ချောင်းမြောင်းတိုက်ခိုက်ခြင်း
Vol. 014 Ch. 1319
အင်ပါယာရှားတွင် သားသမီးခုနစ်ယောက် ရှိပြီး မင်းသားငါးပါးနှင့် မင်းသမီးနှစ်ပါး ဖြစ်သည်။
ယောင်းချီ တော်ဝင်နန်းတော်သို့ ဝင်မလာခင်တွင် ရှားရှင်းယွန်က တစ်ပါးတည်းသော မင်းသမီးဖြစ်ပြီး သူမက အငယ်ဆုံး ဖြစ်သည်။
အစ်ကိုတော်များသည်လည်း သူတို့၏ ညီမငယ်လေးနှင့် ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့ကြသည်။ သူတို့ ငယ်စဉ်ကတည်းက အစ်ကိုတော်များသည် ရှားရှင်းယွန်ကို ချစ်ခင်မြတ်နိုးကြပြီး အထူးသဖြင့် အစ်ကိုအကြီးဆုံးက သူမကို အချစ်ဆုံး ဖြစ်သည်။
ရှားရှင်းယွန်သည် ချစ်ခင်မြတ်နိုး ခံရခြင်းတို့ဖြင့် ကြီးပြင်းလာခြင်း ဖြစ်၏။ မင်းသားများက အချင်းချင်း ဆက်ဆံရေးက မပြေပြစ်ကြလျှင်ပင် ရှားရှင်းယွန်သည် သူတို့၏ တိုက်ခိုက်မှုကြားထဲ၌ မည်သည့်အခါမှ မပါဝင်ခဲ့ပေ။
ရီဖူရှင်းက ရှားခွန်းနှင့် အရင်းနှီးဆုံး မင်းသားကို မေးသည့်အခါ၌ သူမ ပြန်ဖြေရမည်မှာ အကြီးဆုံးမင်းသား ရှားရုန်ဟု ဖြစ်သည်။
ရှားရုန်သည် တော်ဝင်နန်းတော်၌ မရှိသော်လည်း ရှားခွန်းသည်တော့ နန်းတော်တွင် နေထိုင်ပေသည်။
ညီအစ်ကိုနှစ်ယောက်သည် စိတ်တူကိုယ်တူများ ဖြစ်ကြပြီး သူတို့သည် ကျင့်ကြံခြင်းတွင် အလွန် ထူးချွန်ပြီး စစ်ပွဲဆာလောင်သူများ ဖြစ်ကြသည်။
ထိုညီအစ်ကို နှစ်ယောက်သည် ရီဖူရှင်း၏ အသက်ကို အန္တရာယ်တွင်းထဲ ကျစေခဲ့ပြီး သူ့ကို သေလုနီးပါး ဖြစ်စေခဲ့၏။
ထို့အပြင် သူတို့သည် အင်ပါယာလီဘုံ၏ လက်များကို ငှားကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်၌ သူမ၏ ခံစားချက်များက မည်မျှ ရှုပ်ထွေးနေမည်ကို ခန့်မှန်းနိုင်ပေသည်။
ဤအချိန်အတွင်း၌ သူမသည် သူမ၏ အစ်ကိုကြီး လုပ်ခဲ့သည့် ကိစ္စများအပေါ် ဒေါသထွက်ပြီး လျစ်လျူရှုခဲ့သည်။ သူမသည် သူ့ကို ခွင့်လွှတ်ပေးနိုင်စွမ်း မရှိခဲ့ပေ။
သို့သော် ရီဖူရှင်းက သူမ၏ အစ်ကိုဆီမှ ရန်ကြွေးကို ပြန်လည်ရယူရန် ရည်ရွယ်ခဲ့လျှင် သူမ ထိုအဖြစ်ကို မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။
