← Chapters

လက်တွေ့မကျသော

Vol. 108 Ch. 1609

လက်တွေ့မကျသော

Vol. 108 Ch. 1609

စက္ကန့်အနည်းငယ် ကြာအောင် ငြိမ်သက်သွားပြီးသည့်နောက် ရှောင်ပင်းကြည့်ရသည်မှာ လုပေချိန်၏ အတွေးများအား နားလည်သဘောပေါက်သွားခဲ့သည့်ဟန်ပင်။

“ ဒါပေမယ့် အကြီးအကဲလုရဲ့ အဆင့်အတန်းနဲ့တောင်မှ လက်ရှိ ရေစီးကြောင်းကို ပြောင်းလဲဖို့ဆိုတာ ခက်ခဲမယ်မလား …”

“ ဒါပေါ့ … သူ့ဘာသူ ဘယ်လောက်ပဲ အထင်ကြီးဖို့ ကောင်းနေပါစေ .. သူက သာမန်လူသားတစ်ဦး ဖြစ်နေတုန်းပဲလေ… ပြီးတော့ အသက်ကလည်း ကြီးနေပြီ… လူငယ်တွေလို စွမ်းအင်လည်း မရှိတော့ဘူး … သူ စွမ်းဆောင်နိုင်တဲ့ ကိစ္စတွေကလည်း အရင်လို အများကြီး မရှိတော့ဘူး … ဒါပေမယ့် … သူ့ဘက်က ဒီလို အခွင့်အရေးကိုတော့ လက်လွှတ်ခံမှာ မဟုတ်ဘူး … ဒါတွေက ဝေ့မိသားစုနဲ့ ချန်မိသားစုအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိပြီးသား … သူက ငါ့ကို အသုံးချပြီး သူတို့ကို သင်ခန်းစာပေးချင်နေတာ …”

“ တကယ်တမ်းကျတော့လေ… ကျွန်မ သိရသလောက်ဆိုရင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့လူတွေက တော်တော်များတယ်… ပြီးတော့ သူတို့ ရွေးချယ်ခံရနိုင်ချေလည်း များတယ်… ဒါပေမယ့် အဲ့ဒီ မိသားစုကြီးတွေက သူတို့ သွားကြမှာကို တားမြစ်ထားခဲ့ကြတာ …” ရှောင်ပင်း ပြောလိုက်၏။

“ အဲ့တာ အဓိကပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒီလိုတွေ ဖြစ်နေတာ နှစ်ပေါင်း မနည်းတော့ဘူး … တကယ်လို့ အကြီးအကဲလုဘက်က ဖိနှိပ်ထားတာကြောင့် မဟုတ်ရင် ပြဿနာတွေက ဒီထက်ကို ဆိုးလာနေဦးမှာ … ပြီးတော့ မင်းတို့ ရှောင်မိသားစုက ဘယ်လောက်မှတောင် သိပ်ကြာသေးတာ မဟုတ်ဘူး ယွီဟန်ရဲ့ နံပါတ်တစ် မိသားစုကြီး ဖြစ်လာနေပြီ… အဲ့တာ ငါနောက်ကွယ်ကနေ တိတ်တိတ်လေး ကူညီပေးနေတာကြောင့်ပဲ မဟုတ်ဘူးလား … အရာအားလုံးကို အကြီးအကဲလုရဲ့ စကားတစ်ခွန်းနဲ့ အဆုံးသတ်လိုက်လို့ရတယ်… ဒါပေမယ့် လူတွေမြင်သာအောင် ရှိုးရိုက်ပြဖို့တော့ လိုသေးတာပေါ့ …”

“ ကျွန်မ နားလည်သွားပြီ…” ရှောင်ပင်း အညောင်းဆန့်လိုက်ရင်း “ တကယ်လို့ တခြား ဘာမှ မရှိတော့ဘူးဆိုရင် အရင် သွားအိပ်နှင့်ပြီ… မနက်ဖြန်မှပဲ တုံးစန်းကောင်တီကို အဖော်လိုက်လုပ်ပေးတော့မယ်…”

