← Chapters

မိန်းမလှလေးရဲ့ မျက်ရည်

Vol. 108 Ch. 1610

မိန်းမလှလေးရဲ့ မျက်ရည်

Vol. 108 Ch. 1610

စုန့်ကျားယွီသည် လင်းရီကို ဆွဲခေါ်လာရင်း သူမ၏ လုပ်ဖော်ကိုင်ဖက်များမှ မတ်တပ်ရပ်၍ ကြိုဆိုကြလိမ့်မည်ဟု စိတ်ကူးယဉ်ထားခဲ့သည်။ သို့သော် အေးတိအေးစက် အမူအရာများဖြင့် ထိုင်ခုံ၌ ထိုင်လျက်သာ ရှိနေကြလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

ထို့ပြင် အားလုံး၏ မျက်နှာအမူအရာကလည်း ကောင်းမွန်လို့ မနေကြချေ။ အကုန်လုံးက အမူအရာ ကင်းမဲ့နေပြီး မကောင်းသည့် တစ်စုံတစ်ခု ဖြစ်ပျက်ထားသည့်နှယ်ပင်။

“ အာ…. ဘာဖြစ်နေကြတာလဲ … နင်တို့အားလုံး ဘာလို့ ဒီလိုပုံစံကြီးတွေ ဖြစ်နေကြတာလဲ …”

လင်းရီ ဘေးဘီဝဲယာကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ပြီး လေထုက တစ်ခုခုတော့ မဟုတ်သေးဟု ခံစားလိုက်ရ၏။

ဧကန္တ သူ့ကြောင့်များလော။

မဖြစ်နိုင်ပေ။

ပူပူနွေးနွေး ဆွေးနွေးနေကြပြီး ဖြစ်သော်လည်း စုန့်ကျားယွီနှင့် မျက်နှာချင်းဆိုင်သည့် အခါ၌ လူတိုင်းက တိတ်ဆိတ်နေကြ၏။ သူတို့အားလုံး ကျန်းရှန့်ကျယ်ကို ကြည့်နေကြပြီး ဦးဆောင်မှု ပြုပေးဖို့ရာ မျှော်လင့်နေသည်။

သူ၏ ဖုန်းကို ဘေးသို့ ချထားလိုက်ရင်း ကျန်းရှန့်ကျယ်သည် ခြေထောက်ကို စားပွဲပေါ်မှ ချလိုက်၏။ ထို့နောက် သူ့ကိုယ်သူ ဖုန်ခါခပ်လိုက်ရင်း စုန့်ကျားယွီအား ပြောလိုက်သည်။

“ ငါတို့ မင်းနဲ့ ပြောချင်တာလေး ရှိတယ်…”

“ အဲ့ဒီ မျက်နှာထားကြီး မလုပ်စမ်းပါနဲ့ … လိုရင်းကို တန်းပြော …. စာချုပ် မအောင်မြင်လို့လား … ဒါမှမဟုတ် ပိုက်ဆံ မလောက်တော့လို့လား …”

“ တစ်ခုမှ မဟုတ်ဘူး …” ကျန်းရှန့်ကျယ် ပြောလိုက်ပြီး “ ငါတို့ နှုတ်ထွက်ဖို့ ဆုံးဖြတ်ထားတယ်…. လူတိုင်းလည်း ဒီနေ့ အစည်းအဝေးမှာ ရှိနေတယ်ဆိုတော့ မင်းကို ပြောပြဖို့ အချိန်ကောင်းပဲ ….”

“ နင်တို့က နှုတ်ထွက်မယ် ဟုတ်လား ….”

ဤသတင်းကို ကြားလိုက်ရတော့ စုန့်ကျားယွီ၏ မျက်ဝန်းတို့ မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့တော့သည်။

“ ဘာလို့ နှုတ်ထွက်မှာလဲ …. မနေ့တုန်းကပဲ အားလုံး အဆင်ပြေချောမွေ့နေတယ် မဟုတ်လား ….”

“ ဘာလို့လဲ မမေးနဲ့ … ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ ဒီမှာ အလုပ်ဆက်မလုပ်နိုင်တော့ဘူး …”

“ ဒါရိုက်တာစုန့် … ဒါက ငါတို့ရဲ့ နှုတ်ထွက်စာပါ ….”

