မကြာခင် ပိတ်ရတော့မယ်
Vol. 108 Ch. 1612
ကျွတ်ဆတ်သည့် အသံတစ်သံက ငြိမ်သက်နေသည့် အဆောက်အဦးအတွင်း ပျံ့နှံ့သွားခဲ့၏။
လူတိုင်း၏ မျက်လုံးနှင့် ပါးစပ်တို့မှာ ပြူးကျယ် ပွင့်အာနေကြပြီး မည်သူကမျှ သူတို့ရှေ့ရှိ လူချောလေးသည် လူကို ယခုလို ရိုက်နှက်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
ထို့ပြင် ဤသည်ကလည်း တစ်ဖက်လူ၏ ပိုင်နက် အတွင်း၌ ဖြစ်၏။
နောက်တွင် ရပ်နေရင်း စုန့်ကျားယွီ၏ မျက်ဝန်းထဲတွင် ကြယ်တို့ တလက်လက် တောက်ပနေသည်။
အစ်မကျီက ခဲအိုအကြောင်း ပြောတဲ့အချိန်တိုင်း ဖန်ဂဲလေးလို ဖြစ်နေတာ မဆန်းတော့ပါဘူး… ဘယ်သူကရော ဒီလောက် ယောက်ျားပီသတဲ့ အမျိုးသားလေးကို မနှစ်သက်ဘဲ နေနိုင်မှာလဲ…
စွန်းဝေ့ မျက်နှာကို လက်ဝါးဖြင့် အုပ်ထားရင်း ကြောင်အမ်းနေလျက် ရှိသည်။ လင်းရီ၏ ရိုက်ချက်ကြောင့် သူ မင်သက်သွားခဲ့သည်မှာ သိသာလှ၏။
“ မင်းဘာမင်း မောက်မာတာ ကိစ္စမရှိဘူး … ဒါပေမယ့် ဟန်တော့ တအားမများနဲ့ …”
“ မင်းကများ ….. ငါ မင်းကို သတ်ပစ်ဝံ့တယ်ဆိုတာ ယုံလား …”
စွန်းဝေ့ ရူးသွပ်သွားခဲ့ပြီး အနီးနားရှိ ထိုင်ခုံကို ကောက်၍ လင်းရီထံကို ပစ်ပေါက်လိုက်သည်။ “ ငါမင်းကို သတ်မယ်…”
လင်းရီ ဘာမျှ မဆိုချေ။ ထိုအစား တည်ငြိမ်သည့် အပြုံးဖြင့် စွန်းဝေ့ကို ထပ်မံကန်ကျောက်လိုက်လေသည်။
ဝှစ် …
သူ၏ ခွန်အား အပြည့်မထည့်ထားသော်လည်း ဤ ကန်ချက်က စွန်းဝေ့လို လူကောင်ကြီးကိုပင် အမှိုက်တစနှယ် လွင့်ထွက်သွားစေနိုင်ဆဲပင်။
“ ဥက္ကဌစွန်း….”
ကျန်းရှန့်ကျယ်သည် လက်ပါးစေတစ်ယောက်ကဲ့သို့ အံ့အား သနားစွာ မြည်တမ်း၍ စွန်းဝေ့အား အပြေးလေး ဖေးမပေးသည်။ ထို့နောက် လည်ချောင်းကွဲ မတတ် အော်ဟစ်လိုက်၏။
“ မင်းတို့ လုံခြုံရေးတွေ ဘယ်ရောက်နေကြလဲ … လာကြစမ်း …”
ကျန်းရှန့်ကျယ် လှမ်းခေါ်နေရန်ပင် မလိုချေ။ လင်းရီ ပါးရိုက်ပြီးသည့်နောက်တွင်ပဲ ဧည့်ကြို ကောင်မလေးမှ လုံခြုံရေး အစောင့်များအား လှမ်းခေါ်ထားပြီး ဖြစ်သည်။
သို့သော် လင်းရီနှင့် ရင်ဆိုင်ရာတွင် လုံခြုံရေးဝန်ထမ်း နှစ်ဦးသည်လည်း မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ သူတို့၏ အလိုလိုသိစိတ်က ပြောပြနေသည်မှာ သူတို့ရှေ့ရှိ ဤလူသည် သာမန်ညောင်ည လူတစ်ဦး မဟုတ်ဟု ဆက်တိုက် သတိပေးနေလျက် ရှိ၏။
စွန်းဝေ့ သူ၏ ရင်ဘက်ကို ဖိနှိပ်ထားရင်း ကျန်းရှန့်ကျယ်ကို အားပြုကာ မတ်တပ်ရပ်လိုက်သည်။ သူ လင်းရီကို စူးရဲစွာ စိုက်ကြည့်လျက် “ ငါ မင်းလို အရိုင်းအစိုင်းနဲ့ အာရုံမနှောက်ချင်ဘူး … မင်းရဲ့ ဉာဏ်ရည် အဆင့်အတန်းနဲ့ စီးပွားရေး လုပ်နေတယ် ဆိုကတည်းကရင် အခွင့်အရေး ယူလှည့်ပါလို့ တောင်းဆိုနေသလိုပဲ …”
“ စုန့်ကျားယွီ… ငါတို့ အရင်က လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးတာကို နောက်ဆုံး အကြိမ် ထောက်ရှုပြီး သတိပေးလိုက်မယ်… မင်း အမြန် ထွက်သွားလိုက် … မဟုတ်ရင် ရဲကို ဖုန်းဆက်ရလိမ့်မယ်….”
