အခန်း (၆၆၀)
Vol. 44 Ch. 660
သဘောတူညီမှု ဝိုင်ခွက်အား အတူတူ သောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်းရှောင်းသည် ချင်းယန်နိုင်ငံ၏ ဒုတိယမြောက် အုပ်ချုပ်သူ ဖြစ်လာခဲ့သည်။
အရာအားလုံး ပြီးဆုံးသွားပြီးသည့်နောက်မှာတော့ သူသည် အဓိက ဟောခန်းထဲတွင် ငူငူကြီးထိုင်လျက်ရှိသည်။
"ငါ အရက်သောက်တာ များသွားတာလား"
သူ့အနေနှင့် အရက်သောက်များသွားခြင်း မဟုတ်ပေ။ ယွမ်ဟယ်၏ အရူးလုပ်ခြင်းကို ခံခဲ့ရခြင်းပင် ဖြစ်သည်။
မူလအားဖြင့် စကား အလွန်တတ်သည်ဆိုသော ကျွင်းချောင်ရှောင်းပင်လျှင် ယွမ်ဟယ်၏ လှည့်ကွက်အောက်တွင် ကျရှုံးခဲ့ရ၏။
"ဂိုဏ်းချုပ်"
လီလိုရှုက ပြောလိုက်သည်။ "နိုင်ငံကို အုပ်ချုပ်တယ်ဆိုတာက ဂိုဏ်းကို အုပ်ချုပ်တာနဲ့ မတူဘူး။စိတ်ပိုင်းဆိုင်ရာ အရ အများကြီး ကြိုပြီးတော့ ပြင်ဆင်ထားရလိမ့်မယ်"
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ "ကျုပ်ဘာကျုပ် လုပ်ဖို့တွေတောင် များနေတာကို"
"ဒုတိယနိုင်ငံ အုပ်ချုပ်သူ"
မြို့တော်ဝန်ရှဲ့ သည် လျှောက်ဝင်လာပြီး ပြောလိုက်သည်။ "ဂိုဏ်းထဲမှာပဲ အလုပ် ဆင်းမှာလား။မြို့ထဲမှာ အလုပ်ဆင်းမှာလား"
"ဘာကွာခြားလို့လဲ"
"ကွားခြားတာက ကျုပ်တို့က ခင်ဗျားကို ဘာပဲ ဖြစ်ဖြစ် လာပြီး သတင်းပို့ရမှာလေ။"
သူ့အား တကယ်ပင် နိုင်ငံ အုပ်ချုပ်သူ တစ်ယောက်ကဲ့သို့ တွေးကာ ပြုမူနေကြသည်လား။
သူနှင့် ယွမ်ဟယ်တို့သည် သွေးဝိုင်ကို ကျိန်ဆိုကာ သောက်သုံးပြီးကြပြီဖြစ်သည်။ အဘယ့်ကြောင့် မြို့တော်ဝန်များအနေနှင့် သူ့အား နိုင်ငံ အုပ်ချုပ်သူ အဖြစ် မမြင်ကြမည်နည်း။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ "ဒါဆိုရင်လည်း ဂိုဏ်းထဲမှာပဲ အလုပ်လုပ်တာပေါ့။ဒါပေမဲ့ ကိစ္စသေးသေးလေးတွေအတွက် ကျုပ်ဆီ လာမရှာပါနဲ့"
"ကောင်းပါပြီ"
မြို့တော်ဝန်ရှဲ့ သည် ထွက်ခွာသွား၏။
ပြီးနောက် မြို့တော်ဝန်ရှစ်ယောက်သည် ပြိုင်စံရှား ဂိုဏ်းဆီသို့ အလျှင် အမြန် ရောက်ရှိလာခဲ့သည်။ လိုအပ်သည့် သတင်းအချက်အလက်များအား လာရောက် ပေးပို့ခြင်း ဖြစ်သည်။ သူတို့၏ လူဦးရေ စာရင်းနှင့် အားအင်အဆင့် အချက်အလက်များ စာရင်းလည်း ပါဝင်နေ၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာအားလုံးအား လီချင်းယန်နှင့် တစ်ခြားသူများဆီသို့ လွှဲအပ်ထားရသည်။
