← Chapters

လုပေချိန်၏ အတွေးအစစ်အမှန်များ

Vol. 108 Ch. 1608

လုပေချိန်၏ အတွေးအစစ်အမှန်များ

Vol. 108 Ch. 1608

လျန်ကျန်းကျွင်း တိုက်ခိုက်လာသည်ကို မြင်တော့ လင်းရီလည်း ချက်ချင်းလှုပ်ရှားလိုက်သည်။

လူတိုင်း မသိစိတ်အလျောက် နောက်သို့ ခပ်လှမ်းလှမ်း ဆုတ်လိုက်ကြ၏။

“ နည်းပြကတော့ ထင်ထားတဲ့အတိုင်းပဲ … ထရိန်နင်တုန်းကလို အချိန်တွေ ဘာတွေ ဖြုန်းမနေဘူးနော်… ချက်ချင်း တန်းဆော်တော့တာပဲ … သူ့ရဲ့ ခွန်အားနဲ့သာဆိုရင် ဒီ လက်သီးချက်က ဘယ်သူ အနိုင်ရသွားမလဲ ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်…”

“ သေချာပေါက်ပဲပေါ့ကွ … ငါ့မျက်လုံးထဲမှာ နည်းပြချန်က လုံးဝ ပြိုင်ဘက်ကင်းပဲ …”

ဘန်း …

လူတိုင်း ပြောဆိုနေကြစဉ်မှာပဲ သူတို့တွေ ရုတ်တရက် ခပ်အုပ်အုပ် အသံ တစ်သံကို ကြားလိုက်ကြရလေသည်။

လင်းရီက လက်မောင်းဖြင့် ချန်လျန်ကျွင်း၏ တိုက်ခိုက်မှုအား ကာကွယ်လိုက်သည်ကို သူတို့ သတိထားမိလိုက်ကြသည်။

“ ဘယ်လိုဖြစ်နိုင်မှာလဲ … သူတကယ်ကြီး ကာကွယ်လိုက်နိုင်တယ်…”

ဤမြင်ကွင်းကို မြင်တော့ လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။

သူတို့၏ အမြင်တွင် နည်းပြချန်၏ စံချိန်စံနှုန်းတို့ဖြင့် ဆိုပါက ဤလူကို တစ်ကွက်တည်းနှင့် အမှောက်သိပ်လိုက်၍ ရလေသည်။ ခုခံကာကွယ်နိုင်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ထွက်ပေါ်လာသည့် ရလဒ်က ချန်လျန်ကျွင်း မျှော်လင့်ထားသည်နှင့် တကွဲတပြားစီ ဖြစ်နေခဲ့၏။ သူ နှာမှုတ်၍ “ ငါ မင်းကို တကယ် အထင်သေးခဲ့မိတာပဲ … ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလောက်တောင် သန်မာနေပြီဆိုတော့ …. မင်း မဆိုးပါဘူး … ငါ့ တူလေး ဘာကြောင့်မင်းကို ရှုံးလာခဲ့လဲဆိုတာ နားလည်သွားပြီ…”

“ ခင်များလည်း မဆိုးပါဘူး …” လင်းရီ ခပ်ဖျော့ဖျော့ ပြောလိုက်ပြီး “ D အဆင့်တွေကြားထဲမှာ ထိပ်တန်းလို့ သတ်မှတ်လို့ရတယ်…”

တစ်ချက်တည်းမျှသာ ဖလှယ်ရသေးသော်လည်း လင်းရီသည် ချန်လျန်ကျွင်း၏ ခွန်အားအပေါ် အကြမ်းဖျင်း နားလည်သဘောပေါက်မှုတို့ ရရှိလိုက်သည်။

သူက အင်မတန် သန်မာနေလျှင်ပင် စွန်းမန်လုံနှင့် နှိုင်းယှဉ်မည်ဆိုပါက အလှမ်းဝေးကွာနေဆဲဖြစ်၏။

“ သူ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်နိုင်တာ မဆန်းတော့ဘူးပဲ … တော်တော် အရည်အချင်း ရှိတယ်…”

“ သူ့ စကေးတွေက နည်းပြချန်လောက် မမြင့်ဘူးဆိုပေမယ့် သူ ရတော့ ရလောက်တယ်… ဘာပဲဆိုဆို နည်းပြချန်ရဲ့ လက်သီးကို ကာကွယ်နိုင်တဲ့လူက သိပ်မှမရှိပဲလေ…”

