရှိ၏။ ထို့ပြင် များပြားလှသော တာဝန်များလည်း ပေါ်လာနိုင်သေးသည်။ အတွေ့အကြုံအဆောင်များကို ဆုလာဘ်အဖြစ် ပိုမို ရရှိမည်ဆိုပါက ဤအရာသည် ပြဿနာတစ်ခု မဟုတ်တော့ချေ။ ထိုအရာကိုတွေးကြည့်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ရုတ်တရက်ဆိုသလိုပဲ လန်းဆန်းသည့် ခံစားချက်များကို ရရှိလိုက်၏။

သူသည် ဒန်ထျန်ထဲသို့ လှမ်းကြည့်လိုက်သည်။ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီး သည့်နောက်မှာတော့ သူ၏စွမ်းအင်အမြူတေနှစ်ခုသည် အရင်က ထက်ပိုမိုပြီး သေးငယ်လာခဲ့သည် ဆိုသော်လည်း အထဲတွင်ရှိသော စွမ်းအင်များမှာတော့ ပိုမို၍ ဆန်းကြယ်ကာ အားကောင်းလာခဲ့၏။ အထူးသဖြင့် တိမ်လို ဓာတ်သဘာဝများလည်း တည်ရှိနေသည်ကို မြင်လိုက်ရ၏။ ထိုစွမ်းအင် များသည် ပျံသန်းရန်အတွက် အသုံးပြုရသည့်အရာပင် ဖြစ်ပေလိမ့်မည်။

သိုင်းအုပ်စိုးသူအဆင့်သို့ အဆင့်ချိုးဖြတ်ပြီးသော ကျင့်ကြံသူများအားလုံးသည် ထိုကဲ့သို့သော တိမ်လိုစွမ်းအင်များ ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပျံသန်းနိုင်သည့် အခွင့်အရေးကို ရရှိခဲ့ကြသည်။

တိတိကျကျ ပြောရမည်ဆိုလျှင် ဤကဲ့သို့သော စွမ်းအင်အမျိုးအစားကြောင့် တစ်စုံတစ်ယောက်သည် ကောင်းကင်ပေါ်တွင် ငှက်တစ်ကောင်ကဲ့သို့ လွတ်လွတ်လပ် လပ်ဖြင့် ပျံသန်းနိုင်စွမ်း ရှိ၏။

သူ၏အဆင့်တိုးတက်လာပြီးသည့်နောက်မှာတော့ ပျံသန်းနိုင်သည့် စွမ်းအားများသည်လည်း ပိုမို၍ တိုးတက်လာခဲ့သည်။ သူ၏ အမြန်နှုန်းသည်လည်း ပိုမို၍ တိုးတက်သွားပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် သူ၏ပျံသန်းမှုကို စမ်းသပ်ရန် အလျင်မလိုသေးပေ။ ထို့ပြင် သူ့တွင် စက်အတောင်ပံ ရှိနှင့်နေသေး၏။ ထို့ကြောင့်ပင် တခြားသူများ ထက်ပို၍ ပျံသန်းခြင်း၏ အရသာကို သူခံစားခဲ့ပြီးပြီဖြစ်သည်။ သူပို၍ ဂရုစိုက်သည်မှာ စနစ်ဆီမှ ဆုလာဘ်အဖြစ် ရရှိထားသော များပြားလှသည့် ဖော်မြူလာများပင် ဖြစ်တော့သည်။

ရွှီး

သူသည် သိုလှောင်လက်စွပ်ထဲသို့ ဝင်ကြည့်လိုက်ချိန်မှာတော့ တာဝန်၏ ဆုလာဘ်ဖော်မြူလာအားလုံးသည် တည်ရှိနေကြပြီးဖြစ်သည်။ အတွေးတစ်ချက်နှင့်ပင် သူသည် အရာအားလုံးကို အလိုအလျောက် စီမံလိုက်တော့ သည်။ လက်နက်သစ်များအတွက် ဖော်မြူလာများသည် ပန်းပဲခန်းမဆောင်သို့ ရောက်ရှိသွားပြီး ကျွင်းချောင်ရှောင်း သည် ကျန်းယန်ဓားဆိုသည့်နေရာအား နှိပ်ကြည့်လိုက်သည့်အချိန်မှာတော့ သန့်စင်နိုင်သော ပစ္စည်းများသည် ထွက်ပေါ်လာ၏။ ဤဓား၏ ပါဝင်ပစ္စည်းများသည် အအေးဓား သန့်စင်ခြင်းနှင့် သိပ်ပြီးတော့ မကွဲပြားလှချေ။ ထို့အပြင် သူ့အနေနှင့် လက်ရှိ၌ တစ်ခုကို သန့်စင်နိုင်စွမ်း ရှိနေ၏။