အချက်အလက်အားဖြင့် ချင်းယန်နိုင်ငံ၏ အုပ်ချုပ်သူ သည် တစ်နှစ်ပတ်လုံး နိုင်ငံ၏ စီမံခန့်ခွဲမှု အား လျစ်လျူရှုထားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မြို့တော်ဝန်ရှစ်ယောက်တို့သည် ပုံမှန်အားဖြင့် မိမိဘာသာ စီမံခန့်ခွဲနေနိုင်ကြပြီ ဖြစ်၏။
ထို့ကြောင့် သူသည် တစ်ခြားသူများအားလုံးကို လျစ်လျူရှုထားနိုင်လောက်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း စိတ်ပူပန် မိစေသည်မှာ အဆင့်ကိုး နိုင်ငံတစ်ခုအား အဆင့်ရှစ် နိုင်ငံတစ်ခုဆီသို့ရောက်အောင် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။
ထို့ကြောင့်ပင် ယွမ်ဟယ်သည် သူ့အား ဒုတိယ နိုင်ငံအုပ်ချုပ်သူ အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက စားပွဲတွင် လူအထင်ကြီးအောင် ကြီးကြီးကျယ်ကျယ် လျှောက်၍ ပြောခဲ့လိမ့်မည် မဟုတ်ချေ။
"ထားလိုက်ပါတော့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အချိန်ကို ကြည့်ပြီးတော့ တစ်လှမ်းချင်းစီ သွားကြတာပေါ့"
သူ့အနေနှင့် အချိန်အတိုင်းအတာတစ်ခု အထိ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အလုပ်ကို လုပ်ရန် အစီအစဉ် မရှိသေးချေ။ အဲ့အစား သူ၏ ဂိုဏ်းပေါ်မှာသာ အာရုံစိုက်ထား၏။
"ဟောခန်းသခင်လီ"
ကျွင်းချောင်ရှောင်းသည် လီလိုရှုကို ခေါ်ကာ ပြောလိုက်သည်။
“မိုးဆွေဟောခန်းက တပည့်တွေကို ခေါ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်က နတ်ဆိုးဂိုဏ်းနဲ့ ပတ်သက်တဲ့ အချက် အလက်တွေအားလုံးကို ရှာဖွေခိုင်းလိုက်။တိတိကျကျ ထုတ်ဖော်မပြသထားတဲ့ သမိုင်းဇာတ်ကြောင်းတွေ သတင်းတွေကို လက်လွှတ်မခံနဲ့။ အားလုံးကို ရအောင်ယူ"
မျက်နှာဖုံးစွပ် များကို ဝတ်ဆင်ထားသော ဆန်းကြယ်သည့် လူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ ထို့ကြောင့် သူသည် ဖြစ်နိုင်သမျှ နည်းလမ်းနှင့် အမြန်ဆန်ဆုံး စုံစမ်းမှ ဖြစ်ပေလိမ့်မည်။
....