“ နင်တို့ကပဲ ပြောရတယ်ရှိသေး … တကယ်လို့ ရဲခေါ်ကြေးဆို ခေါ်ရမယ့်လူက ငါပါဟဲ့ …” စုန့်ကျားယွီ ထေ့ငေါ့သံ အပြည့်ဖြင့် ချေပလိုက်သည်။
“ ရဲခေါ်ပြီး ဘာလုပ်မှာ … ငါတို့ရဲ့ လုပ်ရပ်တွေက စီးပွားရေး စံသတ်မှတ်ချက် အတွင်းမှာပဲ … မင်းရဲ့ ညံ့ဖျင်း ပေါ့ဆမှုကြောင့် ဖြစ်တာတွေကို သူများအပေါ် အပြစ်လာပုံချမနေနဲ့ … ပြန်ပြီး တခြားအလုပ် သွားရှာလုပ်ချည် … မင်းရဲ့ ဦးနှောက်လေးနဲ့ စွန့်ဦး စီးပွားရေး လုပ်ဖို့ မတန်ဘူး …”
“ နင် ……”
စုန့်ကျားယွီ ရင်ဘက်ကြီး နိမ့်ချည် မြင့်ချည် ဖြစ်သည်အထိ ဒေါသထွက်သွားခဲ့သည်။
ရဲခေါ်လျှင်လည်း အသုံးမဝင်သည်ကို သူမကိုယ်၌ သိပါသည်။ ကျန်းရှန့်ကျယ်က ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုလုပ်သွားခဲ့ခြင်းပင်။ အနောက်တွင် မည်သည့် သက်သေပစ္စည်းကိုမျှလည်း ချန်ထားရစ်ခဲ့ခြင်း မရှိသဖြင့် ရဲတွေကလည်း သူ့ကို အရေးယူနိုင်လိမ့်မည် မဟုတ်ချေ။
“ ကဲပါ … ဒေါသထွက်မနေနဲ့တော့ … သူတို့ ကုမ္ပဏီလည်း ကြာတော့မှာ မဟုတ်ဘူး …”
“ ဟင် … ဘာပြောတယ်… ငါတို့ ကုမ္ပဏီက ကြာတော့မှာ မဟုတ်ဘူး ဟုတ်လား … မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာ … ငါတို့ကို အဲ့လို စကားမျိုး ပြောရအောင် မင်းက ဘာကောင်မို့လို့ ….”