“ မင်းက အသစ်လေးမလား … မင်း နည်းပြချန်အကြောင်း ဘာမှ မသိသေးပါဘူး …” အရပ်ရှည်ရှည်နှင့် အမျိုးသား တစ်ဦးက ပြောလိုက်ပြီး “ နည်းပြချန်ရဲ့ ခွန်အားက သူ့လက်သီးထဲမှာ မဟုတ်ဘူးကွ … အဓိကက သူ့ခြေထောက်တွေ… စတီးပြားကိုတောင် တစ်ချက်တည်းနဲ့ အကွေးကန်နိုင်တာနော်… ဘယ်လောက် သန်မာလဲ မင်းအဲ့တာသာ စဉ်းစားကြည့်ကြည့် ….”

“ ဝှက်တယ်ဖက် … အဲ့လောက် ကြမ်းသလားဟ….”

“ ဒါပေါ့… နည်းပြချန်က တိုက်ခိုက်နေတယ်ဆိုပေမယ့် သူ့ ခြေထောက်တွေကို မသုံးသေးတာ ကြည့်ရသလောက်တော့ သူက လေးလေးနက်နက် မထားသေးလို့ … ဒီကနေ ပွဲအေးဆေးကြည့်ရအောင်ကွာ … ဒီလိုမျိုး တိုက်ပွဲမျိုးဆိုတာ တကယ့်လက်တွေ့မှာ မြင်ရခဲတယ်ကွ…”

“ ကောင်းသားပဲ …”

တစ်ချိန်တည်းတွင် ချန်ရှန်းတုံးသည် ချန်လျန်ကျွင်းအား တစ်ချက် ကြည့်လိုက်၏။

“ အချိန်ဖြုန်းမနေနဲ့ .. သူ့လို ကောင်စားမျိုးတွေက အကြောင်းပြချက်တွေ နားထောင်နေမှာ မဟုတ်ဘူး … လုပ်လိုက်တော့ …”

ချန်လျန်ကျွင်း ဘာမျှ မဆိုဘဲ လင်းရီကိုသာ စိုက်ကြည့်နေလျက် ရှိသည်။

“ မင်း ငါ့တူလေးကို အဲ့လို ဖြစ်အောင် လုပ်ပြီးကတည်းက ဒီလိုမျိုးတွေ ဖြစ်လာမယ်လို့ မင်း မျှော်လင့်ထားပြီးရောပေါ့ … မင်း နောက် ဘာဆက်လုပ်မလဲ ငါ ကြည့်စမ်းဦးမယ်…”

ဤတစ်ကြိမ်တွင်တော့ ချန်လျန်ကျွင်းသည် လက်သီးဖြင့် မလာတော့ဘဲ လင်းရီ၏ ဒူးကို ကွေးညွှတ်အောက် ကန်ကျောက်လိုက်၏။

ခြေကန်ချက်ကြောင့် လေထုထဲ ဝှီးခနဲ မြည်သံကိုပင် ကြားနေရလေသည်။

“ အစ်ကိုရီ ဂရုစိုက် … သူ့ခြေကန်ချက်တွေက အရမ်း သန်မာတယ်…”

“ ဒါဆိုလည်း ဘယ်လောက်ထိ သန်မာလဲ ကြည့်ကြတာပေါ့ …”

လင်းရီ ရှောင်တိမ်းခြင်း မပြုဘဲ တူညီသည့် နည်းလမ်းဖြင့် တန်ပြန်တိုက်စစ် ဆင်လိုက်သည်။

နှစ်ဦးလုံးက D အဆင့် ဆိုသော်ငြား ….

