ကောက်ကျစ်တဲ့ လုပေချိန်
Vol. 108 Ch. 1606
ချန်ရိနှင့် သူခေါ်လာသည့် လူများအားလုံး ကြက်သေသေကာ တိတ်ဆိတ်ကုန်ကြသည်။
လင်းရီနှင့် ရှောင်ပင်းတို့ ထွက်ခွာသွားသည်ကိုသာ ဤအတိုင်း ကြည့်နေရင်း ဘာမျှ မဆိုဝံ့ကြပေ။
“ အစ်ကိုရိ … ငါတို့ အခု ဘာဆက်လုပ်ကြမလဲ …”
သူတို့ထဲက တစ်ယောက်က ချန်ရိ အနားသို့ ရောက်လာပြီး မတ်တပ်ရပ်ရန် ကူညီပေးလိုက်သည်။
“ အရင်ပြန်ကြစို့ … လီမင်နှင့် တခြား ညီကိုတွေကို ဆေးရုံ အရင်ပို့လိုက် … ပြီးရင် ငါ ဒီကိစ္စကို သေချာ ကိုင်တွယ်မယ်..”
“ နားလည်ပြီ…”
ချန်ရိအား ကိုင်တွယ် ဖြေရှင်းပြီးနောက် လင်းရီနှင့် ရှောင်ပင်းတို့ ဟိုတယ်သို့ ပြန်ကာ ဟိုတယ်ဝန်ထမ်းအား လျော်ကြေးပေးလိုက်လေသည်။
ထို့နောက် မည်သည့် သက်ရောက်မှုတို့မျှ မရှိခဲ့သည့်နှယ် ရေကူးကန် ပါတီကို ဆက်လက်ကျင်းပကြသည်။
“ အစ်ကိုရီ .. သူတို့ကို ဖြေရှင်းဖို့ တစ်ယောက်ယောက် လွှတ်လိုက်ပါလားဟင်…” ရှောင်ပင်း လင်းရီအား ကြည့်၍ ပြောလိုက်၏။
“ ငါ ရှင်းမှာ … ဒါပေမယ့် သူများရဲ့ အကူအညီကိုတော့ မလိုဘူး …”
“ တကယ်တမ်းကျ ချန်ရိရဲ့ ဦးလေးက အင်အား တော်တော်ကြီးတယ်… သူက C အဆင့်ကိုတောင် ထိတွေ့စ ပြုနေပြီ… C အဆင့် တစ်ဝက်လို့တောင် ပြောလို့ရတယ်… “ ရှောင်ပင်း ပြောပြီးနောက် ခေတ္တ အတွေးနက်သွားခဲ့ကာ “ ကျွန်မ ကြားမိတာတော့ သူ C အဆင့် ဖိုက်တာတွေနဲ့ တိုက်ခိုက်ဖူးပြီး မရှုံးခင် အချိန်အတော်ကြာအောင် ထိန်းထားနိုင်ခဲ့တယ်ဆိုပဲ … မဟုတ်ရင် သူတို့ရဲ့ ကုမ္ပဏီက ဒီလောက်ထိ နာမည်ကြီးနေမှာ မဟုတ်ဘူး …”
“ ပျာယာခတ်နေစရာ မလိုပါဘူး …” လင်းရီ ပြောလိုက်ပြီး “ သူတို့ လာပါစေ …”
“ ခေါင်းဆောင်လင်းက သိပ် အံ့ဩဖို့ ကောင်းတာပဲ …” ရှောင်ပင်း သစ်သီး ဖျော်ရည် တစ်ငုံ သောက်၍ ပြောလိုက်ပြီး “ ဒါဆိုလည်း ကျွန်မတို့ ဒီနေရာမှာပဲ စောင့်နေကြတာပေါ့ …”
လင်းရီ ခေါင်းညိမ့်လိုက်၏။
“ သူတို့ကို အာရုံစိုက်မနေနဲ့ … ဒီမှာ ကောက်ကြောင်းလှလှနဲ့ မိန်းကလေးတွေ ဒီလောက်ပေါတာကို ဘာလို့ အဲ့ဒီ ပုံဆိုးပန်းဆိုးကြီးတွေဆီ အာရုံရောက်နေမှာလဲ…”
ရှောင်ပင်း တဟားဟား ရယ်မောလိုက်မိသည်။ “ ဒါပေမယ့် ဒီကိစ္စက ကျွန်မကြောင့် ဖြစ်ရတာဆိုတော့ ခေါင်းဆောင်လင်းကို ဒုက္ခပေးရတော့မှာပဲ …”
“ သိသားပဲ … မင်းကိုက ပြဿနာဆိုတာ ….”