သူမ၏ အစ်ကိုနှစ်ယောက်က ရီဖူရှင်းအပေါ်တွင် ရက်စက်ခဲ့ကြသည်။ ထိုအပြုအမူများက သူ့ကို တိုက်ရိုက် မသက်ရောက်စေ ခဲ့သော်လည်း သူ့ဘေးနားမှ လူများက ထိုအကျိုးဆက်ကြောင့် ထိခိုက်ခံစားခဲ့ရသည်။ လုံလင်အာနှင့် တာလီနန်းတွင်း အကြံပေးသည် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ကြ၏။
သူမနှင့် သူမ၏ အစ်ကိုသည် မည်သို့ပင်ဖြစ်စေ သွေးသားဆက်နွယ်မှု ရှိသော်လည်း ရီဖူရှင်းက ထိုသို့ မဟုတ်ပေ။
သူ့ကို နှစ်ပေါင်းများစွာ စောင့်ကြည့်ပြီးသည့်နောက် သူက သူနှင့် ရင်းနှီးသည့် သူများကို ထိခိုက်စေသည့် ရန်သူများအား မည်သို့ ဆက်ဆံတတ်သည်ကို သူမ ကောင်းကောင်း သိရှိပေသည်။
“ဒီအကြောင်းကို နောက်မှ ပြောကြရအောင် မင်းသမီး”
ဤကိစ္စက ရှားရှင်းယွန်အတွက် ခက်ခဲသော အခိုက်အတန့် ဖြစ်လိမ့်မည်ကို ရီဖူရှင်း နားလည်သည်။ လူတိုင်းတွင် သူတို့၏ ခံစားချက် အမျိုးမျိုးအတွက် ကိုယ်ပိုင်ရပ်တည်ချက် ရှိကြမည် ဖြစ်သည်။ ကမ္ဘာကြီးသည် သူ့ကို ဗဟိုပြု၍ လည်ပတ်နေခြင်း မဟုတ်ပေ။
အခြားသော မင်းသားများက သူ့ကို ဂရုစိုက်ခြင်းမရှိပေ။ သူတို့၏ ရှုထောင့်အရဆိုလျှင် သူတို့ ရည်မှန်းချက်များ ပြည့်ဝဖို့ရာ သူ့ကို စတေးခြင်းက ပုံမှန်သာ ဖြစ်သည်။
သို့သော် ထိုအရာအားလုံးကို အချိန်စောင့်ဆိုင်း၍ ဖြေရှင်းနိုင်ပေသည်။ အခုချိန်၌ အရေးကြီးဆုံး ကိစ္စမှာ အင်ပါယာလီဘုံနှင့် စစ်ပွဲဖြစ်ပြီး နန်းတွင်းအကြံပေးကို ကယ်တင်နိုင်ရန် ဖြစ်သည်။ ထိုကိစ္စမှလွဲလျှင် အခြားအရာများမှာ စောင့်၍ ရပေသည်။
***
အင်ပါယာရှားဘုံမှ တန်ခိုးရှင်များသည် တာလီပြည်ထောင်၏ အနောက်ဘက်ဒေသမှ ဝင်ရောက်လာကြသည်။ သူတို့ တာလီသို့ ဝင်ရောက်ပြီးသည်နှင့် ကျန်လူများနှင့် သေချာသည့် အကွာအဝေးကို ထိန်းသိမ်း၍ စစ်တပ်ကို လူဖြန့်လိုက်သည်။ စစ်တပ်တစ်ခုစီကို ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက်က ဦးဆောင်သည်။
ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ကြိုတင်မသိရှိနိုင်သည့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက်က အမြဲ ရှိနေပေးလိမ့်မည် ဖြစ်ကာ နယ်စပ်ကို ဖြတ်ကျော်ရာ၌ အမြန်ဆုံးနှုန်းဖြင့် အခက်အခဲမရှိစေရန် ကူညီထောက်ပံ့ ပေးနိုင်မည် ဖြစ်သည်။
ထိပ်တန်း အင်အားစုများသည် သိသာစွာ အရေးသာနေလျှင်ပင် သူတို့သည် ရန်သူ့နယ်မြေအတွင်းသို့ ဝင်ရောက်ကြရခြင်း ဖြစ်သည်။