ရက်အနည်းငယ် ကြာပြီသည့်နောက်မှာတော့ နတ်ဆိုး အင်ပါယာဂိုဏ်း၏ မှတ်တမ်းများအားလုံးသည် ပြိုင်စံရှား ဂိုဏ်းသို့ ရောက်ရှိလာကြသည်။
ကျွင်းချောင်ရှောင်းသည် မည်သည့် အလုပ်မှ မရှိသည်မို့ ထိုမှတ်တမ်းများအား သေသေချာချာ ဂရုစိုက်ကာ ဖတ်ရှုနေသည်။
အဆုံးသတ်မှာတော့ နတ်ဆိုး လက်ကျန်အကျွင်းအကျန်များ အကြောင်း မှတ်တမ်းမှတ်ရာများသည် သေသေချာချာ ရှင်းရှင်းလင်းလင်း မရှိချေ။
"ဒုက္ခပဲ"
မည်သည့် သဲလွန်စကိုမှ ရှာဖွေမတွေ့ရှိသည်မို့ သူသည် အလွန်တရာ စိတ်ဓာတ်ကျမိ၏။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ ရီရှင်းချန်သည် လျှောက်ဝင်လာကာ ပြောလိုက်သည်။ "ကျွန်တော် မြေကမ္ဘာအဆင့်က ပါရမီရှင်တွေကို သွားပြီးတော့ စိန်ခေါ်တော့မယ်။"
ကျွင်းချောင်ရှောင်း သဘောတူညီလိုက်သည်။ သို့ပေမဲ့ သူသည် သတိပေးလိုက်သည်။ "မျက်နှာဖုံးစွပ် အမှောင်ဂိုဏ်းဆိုတာကိုလည်း သတိထားအုံး"
"ကောင်းပါပြီ"
ရီရှင်းချန်သည် စိတ်မပူလှပေ။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် တစ်စုံတစ်ယောက်၏ အော်ရာများကို ဖုံးကွယ်ထားနိုင်သည့် ထိုက်ရွှမ် ကျမ်းရှိနေသည်။ သူ ပုန်းနိုင်သည်ဆိုပါက သိုင်းနယ်မြေ ကျင့်ကြံသူတွေ အနေ နှင့် သူ့အားရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ရှောင်ကျီမှာတော့ သူ၏ ဂျူနီယာညီလေးနှင့် လိုက်ပါ မသွားတော့ချေ။ အဲ့အစား ဂိုဏ်းထဲတွင်သာ လေ့ကျင့်လျက်ရှိသည်။
တစ်ခြားသော တပည့်များသည်လည်း ထုံးစံအတိုင်း ကျင့်ကြံလျက်ရှိနေကြသည်။ ၎င်းတို့သည် ပိုမိုမြင့်မားသည့် အဆင့်တစ်ခု ရောက်ရှိရန် အပတ်တကုတ် ကြိုးစားနေကြတော့၏။
…….....
နောက်တစ်ရက်မှာတော့ မူချန်းဟုန်သည် လာရောက်လည်ပတ်ရုံသာမက စိတ်ဝိညာဉ်ကျောက်တုံး များလည်း ယူဆောင်လာခဲ့၏။
ပြိုင်စံရှား ဂိုဏ်းသည် လိုင်လီနတ်ဂိုဏ်းအား အနိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ အဆုံးသတ်မှာတော့ အနိုင်ယူခဲ့သည်သာ မက အရှေ့ဘက်လွင်ပြင်ရှိ များပြားလှသော ဂိုဏ်းများကိုလည်း အနိုင်ယူခဲ့သေး၏။ ထို့ကြောင့် အရှေ့တောင်ရန်ကျုးသည် ဂုဏ်သိက္ခာတရားဖြင့် ကြီးမားလာခဲ့သည်။ ထို့ကြောင့် သူသည် လက်ကြီးဗလာဖြင့် လာခဲ့ခြင်း မဟုတ်ခဲ့ပေ။
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် ကျောက်တုံးများအား သိမ်းဆည်းပြီးသည့်နောက်မှာတော့ အသာ ပြောလိုက်သည်။ "ကျုပ်တို့က မိသားစုတွေပဲလေ။ဘာလို့ လက်ဆောင်တွေ ယူလာရတာလဲ"
"မိသားစုတွေ ဟုတ်လား"
မူချန်းဟုန်၏ မျက်နှာပေါ်မှ အပြုံးသည် ပိုမို၍ တောက်ပလာခဲ့သည်။
ကျွင်းချောင်ရှောင်း၏ စကားအဓိပ္ပာယ်ကို သူသည် နားလည်မှု လွှဲမှား သွားခဲ့ပြီဖြစ်၏။
