← Chapters

အခန်း (၆၅၇)

Vol. 44 Ch. 657

အခန်း (၆၅၇)

Vol. 44 Ch. 657

ဘုန်း ဘုန်း

စုရှောင်မိုနှင့် လီဖေးတို့သည် အရင်ဆုံး ရှေ့မှပြေးသွားကြသည်။ ၎င်းတို့သည် ခြေထောက်တွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်း၍ အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူနှစ်ယောက်အား ဖြတ်ကန်လိုက်၏။

ဘုန်း ဘုန်း

မျက်နှာဖုံးဝတ်ဆင်ထားသော လူနှစ်ယောက်သည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် ခြေရာများပင် ထင်ကျန်နေသည်။ ထိုသူတို့သည် သေဆုံးသွားခဲ့ကြပြီဖြစ်သည်။

ဤအရာသည် လက်ရည်စမ်းပွဲ မဟုတ်သလို အစမ်းလေ့ကျင့်ခြင်းလည်း မဟုတ်ချေ။ ထို့ကြောင့် စုရှောင်မိုနှင့် လီဖေးတို့သည် နည်းနည်းလေးမျှသော သက်ညှာထောက်ထားမှုကို မပြသချေ။

လိုင်လီနတ်ဂိုဏ်းထဲမှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များသည် မတိုက်ခိုက်ခဲ့ရချေ။ ထို့ပြင် တိုက်ခိုက်ခဲ့ရသော လူတချို့သည်လည်း အမျိုးသမီးတပည့်များနှင့် တိုက်ခိုက်ရသည်ဖြစ်သောကြောင့် အားအင်များကို ချွေတာခဲ့ရ သည်။ ထို့ကြောင့် ဤကဲ့သို့သော မကျေနပ်သည့်စိတ်များကို လက်ရှိအခြေအနေတွင် တစ်ယောက်ပြီး တစ်ယောက် အား သတ်ဖြတ်ရင်း ဖြေဖျောက်လျက် ရှိနေကြ၏။

ဘုန်း ဘုန်း

အခြားတစ်ဖက်တွင်ရှိသော လီယုဟွာ မှာတော့ ကျွဲရိုင်းကြီးတစ်ကောင်ကဲ့သို့ တိုက်ခိုက်လျက်ရှိနေသည်။ သူ၏ အမြန်နှုန်းကို နည်းနည်းလေးမှ မလျှော့ခဲ့ချေ။

ဘန်း

အဆုံးသတ်မှာတော့ သူသည် အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသောသူအား ဖမ်းချုပ်ချီပိုး၍ တစ်ဖက်မှ ကျင့်ကြံသူ များဆီသို့ ပစ်လွှတ်လိုက်တော့သည်။ ၎င်းသည် ဂိုဏ်း၏ ဒုတိယမြောက် တင့်ကားဟုပင် ခေါ်ဆိုရသူဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်မှာတော့ အလွန်တရာ ကြမ်းရမ်းသော ခန္ဓာကိုယ်စွမ်းအင်များကို ထုတ်ဖော်ကာ တိုက်ခိုက် နေတော့၏။

ဘုန်း ဘုန်း

လုံကျိရန်သည် လှံကိုကိုင်ဆောင်ပြီး များပြားလှသည့် ရန်သူများကို တိုက်ခိုက်ခဲ့၏။ သူ၏လှံသွားထိုးဖြတ်သွားရာ လမ်းတိုင်းတွင် သွေးများချောင်းစီးကုန်သည်။

ဇွိ ဇွိ …။

ဓားလှိုင်းများ ဖြတ်သန်းသွားသည့်နောက်မှာတော့ မြက်ပင်များကို ပိုင်းဖြတ်လိုက်သလို ရန်သူများသည် ခေါင်းနှင့် ကိုယ် အိုးစားကွဲလျက် ရှိနေ၏။ များပြားလှသည့် အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူများသည် မြေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျကုန်ကြသည်။ ၎င်းတို့၏ ခေါင်းများသည် မြေပေါ်တွင် လိမ့်လျက်ရှိသည်။