တာလီပြည်ထောင်သည် နယ်မြေအားသာချက်ရှိပြီး သူတို့၏ စစ်တပ်များသည် နယ်မြေအတွင်းပိုင်းသို့ ဝင်ရောက်လာလေ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ကြုံတွေ့ရနိုင်ချေ မြင့်မားလေ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူတို့သည် အစီအစဉ်မရှိဘဲ တိုက်ရိုက်စီးနင်း၍ ရနိုင်မည်မဟုတ်ပေ။ သူတို့သည် တပ်ကြောင်းဖြန့်ကာ အရှိန်နှုန်းတူညီစွာဖြင့် သွား၍ အရာအားလုံးကို အသေအချာ လုပ်ဆောင်ကြရပေမည်။
မိစ္ဆာသားရဲများသည် မည်သည်တို့ ဖြစ်ပျက်နေသည်အား ခံစားနိုင်စွမ်းရှိ၍ အဆင်ပြေလေသည်။ သတင်း အချက်အလက်များကို အမြဲမပြတ် ရရှိနိုင်ပြီး ထိထိရောက်ရောက် ရှိလှ၏။ ထိုသည်က မည်သည့်အတွက်ကြောင့် ထိုသို့ဗျူဟာကို အရင်ဆုံး ဖော်ထုတ်ရသလဲ ဆိုသည်ပင် ဖြစ်၏။
သူတို့သည် ကြီးမားသည့် အင်အားစုကို စေလွှတ်ခဲ့သော်လည်း မည်သည့်ဗျူဟာမှ မရှိဘဲ လုပ်ဆောင်နေသည်ဆိုလျှင် ရယ်ရွှင်ဖွယ်ပင် ဖြစ်လိမ့်တော့မည် ဖြစ်၏။
စစ်ကြောင်းတိုင်းတွင် တာလီပြည်ထောင်၏ အသေးစိတ် မြေပုံရှိသည်။ သူတို့အားလုံးတွင် ပေးအပ်ထားသည့် တာဝန်များရှိပြီး တစ်ချိန်တည်းတွင် လှုပ်ရှားနေကြသည်။
ဓားသမားအဖွဲ့သည် သူတို့၏ ဓားများကို စီးနင်းကာ အနောက်ဘက်ဒေသသို့ ဦးတည်နေကြသည်။ သူတို့၏ အရှိန်အဝါများသည် အလွန် သန်မာလှ၏။ သူတို့ကို ဦးဆောင်လာသူမှာ လီဟန်ဓားသမားနှင့် ရာရာပင် ဖြစ်သည်။ သူတို့သည် လီဟန်ဓားကလန်မှ တန်ခိုးရှင်များကို ခေါ်ဆောင်လာပြီး ရန်သူ့နယ်မြေ အတွင်းပိုင်းသို့ ဝင်ရောက်လာကြသည်။ သူတို့အဖွဲ့တွင် ပါဝင်သည့်သူများမှာ စစ်တပ်မှ လူများ မဟုတ်ဘဲ တပ်ကြောင်း ဖြန့်လာသည့်အထဲတွင် လူအနည်းဆုံး ဖြစ်လေသည်။
သို့ရာတွင် လီဟန်ဓားသမားနှင့် ရာရာသည် အရေအတွက် များပြားလှသည့် စစ်တပ်ကြီးနှင့် ရင်ဆိုင်ရန် လုံလောက်သည်ထက် ပိုလေသည်။
“တောက်လီတောင်ကို ရောက်တော့မယ်”
လီဟန်ဓားသမားက ပြောလိုက်သည်။ အားလုံး၏ မျက်နှာများတွင် ပို၍ လေးနက်သော အမူအရာများ ဖြစ်တည်လာသည်။ သူတို့ အားလုံးထံမှ ဓားစွမ်းအားများ ထွက်ပေါ်နေပြီး သူတို့သည် သတိအပြည့်နှင့် ရှိနေကြ၏။