အဝယ်တော်ခန်းမဆောင်မှ အဖွဲ့ဝင်များအားလုံးသည် ဝယ်ယူသည့်နေရာတွင် တက်တက်ကြွကြွနှင့် လုပ်ဆောင် ကြသည်ဖြစ်သောကြောင့် ကျောက်ရိုင်းများအား ဝယ်ယူထားခဲ့ကြသည်။ ထိုသို့သော ကြိုတင်ဝယ်ယူခြင်း ကြောင့်ပင် သူသည် အရေးကြုံလာသည့်အခါ တကူးတက လိုက်ရှာ၍ ဝယ်ယူစရာမလိုဘဲ ပစ္စည်း အဆင်သင့်ရှိသည့် အကျိုးကျေးဇူးကို ရရှိနေသည်။

မဟုတ်ပါက သူ့တွင် အဆင့်မြင့်လက်နက်ဖော်မြူလာများရှိသည် ဆိုလျှင်တောင်မှ ကုန်ကြမ်းများကို ရှာဖွေရန်အတွက် အားအလွန်အကျွံစိုက်နေရပေလိမ့်မည်။

“ဒင်”

ကျွင်းချောင်ရှောင်းသည် သန့်စင်ခြင်းအား အာရုံစိုက်ကြည့်လိုက်၏။ ပြီးနောက် သူသည် တိမ်ဖောက်ဓားမော့၊ သံမဏိဒိုင်းကာ အမဲ နှင့် တခြားသော ပစ္စည်းများ၏ ဖော်မြူလာများကိုလည်း ကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် သူသည် ကျောက်ရိုင်းတစ်မျိုးကို လိုအပ်နေသည်။ ထို့ကြောင့် ၎င်းတို့အား သွန်းလုပ်ရန် မဖြစ်နိုင်ချေ။

“ငါပြန်ရောက်ပြီဆိုတာနဲ့ အဝယ်တော်ဟောခန်းကို လွှတ်ပြီး ဒီပစ္စည်းတွေ ဝယ်ခိုင်းရမယ်”

ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်လက်နက်များအား များများစားစား ထုတ်လုပ်နိုင်ရန် မျှော်လင့်မိ၏။ သူ၏ တပည့်များအား ဤသို့သော လက်နက်များ တပ်ဆင်ပေးမည်ဆိုပါက အားအင်အဆင့်သည် ပိုမို၍ တိုးတက်သွား ပေလိမ့်မည်။

သူသည် ဆေးလုံးခန်းမဆောင်ကို ဖွင့်ကြည့်လိုက်၏။ ပြောနေစရာပင်မလိုချေ။ အဆင့်မြင့်ချီစုစည်းခြင်းဆေးလုံး များသည် ကျင့်ကြံခြင်းအတွက် အလွန်တရာ အသုံးဝင်သည့်အရာများ ဖြစ်လာပေလိမ့်မည်။

ကျွင်းချောင်ရှောင်း သည် စိတ်ပူမိသည်မှာ စဦးအဆင့် ဝိညာဉ်တည်ဆောက်ခြင်းဆေးလုံးဆိုသည်ပင်ဖြစ်သည်။ သူက ပြောလိုက်၏။ “ဒီပစ္စည်းက ခန္ဓာကိုယ်တည်ဆောက်ခြင်းဆေးလုံးနဲ့ သိပ်မကွာဘူးထင်တယ်၊ ဒါက တစ်စုံတစ်ယောက်ရဲ့ ဝိညာဉ်ကို သန်မာ၊ ခိုင်မာအောင်လို့ ပြုလုပ်ပေးတဲ့ အကျိုးနဲ့တူတယ်”