ကျန်သည့် ကုမ္ပဏီ ဝန်ထမ်းများလည်း တစ်ယောက်ပြီး တစ်ယောက် လျှောက်လာကြကာ နှုတ်ထွက်စာကို စုန့်ကျားယွီလက်ထဲသို့ အပ်လိုက်ကြသည်။

လင်းရီ ခေါင်းမကုတ်ပဲ မနေနိုင်ချေ။ အရာအားလုံးက တော်တော်လေး ဆန်းကြယ်လှသည်ဟု ခံစားနေရ၏။

သူက ဤနေရာသို့ တစ်ချက် ကြည့်ရန် ရောက်လာသော်လည်းပဲ ယခုလို မြင်ကွင်းမျိုးနှင့် ပက်ပင်းတိုးလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

သို့ပေမယ့် ယခုလို လူများစွာမှ တစ်ပြိုင်တည်း နှုတ်ထွက်စာ တင်သည်ကတော့ နည်းနည်းလေး မူမမှန်နေချေ။

“ ကျန်းရှန့်ကျယ် … နင် ဒါ ဘာသဘောလဲ….” စုန့်ကျားယွီ မေးခွန်းထုတ်လိုက်၏။

“ ငါ တခြားသူတွေကိုတော့ ဘာမှ မပြောလိုဘူး … သူတို့က ဒီတိုင်း ကုမ္ပဏီ ဝန်ထမ်းတွေပဲ … နင်နဲ့ ငါကတော့ တည်ထောင်သူတွေလေ…. နင်လည်း ထွက်တော့မလို့လား … ကုမ္ပဏီရဲ့ အနာဂတ်ကို နင် ဆက်ပြီး အယုံအကြည် မရှိတော့ဘူးလား … နင် ငွေကြေး လွတ်လပ်မှုကိုရော မလိုချင်တော့ဘူးလား ….”

“ မင်းရဲ့ အစွမ်းအစနဲ့ …. ဒီလို နေရာမျိုးမှာ ငွေကြေး လွတ်လပ်မှု ရဖို့ တော်တော်လေး ခက်မှာကို စိုးရွံ့မိတယ်… ဒါကြောင့်မို့ ငါ မင်းနဲ့ ဆက်ပြီးမှ အလုပ်အတူ မလုပ်နိုင်တော့ဘူး ….”

စုန့်ကျားယွီ၏ မျက်နှာ အမူအရာ အေးစက်သွားခဲ့သည်။ ကုမ္ပဏီက အရေးကြီးသည့် အချိန်အခါသို့ ရောက်နေစဉ်တွင် ယခုလိုဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ Blue Whale နည်းပညာက နင်တို့ကို လာပြီး စည်းရုံးထားလို့လား …” စုန့်ကျားယွီ အေးစက်သည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ ငါတော့ ပြန်ဖြေစရာ အကြောင်း မရှိဘူးလို့ ထင်တာပဲ … ငါ ကောင်းကောင်းမွန်မွန်လေးပဲ လမ်းခွဲချင်တယ်… မေးခွန်းတွေ အများကြီး မေးနေလို့ မထူးဘူး …” ကျန်းရှန့်ကျယ် ပြောလိုက်သည်။

“ ဒါက စီးပွားရေး အပေးအယူ မဟုတ်ဘူး … နင်တို့က သေချာ စဉ်းစားပြီးပြီ ဆိုမှတော့ ငါလည်း နင်တို့ကို နေပါလို့ အတင်း တိုက်တွန်းမနေဘူး…. ကိုယ့်ပစ္စည်းကိုယ် သိမ်းပြီး ပြန်ကြတော့ ….”

“ ဘိုင့် ဘိုင့် ….”

ကျန်းရှန့်ကျယ်နှင့် ကျန်သူများအားလုံး ကုမ္ပဏီထဲမှ တုံ့ဆိုင်းခြင်း မရှိ ထွက်ခွာသွားခဲ့ကြသည်။

စုန့်ကျားယွီသည် ဆံပင်ကို သပ်ရင်း ဘေးရှိ ထိုင်ခုံအား ကန်ကျောက်လိုက်၏။

“ အဲ့ဒီ မျိုးမစစ်တွေ……”

“ စိတ်အေးအေးထား …” လင်းရီ ပြောလိုက်ပြီး “ ဒါလည်း အဆိုးထဲက အကောင်းပဲ မဟုတ်လား … ကုမ္ပဏီက အခု အရင်လောက်လည်း ခက်ခဲတော့တာ မဟုတ်တာကို ဝန်ထမ်းပြောင်းလိုက်တော့လဲ ကုမ္ပဏီရဲ့ အနာဂတ်တွက် အကျိုးရှိတာပေါ့ …”