တောက်လီတောင်သည် တာလီပြည်ထောင်၏ အနောက်ဘက်စစ်တပ် အခြေစိုက်စခန်း ဖြစ်သည်။ ထိုနေရာတွင် တစ်ချိန်က တာလီပြည်ထောင်၏ ဒုတိယ အကြီးမားဆုံး သန့်စင်သော ကျင့်ကြံခြင်းနယ်မြေ ဖြစ်ခဲ့သည်။
ဘုရင်ထန်တောက်သည် ထိုနေရာ၌ တာဝန်ထမ်းဆောင် နေပေသည်။
သို့သော် သူသည် ရှေ့တန်း၌ ထန်စစ်တပ်နှင့် ရင်ဆိုင်ရင်း အချိန်ကုန်နေတတ်ကာ တောက်လီတောင်၌ အမြဲလိုလို မရှိတတ်ပေ။
ကောင်းကင်ရှိ တိမ်တိုက်များမှာ ဓားစွမ်းအားများဖြင့် ဖုံးလွှမ်းခံလိုက်ရကာ လူတစ်စုသည် အရှိန်အဟုန် ပြင်းစွာဖြင့် ဆင်းသက်လာကြသည်။
လူအများသည် အထက်မှ လာနေသည့် ကြောက်မက်ဖွယ် ဓားစွမ်းအားများကို ခံစားမိလိုက်၍ မော့ကြည့်လိုက်ကြသည်။ သူတို့ အားလုံးသည် အလွန် တုန်လှုပ်သွား ကြလေသည်။
ရာရာက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ လေထုထဲ၌ ကြီးမားသည့် ဓားဝင်္ကပါတစ်ခု ထွက်ပေါ်လာစေသည်။ သူမသည် လက်သဏ္ဌာန်များ လှုပ်ရှားလိုက်ကာ ဓားဝင်္ကပါက အသက်ဝင်လာ၍ သူတို့၏ ရှေ့မှ ခမ်းနားထည်ဝါသည့် ခန်းမဆီသို့ ပြေးဝင်သွားသည်။
ဓားဝင်္ကပါ၏ စွမ်းအားမှာ ပြင်းထန်ခြင်းမရှိပေ။ ထိုတိုက်ခိုက်မှုသည် ရှာဖွေရန်သာ ဖြစ်၏။
သူတို့ ခံစားမိသလောက်ဆိုလျှင် တောက်လီတောင်၌ မည်သူမှ ရှိနေသည်ပုံမပေါ်ပေ။
ဘုန်း ... ဘုန်း ... ဘုန်း…
တောက်လီတောင်ပေါ်သို့ ဓားမိုးရွာသွန်းလာပြီး နန်းတော်နှင့် ခန်းမဆောင်များမှာ တစ်မုဟုတ်ချင်း ပျက်စီးသွားခဲ့သော်လည်း မည်သူမှ ထွက်မလာခဲ့ပေ။
ထိုနေရာသည် အနောက်ဘက် စစ်တပ်၏ အခြေစိုက်စခန်း ဖြစ်သည်။ သို့သော်လည်း ဤမျှ ကြီးမားကျယ်ပြန့်သည့် နေရာ၌ မည်သူမှ ရှိနေသည့်ပုံမပေါ်ပေ။
“ဘယ်သူမှမရှိဘူး”
လီဟန်ဓားသမားသည် လျှပ်စီး အလင်းတန်းကဲ့သို့ ပြောင်းလဲသွားကာ တောက်လီတောင်ပေါ်သို့ ဆင်းလာခဲ့၏။
မြင့်မားပြီး ခမ်းနားသည့် အဆောက်အဦများ ကျန်ရှိနေသော်လည်း ထိုနေရာ၌ အမှန်တကယ်ပင် မည်သူမှ ရှိမနေပေ။
လူတိုင်းသာ ထွက်ခွာသွားကြသည် မဟုတ်ဘဲ သူတို့သည် ကျင့်ကြံရေး အရင်းအမြစ်များကိုပါ တပါတည်း ယူဆောင်သွားကြခြင်း ဖြစ်သည်။
ဘုရင်ထန်တောက်က တကယ့်ကို နှလုံးသားမရှိသူ ဖြစ်သည်။ သူက သူ၏ အခြေစိုက်စခန်းကိုပင် ထိုပုံစံအတိုင်း ပစ်ထားခဲ့လေသည်။
