← Chapters

မင်းက ကျုံးဝေ့တပ်ဖွဲ့က ဆိုရင်တောင် အသုံးမဝင်ဘူး

Vol. 108 Ch. 1607

မင်းက ကျုံးဝေ့တပ်ဖွဲ့က ဆိုရင်တောင် အသုံးမဝင်ဘူး

Vol. 108 Ch. 1607

“ အဖေ… ဟိုက ဘာပြောလဲ…” ချန်လျန်ကျွင်း မေးမြန်းလာခဲ့၏။

“ ငါ့ ခေါင်းဆောင်ဟောင်းကြီး ပြောတာတော့ တစ်ဖက်သူက ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူးတဲ့ … သူက ကျုံးဝေ့တပ်ဖွဲ့ကဆိုရင်တောင် အရေးမဟုတ်ဘူး … ငါတို့ဘာငါတို့ ကိုင်တွယ်လို့ရတယ်… သူ့ဘက်က ဝင်ပြီး စွက်ဖက်မှာ မဟုတ်ဘူး …” ချန်ရှန်တုံး စိတ်ခံစားချက်ပါသည့် သက်ပြင်းချသံနှင့်အတူ ပြောလိုက်လေသည်။

“ ကြည့်ရတာ ဒီနှစ်‌တွေ တစ်လျှောက်လုံး ခေါင်းဆောင်ဟောင်းကြီးက ငါ့ကို သူ့ညီကိုလိုမျိုး သဘောထားနေသေးတုန်းပဲ ထင်တယ်… တခြား တစ်ယောက်သာဆိုရင် သူ ဒီလိုမျိုး ခွင့်ပြုပေးမှာ မဟုတ်ဘူး …”

ချန်ညီကို နှစ်ယောက်လည်း သဘောတူညီစွာ ခေါင်းညိမ့်လိုက်ကြသည်။

တစ်ဖက်သူက ဟွာရှ၏ ပိရမစ်ထိပ်တွင် ရပ်တည်နေသည့် ပုဂ္ဂိုလ်ကြီးဖြစ်၏။ ချန်မိသားစုအား ယခုလို မျက်နှာသာပေးသည်ကပင် သူတို့အား ကူညီပေးနေသည်ဟု မှတ်ယူ၍ရလေသည်။

“ အဘိုးတို့တွေ ဆုံးဖြတ်ချက် ချပြီးကြပြီလား … ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာ ..”

“ ခုတော့ မင်း ပြန်သက်သာလာဖို့ကိုပဲ အာရုံစိုက်ဦး … ငါတို့ ခဏနေကြရင် သွားကြမယ်… သူက မင်းရဲ့ နံရိုးနှစ်ချောင်းကို ချိုးခဲ့တာဆိုတော့ ဒီအဘိုးကြီးကလည်း သူ့ခြေထောက်တွေကို ပြန်ချိုးပစ်မယ်…”

“ မရဘူး … ကျွန်တော်လည်း လိုက်မယ်…”

“ အဓိပ္ပာယ်မရှိတာ… မင်းက ဒဏ်ရာရထားတာ … ဆေးရုံမှာ ကောင်းကောင်း နားနေ… ဘယ်မှ လျှောက်မသွားနဲ့ …”

“ ကျွန်တော် ဝှီးချဲသုံးလို့ရနေတာပဲ … ကြီးကြီးမားမား မလှုပ်ရှားသရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး … ကျွန်တော့်ကို လိုက်ခွင့်ပေးပါ ဘိုးဘိုး …” ချန်ရိ ဆုံးဖြတ်ထားသည့် လေသံဖြင့် ပြောလိုက်သည်။

“ ကျွန်တော် လူကိုယ်တိုင် လက်စားမချေရရင်တောင်မှ ကိုယ့်မျက်လုံးနဲ့ကိုယ်တော့ မြင်ချင်သေးတယ်… မဟုတ်ရင် ည ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူး ….”