“အမှိုက်တွေ”

ရီရှင်းချန်သည် အအေးဓားကို လက်ထဲမှာကိုင်ရင်း တစ်ချက်လှမ်းကြည့်လိုက်၏။

ဟူး ဟူး

ထိုအချိန်မှာတော့ သူ၏နောက်ဘက်မှ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်က လာရောက်တိုက်ခိုက် လိုက်၏။ ထိုသူသည် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်း၍ ပြင်းထန်လှသည့် အားအင်အဟုန်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဝှစ်

ရီရှင်းချန်သည် အသာနောက်သို့ လှည့်ကြည့်ပြီးနောက် ဓားအလင်းတန်းသည် ဖြတ်ပြေးသွားသည်။ အေးစက်သည့် အလင်းတန်းသည် အရင်ဆုံး ရောက်ရှိသွားပြီးသည့်နောက်မှာတော့ သိုင်းဘုရင်တစ်ယောက် သည် မည်သို့မှ မခုခံ နိုင်တော့ဘဲ ခေါင်းပြတ်သွားတော့၏။

မြန်ဆန်သည်၊ တိကျသည်၊ ကြမ်းရမ်းလွန်းသည်။

တိုက်ခိုက်ရန် ပြင်ဆင် နေကြသော ရန်သူများအားလုံးသည် ထိုအချင်းအရာကို မြင်တော့ ရုတ်တရက် ရပ်တန့်သွားကြ၏။

“ကောင်းကင်ဘုံ... သိုင်းဘုရင်တစ်ယောက်တောင် ချက်ချင်းသတ်ဖြတ်ခံလိုက်ရတာလား”

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် ဤကဲ့သို့သော လုပ်ဆောင်မှုမျိုးမှာ သာမန်ဟုပင် ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် လီချင်းယန်၊ ရှောင်ကျီ ကဲ့သို့သော ကျင့်ကြံသူများအားလုံးသည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများဖြစ်ကြပြီး ၎င်းတို့ လှုပ်ရှားသွားလာရာ နေရာတိုင်းတွင် ရန်သူများမှာ သေဆုံးလျက်ရှိနေကြသည်။

အချိန်တိုအတွင်းမှာပဲ အမဲရောင်မျက်နှာဖုံးကို ဝတ်ဆင် ထားသော လူတစ်ထောင်ကျော်အတွင်းမှ တစ်ရာကျော်တို့သည် သေဆုံးသွားခဲ့ကြပြီဖြစ်ပြီး ထိုအထဲတွင်ရှိသော သိုင်းဘုရင်ဆယ်ယောက်ကျော်တို့သည် လည်း ပါဝင်နေ၏။

“အကြီးအကဲ”

လေထဲတွင် ရပ်လျက်ရှိသော သိုင်းအုပ်စိုးသူတစ်ယောက်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်း တပည့်တွေက မရိုးရှင်းဘူးပဲ၊ ဒါကြောင့် သခင်က လူတွေအများကြီးကို စေလွှတ်လိုက်တာ အံ့အား သင့်စရာ မဟုတ်တော့ဘူး”

မျက်နှာဖုံးဝတ်ဆင်ထားသော ခေါင်းဆောင်က အလွန်တရာ အံ့အားသင့်မိနေ၏။ သို့ပေမဲ့ သူသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “မင်းတို့သွားတော့”

“ကောင်းပါပြီ”

သိုင်းအုပ်စိုးသူ ငါးယောက်တို့သည် ဖြည်းဖြည်းချင်း ဆင်းလက်လာ၏။

ဟူး

လေထုထဲတွင်တော့ အလွန်တရာ အားကောင်းလှသော အော်ရာများ ဖြစ်တည်သွားပြီး တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ဤမျှ များပြားလှသော သိုင်းအုပ်စိုးသူများသည် ၎င်းတို့၏ ချီဖိနှိပ်မှုများကို တပြိုင်နက်တည်း ထုတ်ဖော်အသုံးပြုလိုက်သည့် အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို လွတ်လွတ်ကင်းကင်း မလှုပ်ရှားနိုင်တော့ဘဲ အနည်းငယ် ပြန်လည်၍ ခုခံလာရသည်။