လင်းရီဘက်က အသာစီးရယူ၍ ချန်လျန်ကျွင်း၏ ခြေထောက်ကို ဦးစွာ ကန်လိုက်နိုင်သည်။

ဘန်း

နောက်ထပ် ခပ်အုပ်အုပ်အသံ တစ်သံ ထွက်ပေါ်လာခဲ့၏။

သို့သော် နောက်ဆက်တွဲ လိုက်ပါလာသည်ကား နာကျင်နေသည့် အော်ညည်းသံ တစ်ခု ဖြစ်၏။

ချန်လျန်ကျွင်း သူ၏ ခြေထောက်ကို ကိုင်ရင်းဖြင့် ချက်ချင်း ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ကာ ပဲစေ့ခန့်ရှိမည့် ချွေးအေးတို့က နဖူးထက်မှ စီးကျလာခဲ့၏။

“ ဘယ်လိုလုပ်ပြီးတော့မှ ………”

နောက်တွင် ရပ်ကြည့်နေကြသူများမှ အံ့အားတကြီး မြည်တမ်းလိုက်မိကြ၏။ သူတို့အားလုံး နေရာ၌ ရပ်ကာ သစ်ငုတ်တွယ်မိနေသကဲ့သို့ ငူငူငိုင်ငိုင်ကြီး ဖြစ်နေခဲ့ကြလေသည်။

သူတို့ရဲ့ နည်းပြက ဒီလို လူငယ်လေး တစ်ယောက်ရဲ့ ခြေကန်ချက်ကြောင့်နဲ့ လဲကျသွားခဲ့တယ်…

ဘယ်လိုလုပ်ပြီးတော့မှ …….

အိပ်မက်မက်နေတယ်လို့ ခံစားနေရတာလဲ…

“ လျန်ကျွင်း …”

ချန်လျန်ဟိုင် ချက်ချင်းလက်ငင်း တုံ့ပြန်လာပြီး ချန်လျန်ကျွင်းထံ ရောက်ရှိလာသည်။

“ မင်း ဘာမှမဖြစ်ဘူးမလား … ခြေထောက် လှုပ်နိုင်သေးလား …”

“ မရတော့ဘူး … ငါ့ ခြေထောက်တွေ ကျိုးကုန်ပြီ ထင်တယ်…”

“ ကျိုးကုန်ပြီ………”

ရှိနေကြသည့် လူတိုင်း ရှော့ခ်ရသွားခဲ့ကြ၏။

မည်သူကမျှ သူတို့ရှေ့ရှိ ဤလူငယ်လေးက ချန်လျန်ကျွင်း၏ ခြေထောက်များအား ကန်ချိုးပစ်လိုက်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

“ မြန်မြန် … သူ့ကို ဆေးရုံပို့လိုက်ကြစမ်း …”

ချန်လျန်ဟိုင် နောက်ရှိ သူ့လူများအား လှမ်းအော်လိုက်၏။ သူတို့ လင်းရီကို နောက်မှ ဖြေရှင်းလည်း ရလေသည်။

သို့သော် ချန်လျန်ကျွင်း၏ ဒဏ်ရာများကိုတော့ အချိန်မီကုသမှ ရလိမ့်မည်။

“ ဟုတ်ကဲ့ … ဟုတ်ကဲ့ … ကျွန်တော်တို့ အခုလုပ်လိုက်ပါ့မယ်…”

ကျောင်းသား ဆယ်ယောက်ကျော်ခန့်က အလျင်အမြန်သဘောတူ၍ ချန်လျန်ကျွင်းကို ဟိုတယ်ထဲက ခေါ်ထုတ်သွားကြပြီး ထိုအခိုက်အတန့်တွင် စင်္ကြံလမ်း၌ ချန်မိသားစုဝင် သုံးယောက်သာလျှင် ကျန်ရစ်ခဲ့တော့သည်။

သူတို့၏ မျက်ဝန်းအကြည့်တို့ထဲ၌ ကြောက်ရွံ့ရိပ်တို့ ဝိုးတဝါးတား ဖြစ်ပေါ်နေပြီး အရင်ကကဲ့သို့ မဆင်မခြင် မလှုပ်ရှားဝံ့ကြတော့ချေ။

“ ခင်များတို့ ဒီလာတာ လက်စားချေဖို့ မဟုတ်ဘူးလား … နောက်ဘယ်သူ ထပ်လာဦးမလဲ …”

“ မင်း … တကယ်ပဲ ဘယ်သူများလဲ …” ချန်ရှန်းတုံး အသံတုန်ယင်စွာဖြင့် မေးမြန်းလိုက်၏။

“ ကျုပ်ကိုယ်ကျုပ် ကျုံးဝေ့တပ်ဖွဲ့ကပါလို့ မပြောခဲ့ဘူးလား … ခင်များ နားကန်းနေလား အဘိုးကြီး ဟမ်…”

လင်းရီ၏ မချေမငံ လေသံကို ကြားတော့ ချန်မိသားစုဝင်များ ဒေါသ ထောင်းခနဲ ဖြစ်သွားခဲ့သော်လည်း ဘာတစ်ခုမျှ ပြန်မဆိုဝံ့ကြချေ။

“ ကျုံးဝေ့တပ်ဖွဲ့မှာ မင်းလို သန်မာတဲ့ လူငယ်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး ….”