သားအဖ သုံးယောက်လုံး အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး ချန်ရှန်းတုံး ပြောလိုက်၏။

“ ဒေါက်တာကို သွားမေးချည် … တကယ်လို့ သူက ခွင့်ပြုရင် သူ့ကိုပါ ခေါ်ခဲ့လိုက် …”

“ ဟုတ်ကဲ့ …”

ထိုညတွင် ရေကူးကန်ပါတီသည် မနက်မိုးလင်းသည့်တိုင် မပြီးဆုံးသေးချေ။

သူတို့နှစ်ဦးကလည်း အနားယူရန် အလျင်လိုမနေချေ။ လမ်းဘေးစားသောက်ဆိုင် တစ်ဆိုင်သို့ဝင်၍ ဒယ်ပြားဘန်းမုန့်ကြော်နှင့် တုတ်ထိုးအကင်များအား စားသောက်ကာ ကျေနပ်မှုအပြည့်ဖြင့် ပြန်လာခဲ့သည်။

ဟိုတယ်တွင်းရှိ အရည်အသွေး အမြင့်စား အမယ်များနှင့် ပြုလုပ်ထားသည့် အစားအသောက်များနှင့် နှိုင်းစာလျှင် လင်းရီကတော့ ဤသို့သော လမ်းဘေးဆိုင်များ၏ လက်ရာကို ပိုနှစ်ခြိုက်မိ၏။

သူ၏ လျှာက လေးသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

“ အစ်ကိုရီ … ကျွန်မ အိပ်တော့မယ်…” ရှောင်ပင်း လင်းရီ၏ တံခါးဝတွင် ရပ်၍ သမ်းဝေရင်း ပြောလိုက်သည်။

“ မနက်ဖြန်အတွက် ဘာတွေ စီစဉ်ထားလဲ…”

“ ငါ တုံးစန်းကောင်တီကို သွားမှာ … အဲ့မှာ လုပ်စရာ ကိစ္စတစ်ခုရှိတယ်… ဘာဖြစ်လို့လဲ…”

“ ကျွန်မရဲ့ နဂို အစီအစဉ်အတိုင်းဆိုရင် မနက်ဖြန်ကျရင် ထရိန်နင်သွားဆင်းရမှာ … ဒါပေမယ့် ဒီလိုတွေ ဖြစ်ပျက်ထားတယ်ဆိုမှတော့ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ… ဒါကြောင့်မို့ အားနေမယ့်အတူတူ အစ်ကိုရီနဲ့ အတူလိုက်ရင် ကောင်းမလားလို့လေ…”

“ ရတယ်လေ… မင်း သဘောပဲ …”

လင်းရီလည်း သမ်းဝေရင်း သူ၏ နာရီကို ငုံ့ကြည့်လိုက်၏။ မနက် နှစ်နာရီပင် ကျော်နေချေပြီ။ သူလည်း သူ့အခန်းသူပြန်၍ အိပ်စက် အနားယူတော့မည် ဖြစ်၏။

“ ဂွတ်နိုက်…”

သူတို့၏ အိပ်ခန်းတို့က တစ်ခုနှင့် တစ်ခု မျက်နှာချင်းဆိုင်တွင်တည်ရှိသည်။ မနက်ဖြန်အတွက် အစီအစဉ်များကို ဆွေးနွေးပြီးနောက် အနားယူရန် ကိုယ်စီ အခန်းထဲသို့ ဝင်သွားကြလေသည်။

ထိုအခိုက်အတန့်တွင် ဟိုတယ်၏ ဓာတ်လှေကား တံခါး ပွင့်ဟလာပြီး ချန်မိသားစုဝင်များမှ တင်းမာသည့် မျက်နှာထားတို့ဖြင့် ထွက်လာခဲ့ကြ၏။

“ အဲ့လူက အခန်း 1706 မှာလား …” ချန်ရှန်းတုံး မေးလိုက်၏။

“ အင်း …. ကျွန်တော် စုံစမ်းပြီးထားပြီ…” ချန်ရိ သူ၏ ဝှီးချဲတွင် ထိုင်ရင်း ပြောလိုက်၏။

“ ငါနဲ့လိုက်ခဲ့ …”

ချန်မိသားစုနှင့် ချန်ရိ၏ ဒါဇင်ခန့်သော အပေါင်းအပါတို့မှာ လင်းရီ၏ အခန်းဆီသို့ ညီညီညာညာ ချီတက်လာခဲ့ကြသည်.

ဘန်း ဘန်း ဘန်း …

ချန်လျန်ကျွင်းက တံခါးဝ ရှေ့တွင် ရပ်၍ သုံးလေးကြိမ်ခန့် ကန်ကျောက်လိုက်၏။ သူ၏ အမူအကျင့်တို့မှာ အတော်လေးကို ရိုင်းပြလှလေသည်။

ချလှပ်….

