ညှိနှိုင်းလို့ အဆင်မပြေ
Vol. 108 Ch. 1614
“ ကျွန်မတော့ ဒီလိုတောင်းဆိုတာက နည်းနည်းလွန်တယ်လို့ ထင်တယ်…” ရှောင်ပင်း ကြားဝင်ပြောလိုက်ပြီး “ တုံးစန်းကောင်တီရဲ့ စီးပွားရေးက တိုးတက်လာနေပြီ ဆိုပေမယ့် သာမန်ကောင်တီ အတိုင်းအတာလောက်ပဲ ရောက်သေးတယ်… ဆရာ/မ တွေအတွက် လစာ ၃,၅၀၀နဲ့ အာမခံ ၃ ခုက တကယ်ကို မဆိုးဘူးလို့ ပြောလို့ ရနေပြီ…”
လင်းရီနှင့် လီချင်းခိုင်တို့၏ အတွေးကလည်း အတူတူပင်။ သူတို့လည်း တောင်းဆိုမှုက နည်းနည်းလည်း များလွန်းသည်ဟု ခံစားနေရ၏။
“ ကောင်တီကရော ဘယ်လိုမြင်လဲ …” လင်းရီ မေးလိုက်သည်။
“ သဘောတူဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ … မဟုတ်ရင် တခြား ဌာနက လူတွေပါ ကွန်ပလိန်း တက်ကုန်ကြမှာပေါ့ … အဲ့ခါကျ ငါတို့လည်း ကိုယ့် အထုပ်နဲ့ကိုယ် လစ်ရုံပဲ …”
“ ကောင်းပြီလေ… ကျွန်တော် တစ်ချက် သွားကြည့်လိုက်မယ်…”
“ မြန်မြန်သာသွား … မင်းမှာ အကြံဉာဏ်တွေက အများကြီးရှိတယ်… မင်း ဒီပြဿနာ ဖြေရှင်းပေးနိုင်ရင် အကောင်းဆုံးပဲပေါ့ … မဟုတ်ရင် အတွင်းရေးမှူးဝမ်လည်း ဒီကိစ္စနဲ့ ထိပ်ပြောင်တော့မယ်…”
လင်းရီ ရယ်မောလိုက်မိသည်။ “ ဒါဆိုရင်တော့ သေချာပေါက် ကူညီမှ ဖြစ်တော့မှာပဲ … ရှဲ့ကွမ်းခွန်လို ဖြစ်သွားရင် ကောင်းမှာ မဟုတ်ဘူး ဟားဟား ….”
“ အမှန်ပဲ … “
လီချင်းခိုင်နှင့် စကားခေတ္တ ပြောပြီးနောက် နှစ်ယောက်သား ကျောင်းရှိရာဘက်သို့ မောင်းနှင်လာခဲ့ကြသည်။
သူတို့ ကျောင်းကို ရောက်တော့ လီစီကျင်းက တံခါး အပြင်ဘက်တွင် စောင့်ဆိုင်းလို့နေသည်။
“ အစ်ကိုရီ … “
“ ငါတို့ လာမယ်ဆိုတာ သိတယ်ပေါ့ …”
“ အစ်ကိုလီ ဖုန်းဆက်လာခဲ့တာ …”
လင်းရီ ခေါင်းညိမ့်ပြီး သူတို့နှစ်ယောက်ကို အချင်းချင်း မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် ကျောင်း ရင်ပြင်သို့ လမ်းလျှောက်လာသည်။
“ ကျောင်းမှာ အခြေအနေ ဘယ်လိုရှိလဲ …”
“ ပြောမနေပါနဲ့ … ရုံးခန်းထဲမှာ ကျောင်းအုပ်ကြီးနဲ့ ဆရာ/မ တွေ ၂၀ လောက် ဆွေးနွေးညှိနှိုင်းနေကြလေရဲ့ …”
“ နေ့တိုင်း ဒီလိုပဲလား …”
“ ဒီလိုစဖြစ်တာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ … ပြီးတော့ သူတို့အားလုံး အိမ်ပြန်ကုန်ကြတာပဲ … ကလေးတွေကို အတန်းဆက်သင်နိုင်ဖို့ သက်ဆိုင်ရာ ဌာနခေါင်းဆောင်တွေကနေ ဆွေးနွေးပြီး သူတို့ရဲ့ လစာကို ယွမ် ၁၀၀ ထပ်တိုးပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်… ဒါကြောင့်မို့ သူတို့အားလုံးကို ဒီနေ့ ကျောင်းပြန်ခေါ်ပြီး အတွင်းမှာ အခု ဆွေးနွေးနေကြတာပဲ …”
“ ဒီကိစ္စကို ဘယ်သူက ဦးဆောင်နေတာ …”
“ ကျောင်းမှာ လျိုပေါင်းကော်ဆိုတဲ့ ထူးချွန် ဆရာ တစ်ယောက် ရှိတယ်… သူပဲ အုတ်အုတ်ကျက်ကျက် ဖြစ်အောင် စခဲ့တာ …” လီစီကျင်း ပြောလိုက်ပြီး “ မဟုတ်ရင် ဒီအတိုင်းအတာထိ ဘယ်ရောက်လာပါ့မလဲ ….”