“ ဘာလဲ … အသက်ကြီးကုန်တော့ နားဝေတိမ်တောင်နဲ့ ယောင်ချာချာတွေ ဖြစ်ကုန်တာလား ဟုတ်လား … ကျုပ်ကို လူသစ်လေးလို့ ထင်နေတယ်ပေါ့ …” လင်းရီ ထေ့ပြုံးဖြင့် ပြောလိုက်ပြီး “ ကျုပ်က ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ အသင်းခေါင်းဆောင် … မဲ့ရွဲ့ပြီးမှလည်း မသွားနဲ့ဦး …”

“ အသင်းခေါင်းဆောင် …”

လင်းရီ၏ အထောက်အထား အစစ်အမှန်ကို သိလိုက်ရတော့ ချန်ရှန်းတုံးသည် ရုတ်ချည်းဆိုသလို မကောင်းသည့် ခံစားချက်တို့ ခံစားလာခဲ့ရ၏။

အကယ်၍ သူကသာ အသင်းခေါင်းဆောင် ဆိုပါက ဤအရာများအားလုံးက ယုတ္တိရှိသွားချေပြီ။

သို့သော် သူ အတော်လေး ရှော့ခ်ရမိသည်က ဤမျှ ငယ်ရွယ်သည့် ကောင်လေးမှာ ဤမျှ အသက်ငယ်ငယ်လေးနှင့် အမှန်တကယ် အသင်းခေါင်းဆောင် တစ်ယောက် ဖြစ်လို့လာနေခြင်းပင်။

ဤသည်က ကောင်းကင်ကို ဖီဆန်နေခြင်း မဟုတ်ပေလော။

“ ချန်အိမ်က မှားသွားခဲ့ပါတယ်… ခေါင်းဆောင်လင်းက ငါတို့ရဲ့ တောင်းပန်မှုကို လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”

ချန်ရှန်းတုံးသည် လင်းရီအား ဦးညွှတ်လိုက်ပြီး ချန်လျန်ဟိုင်သည်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။

ချန်မိသားစုတွင်းရှိ တိုက်ခိုက်နိုင်စွမ်း အကောင်းဆုံးလူသည် ခြေထောက် အချိုးခံလိုက်ရပြီ ဖြစ်ရာ သူတို့ လက်မခံချင်သော်ငြားလည်း အားမသန်သဖြင့် မာန်မာနကို ခဝါချရုံမျှသာ တတ်နိုင်လေတော့သည်။

“ ရှောင်ပင်းက ကျုပ်ရဲ့ လက်အောက်ငယ်သားပဲ … နောင်ကျရင် သူနဲ့ ရှောင်မိသားစုကို မြင်တဲ့အခါ ပိုပြီး လေးစား သမှု ရှိပါ … နားလည်လား …”

“ ဒါပေါ့ ဒါပေါ့ … ငါတို့ နားလည်ပါတယ်…”

လင်းရီ၏ ခွင့်လွှတ်ပေးမှုကို ရရှိပြီးနောက် ချန်မိသားစုဝင် သုံးယောက်လည်း စိတ်ပျက်အားငယ်စွာဖြင့် ဟိုတယ်ထဲက ထွက်ခွာသွားခဲ့လေသည်။

ရှောင်ပင်းလည်း စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး သူမ၏ အခန်းထဲသို့ လင်းရီနှင့်အတူ ပြန်လာခဲ့၏။

“ အကြီးအကဲလုက ဘာတွေလုပ်နေတာလဲ မသိဘူး .. တကယ်ပါပဲ နင့်ကို တကူးတက ပြဿနာလာရှာခိုင်းနေတယ်… ဘယ်လောက်တောင် အကျင့်မကောင်းလဲ ကြည့်စမ်း …”

“ သူက ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ … အဲ့လူတွေကို သူ့ကိုယ်စား ရိုက်နှက်ပေးစေချင်နေတာ နေမှာပေါ့ ..”