“ဉာဏ်ကောင်းတယ်” စနစ်ကပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါတို့အနေနဲ့ တပည့်တွေကို တစ်ခုစီပေးနိုင်လောက်အောင် ကြီးကြီးမားမား ထုတ်ဖို့ လိုအပ်လိမ့်မယ်”

ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး၏ အစွမ်းသက်ရောက်မှုသည် ပြောနေစရာပင် မလိုချေ။ ထို့ကြောင့် ဝိညာဉ် ဖြစ်တည်ခြင်းဆေးလုံးသည်လည်း ပိုမိုကောင်းမွန်သည့် အကျိုးရလဒ်များကို ရရှိစေနိုင်မည်ဟု ကောင်းကောင်း သိနှင့်နေသည်။

သိုလှောင်လက်စွပ်ထဲမှာတော့ လက်သီးဆုပ်အရွယ် ကျောက်တစ်ခု တည်ရှိနေသည်။ ဤအရာသည် အလွန်တရာ တောက်ပသော အလင်းများနှင့် ဖုံးလွှမ်းလျက်ရှိပြီး ကြည့်ရှုရသည်မှာထူးခြားနေ၏။

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒါကဘာလဲ”

“စည်းဓားမော့ အဆင့်မြှင့်တင်ဖို့ ဝိညာဉ်ကျောက်တုံး” စနစ်က ပြန်ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိ၏။ “ဒါကစည်းဓားမော့ကို အဆင့်မြှင့်တင်နိုင်တာပေါ့”

“ဟုတ်တယ်”

“ဘယ်လိုသုံးရမှာလဲ”

“မင်းရဲ့ဝိညာဉ်စွမ်းအင်တွေကို ပေါင်းစပ်လိုက်”

ကျွင်းချောင်ရှောင်းသည် သူ၏ဝိညာဉ်စွမ်းအင်များကို ထုတ်လွှင့်လိုက်သည်။ ကျောက်တုံးကို ထိမိလိုက်သည့် အချိန်မှာတော့ အလွန်တရာ ပူပြင်းလှသည့်အပူချိန်ကြောင့် ကျောက်တုံးသည် အရည်ပျော်တော့မလို ဖြစ်သွားသည်။

စနစ်ကပြောလိုက်သည်။ “မြန်မြန် စည်းဓားမော့နဲ့ ထပ်ပြီးပေါင်းစပ်လိုက်တော့”

ရွှီး ….။

ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကို ထုတ်လိုက်ပြီးသည့်နောက်မှာတော့ ကျောက်ရိုင်းဆီမှ အရည်ပျော်လျက် ရှိနေသော အရည်များနှင့်ပေါင်းစပ်လိုက်တော့သည်။

ဂလု ဂလု

အရည်များသည် ဓားမော့တစ်ခုလုံးကို လွှမ်းခြုံသွားပြီးသည့်နောက်မှာတော့ ပွက်ပွက်ဆူကာ ပူပေါင်းများကဲသို့ အရာများ ထွက်ပေါ်လာခဲ့တော့၏။

ဤဓားမော့သည် သူပထမဆုံးရရှိခဲ့သော အဆင့်မြှင့်တင်နိုင်သည့် နတ်ဘုရားအဆင့် လက်နက်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိသည့်နောက်မှာတော့ ဤအရာသည် ထုတ်ဖော်အသုံးပြု၍မရအောင် အင်အားနည်းနေခဲ့သည်။ အထူးသဖြင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ သူသည် ဤအရာကို လုံးဝအသုံးပြု၍ မရနိုင်ခဲ့ချေ။

သူ၏အဆင့်မြှင့်တက်လာခဲ့သည် နှင့်အမျှ စည်းဓားမော့သည်လည်း အဆင့်မြှင့်တက်လာမှ ဖြစ်ပေလိမ့်မည်။ သိုင်းကျင့်ကြံသူများသည် ပိုမို ကောင်းမွန်သည့်အရာများကို အသစ်မွန်းမံ၍ ကိုင်ဆောင်မှပင် ဖြစ်ပေလိမ့်မည်။