ဟူး … ဟူး …။

ထိုအချိန်မှာတော့ အလွန်တရာ ထူထဲပြီး အားကောင်းလှသော ဖိနှိပ်မှုတစ်ခုသည် ကောင်းကင်ပေါ်မှ ကျဆင်းလာ ပြီးသည့်နောက် သိုင်းအုပ်စိုးသူ ငါးယောက်ဖန်တီးထားသော ချီဖိနှိပ်မှုများအား ပြန်လည်ကာ ချေဖျက်လိုက်တော့သည်။

ဤကဲ့သို့သော ချီဖိနှိပ်မှုအား ထုတ်ဖော်လိုက်သူမှာ ကျွင်းချောင်ရှောင်းပင် ဖြစ်တော့၏။ လက်ရှိအခြေအနေ မှာတော့ သူသည် နတ်ဆိုးလင်းယုန်နက်ကြီး၏ အပေါ်တွင် ရပ်လျက်ရှိနေပြီး သူ၏ ပုံပန်းသွင်ပြင်သည် တည်ငြိမ်ကာ အေးဆေးလျက်ရှိနေသေး၏။

ချီဖိနှိပ်မှုကို ခံလိုက်ရသော သိုင်းအုပ်စိုးသူ ငါးယောက်တို့သည်လည်း အလွန်တရာ ထိတ်လန့်သွား၏။ ပြိုင်စံရှား ဂိုဏ်း၏ ဂိုဏ်းချုပ် ထုတ်လွှတ်လိုက်သော ချီဖိနှိပ်မှုသည် ၎င်းတို့အားလုံးထက် ပိုမို၍ အားကောင်းနေ၏။ သူတို့ သည်သာ အတူတကွ စုစည်း၍ ထုတ်ဖော်နေသည် မဟုတ်ပါက ချက်ချင်းပင် ရှုံးနိမ့်သွားနိုင်၏။

“နေစမ်းပါအုံး … ဒီကောင်က ဘယ်လိုလုပ်ပြီး ချီဖိနှိပ်မှုကို ထုတ်ဖော်နေနိုင်တာလဲ”

မျက်နှာဖုံးကို တပ်ဆင်ထားသော ခေါင်းဆောင်သည် အံ့အားသင့်သွား၏။ “မင်း... မင်းက သိုင်းအုပ်စိုးသူလား”

ဘုန်း ဘုန်း

သိုင်းအုပ်စိုးသူ ငါးယောက်တို့၏ ချီဖိနှိပ်မှုသည် ဖျက်ဆီးခံလိုက်ရပြီးဖြစ်သည်။ သိုင်းအုပ်စိုးသူ ငါးယောက်တို့သည် လည်း အနောက်သို့ လွှင့်စင်သွား၏။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် သွေးတွေ အန်ထွက်လာကြသည်။ ချီဖိနှိပ်မှုဆိုသည်မှာ သိုင်းပညာရှင်များ၏ အတွင်းအားကို အသုံးပြုရသည်နှင့် ဆင်တူသည်။ ထိုအရာသည် ဖျက်ဆီး ခံလိုက်ရသည်ဆိုပါက မရီဒန်များသည် ဒဏ်ရာ ရရှိသွားပေလိမ့်မည်။

“အားနည်းလိုက်တာ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူသည် ယခုမှ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သူ ဖြစ်သည်။ သို့ပေမဲ့ သူသည် ချီဖိနှိပ်မှုကို ထုတ်ဖော်အသုံးပြုလိုက်ချိန်မှာတော့ အဆင့်တူ သိုင်းအုပ်စိုးသူ ငါးယောက်တို့သည် သူ့အား မတွန်းလှန်နိုင်ခဲ့ကြချေ။