စွန်းဝေ့ နှာမှုတ်လိုက်ပြီး “ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ငါလည်း ရှင်းအောင် ပြောပြလိုက်မယ်… ငါတို့ဘက်က မင်းတို့ အရင် လက်တွဲလုပ်ခဲ့တဲ့ gym တွေနဲ့ ဆက်သွယ်ပြီး စာချုပ်ရအောင် ပြန်ချုပ်မယ် … အဲ့ခါကျရင် ပြည်တွင်း fitness မားကတ်ရဲ့ ၇၀ ရာခိုင်နှုန်းကို ငါတို့ သိမ်းပိုက်နိုင်ပြီ… အဲ့ခါကျရင် ရင်းနှီးမြုပ်နှံသူတွေကလည်း ငါတို့ဆီ ချဉ်းကပ်လာမှာပဲ … ငါတို့ရဲ့ အနာဂတ် တိုးတက်ဖွံ့ဖြိုးမယ့် အလားအလာက ဒီလောက်ကောင်းနေတာကို မင်းကများ ငါတို့ကို မကြာတော့ဘူးလို့ လာပြောနေတယ်… မင်းက ကြောင်နေတာ မဟုတ်ရင် တစ်ခုခုပဲ …”
Blue Whale နည်းပညာ၏ အမှုဆောင် အဖွဲ့ဝင်များလည်း ကျယ်လောင်စွာ ရယ်မောလိုက်မိကြသည်။
“ ကုမ္ပဏီက တစ်နေ့ထက်တစ်နေ့ ကြီးထွားလာနေတာကို ပိတ်လိုက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … ငါတော့ ဒီကောင် ဆေးမှားသောက်လာတယ်လို့ ထင်တာပဲ …”
“ ငါတော့ ဒီကောင် ကြံရာ မရတဲ့အဆုံး ကိုယ့်ကိုယ်ဖြေသိပ်နိုင်အောင် ဆိုပြီး ပါးစပ်ထဲ ရှိရာတွေ လျှောက်ပြောနေတယ် ထင်တာပဲ …”
“ ပြောမရဘူး .. ဒီကောင် ငါတို့ကို အောက်လမ်းနည်းတွေနဲ့ သွားပြီး ကျိန်ဆဲရင် ကျိန်ဆဲနေမှာ ဟားဟားဟား ….”
“ ပညာ မတတ်တဲ့ အရိုင်းအစိုင်းလေးတွေက အဲ့လိုပဲ လုပ်တတ်တာလေကွာ … ဟားဟားဟား ….”
“ စုန့်ကျားယွီ … မင်းတို့နှစ်ယောက် ဒီမှာလာပြီး ကိုယ့်အရှက်ကိုယ် ခွဲနေတာတွေ ရပ်လိုက်ဖို့ အကြံပေးလိုက်မယ်… စောနလေးတင်ပဲ စီအီးအိုစွန်းက ယွမ် သန်း ၆၀ တန် ရင်းနှီးမြုပ်နှံမှု တစ်ခု ရအောင် လုပ်နိုင်ခဲ့တယ်… ပြီးတော့ ကုမ္ပဏီတွေ အများကြီးကလည်း ငါတို့ဆီ ချဉ်းကပ်လာနေကြပြီ… ဒီနေရာက လက်တွေ့ဆန်တဲ့ စီးပွားရေးလောကကြီး … မင်းရဲ့ သောက်ရေးမပါတဲ့ စကားလုံးတွေ အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ နေရာမဟုတ်ဘူး … ဒီတိုင်း အေးဆေး ထွက်သွားလိုက်တော့ …”
လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်တော့ ၁၁ နာရီ ကျော်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
“ ငါ့မှာ အချိန်နည်းနည်းရသေးတယ်ဆိုတော့ မင်းတို့နဲ့ ခဏလောက် ကစားပေးရတာပေါ့ …”
ပြောပြီးနောက် လင်းရီသည် ဖုန်းထုတ်၍ သူ၏ အဆက်အသွယ် စာရင်းတွင်ရှိ ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
“ ယွီဟန်က Blue Whale နည်းပညာလို့ ခေါ်တဲ့ ကုမ္ပဏီအောက်မှာ ရှိတဲ့ အက်ပ်တွေအားလုံးမှာ ပြဿနာ ရှိနေတယ်… အားလုံးကို ပိတ်ပင်ပစ်ဖို့ အကြံပေးချင်တယ်…”
“ ကောင်းပြီလေ… မြန်လေ ကောင်းလေပဲ …”
“ ဟားဟား ဒီလိုပါပဲ … အိုကေ ကျေးဇူးပဲနော်… ရန်ကျင်းလာဖြစ်ရင် ထမင်းလိုက်ကျွေးမယ်…”
“ ဒါပေါ့ ဒါပေါ့ ရပါတယ်… အားနာနေစရာ မလိုပါဘူး …”
ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်ကာ လူတိုင်း၏ အကြည့်က သူ့ထံ စုပြုံလို့ နေလေသည်။
“ ခဲအို … နင် ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ …”
“ အင်တာနက် စောင့်ကြည့်ထိန်းသိမ်းရေး ဗျူရိုနဲ့လေ…”