“ ဒီလိုနေရာမျိုးမှာ ထူးချွန်ဆရာ တစ်ယောက် ရှိနေတယ်ပေါ့ …” ရှောင်ပင်း အံ့အားသင့်နေသည့် လေသံဖြင့် ပြောလာသည်။ “ သူတို့မှာသာ တကယ် အစွမ်းအစရှိရင် ယွီဟန်မှာ အလုပ်အေးဆေး ရှာလို့ ရပါတယ်…”
“ ငါ ဒီကို စစရောက်လာချင်းတုန်းကလည်း အစ်မပင်းလိုပဲ တွေးခဲ့တာ … ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သတိထားမိတာလာ ဒီ ဂုဏ်ပုဒ်က တန်ဖိုး သိပ်ရှိတာ မဟုတ်ဘူး … အထက်က ပေးထားတဲ့ နာမည်သပ်သပ်ပဲ … တစ်ကျောင်းကို တစ်ယောက်ပေါ့ … ဒီလိုနဲ့ အဲ့ဆရာက
ရလာတယ်ပေါ့ ..”
“ ဪ ….. နားလည်ပြီ…” လင်းရီ ပြောလိုက်၏။ “ လောလောဆယ် ဒီအကြောင်း နောက်မှ ပြောကြစို့ … လမ်းပြ .. ငါသွားပြီး တစ်ချက် ကြည့်ဦးမယ်…”
“ အိုကေ …”
လီချင်းခိုင်ကဲ့သို့ပင် လီစီကျင်းသည်လည်း လင်းရီအပေါ် မယိမ်းယိုင်သည့် ယုံကြည်မှုတို့ ရှိ၏။ သူ့ဘက်က လှုပ်ရှားသည်နှင့် တစ်ပြိုင်နက် အောင်မြင်မည်မှာ ကျိန်းသေသည်။
ကျောင်းအုပ်ကြီး ရုံးခန်းရှေ့တွင် အမျိုးသား ၊ အမျိုးသမီး အယောက် ၂၀ ကျော်ခန့် ဝန်းရံ မတ်တပ်ရပ်နေကြသည်။ သူတို့အများစုက အသက်ကြီးပိုင်းများ ဖြစ်ကြပြီး အငယ်ဆုံးသည်ပင် အသက် ၄၀ အရွယ် ရှိပြီ ဖြစ်၏။
ဤလူများအားလုံးက ကျောင်းမှ ဆရာ/မ များဖြစ်ကြပြီး ရေတွက်ကြည့်မည်ဆိုပါက ကျောင်း ဆရာ/မ ဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရောက်ရှိနေသည်ဟု ပြော၍ရလေသည်။ အင်မတန် များပြားလှသည့် အချိုးအစားပင်။
“ ဘယ်လောက်တောင် ကြာနေပြီလဲ … ဘာလို့ ခုထိ တစ်ခုခု ထွက်မလာသေးတာလဲ …” ဆံပင် အတိုနှင့် သက်လတ်ပိုင်း အမျိုးသမီးကြီးက ညည်းညူလိုက်၏။
“ မလောနဲ့ … ဒါမျိုးကိစ္စဆိုတာ စိတ်ရှည်ရှည်ထားမှ … ငါတို့ဘက်က မလျော့သောဇွဲနဲ့ သပိတ်မှောက်နေသရွေ့ ကျောင်းကလည်း အတန်းတွေကို ရပ်ဆိုင်းထားရမှာပဲ … အသာစီးက ငါတို့လက်ထဲမှာပဲ ရှိတယ်… အလျင်လိုစရာ မလိုဘူး …” ထိပ်ပြောင်နှင့် အမျိုးသားတစ်ဦးက ပြောလိုက်သည်။
“ ကျုပ်တို့ကို အနိုင်ကျင့်နေတယ်ဆိုတာ အသိသာကြီးရယ်… ကောင်တီရဲ့ အခြေအနေက ဒီလောက်ထိ ဆက်တိုက် တိုးတက်နေတာကို တခြား ဌာနတွေကျ လစာတိုးပေးတယ်… ကျုပ်တို့ကိုကျ မတိုးပေးဘူး … ဒါ ကျုပ်တို့ကို အရူးလို သဘောထားလိုက်တာပဲ …”
“ သိသာနေတာပဲ မဟုတ်ဘူးလား … ဘာတဲ့ ပြောသေးတာ နောက်ပိုင်းကျ ပြန်လျော်ပေးသွားပါ့မယ်တဲ့ … မင်းရော သူတို့ရဲ့ စကားကို ယုံလား ….”