“ အိုက်ယား … ဘယ်လိုပဲဖြစ်ဖြစ် သူများက ရှင့်ရဲ့ အသင်းသားနော်… ရှင် ကျွန်မကို ကူညီရမယ် ဒါပဲ …” ရှောင်ပင်း ပြောလိုက်ပြီး “ အဆိုးရှိတဲ့ နေရာ အဆိုးပဲ လာတယ်… ကျွန်မကို ဒီတိုင်းလေးပဲ အခွင့်အရေး ယူလိုက် …”
“ ငါတော့ ငါကပဲ အခွင့်အရေး ယူခံနေရသလားလို့နော်…”
“ ဟွန့် … ကျွန်မတို့တွေ ဆက်ပြီး အတူပျော်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး ..”
...........
ယွီဟန်မြို့၏ အကောင်းစား ဆေးရုံတစ်ခုတွင်။
ဟိုတယ်ကနေ ထွက်လာခဲ့ပြီးနောက် သုံးဦးသားလုံး ဤနေရာသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။
သူတို့သုံးဦးလုံး၏ မိသားစုဝင်များကလည်း သူတို့ကလေးတွေ ဆေးရုံရောက်နေသည့် သတင်းရသည်နှင့်တစ်ပြိုင်နက် ဤနေရာသို့ ချက်ချင်း ရောက်လာခဲ့ကြသည်။
ချန်ရိ၏ ကုတင်ဘေးတွင် လူသုံးဦး မတ်တပ်ရပ်နေလေသည်။
တစ်ယောက်က တောင်ဝှေးနှင့်ဖြစ်ပြီး သူ၏ မုတ်ဆိတ်နှင့် ဆံပင်တို့အားလုံးက ဆွတ်ဆွတ်ဖြူနေကာ အတော်လေး အသက်ကြီးနေပြီ ဖြစ်သည်။
ကျန်နှစ်ယောက်မှာမူကား အသက် ၅၀ ဝန်းကျင်ရှိမည့် သက်လတ်ပိုင်း လူကြီးများဖြစ်ကာ အုံ့မှိုင်းနေသည့် အမူအရာတို့ဖြင့် ရှိနေကြ၏။
တောင်ဝှေးနှင့် အဘိုးကြီး၏ နာမည်က ချန်ရှန်းတုံ ဖြစ်ပြီး သူက ချန်ရိ၏ အဘိုးပင်။
ကျန် သက်လတ်ပိုင်း အမျိုးသားနှစ်ဦးက ချန်ရိ၏ ဖခင် ၊ ချန်လျန်ဟိုင် နှင့် ချန်ရိ၏ ဒုတိယ ဦးလေး ချန်လျန်ကျွင်းတို့ ဖြစ်ကြ၏။
“ ဒေါက်တာ … ကျုပ်သား အခြေအနေ ဘယ်လို ရှိလဲ…”
“ နံရိုးနှစ်ချောင်း ကျိုးသွားတယ်.. ဒါပေမယ့် အဆင်ပြေပါတယ်… သုံးလေးလလောက် နေရင် ပြန်ကောင်းလာလိမ့်မယ်…” ဒေါက်တာက ပြောလိုက်ပြီး “ ကျန်တဲ့ နှစ်ယောက်ရဲ့ ဒဏ်ရာတွေကတော့ တော်တော်လေး ပြင်းတယ်… ဒါပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး …”
ချန်ရိ၏ ဘေးကင်းလုံခြုံမှုကို အတည်ပြုပြီးသည့်နောက် ချန်မိသားစု တစ်ခုလုံး၏ ရင်ထဲက အလုံးကြီးမှာ ပြုတ်ကျသွားခဲ့တော့သည်။
“ သား … မင်းကို ရိုက်နှက်သွားတဲ့ကောင် ဘယ်လိုပုံစံ ရှိလဲဆိုတာ မင်း မှတ်မိလား …” ချန်လျန်ဟိုင်က အသံကို နိမ့်ပြီး မေး၏။