“ ရတယ်လေ…”

“ အမ်… အဲ့တာလည်း နင့်ယောင်းမ မသိအောင် လိုက်ရမှာမလား …”

“ မင်းရော ဘယ်လိုထင်လဲ …” လင်းရီ ပြောလိုက်ပြီး “ မနက်ဖြန် ဟိုတယ်မှာ နေပြီး … ငါ အသိပေးတာကို စောင့်နေ…”

“ အိုကေ ..”

စကား ခေတ္တ ပြောပြီးနောက် နှစ်ယောက်သား မိမိတို့၏ အခန်းကိုယ်စီသို့ ပြန်၍ အိပ်စက် အနားယူလိုက်ကြသည်။

မနက် ရှစ်နာရီ ဝန်းကျင်လောက်တွင် လင်းရီ၏ အခန်းတံခါးဝသို့ တံခါးခေါက်သံ ထွက်ပေါ်လာပြီး စုန့်ကျားယွီက အပြုံးလေးဖြင့် ဝင်လို့လာသည်။

“ ၈ နာရီတောင် မခွဲသေးဘူး … ပြောစမ်း … ငါ အနားယူတာကို ဘာလို့ စောစောစီးစီး လာနှောင့်ယှက်နေတာလဲ….” လင်းရီ ရီဝေရီဝေ ဖြစ်နေသည့် မျက်လုံးတို့ဖြင့် ပြောလိုက်၏။

“ ခဲအို လာပြီး သင်ပြပေးမှာကို စောင့်ရင်း စိတ်လှုပ်ရှားလွန်းတော့ ဆက်မအိပ်နိုင်တော့လို့ … ဘယ်သူက ပြောနိုင်မှာ … တစ်နေ့ကျ ငါလည်း နာမည်ကြီးတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လာပြီး ပြည်တွင်း အဆင့်သတ်မှတ်ချက်ထဲ ဝင်နိုင်တဲ့လူ တစ်ယောက် ဖြစ်နိုင်တာပဲလေ…” စုန့်ကျားယွီ တက်ကြွစွာ ပြောလိုက်ပြီး “ ဒါပေမယ့် ပြောခါမှ ခဲအို … နင်လည်း အဲ့ဒီ အဆင့်တွေထဲ ဝင်တယ်မလား …”

“ အဲ့ဒီ အဆင့်ဝင်တယ်ဆိုတာ ကောင်းတဲ့ အရာမဟုတ်ဘူး … မင်း ဝင်ခဲ့ရင်လည်း ဂြိုဟ်ဆိုး ဝင်တယ်လို့သာ မှတ်လိုက် … ထားပါ အဲ့တာတွေ ထားစမ်းပါ … ကိုယ့်အရှေ့ရှိတာကိုသာ အရင် အာရုံစိုက်စမ်းပါ…”

“ နားလည်ပါပြီ…”

စုန့်ကျားယွီ လင်းရီ၏ အဝတ်များအား ဆွဲလိုက်ပြီး “ မြန်မြန် မြန်မြန် .. ထပြီး မျက်နှာသစ် အဝတ်စားလဲတော့ … ဒီနေ့က တနင်္လာနေ့… ကုမ္ပဏီရဲ့ ထုံးစံအတိုင်း ပုံမှန် အစည်းအဝေးရှိတယ်… ခဲအိုလို ဟဲဗီးဝိတ်ကြီး တစ်ယောက်လုံး ကျန်နေရစ်လို့ ဘယ်ဖြစ်မှာ …”

“ နေဦး နေဦး … ဖြည်းဖြည်းလုပ်စမ်းပါဟ…”

စုန့်ကျားယွီ၏ စီးပွားရေး လုပ်ငန်းအတွက် စိတ်အား ထက်သန်နေမှုက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