မိစ္ဆာသူတော်စင် ဝူကျူးနှင့် အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးသည် ဆွံ့အသွားမိ၏။

ကျွင်းချောင်ရှောင်းသည် ထိုသူများနှင့် ရင်ဆိုင်ရန်အတွက် သူတို့အား စေလွှတ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူကိုယ်တိုင် တိုက်ခိုက်ပြီး တစ်ဖက်လူများအား ဒဏ်ရာ ရရှိအောင်ပင် ပြုလုပ်ခဲ့၏။ ထို့အပြင် မည်သည့်အချိန်က သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားခဲ့သနည်း။

ယခုလေးတင်မှ ဖြစ်သည်။ နာရီဝက်ပင် မကြာခဲ့သေးချေ။

သိုင်းအုပ်စိုးသူ ငါးယောက်တို့၏ ချီဖိနှိပ်မှု ပျက်စီးသွားပြီးသည့် နောက်မှာတော့ လီချင်းယန်နှင့် တခြားသူများသည် စိတ်လက်ပေါ့ပါးသွားကြသည်။ ထို့ကြောင့် ၎င်းတို့၏ ပြိုင်ဘက်များနှင့် စတင်ကာ တိုက်ခိုက်ကြတော့သည်။

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူများအား ဖိနှိပ်ရန်အတွက် ချီဖိနှိပ်မှုကို အသုံးမပြုတော့ချေ။ ထိုမှသာလျှင် သူ၏တပည့်များသည် လွယ်လွယ်ကူကူနှင့် အားအင်အဆင့်များကို ထုတ်ဖော်ကာ တစ်ဖက်လူများအား သတ်ဖြတ် နိုင်မည် မဟုတ်ပါလား။

ပြိုင်စံရှားဂိုဏ်းသားများသည်လည်း တစ်ဖက်လူများကို သတ်ဖြတ်ဖို့အတွက် အချိန်အနည်းငယ်သာ လိုအပ်နေ သည်။ မျက်နှာဖုံးဝတ်ဆင်ထားသော ခေါင်းဆောင်သည် ၎င်းတို့တွင် တပည့်များ အများကြီးပါလာသည်ဆိုသော် လည်း ပြိုင်စံရှားဂိုဏ်းမှ တပည့်များနှင့် အရည်အချင်းနှိုင်းယှဉ်မည်ဆိုလျှင် အလွန်တရာ ကွာဟနေသည်ကို သိရှိ လိုက်၏။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလိုပဲ လက်ကိုမြှောက်လိုက်သည်။

ဝှစ် ဝှစ်

သူ၏နောက်လိုက်များသည် အမိန့်ကို လက်ခံရရှိလိုက်ပြီးသည့်နောက်မှာတော့ အမြန်ဆန်ဆုံး အနောက်သို့ ဆုတ်ခွာတော့သည်။ ၎င်းတို့သည် စတင်တိုက်ခိုက်စဉ်က ယုံကြည်ချက်အပြည့်နှင့် ဖြစ်သော်လည်း ပြိုင်စံရှား ဂိုဏ်းသားများနှင့် တိုက်ခိုက်ပြီး အချိန်ကြာလာသည်နှင့်အမျှ စိတ်ဓာတ်ကျဆင်းလာ၏။

အထူးသဖြင့် ၎င်းတို့အား ပိုမို၍ ကြောက်လန့်နေရသည်မှာ တိုက်ခိုက်နေကြသော လူများအားလုံးသည် သိုင်းဘုရင်အဆင့် အော်ရာများကို ထုတ်လွှင့်နေခြင်းပင် ဖြစ်၏။ ဤကဲ့သို့ သိုင်းဘုရင်ပေါင်း ရာကျော်ရှိနေသည်ကို သူတို့ တစ်ခါမှ မတွေ့ခဲ့ဘူးချေ။