“ မှတ်မိတယ်… သူက ဟတ် ဟိုတယ်မှာ … အခု အဲ့ကို သွားရင် သူနဲ့ တွေ့ရင် တွေ့နိုင်သေးတယ်…”
“ အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားကြ…” ချန်ရှန်းတုံးက ပြောလိုက်ပြီး “ သူ့အဆင့်က မင်းတို့ထက် မြင့်တယ်… ပြီးတော့ သူက ရှောင်အိမ်ရဲ့ မိန်းကလေးနဲ့ အတူ ရှိနေတာ… သူ့လိုလူ တစ်ယောက်ရဲ့ နောက်ခံကလည်း မရိုးရှင်းလောက်ဘူး … မဆင်မခြင် ပြုမူရင် ငါတို့အတွက် အန္တရာယ် ရှိလာနိုင်တယ်…”
“ ဒါဆို ကျွန်တော်တို့က ဒီကိစ္စကို ဒီတိုင်းပဲ လွှတ်ထားလိုက်ရတော့မှာလား …” ချန်လျန်ကျွင်းက ပြောလိုက်ပြီး “ အမှန်အတိုင်း ပြောရရင် ကျိုးဟိုင်က ဘယ်မိသားစုကြီးကမှ ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှုနဲ့ မတန်ဘူး … ကျွန်တော့်တူလေးကို ရိုက်နှက်လိုက်တာက ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ …”
“ ငါတို့ သာမန် မိသားစုလေးတွေဆို ကြောက်နေစရာ မလိုဘူး … ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့ကို မမေ့လိုက်နဲ့ …”
ချန်ရှန်တုံး သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ အသွင်က အတိတ်ဖြစ်ရပ်များကို ပြန်အမှတ်ရနေသကဲ့သို့ပင်။
“ ငါ ကြားထားတာ အဲ့ဒီ ရှောင်အိမ်က မိန်းကလေးက ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်သွားခဲ့ပြီလို့ ကြားမိတယ်… ပြီးတော့ သူနဲ့အတူ ရှိနေတဲ့ ကောင်လေးကလည်း အရည်အချင်း တော်တော်ရှိတော့ ပြောမရဘူး … သူတို့က ရဲဘော်ရဲဘက်တွေ ဖြစ်ရင် ဖြစ်နေနိုင်တယ်…”
‘ကျုံးဝေ့တပ်ဖွဲ့’ ဟူသည့် စကားလုံးကို ကြားတော့ ချန်ညီကို နှစ်ယောက်လုံး ငြိမ်သက်သွားခဲ့သည်။
ဤသည်က ဟွာရှ အစိုးရပိုင် ဆန်းကြယ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သဖြင့် ချန်မိသားစုက သွား၍ မယှဉ်သာသည်က သဘာဝပင်ဖြစ်၏။
အကယ်၍ သူ့သားအား ဒဏ်ရာရစေခဲ့သည့်လူကသာ ကျုံးဝေ့တပ်ဖွဲ့က ဖြစ်နေခဲ့သည်ဆိုပါက ဤကိစ္စသည် ကိုင်တွယ်ရ လွယ်ကူတော့မည် မဟုတ်ချေ။
“ ကျွန်တော်တော့ ဒီကိစ္စ အရေးလုပ်နေစရာ လိုမယ်လို့ မထင်ဘူး …” လျန်ကျန်းကျွင်း ပြောလိုက်ပြီး “ ကျွန်တော်သွားပြီး ဒီကိစ္စကို အရင်ရှင်းလိုက်မယ်… သူက ကျုံးဝေ့တပ်ဖွဲ့ကဆိုရင်တောင် ကျွန်တော်တို့ဘက်က တာဝန်ခံမှုကို ပုတ်ချလိုက်လို့ရတယ်… ဘာလို့ဆို သူက ဘယ်ကပါဆိုတာကို တစ်ခါမှ မထုတ်ဖော်ခဲ့ဘူးလေ…”