အရင်ဦးစွာ တံခါးဖွင့်လာခဲ့သည့်လူက လင်းရီ မဟုတ်ချေ။ သို့သော် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် ရှောင်ပင်း ဖြစ်၏။

သူမက အိပ်ချင်သည် ပြောနေသော်လည်း မအိပ်စက်မီ မျက်နှာမာ့စ်ကပ်၍ အသားအရေ ထိန်းသိမ်းနေသည်။ အပြင်တွင် တစ်စုံတစ်ယောက်က ဆူညံဆူညံ လုပ်နေသည်ကို ကြားတော့ သူမ၏ မျက်နှာမာ့စ်ကို ကမန်းကတမ်းချွတ်ကာ အပြင်သို့ ပြေးထွက်လာခဲ့ခြင်းပင်။

ချန်မိသားစုက ဤမျှ လျင်လျင်မြန်မြန် ရောက်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ.

ရှောင်ပင်းကို မြင်တော့ ချန်လျန်ဟိုင်မှ “ ငါ မင်းတို့ ရှောင်အိမ်နဲ့ အကြိမ်တော်တော်များများ လက်တွဲ အလုပ်လုပ်ဖူးတယ်.. ငါတို့ချင်းက အသိတွေလို့တောင် ပြောလို့ရတယ်… ဒါပေမယ့် မင်းက သူများ ငါ့သားရဲ့ နံရိုးတွေ ချိုးနေတာကိုတောင် ဒီတိုင်းရပ်ကြည့်နေခဲ့တယ်… မင်း ငါ့ကို တကယ်စိတ်ပျက်စေတာပဲ …”

“ အဲ့ဒါ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး …” ရှောင်ပင်းမှ မောက်မာခြင်းလည်း မမည်၊ နှိမ်ချခြင်းလည်း မမည်သည့် လေသံဖြင့် ပြောလိုက်၏။

“ ရှင့်ရဲ့ သားက အရင်ဦးဆုံး ကျွန်မ သူငယ်ချင်းရဲ့ကားကို အကြောင်းမရှိ လာဖျက်ဆီးခဲ့တာ … သူ့လုပ်ရပ်ကြောင့် ပြန်ပေးဆပ်ရတာကို ဘာလို့ သူများကို လာပြီး အပြစ်တင်နေမှာလဲ…”

“ ဒီတိုင်း ကားလေး တစ်စင်းပဲမလား … မင်းတို့ ဒီလောက်ထိ လွန်ဖို့ လိုလို့လားကွ …” ချန်လျန်ဟိုင်မှ အသံကို နိမ့်ပြီး ပြောလိုက်၏။

“ ပြီးတော့ ငါတို့ဘက်က ကားကို မှားယွင်းပြီး ဖျက်ဆီးမိတယ်ဆိုတာ မှတ်မိပါသေးတယ်… မင်းနဲ့ မင်းရဲ့ သူငယ်ချင်းက တကယ်ကိုလွန်တယ်… ငါတို့ ဒီကိစ္စ ဆက်လိုက်တော့မှ အဆိုးမဆိုနဲ့ပေါ့ကွာ…”

“ ရှင်တို့ဘာ ရှင်တို့ ကားမှားပြီး ဖျက်ဆီးမိတာ အကြောင်းမဟုတ်ဘူး … ဒါပေမယ့် ရှင်တို့သားက လျော်ကြေးပေးဖို့မှ ရည်ရွယ်ချက် မရှိတာ … ဒါ ရှင်တို့ရဲ့ အမှားပဲ …”

“ ငါ ဘာ ဆင်ခြေမှ မကြားချင်ဘူး … ဘာပဲဖြစ်ဖြစ် ဒီခု ကိစ္စ မင်းနဲ့မဆိုင်ဘူးမလား … မဆိုင်ရင် ဝင်မပါနဲ့ …”

ချလပ် ….

နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ တံခါးပွင့်ဟလာပြီး လင်းရီ အပြင်သို့ ထွက်လာသည်။ သူ၏ အဝတ်အစားတို့က ဖိုသီဖတ်သီနှင့် ဖြစ်၏။

“ လူက အိပ်ပျော်တော့မှာကို စောက် အလိုက်ကန်းဆိုးမသိတဲ့ ခွေးသူတောင်းစားတွေက ပြဿနာ လာရှာနေတယ်ဟုတ်လား … မင်းတို့တွေ လူကို ပြဿနာ ဘယ်လိုရှာမလဲတော့ တော်တော်သိကြတဲ့ကောင်တွေ…”

အာ ….