“လာချင်သလိုလာပြီး သွားချင်သလို သွားလို့ရမယ် ထင်နေတာလား”

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးနောက် ပြောလိုက်သည်။ “အားလုံးကို သတ်လိုက်၊ တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့စေနဲ့”

“ကောင်းပါပြီ”

တပည့်များသည် ပြိုင်တူဆိုသလိုပဲ အော်ဟစ်လိုက်ကြသည်။ သူတို့သည် လှုပ်ရှားမှု နည်းစနစ်များကို အမြန်ဆန်ဆုံး ထုတ်ဖော်လိုက်ကြ၏။

ရွှီး ရွှီး

အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသော မျက်နှာဖုံးတပ် ကျင့်ကြံသူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းတပည့် များနှင့် ယှဉ်မည်ဆိုလျှင် အနည်းငယ် နှေးကွေးလျက်ရှိနေ၏။ ထို့ကြောင့် အားလုံးသည် အမှီလိုက်၍ သတ်ဖြတ် ခံနေရတော့သည်။ အချိန်အတော်ကြာ ကျင့်ကြံပြီးသည့်နောက်မှာတော့ အစစ်အမှန် တိုက်ပွဲတစ်ခုကို အတွေ့အကြုံ ယူဖို့ဆိုသည်မှာ ရှားပါးလှသည့် အခွင့်အရေးဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းတပည့်များသည်လည်း ထိုအရာကို အခွင့်ကောင်းယူ၍ ရန်သူများအား တိုက်ခိုက်သုတ်သင်လျက် ရှိနေသည်။

“လုပ်ရဲလိုက်တာ”

ထိုအချိန်မှာပဲ ကောင်းကင်ပေါ်တွင်ရှိနေသော မျက်နှာဖုံးစွပ် သိုင်းကျင့်ကြံသူသည် ကျယ်လောင်စွာ အော်ဟစ် လိုက်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာထူထဲပြီး အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာပြီး ပြိုင်စံရှားဂိုဏ်းတပည့်များကို ဖိနှိပ်တော့သည်။ ထင်မှတ်ထားသည့်အတိုင်းပဲ ဤလူသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၏။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အနောက်ဘက်ဆီမှ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူ၏ အော်ရာသည် ထွက်ပေါ်လာပြီး မျက်နှာဖုံးတပ် ကျင့်ကြံသူ၏ အော်ရာများနှင့် ထိပ်တိုက် တွေ့ဆုံသွားတော့သည်။

ဤကဲ့သို့သော အလွန်တရာ အားကောင်းလှသော ချီဖိနှိပ်မှုအော်ရာများကို ထုတ်ဖော်လိုက်သည်မှာ ကျွင်းချောင်ရှောင်း မဟုတ်ချေ။ အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးပင် ဖြစ်တော့၏။

သူနှင့် အမဲရောင်ဝတ်စုံဝတ် မျက်နှာဖုံးတပ် ကျင့်ကြံသူတို့သည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများ ဖြစ်ကြ၏။ ထို့ကြောင့် ထုတ်လွှတ်လိုက်သော ချီဖိနှိပ်မှုများသည် အလွန်တရာ အားကောင်းလွန်းသောကြောင့် တည်နေရာ တစ်ခုလုံးပင် စုတ်ပြတ်သွား၏။ သို့သော်လည်း ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည်တော့ ဤအော်ရာများ၏ အောက်တွင် မသက်ရောက်ခဲ့ကြချေ။ ထို့ကြောင့် ထွက်ပြေးသွားကြသော သိုင်းကျင့်ကြံသူများနောက်သို့ ဆက်လိုက်ကာ သတ်ဖြတ်နေကြသည်။