“ အင်တာနက် စောင့်ကြည့်ထိန်းသိမ်းရေး ဗျူရို … “ စုန့်ကျားယွီ မျက်လုံး ပေကလပ် ပေကလပ်ဖြင့် ကြည့်လိုက်မိပြီး “ နင်က အဲ့ဒီ အပိုင်းမှာရော အဆက်အသွယ်တွေ ရှိတယ်ပေါ့ …”
“ အင်း ဆိုပါတော့ … “
လျန်မိသားစုက နိုင်ငံ၏ အင်တာနက် စောင့်ကြည့်ရေး ဗျူရိုတွင် အတော်လေး ပြောရေးဆိုပိုင်ခွင့်ရှိသည်။
လင်းရီသည်လည်း လျန်မိသားစုနှင့် ဆက်နွယ်နေသဖြင့် သူ၏ စကားလုံးတို့က ဝိတ်ရှိသည်မှာ မထူးဆန်းပေ။
ပြီးနောက် လင်းရီသည် နောက်ထပ် နံပါတ်တစ်ခုကို နှိပ်၍ လုရန်မင်ထံ ဖုန်းခေါ်လိုက်သည်။
“ အတွင်းရေးမှူးလု … ဒီ ယွီဟန်မှာ Blue Whale နည်းပညာလို့ ခေါ်တဲ့ ကုမ္ပဏီ တစ်ခုရှိတယ်… ခင်များဘက်က သက်ဆိုင်ရာ စစ်ဆေးတဲ့ ဌာနတွေကို ဒီလွှတ်ပေးလိုက်လို့ရလား … ကျုပ် ဒီမှာ သူတို့တွေက မသမာတဲ့ နည်းလမ်းတွေနဲ့ ပြိုင်ဘက်တွေကို ဖယ်ရှားနေတယ်ဆိုပြီး သတင်းရထားလို့ …”
“ ကောင်းပြီလေ… မြန်လေ ကောင်းလေပဲပေါ့ဗျာ…”
နှစ်ယောက်သား ငါးမိနစ်ကြာအောင် ဖုန်းပြောခဲ့ကြသည်။ သို့သော် အခန်းတွင်းရှိ မည်သူကမျှ အသက်ကျယ်ကျယ် မရှူဝံ့ကြချေ။
“ ခဲအို … နင် ပြောတဲ့ အတွင်းရေးမှူးလုဆိုတာ ယွီဟန်မြို့ရဲ့ အကြီးအကဲ ခေါင်းဆောင်ကို ပြောနေတာလား …”
“အင်း … လုရန်မင်လေ…” လင်းရီ ပြောလိုက်ပြီး “ ငါ မနေ့က ထွက်လာတာ သူနဲ့တွေ့ဖို့ပဲ …”
“ အတွင်းရေးမှူးလု …”
ထိုစကားလုံးများကို ကြားတော့ စွန်းဝေ့နှင့် ကျန်းရှန့်ကျယ်၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ကြသည်။
“ မင်း … မင်း တကယ်ကြီး အတွင်းရေးမှူးလုနဲ့ သိနေတယ်ပေါ့ …”
“ ရှော့ခ်ရသွားလား … အံ့အားသင့်သွားသလား …”
“ လူကို လာပြီး လိမ်ရိုက်မနေနဲ့ … မင်းက အဲ့လို ပုဂ္ဂိုလ်ကြီးနဲ့ တကယ်သိနေတယ်ဆိုတာ ဘယ်သူက သိနိုင်မှာမို့လို့ …”
“ ငါနင့်ကို ပြောလိုက်မယ်… ငါ့ အစ်မက ကျိုးဟိုင် ချောင်ရန် အုပ်စုရဲ့ ဥက္ကဌ…. ငါ့ခဲအိုက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ… ငါ့ကို သန်း ၃၀ ရင်းနှီးမြုပ်နှံပေးခဲ့တာလည်း သူပဲ … သူ နင်တို့ကို စကားတစ်ခွန်းတည်းနဲ့ ဖြေရှင်းလိုက်လို့ရတယ်…”
“ လင်းယွင်အုပ်စု ….. “
သူတို့တွေ ချောင်ရန် အုပ်စု ဟူသည့် နာမည်နှင့်တော့ အတော်လေး စိမ်းသက်သက်နိုင်လှသည်။ သို့သော် လင်းယွင်အုပ်စုမှာတော့ လုံးဝ နာမည်ကြီးပင်။
ဤသည်က ဟွာရှ၏ ယူနီကွန်း ဖြစ်နိုင်ချေရှိသည့် ကုမ္ပဏီပင်။
အများပိုင် ကုမ္ပဏီအဖြစ် စာရင်းဝင်လိုက်သည်နှင့် ၎င်း၏ ဥက္ကဌသည် ချက်ချင်းလက်ငင်း ဟွာရှ၏ အချမ်းသာဆုံး သူဌေးကြီး တစ်ယောက် ဖြစ်လာနိုင်လေသည်။
အရေးကြီးဆုံးကတော့ ၎င်းတို့က လီတိုဂရပ်ဖီစက်ကို ဖန်တီးထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီး ကျောထောက်နောက်ခံ ကောင်းကောင်းကိုလည်း ပိုင်ဆိုင်ထားသည်။
ထိုကဲ့သို့ ဧရာမ ဂျိုင်းရက်ကြီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူတို့ကဲ့သို့ ကုမ္ပဏီအသေးစားလေးမှာ ပြောပလောက်သည် မဟုတ်ပေ။
“ မင်း … မင်းရဲ့ ခဲအိုက တကယ်ကြီး …….”