မည်သူကမျှ လင်းရီ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဖရုဿဝါစာများ ဆိုလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။

လင်းရီ၏ အချိုးမပြေသည့် မျက်ခွက်ကို ကြည့်ရင်း ဝှီးချဲပေါ်တွင် ထိုင်နေရသည့် ချန်ရိမှာ ဒေါသ ထောင်းခနဲ ဖြစ်လာသည်။

“ ငါမင်းကို ပြောလိုက်မယ်… မင်းဒီနေ့ ဒီဟိုတယ်ကနေ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး … လူနာတင်ကား ကြိုခေါ်ထားလိုက်တော့ …”

“ အိုကေလေ…”

အံ့အားသင့်စရာ ကောင်းလောက်အောင် လင်းရီသည် ဖုန်းထုတ်၍ 120 အား ဖုန်းခေါ်လိုက်၏။

“ မင်းက ကိုယ့်အခြေအနေတော့ ကောင်းကောင်းသိသားပဲကွ ဟမ်….” ချန်လျန်ကျွင်း အေးစက်စွာ ပြောလိုက်၏။

“ ကျုပ်က ဒီတိုင်း ကြိုတင် ပြင်ဆင်ထားရုံပါပဲ … ခဏနေကျ လိုအပ်မယ့် အတူတူပေါ့ …”

“ မင်းမှာ ဒီလို အသိစိတ် ရှိနေမှတော့ ငါတို့လည်း လေကုန် ခံမနေတော့ဘူး … မင်းရဲ့ ခြေထောက်တွေကို ကိုယ့်ဘာကိုယ် ရိုက်ချိုးလိုက် … အဲ့ဒါဆို ငါတို့ ကျေပြီ… မင်းနဲ့ ဆက်ပြီး ငြင်းခုန်မနေတော့ဘူး …”

“ ရှင်တို့ မလွန်လာနဲ့ … “ ရှောင်ပင်း ဒေါသတကြီးဖြင့် ပြောလာခဲ့၏။

“ ကျွန်မ သတိပေးလိုက်မယ်… ရှင်တို့တွေ ဒီနေ့ သူ့ကို ထိရဲထိကြည့် အကုန်သေသွားမယ်… နောက်ကျမှ အဆိုးလာမဆိုနဲ့ …”

ချန်ရှန်းတုံး ရှောင်ပင်းအား သူ၏ မှုန်ရီနေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်လေသည်။

“ ကောင်မလေး … မင်း ငါ့ကို ခြိမ်းခြောက်နေတာလား …”

“ ဒါက ခြိမ်းခြောက်နေတာလည်း မဟုတ်ဘူး … သွေးလှန့်နေတာလည်း မဟုတ်ဘူး … သူက ကျုံးဝေ့တပ်ဖွဲ့က … ကျုံးဝေ့တပ်ဖွဲ့က ဘာဆိုတာ ရှင်တို့တွေ ကောင်းကောင်းသိပါတယ်… ရှင်တို့ သူ့ကို ထိခိုက်ဝံ့ရင် အထက်ကလည်း ဒီတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး …”

လင်းရီ၏ အထောက်အထားအား အတည်ပြုနိုင်ပြီးသည့်နောက်တွင် အံ့အားသင့်သွားသည့် အမူအရာက သူ၏ မျက်နှာထက် ယှက်သန်းသွားခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့လည်း ဖြစ်နိုင်ချေရှိသည်ဟု ခန့်မှန်းထားသောကြောင့်ပင်။ ယခုတော့ ပို၍ သေချာသွားခဲ့လေပြီ။

“ ဒီအဘိုးကြီး ကြောက်မယ်လို့ မင်း ထင်တယ်ပေါ့ …”

“ မကြောက်လည်း ရတယ်လေ… စမ်းကြည့်လိုက်ပေါ့ ….”