“ဒီအဆင့်မြှင့်တင်ခြင်းရဲ့နောက်မှာ စည်းဓားမော့က ဘဝအသစ်တစ်ခုအဖြစ် ပြောင်းလဲသွားမယ်လို့ ငါမျှော်လင့်မိ တယ်”

ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။ သူ့တွင် စက်အတောင်ပံနှင့် နတ်မီးတောက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်ဆိုသော်လည်း ဤအရာသည် လုံလောက်မှု မရှိကြောင်း ခံစားမိနေသည်။ စည်းဓားမော့သာ ပိုမို၍ အားကောင်းလာမည်ဆိုလျှင် သူ့အနေနှင့် အရာအားလုံးကို စိတ်သက်တောင့်သက်သာနှင့် ပြုလုပ်နိုင်စွမ်းရှိမည် ဖြစ်သည်။

.........

တစ်နာရီခန့် ကြာပြီးသည့်နောက်မှာတော့ စည်းဓားမော့သည် ထူးဆန်းသည့်အရည်များအားလုံးကို စုပ်ယူပြီး ကျွင်းချောင်ရှောင်း၏အရှေ့တွင် ငြိမ်ငြိမ်သက်သက်နှင့် ရပ်တန့်လျက်ရှိသည်။

သိုလှောင်လက်စွပ်ထဲမှာဖြစ်သည့် အတွက် ဓားမော့၏ပုံပန်းသွင်ပြင်နှင့် အရွယ်အစားသည် သာမန်အတိုင်းသာဖြစ်သည်။ စွမ်းအင်မှာတော့ တကယ်တမ်းတိုက်ခိုက်ရန် ဆွဲထုတ်လိုက် အချိန်မှသာ သိပေလိမ့်မည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်၍ ဓားလက်ကိုင်အား ကိုင်ဆွဲလိုက်တော့သည်။ ဓားအိမ်ထဲမှ မထုတ်ဖော် သေးသော်လည်း အလွန်တရာ အားကောင်းသည့် အော်ရာများကို ခံစားမိနေသည်။

“ရောင်းရင်းကြီး... အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာ မင်းရဲ့အားအင်တွေက ပိုမိုပြီး အားကောင်းလာတာဖြစ်မယ်”

ဝမ်

စည်းဓားမော့သည် အနည်းငယ်တုန်ခါသွား၏။ သူသည် သခင်အား တုံ့ပြန်လိုက်ခြင်းပင်ဖြစ်သည်။

“လာခဲ့”

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲမှ ထွက်ပြီးသည့်နောက် သူ၏လက်ကိုမြှောက်လိုက်သည်။ “မင်းရဲ့အသွင်ပြောင်းပြီးသား ခန္ဓာကိုယ်ကို ငါကြည့်လိုက်မယ်”

ရွှီး ….။

တည်နေရာတစ်ခုလုံး လှုပ်ခါသွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲတွင်ရှိသော စည်းဓားမော့သည် အဆင်မြှင့်တင်လိုက်ပြီး သည့်နောက်တွင်တော့ ပိုမို၍ သေးငယ်သွားခဲ့၏။ လက်ကိုင်နှင့် ပန်းထိုးသည့်အပ်တစ်ချောင်း အရွယ်အစားသာ ရှိတော့သည်။ ဤအရာသည် သောက်ကျိုးနည်းဓားမော့ဟုပင် ဆိုရမည်ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ်”

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ စည်းဖွင့်ခြင်းအဆောင်အား ချိုးချေလိုက်တော့ သည်။

ဂျွတ်

သို့ပေမဲ့ သူသည် စည်းဓားမော့ကို ဆွဲထုတ်၍ မရနိုင်ဖြစ်နေ၏။

“မင်းအားတွေ အကုန်ခံမနေနဲ့”

စနစ်က ပြောလိုက်၏။ “ဒီအဆင့်မြှင့်တင်ထားတဲ့စည်းဓားမော့ကို ဖွင့်ဖို့ဆိုရင် စည်းဖွင့်ခြင်းအဆောင် အသစ်ကို လိုအပ်တယ်”

အမ်

ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် ကြက်သေသေလျက်ရှိသည်။ ခဏလောက်ကြာပြီးသည်အထိ သူ၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိသည်။