သို့သော်လည်း သူတို့သည် အင်ပါယာရှားဘုံမှ အင်အားစုများ တာလီကို ဝင်ရောက် တိုက်ခိုက်မည်အား သိနေလျှင် တာလီတောင်က ပထမဆုံး တိုက်ခိုက်ခံရမည်ကို သေချာပေါက် သိရှိနေမည် ဖြစ်၏။ ဘုရင်ထန်တောက်က အခြေစိုက်စခန်းကို စွန့်ပစ်၍ မြို့အလွတ်သာ ချန်ထားခဲ့ခြင်းမှာ အားလုံးအမြစ်ဖြတ် သုတ်သင်ခံရမည့် အရေးမှ ရှောင်ရှားရန် ဖြစ်ပေသည်။
လက်ကို ဖြတ်ချ၍ အသက်ကို ကယ်ခြင်းမှာ ဉာဏ်ရှိသည့် လှုပ်ရှားမှုပင် ဖြစ်သည်။
သို့သော် တောက်လီတောင်မှ တန်ခိုးရှင်များက မည်သည့်နေရာသို့ ရွှေ့ပြောင်းသွားကြသနည်း။
နန်းမြို့တော်ကိုလား။
တောက်လီတောင်အောက်တွင် လူစုခွဲ၍ ပြောက်ကြား လှုပ်ရှားသည်မှာ ဖြစ်နိုင်သကဲ့သို့ လူမြင်ကွင်း၌ ပုန်းအောင်းနေသည်လည်း ဖြစ်နိုင်သည်။
“ငါတို့ အခု ရှေ့ဆက်သွားဖို့ ခဏရပ်ထားမယ်။ တခြားစစ်တပ်ကို သတင်းပို့လိုက်”
လီဟန်ဓားသမားက သူ့ဘေးမှ ပျံသန်းနေသည့် ရီဖူရှင်း၏ သစ္စာခံ မိစ္ဆာသားရဲကို ပြောလိုက်သည်။ မိစ္ဆာသားရဲသည် အမိန့်ရပြီးနောက် ရီဖူရှင်းထံသို့ သတင်းပို့လိုက်သည်။
အင်ပါယာရှားဘုံမှ ရီဖူရှင်းသည် ထိုသတင်းကို ကြားလိုက်ရသည့်အခါ မမျှော်လင့်ထားသလို ခံစားလိုက်ရသော်လည်း သူသည် အံ့သြမသွားခဲ့ပေ။ ထိုသည်က သုံးသပ်ချက် အတွင်း၌သာ ရှိနေသေးသည်။
သူသည် တာလီသို့ ဝင်ရောက်သွားသည့် စစ်တပ်များ အားလုံးကို ထိုသတင်းပို့ချက် ဖြန့်ဝေလိုက်ပြီးနောက် မြေပုံကို ထုတ်ကာ အခြားအမိန့်တစ်ခု ထပ်ပေးလိုက်သည်။
သူ၏ ကိုယ်ပိုင်တာဝန်အပြင် နောက်ကွယ်၌ နေရစ်ခဲ့ရသည့် အခြားသော အကြောင်းပြချက်မှာ သူက စစ်ဆင်ရေး တစ်ခုလုံး၏ ဦးဆောင်သူ ဖြစ်သောကြောင့် ဖြစ်သည်။
သူသည် မိစ္ဆာသားရဲများကို ထိန်းချုပ်နိုင်ပြီး သူသာလျှင် စစ်တပ်များ အားလုံးတွင် မည်သည်တို့ ဖြစ်ပျက်နေသလဲ မြင်နိုင်စွမ်း ရှိပေသည်။
သူသည် စစ်တပ်များအားလုံး၏ တည်နေရာကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပြီး သူတို့ မည်သည့်အရာများကို ရင်ဆိုင်ကြုံတွေ့ နေရသည်ကိုလည်း သိရှိနိုင်ပေသည်။
လီဟန်ဓားသမား ဦးဆောင်သွားခဲ့သည့် တန်ခိုးရှင်များမှာ တောက်လီတောင်၌သာ ရှိနေသေးသည်။ ထို့နောက်တွင် ထိုမိစ္ဆာသားရဲက လူစကားပြောလိုက်၏။