ဘုန်း ဘုန်း ဘုန်း

အလင်းတန်းများ ပျံတန်းသွားပြီးသည့်နောက်မှာတော့ ဓားအလင်းတန်းများသည်လည်း ဖြတ်ပြေးသွားသည်။ ထွက်ပြေးသွားကြတော့ သိုင်းကျင့်ကြံသူများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေရသည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ထိုသူများသည် နှစ်ထောင် သို့မဟုတ် သုံးထောင်လောက် ပါလာလျှင်ပင် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ရာကျော်အား ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှား ဂိုဏ်းမှ တပည့်တစ်ရာကျော်တို့သည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများဖြစ်နေခြင်းကြောင့် ဖြစ်၏။ အချိန် အတော်ကြာ ကြာပြီးသည့်နောက်မှာတော့ တိုက်ခိုက်လာကြသော ရန်သူများ အားလုံးသည် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိသွားကြသည်။

ဝှစ် … ဝှစ်

သိုင်းအုပ်စိုးသူ ငါးယောက်တို့သည် ၎င်းတို့၏ နောက်လိုက်များကို ဤကဲ့သို့ လွယ်လွယ်ကူကူ အဘယ်ကြောင့် သတ်ဖြတ်ခံခိုင်းနေမည်နည်း။ ထို့ကြောင့် သူတို့၏ အကြီးအကဲနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတို့ တိုက်ခိုက်နေစဉ်မှာပဲ သူတို့သည် အလျင်အမြန်နှင့် ပြိုင်စံရှားဂိုဏ်းတပည့်များဆီသို့ လိုက်တော့၏။

၎င်းတို့၏ အားအင်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းတပည့်များကို သတ်ဖြတ်ရန်မှာ အလွန်တရာ လွယ်ကူပေလိမ့်မည်။ သို့ပေမဲ့ သူတို့ ပျံသန်းလိုက်စဉ်မှာပဲ မိစ္ဆာသူတော်စင် ဝူကျူးသည် ၎င်းတို့၏ သွားရာလမ်းကို ပိတ်ဆို့ကာ တည်ငြိမ်စွာ ပြောလိုက်၏။

“မင်းတို့ရဲ့ ပြိုင်ဘက်က ကျုပ်ပဲ”

အသွင်အပြင်နှင့် ပြောဆိုလိုက်သည့် စကားများသည် ကြောက်မက်ဖွယ်အော်ရာများ ထွက်ပေါ်နေသည်။ သိုင်းအုပ်စိုးသူ ငါးယောက်တို့၏ ဆံပင်မွှေးများပင်လျှင် ထောင်ထသွား၏။

ခါးကုန်းကုန်းနှင့် အကြီးအကဲ တစ်ယောက်၏ အားအင်သည် သိုင်းအုပ်စိုးသူအဆင့်တွင် ရှိနေ၏။ သို့ပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ၎င်း၏ အားအင် အဆင့်သည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းနေသည်ဟု ခံစားမိနေ၏။ သူတို့၏ ရှေ့တွင် ရပ်တန့်နေသည်မှာ လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်လောက်ကတည်းက သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ဖြစ်သည့် မိစ္ဆာဂိုဏ်း၏ စီနီယာတစ်ယောက်ဖြစ်မှန်းသာ သိမည်ဆိုပါက ကြောက်လန့်လွန်း၍ ခြေထောက်များပင် တုန်ယင်နေလိမ့်မည်။

ဝှစ် ဝှစ်

မိစ္ဆာသူတော်စင် ဝူကျူးသည် လက်များကို ယမ်းခါလိုက်သည့်နောက်မှာတော့ ထူးဆန်းလှသည့် ဓာတ်သဘာဝများ သည် ပျံ့နှံ့သွားသည်။ ကောင်းကင်ပေါ်တွင် အမဲရောင်တိမ်များ ဖြစ်တည်လာပြီးသည့်နောက် အောက်သို့ ကျဆင်း လာတော့သည်။ တည်နေရာကြီးတစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပဲ အမှောင်ဖုံးသွားတော့သည်။

သိုင်းအုပ်စိုးသူ ငါးယောက်တို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “သူ .. သူက မိစ္ဆာကျင့်ကြံသူပဲ”

All Chapters