"ဂိုဏ်းချုပ်ကျွင်း"
သူသည် ပြုံးကာ ပြောလိုက်သည်။ "လိုင်လီနတ်ဂိုဏ်းကို အနိုင်ယူပြီးတဲ့ နောက်မှာ ခင်ဗျားတို့ ဂိုဏ်းရဲ့ နာမည်က ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့နေပြီလေ"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
"ကျုပ်ရဲ့ မူရင်းရည်ရွယ်ချက်က တပည့်ရှောင်ကျီကို ခေါ်ပြီး တရားမျှတမှု သွားရှာတာလေ။ကျန်တဲ့ကိစ္စတွေကို သိပ်ပြီး မစဉ်းစားချင်ပါဘူး"
မူချန်းဟုန်က ပြောလိုက်၏။ "ဒီလိုအချိန်မှာ ကျန်တဲ့ အရာတွေကို ဂရုမစိုက်တာ ကောင်းတာပေါ့။ဒါပေမဲ့ ဂိုဏ်းချုပ်ကျွင်း အနေနဲ့ သိုသို သိပ်သိပ် နေသင့်တယ်လေ။"
"ဟုတ်တယ်"
ကျွင်းချောင်ရှောင်းလည်း သဘောတူညီသည်။
လက်ရှိ သူ လုပ်ခဲ့သမျှ အားလုံးသည် ဟိုးလေးတစ်ကြော်ကြော် ဖြစ်သွားခဲ့သည်သာ ဖြစ်ပြီး သူ့အနေနှင့် အထူးတာဝန်များသာ မရှိပါက သိုသို သိပ်သိပ် နေထိုင်ရန် ရွေးချယ်ပေလိမ့်မည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူ၏ တပည့်များ အနိုင်ကျင့်ခံရချိန်မှလွဲ၍ ကျွင်းချောင်ရှောင်းသည် ကြီးကြီး ကျယ်ကျယ် မနေချင်သလို၊ ကြီးကြီးကျယ်ကျယ်လည်း မလုပ်ချင်ပေ။ ဂိုဏ်းထဲတွင်သာ ငြိမ်ငြိမ်သက်သက်နေ၍ ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှုကိုသာ လုပ်ချင်သည်။
ဆိုးဝါးသည်မှာ တစ်ချို့သော တာဝန်များသည် သူ့အား ကြီးကျယ်အောင် ပြုလုပ်ရန် ဖန်တီးပေးနေ၏။
ဥပမာအားဖြင့် အထူးတာဝန်များ ဆိုလျှင် တစ်ခြားသော သူများ သိရှိသွားလောက်သည်အထိ ပြုလုပ်ရမည့် တာဝန်များ ဖြစ်လို့နေသည်။
သို့ပေမဲ့ ထိုသို့သော တာဝန်များ၏ အောင်မြင်ပြီးသည့်နောက် ရရှိခဲ့သည့် ဆုလာဘ်များ နှင့် အဆင့်တက်မှု နှုန်းသည် အလွန်တရာ မြင့်မားနေသည်။ ထိုက်တန်သည်ဟု ဆိုရမည်။
"ဒါက ငါ့အပြစ်လား" စနစ်က ဝင်ပြောလိုက်သည်။
"ဟုတ်တာပေါ့"
မူချန်းဟုန်က ပြောလိုက်သည်။ "ပြိုင်စံရှား ဂိုဏ်းအနေနဲ့ နှစ်ဝက်အတွင်းမှာ ကျင်းပမယ့် နဂါးကျား တိုက်ပွဲမှာလည်း ပိုပြီးကောင်းတဲ့ ရလာဒ်တွေ ရနိုင်မယ်ဆိုရင် ကျုပ်က နောက်ထပ် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သိန်းကို အိတ်ထဲကနေစိုက်ပြီးတော့ ဆုချမယ်။"
"စိတ်ဝိညာဉ် ကျောက်တုံး နှစ်သိန်းဟုတ်လား"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွား၏။ သူ၏ ပြုံးကာ ပြောလိုက်သည်။ "မြို့တော်ဝန်မူ စိတ်ချပါ။ ပြိုင်စံရှား ဂိုဏ်းက ဝင်ရောက်နိုင်ပြီဆိုကတည်း ဗိုလ်ဆွဲဖို့ အတွက်ကို ရည်မှန်းချက်ထား ထားတယ်လေ။"
ကြည့် ….. သူ အဘယ့်သို့ သိုသိုသိပ်သိပ် နေထိုင်ရမည်နည်း။
…….....