အခြား အရာများကို မဆိုထားသေးနှင့်၊ သူမ မျက်ကွင်းအောက်ရှိ အမည်းရောင် အကွင်းကြီးများကို ကြည့်ရုံမျှဖြင့် သူမ မကြာခဏဆိုသလို စိုးရိမ်ပူပန်နေကြောင်း ပြောနိုင်လေသည်။

သို့သော် လက်ရှိ အရင်းရှင် အသိုင်းအဝိုင်းကြီးကို အလုပ်ကြိုးစားရုံ သပ်သပ်မျှဖြင့် ဝင်ရောက် အုပ်စိုးနိုင်ဖို့ ဆိုသည်က မဖြစ်နိုင်ချေ။

ကာယစွမ်းအား၊ ဉာဏစွမ်းအားနှင့် စွန့်စားမှုတို့ လိုအပ်၏။ ဤသုံးရပ်က လုံးဝ မရှိမဖြစ်ပင်။

စုန့်ကျားယွီကဲ့သို့ တည့်တိုဆန်ပြီး စစ်မှန်သည့် လူစားများ အဖို့တော့ အကယ်၍ သူမသာ လူကောင်းသူကောင်းနှင့် ဆုံတွေ့နိုင်ခဲ့မည် ဆိုပါက အမှန်ပင် တိုးတက်နိုင်သည့် အလားအလာများ ရှိ၏။

သို့သော် အကယ်၍ မရိုးဖြောင့်သည့် ရည်ရွယ်ချက်တို့ ရှိနေသည့် လူစားမျိုးနှင့် ကြုံတွေ့လာမည် ဆိုပါက အကြီးအကျယ် ကျရှုံးသွားနိုင်လေသည်။ ဤသည်က လက်ရှိ အရင်းရှင် ဈေးကွက်၏ အန္တရာယ် အစစ်အမှန်လည်း ဖြစ်သည်။

မည်သူက လူကောင်းလဲ ၊ မည်သူက လူဆိုးလဲဆိုတာကို ကောက်ချက်ချဖို့ အင်မတန် ခဲယဉ်းလှ၏။

သူမကိုယ်၌ပင် မည်သို့သေသွားမှန်းပင် မသိလိုက်ဘဲ သေသွားနိုင်လေသည်။

ဆယ်မိနစ်ကြာပြီးသည့်နောက် လင်းရီသည် မျက်နှာသစ် သွားတိုက်ပြီးသွားခဲ့ပြီး စုန့်ကျားယွီမှာ သူဝတ်ရမည့် အဝတ်အစားတို့အား ကြိုတင် ပြင်ဆင်ထားပေး၏။ အကယ်၍ သူမသာ maid outfit လှလှလေးသာ ဝတ်ဆင်ထားခဲ့မည်ဆိုပါက ရှုထောင့်မြင်ကွင်းမှာ ပို၍ ပြီးပြည့်စုံသွားပေလိမ့်မည်။

အဝတ်စား ဝတ်ဆင်ပြီးနောက် လင်းရီတို့နှစ်ဦး မနက်စာစားရန် ထမင်းစားခန်းထဲသို့ ရောက်လာခဲ့ကြလေသည်။

ထို့နောက် စုန့်ကျားယွီ၏ ကုမ္ပဏီထံသို့ ဦးတည်လိုက်ကြ၏။

ယွီဟန်မြို့ ၊ နိုဗိုတီ နည်းပညာ ကုမ္ပဏီ လီမီတက်။

၎င်းက ယွီဟန်မြို့၏ အဆင့်မြင့် စက်မှုဇုန်တွင် တည်ရှိလေသည်။ အနီးနားဝန်းကျင်တွင်လည်း ၎င်းနှင့် အရွယ်အစားတူ ကုမ္ပဏီတို့ တစ်ဒါဇင်ခန့်မျှ ရှိ၏။