“ သူတို့ ထွက်သွားကြလို့ ငါ စိတ်နေတာ မဟုတ်ဘူး … အဲ့ဒီ Blue Whale နည်းပညာကြောင့်ပဲ …. စိတ်တိုဖို့ ကောင်းလိုက်တာ …”

“ မင်းတို့နဲ့ ပြိုင်ဘက်လား … ဘာလို့ နာမည်က ရင်းနှီးသလို ရှိနေတာပါလိမ့်….”

“ သူတို့နာမည်နဲ့ ADHD လို့ခေါ်တဲ့ fitness အက်ပ် တစ်ခု ရှိတယ်လေ… ငါတို့ စပြီး အောင်မြင်မှုတွေ ရတော့ သူတို့တွေ ငါ့ဆီ ရောက်လာခဲ့တယ်… ဝယ်ဖို့ပေါ့ .. ဒါပေမယ့် ငါက ဘာလို့ ရောင်းရမှာ … ဒီခု သူတို့တွေ အစုလိုက် အပြုံလိုက် နှုတ်ထွက်သွားကြတာလည်း Blue Whale ရဲ့ စနက် ကင်းမယ် မထင်ဘူး …”

“ မင်းဘယ်လောက်တောင် စိတ်ဆိုးပြီး ဒေါသထွက်နေလဲ မြင်တော့ မင်းရဲ့ စီးပွားရေး လမ်းကြောင်းက ခက်ခဲမယ်ဆိုတာ ငါ ကြိုသိနေပြီ… ပြောရရင် မင်းက စီးပွား‌ရေးလုပ်ဖို့ မသင့်ဘူး …”

“ ဘာလို့လဲ ………….”

“ ဘာလို့ဆို ဒါတွေက ပုံမှန်ပဲမို့လေ.. လမ်းခရီးမှာ ချောမွေ့တယ်ဆိုတာ မရှိဘူး …” လင်းရီ ပြောလိုက်ပြီး “ တစ်စုံတစ်ယောက်က လင်းယွင်အုပ်စုရဲ့ လက်အောက်မှာ ရှိတဲ့ DIDI ကို ယွမ် ၄၀၀ ဘီလီယမ်နဲ့ ရှယ်ယာထိုးကျအောင် လုပ်တုန်းက ငါလည်း မခက်ခဲဘူးလို့ မင်းထင်လား …”

“ မင်းထင်နေတာ ဒါကို ကလေးတွေ ကစားသလိုပဲလို့ ထင်နေတာလား … အရာအားလုံးက မင်းစိတ်ကူးထဲက အတိုင်း ဖြစ်လာမယ်လို့ ထင်လား … လောကကြီးသာ အဲ့လောက်ထိ အံ့အားသင့်ဖို့ ကောင်းနေရင် ခေါင်းမိုးပေါ်က ခုန်ချတဲ့ လူတွေဆိုတာလည်း ဘာလို့ ရှိနေတော့မှာ …”

လင်းရီ၏ အကြံပေးချက်ကို နားထောင်ပြီးနောက် စုန့်ကျားယွီ၏ စိတ်အခြေအနေမှာ အများအပြား ကောင်းမွန်လာသည်။

သူ့ ခဲအို၏ ခက်ခဲမှုတို့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူမ လက်ရှိ ရင်ဆိုင်နေရသည်တို့က ဘာမှ မဟုတ်သေးချေ။

“ ငါ နားလည်ပြီ ခဲအို …. ညနေကျရင် ဝန်ထမ်းအသစ်တွေ ပြန်ခေါ်မယ်… သူတို့မရှိလည်း ငါ စုန့်ကျားယွီ တစ်ယောက်တည်းနဲ့ ဒီကုမ္ပဏီကို မပံ့ပိုးပေးထားနိုင်ဘူးဆိုတာ မယုံဘူး …”

သူမ၏ အခြေအနေ ကောင်းမွန်လာသည်ကို မြင်တော့ လင်းရီသည် ထိုင်ခုံ တစ်လုံး ဆွဲယူ၍ အစည်းအဝေး စားပွဲတွင် ထိုင်လိုက်သည်။

“ ဒါဆိုလည်း အချိန်ဖြုန်းမနေနဲ့တော့ …. ငါ နေ့လည်ကျရင် တခြား လုပ်စရာတွေ ရှိသေးတယ်… မင်းရဲ့ ကုမ္ပဏီ အကြောင်း ငါ့ကို အရင်ပြော…”

“ အွန်း ….”