“စီနီယာ ဓားသမား၊ ဒီက ထွက်ခွာပါတော့။ အခု ခင်ဗျားတို့က တာလီနယ်မြေ အတွင်းပိုင်းကို အတော်လေး ရောက်နေခဲ့ပြီ။ ရန်သူတွေက ပုန်းကွယ်ပြီး နေရာအနှံ့က စောင့်ကြည့်နေ လိမ့်မယ်။ ခြုံခိုတိုက်ခိုက်နိုင်တဲ့ အခြေအနေက အရမ်းမြင့်နေတယ်”
“ကောင်းပြီ”
လီဟန်ဓားသမားက ခေါင်းညိတ်လိုက်သည်။
“သွားကြစို့”
ထို့နောက် သူတို့ လူစုသည် ဓားများကို စီးနင်းကာ အတွင်းပိုင်းသို့ ဦးတည်လိုက်ကြသည်။
နာရီအနည်းငယ် ကြာပြီးနောက်တွင် လီဟန်ဓားသမားက သူ့လက်ကို မြှောက်လိုက်သည်။ သူ၏ ဓားက ရွေ့လျားနေရာမှ ရပ်တန့်သွားပြီး လူတိုင်းသည်လည်း သူ့နောက်မှ လိုက်ကာ ရပ်တန့်သွားသည်။
ကြီးမားသည့် ကျောက်တိုင်ကြီးများကို အောက်မှာ တွေ့ရှိရပြီး လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါများက နေရာတစ်ခုလုံးကို ပျံ့နှံ့နေသည်။
“ဝင်္ကပါ အစီအရင်တွေလား”
ရာရာက ပြောလိုက်သည်။
“အရှိန်အဝါကို ဖုံးကွယ်ဖို့အတွက် လုပ်ထားတဲ့ ထင်ယောင်ထင်မှား ဝင်္ကပါဖြစ်နိုင်တယ်”
ဘုန်း…
လီဟန်ဓားသမားက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး မရေတွက်နိုင်သည့် ဓားအလင်းတန်းများက လေထုထဲသို့ ဖြတ်သန်းသွားကာ ကျောက်တိုင်များအထက်မှ ကျဆင်းလာသည်။ ထိုအခိုက်တွင် ဆူညံသံများ စတင်ဖြစ်ပေါ်လာသည်။ ဖျက်ဆီးခြင်း စွမ်းအင်များကို ခံစားလိုက်ရပြီး ကြောက်မက်ဖွယ် နဂါးအော်သံများကို ကြားလိုက်ရသည်ဟု ထင်မှတ်ရသည်။
ကြီးမားသည့် ကျောက်တိုင်ကြီးများက ပြိုကျလာပြီး ထင်ယောင်ထင်မှား ဝင်္ကပါသည်လည်း ပြိုကျပျက်စီး လာပုံရသည်။
ကြောက်မက်ဖွယ် အရှိန်အဝါများကို ခံစားရပြီး မရေတွက်နိုင်သည့် နဂါးဝိညာဉ်များက ရုတ်ခြည်းပင် ကောင်းကင်၌ ပြည့်နှက်သွားသည်။ ထို့နောက် တစ်စုံတစ်ယောက်က လေထဲသို့ ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုနေရာမှ များပြားလှသည့် တန်ခိုးရှင်များက လေထဲသို့ တက်လာခဲ့ကြ၏။ သူတို့ အားလုံးထံမှ ထုတ်လွှတ်နေသည့် အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုကြီးမားလှသည့် တန်ခိုးရှင်အဖွဲ့မှာ ရှန့်ထိုစစ်တပ်ဖြစ်ပြီး မသိမသာ တည်ရှိနေ၍ သူတို့ကို ချောင်းမြောင်း တိုက်ခိုက်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။