တည်နေရာက အနည်းငယ် ဝေးလံသော်လည်း ငှားရမ်းခက သက်သာသည်။ တချို့ အသေးစားနှင့် အငယ်စား စီးပွားရေးစီးပွားရေး လုပ်ငန်းရှင်တို့မှာ သူတို့၏ စီးပွားရေး လုပ်ငန်းများကို ဤနေရာတွင် စတင်ရန် ရွေးချယ်တတ်ကြ၏။ အကြောင်းမူကား ဘဏ္ဍာရေး ပြဿနာကြောင့်ပင်။

ကုမ္ပဏီရုံးခန်းက သိပ်မကြီးလှချေ။ ၂၀၀ စတုရန်းမီတာမျှသာ ကျယ်ဝန်းသည်။

အထဲတွင် ကွန်ပျူတာ ဒါဇင်ခန့်မျှနှင့် လေ့ကျင့်ခန်း လုပ်သည့် ကိရိယာ တစ်ချို့ ရှိလေသည်။ ကုမ္ပဏီ၏ ပိုင်ဆိုင်မှု ပစ္စည်းများအားလုံးကို ဤနေရာတွင် တညီတညွှတ်တည်း သိမ်းဆည်းထားသည်။

တံခါးဝ နားလေးရှိ စားပွဲကိုတော့ သူတို့တွေ ပုံမှန် အတွင်းအစည်းအဝေး ကျင်းပသည့် နေရာအဖြစ် အသုံးပြုလေ့ ရှိ၏။ အနည်းငယ် ရှုပ်ယှက်ခတ်နေသော်လည်းပဲ ဆုံးဖြတ်ချက် အများစုကို ဤစားပွဲ၌သာ ချမှတ်သည်ကတော့ ငြင်းဆန်လို့ မရပေ။

ထိုအချိန်၌ လူ ဆယ်ယောက်ကျော်မှာ ထိုစားပွဲအနားတွင် ထိုင်နေကြပြီး အကုန်လုံးကလည်း လူငယ်လေးများ ဖြစ်ကြ၏။

တနင်္လာနေ့ ပုံမှန် အစည်းအဝေးကို စုန့်ကျားယွီကပဲ စည်းဝေးကျင်းပတာ ဖြစ်ပြီး လွန်ခဲ့သည့် အပတ်များက ချို့ယွင်းချက်များနှင့် လာမည့် အပတ်များအတွက် နောက်ဆက်တွဲ လုပ်ငန်းအစီအစဉ်များ ချမှတ်ရန် အတွက် ရည်ရွယ်ထားသည်။

အကယ်၍ အတိတ်တွင် ဖြစ်မည်ဆိုပါက လူတိုင်းမှာ တရားဝင် အစည်းအဝေးမစတင်ခင်၌ပင် သွေးပူနေကြပြီး ရန်ဖြစ် အချင်းများနေသကဲ့သို့ မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြလိမ့်မည်။

သို့သော် ယနေ့တွင်တော့ အတော်လေး တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ လူတိုင်း၏ လက်ထဲတွင် စာအိတ် တစ်အိတ် ကိုင်ထားပြီး အကုန်လုံး၏ အမူအရာကလည်း ထပ်တူညီနေကြ၏။

စုန့်ကျားယွီ ရောက်အလာကို စောင့်နေရင်း အမျိုးသားတစ်ဦးမှာ ဖုန်းဆော့နေကာ လုံးလုံးလျားလျား ပျင်းရိငြီးငွေ့နေသည့်ပုံပေါ်သည်။

ထိုအမျိုးသားက အသက် သုံးဆယ်အရွယ်ခန့် ရှိပြီး စားပွဲတွင် ကန့်လန့်ဖြတ် ထိုင်နေကာ ညိုသော အသားအရေရှိသည်။ သူ၏ ခြေထောက်တစ်စုံကိုလည်း စားပွဲပေါ်သို့ တင်ထားကာ လက်ထဲတွင် စီးကရက် ကိုင်ထားလျက် ဒရာမာဇာတ်ကားတစ်ကားကို ကြည့်ရှုနေလျက် ရှိသည်။ သူက စားပွဲအနီးနားရှိ မည်သူ့ထက်မဆို သက်တောင့်သက်သာ ဖြစ်နေလေသည်။