လင်းရီ သူမအနောက်တွင် ရှိနေသဖြင့် စုန့်ကျားယွီထံတွင် ယုံကြည်ချက်တို့ အများအပြား ရှိနေခဲ့၏။ သူမ၏ လက်တော့ကို ထုတ်လိုက်ရင်း ပြင်ဆင်ထားသည့် ပလန်များအား ပြသရန် ဟန်ပြင်လိုက်၏။

“ ဘာတွေ ဖြစ်နေတာလဲ … ဘာဖြစ်လို့ ဘာမှ မရှိတော့တာလဲ…”

စုန့်ကျားယွီ၏ အာမေဋိတ်အသံက လင်းရီကို နိုးကြားသွားစေခဲ့သည်.

“ ဘာတွေ မရှိတော့တာ ….”

“ core data နဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေလေ….”

စုန့်ကျားယွီသည် ဖိုင် သိုလှောင်ခန်းအတွင်းသို့ ပြေးသွားကြည့်လိုက်ပြီး အထဲတွင် အရေးမပါသည့် ဖိုင်မှတ်တမ်းအချို့သာလျှင် ကျန်ရစ်နေတော့ကြောင်းကို သတိပြုမိလိုက်သည်။

Gym အမျိုးမျိုးနှင့် ချုပ်ဆိုထားသည့် စာချုပ်များ၊ အခြား နည်းပညာ သဘောတူညီချက် စာချုပ်များအားလုံး မရှိကြတော့ပေ။

စုန့်ကျားယွီ အံ့ဩဘနန်း ဖြစ်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် ပျောက်သွားခဲ့သည်များက ကုမ္ပဏီ၏ အုတ်မြစ်များဖြစ်နေသောကြောင့် ဖြစ်လေသည်။

အကယ်၍ ဝန်ထမ်းများ ထွက်သွားခဲ့သည်ဆိုပါက သူမ လူကို ကြိုက်သလောက် ပြန်ငှား၍ ရသည်။ သို့သော် အဓိက ဒေတာ အချက်အလက်များ မရှိပါဘဲနှင့်တော့ ကုမ္ပဏီကို ဆက်လက် လည်ပတ်ဖို့ရန် မဖြစ်နိုင်ပေ။

“ အဲ့ သေသင့်တဲ့လူတွေ အကုန်ယူသွားတာပဲ ဖြစ်ရမယ်….”

“ သူတို့ ဒီလောက်ထိ ကောင်းကောင်းမွန်မွန်နဲ့ ထွက်သွားမှာ မဟုတ်ဘူးလို့တော့ ထင်သားပဲ … ညှီနံ့ တစ်ခုခုတော့ ရှိရမယ်လို့ တွက်ထားတာ လက်စသတ်တော့ ပြဿနာက ဒီမှာ လာဖြစ်နေတာကိုး …..”

“ အဟင့် အဟင့် အဟင့် …..”

စုန့်ကျားယွီသည် ထိုင်ခုံသို့ အရုပ်ကျိုးပြတ် ထိုင်ချလိုက်ရင်း ခါးသီးစွာ ငိုကြွေးနေမိ၏။

သူမ အချိန်ကြာအောင် ကြိုးပမ်း အားထုတ်လာခဲ့ရသမျှ အရာအားလုံး အချည်းနှီး ဖြစ်ရလေပြီ။

အတိတ်တွင်တုန်းကတော့ သူမ၏ ဝမ်းကွဲ အစ်မမှတဆင့် ဈေးကွက်၏ မည်မျှ ယုတ်မာ ကောက်ကျစ်ပုံ၊ ရက်စက်ကြပုံတို့ကို ကြားဖူးနားဝ ရှိခဲ့ဖူးသည်။ ယနေ့ ကိုယ်တိုင် ကြုံတွေ့ လိုက်ရသည့် အချိန်တွင်တော့ လုံးဝ လွယ်ကူနေခြင်း မရှိပေ။