“ ဒါက အကြံဉာဏ်ကောင်းတော့ မဟုတ်ဘူး … ကျုံးဝေ့ တပ်ဖွဲ့ကလည်း တစ်ခါတစ်လေ ဘက်လိုက်တတ်တယ်…” ချန်ရှန်းတုံး ပြောလိုက်ပြီး “ ငါ အစိုးရိမ်ဆုံးကလည်း အဲ့တာပဲ .. သူတို့ဘက်က ပေါ်ပေါ်ထင်ထင် အပြစ်မတင်ရင်တောင် ငါတို့ ချန်မိသားစုက နောက်ကွယ်မှာ ပိတ်ဆို့မှုဒဏ်တွေကို တသီကြီး ခံစားရဦးမှာ …”
“ ဒါပေမယ့် အဖေ… ကျွန်တော်တို့ ဒီလိုမျိုး ထိုင်ပြီး ကြည့်နေလို့လည်း မဖြစ်သေးဘူးလေ…”
“ မပူနဲ့ … ငါ ဖုန်းတစ်ချက် ဆက်ပြီး သူဘယ်သူ ဘယ်ဝါဆိုတာ စုံစမ်းလိုက်မယ်…”
ချန်ရှန်းတုံး သူ၏ ဖုန်းကို ထုတ်၍ လုပေချိန်ထံ ဆက်သွယ်လိုက်သည်။
ထိုစဉ် အခါတုန်းက ချန်ရှန်းတုံးသည်လည်း ကျုံးဝေ့တပ်ဖွဲ့ထဲတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လုပေချိန်နှင့် တစ်ချိန်တည်းနီးပါး ဝင်ရောက်ခဲ့လေသည်။
သို့သော် လုပေချိန်က ပါရမီပါသည်။ ထက်မြက်သည်။ ထို့ကြောင့် လျင်လျင်မြန်မြန်ပဲ ရာထူးတိုးသွားခဲ့ပြီး ချန်ရှန်းတုံးမှာတော့ နှစ်ပေါင်းများစွာ ကြာသည့်အခါမှ အသင်းခေါင်းဆောင်မျှသာ ဖြစ်နိုင်ခဲ့လေသည်။
“ ခေါင်းဆောင်ဟောင်းကြီး …”
ဖုန်းဝင်သွားသည်နှင့် ချန်ရှန်းတုံးက အပြုံးလေးဖြင့် ပြောလိုက်၏။
“ မင်းတောင် ငါ့ကို မဆက်သွယ်တာ တော်တော်ကြာပြီပဲ … ပြောတော့ နောက်လရန်ကျင်းလာမယ်ဆို…. မင်း ဘယ်တော့လာမှာ…”
“ မကြာခင်ပေါ့ … မကြာခင် … အချိန်ကျလာရင် ငါတို့နှစ်ယောက် ကောင်းကောင်း သောက်ကြတာပေါ့ မကောင်းဘူးလား …”
“ အဲ့လိုဆို ငါ့ဘက်က အရက်နဲ့ အမြည်း အဆင့်သင့်ပဲဟေ့ … မင်းသာ လာခဲ့ …”
“ ပျူငှာပေးလို့ ကျေးဇူးပဲ ခေါင်းဆောင်ဟောင်းကြီး …” ချန်ရှန်းတုံး ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့ဘက်မှာ ကိစ္စလေး တစ်ချို့ ရှိနေလို့ မင်းဆီ တစ်စုံတစ်ယောက် အကြောင်း စုံစမ်းချင်လို့ …”
“ ပြောလေ…”
“ ငါ့မြေး အရိုက်ခံလာခဲ့ရတယ်… တစ်ဖက်လူရဲ့ အဆင့်က တော်တော်မြင့်တယ်… ငါတော့ သူက ကျုံးဝေ့တပ်ဖွဲ့ကလို့ သံသယ ရှိတယ်…”
“ ကျုံးဝေ့တပ်ဖွဲ့ကလား ……………..”