ကျန်းရှန့်ကျယ်၏ မျက်နှာ ဖြူဆုတ်သွားခဲ့ပြီး အူတွေလည်း နောင်တရလွန်း၍ စိမ်းညှို့နေချေပြီ။
စုန့်ကျားယွီ၏ အစွမ်းအစကို ဘေးချိတ်ထားလျှင်ပင် သူမ ခဲအို၏ နောက်ခံဖြင့် ကုမ္ပဏီ၏ အနာဂတ်က တလက်လက် တောက်ပနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သူ၏ လုပ်ရပ်တို့က သူ၏ အနာဂတ်ကို သူ့လက်သူ့ခြေဖြင့် ဖျက်စီးပစ်လိုက်သည်မှာ သံသယရှိနေရန် မလိုချေ။
“ စီးအီးအို စွန်း … စီအီးအို စွန်း ….”
စွန်းဝေ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေစဉ်မှာပဲ အလန့်တကြား အော်ဟစ်သံတစ်ခုက ပျံ့လွင့်လို့လာကာ ရုံးခန်းထဲကနေ သက်လတ်ပိုင်း အမျိုးသားတစ်ဦး သုတ်သီးသုတ်ပျာနှင့် ပြေးထွက်လာခဲ့၏။
“ ကျုပ်တို့ လက်အောက်မှာ ရှိတဲ့ အက်ပ် သုံးခုလည်း စတိုးပေါ်ကနေ ဖြုတ်ချခံလိုက်ရပြီ… အသုံးပြုတဲ့ user တွေလည်း ပုံမှန် log in လုပ်လို့ မရတော့ဘူး …”
“ စတိုးပေါ်က ဖြုတ်ချခံလိုက်ရတယ် ဟုတ်လား…”
“ အာဏာပိုင်တွေ ပေးပို့လာတာတော့ content တစ်ချို့ ပြင်ဖို့ လိုနေတယ်တဲ့ … ပြန်ပြီး တင်နိုင်မယ့် နေ့ရက်ကိုတော့ ခုထိ မသိရသေးဘူး …”
BOOM ….
အဆိုပါ သတင်းက စွန်းဝေ့နှင့် ကျန်းရှန့်ကျယ် အဖို့ မိုးကြိုးပစ်ခွင်းလိုက်သကဲ့သို့ပင်။
ဤသည်က သူတို့ရှေ့ရှိ လူ၏ စကားများကို သွယ်ဝိုက်၍ သက်သေပြရာလည်း ရောက်နေသည်။
သူ တကယ်ပဲ အင်တာနက် စောင့်ကြည့်ရေး ဗျူရိုကို ဖုန်းခေါ်ခဲ့၏။
ထိုသို့ဆိုလျှင် သူတို့တွေသည် တကယ့် ပုဂ္ဂိုလ်ကြီးကိုမှ အပြစ်ပြုမိပြီး သေမိန့်ကျလေပြီ မဟုတ်လော။
“ မင်းတို့ရဲ့ အက်ပ် ၃ ခုကို ဖြုတ်ချတယ်ဆိုတာ ဘာမှ မဟုတ်သေးဘူး … ခဏနေကျရင် စုံစမ်းစစ်ဆေးရေး အဖွဲ့ကလူတွေ ရောက်လာလိမ့်မယ်… တကယ့် ပွဲအစစ်က ခုမှ အစပဲ ရှိသေးတယ်…”
ပြောပြီးနောက် လင်းရီနှင့် စုန့်ကျားယွီတို့ ထွက်သွားခဲ့ကြသည်။
လင်းရီ၏ ထွက်ခွာသွားသည့် ပုံရိပ်အား ငေးမောနေရင်း လူတိုင်း ရှော့ခ်ရနေမိခဲ့၏။ သူတို့အားလုံး နတ်ဘုရား တစ်ပါး လာရောက်သွားသည်နှင့် ကြုံဆုံလိုက်ရသကဲ့သို့ပင်။