မူချန်းဟုန်သည် သူ၏ သမီး နှင့် ခဏလောက် တွေ့ဆုံ စကား ပြောပြီးသည့်နောက်မှာတော့ ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။
ပြီးနောက် ချူမိသားစုခေါင်းဆောင် ၊ ဟုန့်မိသားစုခေါင်းဆောင်နှင့် တခြားသော မိသားစု ခေါင်းဆောင်တို့သည် ရောက်ရှိလာခဲ့ကြပြီး လက်ဆောင်များ ပေးအပ်ကာ ကျေးဇူးတင် စကားဆိုကြ၏။
ပြိုင်စံရှား ဂိုဏ်းသည် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့ကြပြီး ဖြစ်ပြီး ၎င်းတို့၏ ကလေးများသည်လည်း ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသားများ ဖြစ်ကြသည်။ ထို့ကြောင့် အလွန်တရာ ဂုဏ်ယူမိနေကြသည်။
"သား"
မထွက်သွားခင်မှာတော့ ချူမိသားစု ခေါင်းဆောင်သည် ချူရှိုးနမ်အား အသာပုတ်ကာ အဓိပ္ပာယ်ပါသည့် လေသံဖြင့် ပြောလိုက်သည်။ "ပြိုင်စံရှား ဂိုဏ်းထဲမှာ ကောင်းကောင်း လေ့ကျင့်။မင်းရဲ့ အဖေနဲ့ ဂိုဏ်းချုပ်ကျွင်းကို အရှက် မရစေနဲ့"
"ကောင်းပါပြီ"
ချူရှိးနမ်သည် တည်ကြည်စွာဖြင့် ပြန်ပြောလိုက်သည်။
အစတုန်းက သူသည် ပြိုင်စံရှား ဂိုဏ်းသိုဝင်ရောက်ပြီးသည့်နောက် သေချင်စိတ်ဖြစ်မိသည်အထိ ဝမ်းနည်းမိခဲ့သည်။ လက်ရှိ အခြေအနေမှာတော့ သူသည် ဂိုဏ်းသား အဖြစ် မိမိကိုယ်ကို သတ်မှတ်ခဲ့ပြီးဖြစ်၏။
တစ်ခြားသူများသည်လည်း တူတူပင် ဖြစ်သည်။ ၎င်းတို့သည် ပြိုင်စံရှား ဂိုဏ်းကိုပင် ချစ်မြတ်နိုးနေကြပြီးဖြစ်သည်။
ကျွင်းချောင်ရှောင်း ဖန်တီးထားသော ဂိုဏ်းသည် အလွန်တရာ ဆန်းကြယ် လှသော ဂိုဏ်းတစ်ခု ဖြစ်သည်။
ဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင် ဂိုဏ်းနှင့် တစ်သားတည်း ဖြစ်သွားသည် အထိ ပျော်ရွင်မှုကို ရရှိစေသည်။
ဥပမာအားဖြင့် အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးကိုပင် လက်ညိုးထိုးပြရပေလိမ့်မည်။ သူသည် အစေခံတစ်ယောက်အဖြစ် ကြမ်းပြင်များအား တစ်မြက်စည်း လှည်းခြင်းများကို ပြုလုပ်ရသည်ဆိုသော်လည်း အလွန်တရာ စိတ်အား ထက်သန်စွာနှင့် လေ့ကျင့်နေကြသော တပည့်များကို မြင်ပြီးသည့်နောက်မှာတော့ သူ၏ စိတ်ပိုင်းဆိုင်ရာသည် နည်းနည်းချင်းစီ ပြောင်းလဲလာခဲ့၏။
"ဟုတ်ပြီ"
အဓိက မိသားစုခေါင်းဆောင်များ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မြန်မြန် လေ့ကျင့်ကြတော့။ပြီးတော့ မကြာခင်မှာ ကျင်းပတော့မဲ့ နဂါးကြား ပြိုင်ပွဲအတွက် ပြင်ဆင်ရအောင်"
မြို့တော်ဝန်မူသည် ပြိုင်စံရှား ဂိုဏ်းကို အလွန်တန်ဖိုးထားခဲ့သည်။ ထို့ကြောင့် သူတို့ အနေနှင့် တစ်ဖက်လူ၏ စိတ်ခံစားချက်များကို ထိခိုက်စေ၍ မဖြစ်နိုင်တော့ပေ။
စနစ်သည် ဝင်ရောက်ကာ ခနဲ့ လိုက်၏ "ဒါက စိတ်ဝိညာဉ် ကျောက်တုံး နှစ်သိန်းအတွက် မဟုတ်လား..."