“ ဘာလို့ ငိုနေမှာလဲ … ခေါင်မိုးထိပ်ကနေ ခုန်ချပြီး အားလုံး တစ်ခါတည်း အဆုံးသတ်လိုက်ရင်တောင် အနည်းဆုံးတော့ ကိုယ့်အတွက် စိတ်ထွက်ပေါက်ရဦးမယ်…”

“ ဘယ်လိုပဲ ဖြစ်ဖြစ် ငါက နင့်ရဲ့ ယေင်းမလေ… နင် အဲ့လို စကားမျိုး ပြောစရာလား ….” စုန့်ကျားယွီ ရှိုက်တငင်ငင်ဖြင့် ငိုကြွေးရင်း ပြောလိုက်ပြီး “ အလှလေး တစ်ယောက်လုံး သူ့ရှေ့မှာ ငိုနေတာကို နင် စကား အကောင်းလေး ဘာလေး မပြောတတ်ဘူးလား ……”

လင်းရီ “ ….. “

ဘယ်လို မိန်းမလှလေးက ငိုမှာ မို့လို့ …..

“ ဒီနောက်ကွယ်မှာ Blue Whale ရှိနေတယ်ဆိုတာ မင်း သေချာလား ….”

“ သူတို့ပဲ ဖြစ်ရမယ် … နှစ်ခါ စဉ်းစားနေစရာကို မလိုတာ ….” စုန့်ကျားယွီ ပြောလိုက်ပြီး “ ကျန်းရှန့်ကျယ်က နည်းပညာဘက် ပိုအားသန်ပြီးမှ အပြင်ထွက်ပြီး ရင်းနှီးမြုပ်နှံသူတွေ ရှာဖို့ မသင့်တော်ဘူး … သူ့မှာ နည်းပညာ ကျွမ်းကျင်မှုတွေ ရှိတယ်ဆိုရင်တောင်မှ ရန်ပုံငွေ အာမခံပေးနိုင်မယ်လို့ မဆိုလိုဘူး …. သူတစ်ယောက်တည်း သပ်သပ် သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး …”

“ ဒီလိုပုံစံနဲ့ ကြည့်လိုက်တော့လည်း အခြေအနေက ပိုပိုပြီး သိသာလာပြီ…” လင်းရီ ပြောလိုက်ပြီး “ မင်း ကုမ္ပဏီရဲ့ အဓိက အချက်အလက်တွေကို သူပဲ ယူသွားတာ ဖြစ်ရမယ်… ပြီးရင် Blue Whale မှာ ရှယ်ယာနဲ့ အဆင့်အတန်းကို လဲမယ်…. သူ့ ရည်ရွယ်ချက်က ရှင်းနေတာပဲ …”

“ ဟွန့် …. သူ့ပုံစံ ကြည့်တာနဲ့ ဘယ်လောက်တောင် အမြော်အမြင် မရှိလိုက်လဲဆိုတာ ပြောနိုင်တယ်… သူသာ ငါနဲ့ လက်တွဲပြီး အလုပ်လုပ်ရင် အနာဂတ်လည်း တောက်ပနေမှာကို ဒီလို လုပ်ဖို့ ရွေးချယ်တယ်ဆိုတော့ ဘာ စိတ်အား ထက်သန်မှုမှ မရှိဘူးဆိုတာ ရှင်းနေတာပဲ …”

“ မသေချာတဲ့ အနာဂတ်ကို စောင့်နေမယ့် အစား အချိန်မီ ပိုက်ဆံ ပြန်ထုတ်လိုက်တာက ပိုကောင်းတယ်လေ…. အဲ့လိုမှ သူ့ကိုယ်ပိုင် စီးပွားရေး ပြန်စဖို့ အရင်းအနှီး ရှိမှာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ငါပြောပြမယ်.. ဒီနေ့မှာ အောင်မြင်ကျော်ကြားနေတဲ့ 90 ရာခိုင်နှုန်းတော့ လုပ်ငန်းတွေက သန့်ရှင်းကြတာ မဟုတ်ဘူး .. ဒါက ပုံမှန်လည်း ဟုတ်သလို ပုံမှန်လည်း မဟုတ်တဲ့ စီးပွားရေး လောဂျစ်ပဲ … မင်း ဒီ နယ်ပယ်မှာ ကျင်လည်တာ ကြာပြီး လူတော်တော်များများနဲ့ ထိတွေ့ဆက်ဆံဖူးပြီးသွားရင် ငါ ပြောချင်တာကို နားလည်လာလိမ့်မယ်….”

All Chapters