“ အာ … ဘာကို ပြောချင်နေတာ …”

လင်းရီ ပြုံးလျက် “ အရင်ဦးဆုံး … မင်း တစ်ခု နားလည်ထားရမှာက မင်း ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်လိုက်ပြီ ဆိုတာနဲ့ အကြီးအကဲလုရဲ့ လူတစ်ယောက် ဖြစ်လာပြီ… မင်းဘက်က လက်မခံနိုင်တဲ့ ပြစ်မှု မကျူးလွန်သရွေ့ သူက မင်းဘက်ကနေ ရှိနေပေးလိမ့်မယ်…

“ လူတော်တော်များများ ပြောကြတာတော့ အကြီးအကဲလုက သူ့လူဆို အရမ်း ကာကွယ်ပေးတတ်တယ်တဲ့ … ကျွန်မ နားလည်တယ်… ဒါပေမယ့် သူတို့ရဲ့ သဘောထားကို ကြည့်ရသလောက်တော့ သူတို့လည်း ကျုံးဝေ့တပ်ဖွဲ့က ဖြစ်မယ့်ပုံပဲ … အကြီးအကဲလုက ဘာလို့ ဒီလိုလုပ်လိုက်တာ …”

“ ဘာလို့ဆို ဒီလူတွေက ပိုပိုပြီး မောက်မာနေလို့ပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ငါတို့လို လူတွေက မပြောပါဘူးဆိုရင်တောင် ငါတို့စိတ်ထဲမှာ သူများတွေထက် ထူးကဲသာလွန်တယ်ဆိုတဲ့ ခံစားချက်ကတော့ ရှိနေမှာပဲ ဟုတ်တယ်မလား … ငါတို့ မူရင်း မိသားစုရဲ့ လွှမ်းမိုးမှုတွေကိုပါ ထည့်တွက်လိုက်ရင် တကယ်လို့ ငါတို့သာ ပြည်နယ်တစ်ခုကို သိမ်းပိုက်လိုက်လို့ရှိရင် ပဒေသရာဇ် ခေတ်တုန်းက လက်အောက်ခံတွေနဲ့ အတူတူ ဖြစ်သွားလိမ့်မယ်…”

“ သူတို့လို လူစားမျိုးတွေက နိုင်ငံကို အကျိုးမပြုဘဲ လူ့အဖွဲ့အစည်းအတွင်းမှာ ပျံ့နှံ့နေမယ်ဆိုရင် အလားအလာရှိတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာမယ် ဟုတ်တယ်မလား …”

“ တော်တယ်…” လင်းရီ ချီးမွမ်းလိုက်ပြီး “ အရင်တစ်နှစ်က စစ်မှုမထမ်းမနေရ အမိန့်လို့မျိုးပေါ့ … ကျယ်ကျယ်ပြန့်ပြန့် ရှိတယ် ထင်ရပေမယ့် ထင်သလောက်လည်း မဟုတ်ပါဘူး ..”

“ ငါ အကြီးအကဲလုဆီကနေ နားလည်ထားတာကတော့ ဒီရဲ့ ပမာဏက စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းတောင် မရှိသေးဘူး … နောက်တစ်နည်း ပြောရရင် သူတို့က ပါရမီရှင်တွေကို ခေါ်ယူပြီးတော့ သူတို့ရဲ့ လွှမ်းမိုးမှုကို ချဲ့ထွင်ချင်နေကြတာ …”

“ တကယ်လို့ ထိန်းချုပ် မကန့်သတ်ထားဘူးဆိုရင် ဒီလူတွေရဲ့ အင်အားက ကြီးထွားသထက် ကြီးထွားလာမယ်… သူတို့ရဲ့ ကြွယ်ဝမှုတွေကလည်း ပိုပိုပြီး တိုးလာမယ်.. သူတို့ရဲ့ ဩဇာ လွှမ်းမိုးမှုတွေကလည်း ပိုပိုပြီး ကျယ်ပြန့်လာမယ်… ပြီးရင် အဆုံးသတ်ကျ အဲ့ဒဏ်တွေ ခံစားရမှာ အောက်ခြေက သာမန်လူတွေပဲ …”

All Chapters