ဤလူ၏ နာမည်က ကျန်းရှန့်ကျယ်ပင်။ ထို့ပြင် သူက စုန့်ကျားယွီ၏ စီးပွားရေး ပါတနာလည်း ဖြစ်၏။

ကနေဦးတုန်းက နှစ်ယောက်မှာ fitness ဝန်ဆောင်မှုပေးသည့် အိုင်ဒီယာကို အတူစဉ်းစားမိကြပြီး တစ်ယောက်ကို တစ်သန်းစီ ငွေစိုက်ထုတ်ကာ လုပ်ငန်း စတင်ကြသည်။ သို့သော် အတွေ့အကြုံ ချို့တဲ့မှုနှင့် မလုံလောက်သည့် ဈေးကွက်ထိန်းချုပ်မှုတို့ကြောင့် မတည်ငွေ ၂ သန်းမှာ အလျင်အမြန်ပဲ သုံးလို့ ကုန်သွားခဲ့သည်။

အကယ်၍ စုန့်ကျားယွီကသာ လင်းရီထံမှ ပထမ အကျော့အတွက် ယွမ်သန်း ၃၀ မရရှိခဲ့ဘဲပဲ ကျိုးဟိုင်နှင့် ယွီဟန်တွင် ဈေးကွက် မဖွင့်နိုင်ခဲ့ဘူးဆိုပါက သူတို့၏ စွန့်ဦးစီးပွားရေး လုပ်ငန်းမှာ အစောကတည်းက အရှုံးပေါ်နေပြီး ဖြစ်လေသည်။

“ ခုက ဘယ်အချိန်ရှိနေပြီတုန်း … ဘာလို့ ရောက်မလာကြသေးတာ …”

ပြောလိုက်သူက ကျန်းရှန့်ကျယ်ဘေးတွင် ထိုင်နေသည့်လူပင်။ သူက ကျန်းရှန့်ကျယ်ထက် အနည်းငယ် အသက်ကြီးပြီး ဘောင်းဘီတိုနှင့် ခြေညှပ်ဖိနပ်ကို စီးနင်းထား၏။ သူ၏ မေးစေ့ကိုလည်း ရိတ်ပြုထားခြင်း မရှိကာ အမွေးအမျှင်တို့ဖြင့် အတော်ကြည့်ရ ဆိုးပါသည်။

ထိုလူ၏ နာမည်က လီကျန်းလင် ဖြစ်ပြီး ကုမ္ပဏီ၏ နည်းပညာပိုင်းဆိုင်ရာ တာဝန်ခံတစ်ယောက်ဖြစ်သည်။ သူ ဝတ်ထားသည့် အဝတ်အစား ဒီဇိုင်း ပုံစံကို ကြည့်၍လည်း မည်သူမဆို ထိုနယ်ပယ်က လူဖြစ်ကြောင်းကို ပြောနိုင်လေသည်။

“ သူ ငါ့ကို မနက်ခင်းတုန်းက ဖုန်းဆက်ပြောတာတော့ နည်းနည်း နောက်ကျမယ်တဲ့ … နာရီဝက်တောင် ရှိပြီ ဆိုတော့ ခဏနေ ရောက်မယ် ထင်တာပဲ …”

ကျန်းရှန့်ကျယ်သည် ဖုန်းကို ကြည့်ရင်း သူ့ကိုယ်သူ စကားပြောနေဟန်ဖြင့် ပြောလိုက်၏။

“ အစည်းအဝေးချိန်ကိုလည်း သူပဲ သတ်မှတ်ပြီး ပြောသေးတာ ဘယ်သူမှ နောက်ကျလို့ မရဘူး.. ခုကျတော့ သူကိုယ်တိုင် နောက်ကျနေပြီး လူတိုင်းကို စောင့်ခိုင်းနေတယ်…”