“မင်းဆိုလိုတာက ငါအဆင့်မြှင့်တင်ပြီးတဲ့အချိန်မှာ အဆင့်မြှင့်တင်ပြီးသားအရာကိုပဲ သုံးလို့ရမှာပေါ့၊ အရင်တုန်းက ရခဲ့တဲ့ စည်းဖွင့်ခြင်းအဆောင်တွေကို သုံးလို့မရတော့ဘူးပေါ့”

“အမှန်ပဲ”

စနစ်က ပြောလိုက်သည်။ “ဒါဆိုရင် အစောကြီးကတည်းက ငါ့ကို ပြောပါ့လား၊ မင်းအခုထွက်ခဲ့စမ်း၊ ငါမင်းကို ရိုက်မယ်”

“ငါလည်း မင်းကိုရိုက်ချင်တယ်၊ ဒါပေမဲ့ ရိုက်လို့မရဘူး”

“ထွက်လာခဲ့စမ်းပါ”

“မင်းဝင်လာခဲ့စမ်းပါ”

လက်ခံသူနှင့် စနစ်တို့သည် နေ့စဉ်နေ့တိုင်း ပြဿနာတက်လျက်ရှိသည်။

စည်းဓားမော့ကို အဆင့်မြှင့်တင်ပြီး ဖြစ်သော်လည်း စည်းဖွင့်ခြင်းအဆောင်အသစ်မရှိသည်မို့ သူ့အနေနှင့် စမ်းသပ်ဖို့အကြံအစည် အား ခဏတာရပ်ဆိုင်းထားရ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တွက်ချက်ပြီးသားဖြစ်သည်။ ဤအဆင့်မြှင့်တင်ခြင်းကြောင့် အားအင်အဆင့် တိုးတက်လာသည်သာမက ဖိနှိပ်နိုင်စွမ်းသည်လည်း ပိုမို၍ အားကောင်းလာပေလိမ့်မည်။ ထိုအချိန်ဆိုလျှင် သူသည် သိုင်းအုပ်စိုးသူ၊ သိုင်းနယ်မြေတစ်ပိုင်းတင်မက သိုင်းနယ်မြေစစ်စစ်ကိုပင် ချုပ်နှောင်နိုင်စွမ်း ရှိပေလိမ့်မည်။ စည်းဖွင့်ခြင်းအဆောင်အသစ်ကို ရရှိသည်ဆိုသည်နှင့် သူသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင် လုပ်ချင်ရာကို လုပ်နိုင်စွမ်းရှိတော့မည်ဖြစ်သည်။

“ကောင်းတယ်၊ အရမ်းကောင်းတယ်”

ကျွင်းချောင်ရှောင်းသည် မျက်နှာတစ်ခုလုံး ပြုံးရွှင်စွာဖြင့် သီးခြားဖြစ်တည်ခြင်းအစီအရင်မှ လျှောက်ထွက်လာ၏။ သူ့အနေနှင့် ဆုအဖြစ် ရရှိခဲ့သောပစ္စည်းများအားလုံးကို မြင်တွေ့ပြီးဖြစ်၏။

ထို့ကြောင့် ဂိုဏ်းဆီသို့ ပြန်ရာလမ်းတွင် ဂိုဏ်းစုဆောင်းမှတ်များကို သုံးဖြုန်းရန် စဉ်းစားနေတော့သည်။ ဂိုဏ်းစုဆောင်းမှတ်နှစ်သောင်း အပိုရှိနေသည်မှာ အလွန်တရာကောင်းမွန်သည် ခံစားချက်ပင်ဖြစ်သည်။

“ဂိုဏ်းချုပ်ရဲ့ အော်ရာတွေက အရင်ကထက်ပိုပြီး အားကောင်းလာတာပဲ”

ကျွင်းချောင်ရှောင်းသည် အစီအရင်ထဲက ထွက်လျှောက်လာပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ F4 တို့သည် ၎င်းတို့ဂိုဏ်းချုပ်၏ အော်ရာများ ပြောင်းလဲနေသည်ကို သတိပြုမိလိုက်ကြ၏။

ဤအရာသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သူအထဲသို့ ဝင်သွားစဉ်မှာ သိုင်းဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ပြန်ထွက် လာချိန်မှာတော့ သိုင်းအုပ်စိုးသူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။

All Chapters