………..
လဝက်ခန့် ကြာမြင့် ပြီးသည့်နောက်မှာတော့ နောက်ဆုံးရရှိထားသော အထူး ဂိုဏ်းများ၏ စာရင်း သည် ထွက်ပေါ်လာခဲ့ပြီး ဖြစ်သည်။
သေမျိုးစာရင်း၏ ထိပ်ဆုံးနေရာတွင် ရှိနေသော ရီရှင်းချန်သည် မြေကမ္ဘာအဆင့်၏ လေးဆယ့်ကိုးယောက်မြောက် နေရာဆီသို့ ရောက်ရှိသွား၏။
"ဂျူနီယာညီလေးရီ က တကယ့်ကို အံ့အား သင့်စရာပဲ။ သူက ကောင်းကင် အဆင့် ပါရမီရှင်တွေကိုတောင် ဆက်ပြီးတော့ စိန်ခေါ်လိုက်နိုင်တယ်"
စုရှောင်မို ၊ လီဖေးနှင့် တစ်ခြားသူများ အားလုံးသည်လည်း တိုက်ခိုက်ချင်သော စိတ်ကြောင့် လက်များ ယားလျက်ရှိ၏။
သို့ပေမဲ့ နဂါးကျား တိုက်ပွဲသည် မကြာခင် စတင်တော့မည် ဖြစ်သည်မို့ သူတို့ သည် ထိုအကြံအစည်အား လက်လွှတ်ထားရသည်။
"ဂိုဏ်းချုပ်"
လီလိုရှုသည် မြန်မြန်ဆန်ဆန်ပဲ လျှောက်ဝင်လာကာ ပြောလိုက်၏။ "အထူး လက်ရွေးစင်ဂိုဏ်းတွေရဲ့စာရင်းက ထွက်ပေါ်လာခဲ့ပြီ။ ကျွန်မတို့ ပြိုင်စံရှားဂိုဏ်း က တစ်ရာအမြောက်မှာ ရှိတယ်။”
“အားလုံး စုစုပေါင်း ဘယ်နှစ်ဂိုဏ်းရှိတာလဲ"
"တစ်ရာပါ"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ "ဒီတော့ ကျုပ်တို့ ပြိုင်စံရှား ဂိုဏ်းက နောက်ဆုံး ဘိတ်ချေးလို့ ပြောချင်တာလား။"
"ဒါကတင် တော်တော်ကို ဟုတ်နေပြီလေ"
လီလိုရှုက ပြောလိုက်၏။ “စာရင်းထဲ ပါနိုင်တဲ့ ဂိုဏ်းတွေက အနည်းဆုံး တတိယအဆင့် ဂိုဏ်းတွေချည်းပဲ။ဒါပေမဲ့ ကျွန်မတို့ ပြိုင်စံရှားဂိုဏ်းတစ်ခုက အဆင့်ငါးဂိုဏ်းတစ်ခု ဖြစ်တယ်ဆိုပေမဲ့ ထိပ်ဆုံး တစ်ရာ အဆင့်ကို ဝင်နေပြီလေ။ ဒါက ပထမဦးဆုံး မှတ်တမ်းပဲ"
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ "ဒီလိုဆိုတော့လည်း မဆိုးဘူး ပြောရမှာပေါ့"