“ အဟက် …”

ချန်ရှန်းတုံး အထင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်၏။ သူ၏ ခန္ဓာကိုယ်ကနေ အခြေအနေတစ်ရပ်လုံးအား မှန်းဆပြီးသည့် စစ်သူကြီး တစ်ယောက်၏ အရှိန်အဝါများအား ထုတ်လွှတ်နေလျက် ရှိသည်။

“ မင်းက ပြောလာပြီဆိုမှတော့ ငါလည်း ပြန်ပြောလိုက်မယ်… ငါ ဒီကို မလာခင် လုပေချိန်နဲ့ ဖုန်းပြောပြီးပြီ… သူ ပြောတာ တစ်ဖက်သူက ဘယ်သူဖြစ်ဖြစ် ကိစ္စ မရှိဘူး … ကျုံးဝေ့တပ်ဖွဲ့က ဆိုရင်တောင် ကိစ္စ မရှိဘူး … ငါတို့ ချန်မိသားစုက ငါတို့နည်း ငါတို့ဟန်နဲ့ ကိုင်တွယ်လို့ရတယ်… ဒီတော့ မင်းပြောကြည့် … ဒီရဲ့ အထောက်အထားနဲ့ ငါ့ကို ခြိမ်းခြောက်နိုင်မယ် ထင်လား …”

“ မဖြစ်နိုင်တာ…”

ရှောင်ပင်း အလွန်အမင်း အံ့အားသင့်သွားခဲ့၏။ အစ်ကိုရီက ကျုံးဝေ့တပ်ဖွဲ့အပေါ် အကျိုးပြုမှုတို့ များစွာ ရှိထားသည့်သူဖြစ်၏။ ခေါင်းဆောင်အားလုံးကလည်း သူ့အပေါ် မြင့်မြင့်မှန်းထားကြပြီး ထိုအထဲ အကြီးအကဲလုလည်း အပါအဝင်ပေ။ အဘယ်ကြောင့် ယခုလို စကားမျိုး ပြောထွက်နိုင်ရသနည်း။

အခြား တစ်ဖက်ရှိ လင်းရီကတော့ ပြုံးလိုက်၏။ လုပေချိန်က အတော်လေး ခိုးကြောင်ခိုးဝှက်နိုင်လွန်းသည်ဟု ခံစားနေရသည်။

သူကတော့ သူ့ကိုယ်သူ သူတော်ကောင်း မျက်နှာဖုံးကြီး တပ်ထားရင်း လင်းရီမှာတော့ ဝန်ထုပ်ဝန်ပိုးအား သူ့ဘာသူ ထမ်းနေရလေသည်။

ချန်ရှန်းတုံး လင်းရီကို ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ဒေါသရိပ်တို့ လွှမ်းနေလျက် ရှိ၏။

“ မင်းရဲ့ ခေါင်းဆောင်ကတောင် ပြောပြီးနေပြီ… မင်းက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အဖွဲ့ဝင်ဆိုရင်တောင် သူ မင်းကို ကာကွယ်ပေးမှာ မဟုတ်ဘူး … အရေးမပါတဲ့ ရုန်းကန်မှုတွေ ပြုမနေနဲ့တော့ …” ချန်ရှန်းတုံး သူ၏ တောင်ဝှေးအား အားဖြင့် ထောက်ချလိုက်ပြီး “ ငါတို့ ချန်မိသားစုကို အနိုင့်ကျင့်လို့ လွယ်တယ် ထင်နေလားကွ…”

“ လွယ်တယ်လေ…”

“ လုပေချိန်ကတောင် ပြောလာပြီဆိုမှတော့ ကျုပ်လည်း ကျုပ် ကံကြမ္မာကိုယ် လက်ခံရုံ ရှိတော့တာပေါ့…”

လင်းရီ၏ အကြည့်တို့က ချန်မိသားစု တစ်ခုလုံးအပေါ် ဖြတ်သန်းသွားပြီး “ မင်းတို့က လာပြီး တိုက်ခိုက်ဝံ့နေကြတယ် ဆိုမှတော့ ကျွမ်းကျင်တဲ့လူတွေလည်း ခေါ်လာမှာပေါ့ … အခု စလိုက်ကြစို့ … မဟုတ်ရင် မိုးလင်းတော့မယ်…”

“ ကောင်လေး … မင်း တယ်မောက်မာလှချည်လား ..” ချန်လျန်ကျွင်း ရှေ့သို့ တက်လာ၍ ပြောလိုက်ပြီး “ ဒါပေမယ့် မင်း ဒီမှာ အိပ်မယ့်ကိစ္စကိုတော့ မေ့ထားလိုက်တော့ … အဲ့ဒီ အစား ဆေးရုံသာ သွားလိုက် …”

သူ့စကားဆုံးသည်နှင့် သူ၏ လက်သီးကို လင်းရီထံ တိုးဝှေ့လာခဲ့သည်။

All Chapters