ထိုစကားကို သာမန် အင်ဂျင်နီယာ တစ်ဦး ပုံစံ ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးမှ ပြောလိုက်၏။ သူ၏ လေသံက စုန့်ကျားယွီ၏ ယခုလို အမူအရာနှင့် ပတ်သက်ပြီး အတော်လေး မကျေမနပ် ဖြစ်နေဟန်ပင်။

“ အမြဲတမ်း ဒီလိုချည်းပဲ မဟုတ်ဘူးမလား .. လုပ်ချင်ရင် လောလော လောလောနဲ့ … ထည့်သွင်းစဉ်းစားတာမျိုးလည်း မရှိ….” လီကျန်းလင်မှ “ သူ့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပဲ ငါတို့ ကုမ္ပဏီ သေမလို ဖြစ်နေတာ မကြာခဏပဲ … အချိန်ကိုက် ရောက်လာတဲ့ သန်း ၃၀ ကြောင့်သာ မဟုတ်ရင် သူ့ကို စောက်ရေးလုပ်ပြီးတောင် စကားပြောမနေဘူး …”

“ ဒါပေမယ့် ငါသိချင်တာ သူ မနေ့က ဘယ်သွားပြီး ဘာတွေလုပ်လဲပဲ … သူ့ပုံစံ ကြည့်ရတာတော့ အတော်လေးကို လျှို့လျှို့ဝှက်ဝှက်နဲ့နော်….”

“ ငါတို့ကို ညွှန်ပြပေးမယ့် တစ်စုံတစ်ယောက် သွားရှာနေတာ နေမှာပေါ့ကွာ..” လီကျန်းလင် ပြောလိုက်ပြီး “ ငါလည်း အသေးစိတ်တော့ မကြားမိဘူး ….”

“ ဟင် … ညွှန်ပြပေးမယ် ဟုတ်လား …”

ကုမ္ပဏီရှိ ကျန်သူများအားလုံး စိတ်ထဲ ငြိုငြင်ကုန်ကြသည်။ “ ဒါက ငါတို့ရဲ့ ကုမ္ပဏီလေ…. ဘာလို့ ငါတို့ကို လမ်းညွှန်ပေးဖို့ သူများကို သွားရှာနေတာလဲ… ဒီကောင်မ ဘာတွေ ပတ်ရှုပ်ပြန်ပြီလဲ မသိပါဘူးကွာ…”

“ ငါတို့တွေ အလုပ်ထွက်ဖို့ စဉ်းစားသင့်ပြီ … သူ့ကို ဒီအတိုင်း ဆက်လုပ်ခွင့် ပေးထားလိုက်ရင် ကုမ္ပဏီ အနှေးနဲ့အမြန် ပျက်စီးသွားမှာ သေချာပေါက်ပဲ …”

“ တော်ပြီ တော်ပြီ… ငြင်းခုန်မနေကြနဲ့တော့ …” ကျန်းရှန့်ကျယ် ပြောလိုက်ပြီး “ သူ ခဏဆို ရောက်လာတော့မှာ … အဲ့ခါကျ ရှင်းအောင် လုပ်ကြတာပေါ့ … ငါတို့ရဲ့ ခွန်အားတွေကို ဒီလိုနေရာတွေမှာ အချိန်ဖြုန်းစရာ အကြောင်း မရှိဘူး …”

ထိုအခိုက်အတန့်တွင် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး စုန့်ကျားယွီ၏ အသံက တွဲလျက် ကပ်ပါလာသည်။

“ လာကြ လာကြ .. လူတိုင်းပဲ … ငါ ကျွမ်းကျင်တဲ့ နတ်မင်းကြီးကို ပင့်ခဲ့တယ်… သူက ဒီနေ့ ငါတို့ အစည်းအဝေးကို လမ်းညွှန်ပေးမှာ ….”

All Chapters