ထို့အပြင် နှစ်ယောက်သည် အလွန်ပြင်းထန်သည့် ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသည်ကို ခံစားသိရှိရပေသည်။
“ဘုရင်ထန်တောက်၊ မင်းသားကြီး”
သူတို့နှစ်ယောက်ကို မြင်ပြီးနောက် မိစ္ဆာသားရဲက ပြောလိုက်သည်။ အင်ပါယာ၏ အောက်မှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်နှစ်ဦးက တစ်ချိန်တည်း ထွက်ပေါ်လာသည်။ သူတို့သည် တာလီအတွင်းရှိ အစွမ်းထက်ဆုံး ရှန့်ထိုများ ဖြစ်ကြသည်။
ထိုမျှမကသေး သူတို့ ခေါ်ဆောင်လာသည့် လူများမှာလည်း လီဟန်ဓားသမား နောက်၌ ရှိနေသော တန်ခိုးရှင်များထက် ပို၍ အစွမ်းထက်ကြပေသည်။ သိသာစွာပင် သူတို့သည် လီဟန်ဓားသမားတို့ တောက်လီတောင်၌ ရပ်တန့်လိုက်သည့် အချိန်ကပင် စစ်တပ်ကို ကောင်းကောင်း ပြင်ဆင်ထားပြီး ချောင်းမြောင်းတိုက်ခိုက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
ရန်သူ့စစ်တပ်သည် ဝင်္ကပါအတွင်း၌ နေရာယူထားကြပုံရသည်။ ထောင်ချီသော နဂါးများက ကောင်းကင်ထက်တွင် အော်မြည်နေကြသည်။
“ဝင်္ကပါထဲကို ဝင်ကြ”
လီဟန်ဓားသမားက ပြောလိုက်သည်။ ခဏချင်းအတွင်း သူ၏ ဓားအရှိန်အဝါများက ကောင်းကင်တွင် ပျံ့နှံ့သွားခဲ့ပြီး သူ့ကို လွှမ်းခြုံသွား၏။ လီဟန်ဓားကလန်မှ တန်ခိုးရှင်များသည် ဓားများကို ကိုင်ဆွဲကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
လီဟန်ဓားပညာ၏ ကြောက်မက်ဖွယ် ဓားမုန်တိုင်းက လီဟန်ဓားသမားကို ဗဟိုပြုကာ သူတို့ အနီးတွင် ရုတ်ခြည်း ပေါ်ပေါက်လာသည်။
ထိုဓားများသည် အစီအစဉ်မကျဘဲ ပြင်းထန်စွာ လှည့်ပတ်နေသည်။ ယင်းတို့သည် တစ်ချိန်တည်းမှာပင် ကြီးမားသော ဓားကွန်ယက်ကြီးအသွင် ဖြစ်ပေါ်လာကာ သူတို့ဝန်းကျင်ရှိ လေဟာနယ်ကိုပင် ဖျက်ဆီးပစ်လေသည်။
နဂါးများသည် အော်မြည်နေပြီး တိုးဝင်လာသည့်အခါ ယင်းတို့သည် ဓားကွန်ယက် အနီးရောက်လာသည်နှင့် ချက်ချင်းပင် မရေတွက်နိုင်သည့် အပိုင်းအစများအဖြစ် ဖြတ်တောက်ခံ လိုက်ရလေသည်။
ရာရာသည် သူမ၏ ဓားဝင်္ကပါကို အသက်သွင်းလိုက်ပြီး ဓားဝင်္ကပါ၏ အစီအရင်ပုံစံများက သူမ၏ အနီးတွင် ပေါ်ပေါက်လာသည်။ သူမသည် အနီးဝန်းကျင်ရှိ ဓားအရှိန်အဝါများကို သည်းသည်းမဲမဲ ဝါးမျိုနေပြီး ထိုစွမ်းအားများကို ဝင်္ကပါ အစီအရင်အတွင်း ပေါင်းစပ်နေသည်။