လုပေချိန် ရေရွတ်လိုက်ပြီး “ သူ့နာမည် သိလား …”
“ ငါလည်း မသေချာသေးဘူး … ဒါပေမယ့် သူ့ မျိုးရိုးနာမည်က လင်းဖြစ်မယ့်ပုံပဲ … ငါ့မြေးပဲ သူ ဘယ်လိုပုံစံ ရှိလဲဆိုတာ သိတယ်…”
“ ငါ့ကို သူ့ပုံစံ ပြောပြဖို့ ပြောလိုက် …”
ထို့နောက် ချန်ရိ၏ ရှင်းပြချက်မှတဆင့် ချန်ရှန်းတုံးလည်း လင်းရီ၏ သွင်ပန်းသဏ္ဌာန်ကို လုပေချိန်အား ပြောပြလိုက်တော့သည်။
ဖုန်းတစ်ဖက်ခြမ်းတွင်တော့ လုပေချိန်မှာ စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်သွားခဲ့ပြီး တစ်ဖက်သူ ပြောပြလာသည့်လူက လင်းရီနှင့် နည်းနည်းလေး ဆင်တူနေသည်ကို သွားသတိထားမိသည်။
ထို့ပြင် မျိုးရိုးနာမည်ကလည်း ကွက်တိဖြစ်နေသည်။ တစ်ဖက်လူ၏ မဆင်မခြင်နိုင်သည့် အမူအကျင့်ကလည်း လင်းရီ၏ စရိုက်နှင့် သွားကိုက်ညီနေတော့သည်။
အရေးကြီးဆုံးကတော့ ယွီဟန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျိုးဟိုင်နှင့် ၂၀၀ ကီလိုမီတာမျှသာ ဝေးကွာသဖြင့် ထိုကောင်စုတ်လေး၏ လက်ချက် မဖြစ်ဘူးဟု မပြောနိုင်ပေ။
သို့သော် လုပေချိန်သည် သူ့ဘက်က ၁၀၀ ရာခိုင်နှုန်း မသေချာသေးသရွေ့ တိကျသည့် အဖြေတစ်ခုကို ပေးလိမ့်မည် မဟုတ်ချေ။
“ မှန်းရ တော်တော်ခက်တယ်..” လုပေချိန် ပြောလိုက်ပြီး “ ဒါပေမယ့် ဒီလိုတွေ ဖြစ်လာပြီဆိုမှတော့ မင်း ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ …”
“ တကယ်လို့ တစ်ဖက်သူကသာ ကျုံးဝေ့တပ်ဖွဲ့က ဖြစ်နေမယ် … မင်းနဲ့လည်း အဆက်အသွယ် ရှိနေမယ်ဆိုရင် ငါ ဒီကိစ္စကို ဒီတိုင်းပဲ ထားလိုက်မယ်… မဟုတ်ရင်တော့ ငါကိုယ်တိုင် ကိုင်တွယ်ဖို့ စဉ်းစားထားတယ်… ငါ ဒီကိစ္စကို လွယ်လွယ်နဲ့ အလွှတ်မပေးနိုင်ဘူး …”
“ အတွေးလွန်မနေနဲ့ … မင်း မှန်မယ် ထင်သာတာလုပ် .. ကျုံးဝေ့တပ်ဖွဲ့က ဟုတ်၏ မဟုတ်၏ ဆိုတာ အရေးမကြီးဘူး … ကိုယ့်မှာ အဆင့်အတန်း တစ်ခု ရှိတာနဲ့ပဲ သူများကို အနိုင်ကျင့်လို့တော့ ဘယ်ရမှာလဲ ဟုတ်တယ်မလား …”
လင်းရီမှန်း မသေချာသော်လည်း လုပေချိန် စိုးရိမ်မနေချေ။
သူ့ဘက်က ချန်မိသားစု၏ စံချိန်စံနှုန်းများဖြင့် တရင်းတနှီးရှိ၏။ လင်းရီအား ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ရန်က မည်သို့မျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ၎င်းတို့အား ကိုယ့်ဇာတ်ထုပ်ကိုယ် ရှင်းခွင့် ပေးလိုက်၏။
ချန်ရှန်းတုံး ဝမ်းသာသွားလေသည်။
“ ကျေးဇူးပဲကွာ ခေါင်းဆောင်ဟောင်းကြီးရာ ….”