တစ်ချိန်တည်းမှာပင် ပြန်လည် မွေးဖွားခြင်းအဆင့် နှစ်ယောက်ဦးဆောင်သည့် စစ်တပ်က လီဟန်ဓားသမား အနီးသို့ ရောက်ရှိလာ၏။ သူတို့သည် အဖွဲ့ကို ခေါ်ဆောင်ကာ ဖြစ်နိုင်သမျှ မြန်မြန် စစ်ကူပေးရန် ဦးတည်သွားရောက် လိုက်ကြသည်။
အင်ပါယာ ရှားနန်းတော်တွင် ရှားရှင်းယွန်၊ ရန်ယွင်နှင့် အခြားလူများက ရီဖူရှင်းကို ကြည့်နေကြသည်။
“စပြီး တိုက်နေကြပြီလား”
“အင်း”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ဘုရင်ထန်တောက်နဲ့ မင်းသားကြီးက တစ်ချိန်တည်း တစ်နေရာတည်းမှာ ပေါ်လာပြီး လီဟန်ဓားသမားနဲ့ သူ့လူတွေကို ဝိုင်းထားလိုက်ဖို့ ရည်ရွယ်နေတယ်။ ဒါပေမဲ့ သူတို့က ဓားဝင်္ကပါနဲ့ ခုခံနေပြီးတော့ ရန်သူတွေကို အခွင့်အရေး မပေးဘူး”
“အဲဒီတော့ တာလီပြည်ထောင် စစ်တပ်က မြို့ထဲမှာ ချုံခိုတိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုလိုတာလား”
ရန်ယွင်က မေးလိုက်သည်။
“အဲဒီလိုဖြစ်လိမ်ပမယ်။ ကြည့်ရတာ ကျွန်တော်တို့ ထွက်ဖို့ အချိန်ကျပြီ”
ရီဖူရှင်းက ရန်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုကြီးက ဖေးရွှီနဲ့အတူ ကျွန်တော့်ဆီက သတင်းကို စောင့်နေပါ”
ရန်ယွင်နှင့် ဖေးရွှီက အလေးအနက် ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်း၊ ရှားရှင်းယွန်နှင့် အခြားလူများက တန်ခိုးရှင်အဖွဲ့ကို ဦးဆောင်ကာ နေရာ ရွှေ့ပြောင်းခြင်းဝင်္ကပါ ဆီသို့ ဦးတည်သွားခဲ့ကြသည်။
မကြာခင်တွင် ဝင်္ကပါဝင်ပေါက်ဆီမှ ကြောက်မက်ဖွယ် အလင်းများ ထွက်ပေါ်လာ၏။ ရီဖူရှင်းနှင့် အခြားလူများသည် တော်ဝင်နန်းတော်မှ ပျောက်ကွယ်သွားခဲ့သည်။
သူတို့ ဦးတည်လိုက်သည့် နေရာမှာ တာလီပြည်ထောင် နယ်မြေသို့ မဟုတ်ပေ။ သူတို့သည် ဘုံမှ ထွက်ကာ အချိန်တစ်ခုအကြာက တော်ဝင်ဘုံသုံးခု တိုက်ခိုက်ခဲ့ကြသည့် နတ္ထိဘုံသို့ ဦးတည်သွားခဲ့ကြခြင်း ဖြစ်သည်။ နတ္ထိဘုံသည် ဘုံသုံးခုကို ဆက်သွယ်ထားရာ နေရာဖြစ်သည်။
ထိုအစွမ်းထက် အရင်းအမြစ်များ ရှိနေသည့် ဘုံသည် ယခုထိတိုင် အပျက်အစီးနယ်မြေ ဖြစ်နေဆဲပင်ဖြစ်၏။
***