“ ငါတို့ရဲ့ မူရင်း လစာက ၂,၈၀၀ … အသည်းအသန် တောင်းဆိုတော့မှ ၃,၅၀၀ အထိ မြင့်ပေးတာ … ကောင်တီရဲ့ တိုးတက်နေတဲ့ အလျင်နဲ့ဆိုရင် ဒီငွေလေးက ဘာသွားသုံးလောက်တော့မှာ … တကယ်လို့ ၄,၅၀၀ လောက်မှ မရဘူးဆိုရင် ငါတို့တွေ တညီတညွှတ်တည်း အလုပ်ထွက်ကြမယ်… သူတို့ ဘာလုပ်မလဲ ကြည့်ကြတာပေါ့ …”
“ ဟုတ်တယ်… အဲ့လိုပဲ လုပ်ကြမယ်…”
တစ်ချိန်တည်းတွင် ရုံးခန်းထဲ၌ ဆွေးနွေးညှိနှိုင်းမှုတို့က မြိုင်ဆိုင်လို့နေသည်။
ကျောင်းအုပ်နှင့် ကျောင်း၏ ခေါင်းဆောင်များအားလုံး အထဲတွင် စုဝေးနေကြသည်။
ဆိုဖာပေါ်တွင် လူနှစ်ယောက် ထိုင်နေလေသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်ပြီး သူတို့ ကြည့်ရသည်မှာ အသက် ငါးဆယ် ဝန်းကျင်ဟု ထင်ရ၏။
အမျိုးသား၏ နာမည်က လျိုပေါင်းကော်ဖြစ်ပြီး တုံးစန်းကောင်တီ၏ တစ်ဦးတည်းသော ထူးချွန်ဆရာ ဖြစ်သည်။
ကျန် အမျိုးသမီးကိုတော့ ကျန်းချူလျန်ဟု ခေါ်တွင်ပြီး သူမက ထူးချွန် ဆရာမဟုတ်ပေမယ့် သင်ကြားရေး အတွေ့အကြုံ သက်တမ်း အများဆုံး တစ်ယောက်ပင်။
နှစ်ဦးက ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခြင်း ခံထားရကာ ကျောင်းအုပ်ကြီး ရုံးခန်းထဲတွင် အပြင်ဘက်ရှိ ဆရာ/မ များကိုယ်စား ဆွေးနွေးပေးနေကြ၏။
“ ဆရာလျို ၊ ဆရာမကျန်း … ကောင်တီက မင်းတို့ကို နောက်ထပ် ယွမ် ၁၀၀ ထပ်တိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်… ၃,၆၀၀ ဆိုတာ အကန့်အသတ်ကို ရောက်နှင့်နေပြီ…”
ပြောလိုက်သူက ကျောင်းအုပ်ကြီး တင်းဝေ့ကျွင်းပင်။ သူ၏ ဆံပင်တို့က အမြစ်တွင် ဖြူနေပြီး ပြန်လည် အရောင်ဆိုးထားသည်မှာ သိသာလှပေသည်။
“ ကျောင်းအုပ်တင်း … ကောင်တီရဲ့ အခြေအနေက တစ်နေ့ထက် တစ်နေ့ တိုးတက်လာနေတာ … ဒါကို ကျုပ်တို့ကို ဒီငွေနည်းနည်းလေးပဲ ပေးတယ်… ခင်များရော သိပ်နည်းလွန်းတယ် မထင်ဘူးလား …” လျိုပေါင်ကော်၏ သဘောထားက လုံးဝကို မြဲမြံသည်။
“ ကျုပ်တို့လိုချင်တာ တစ်လ ၄,၅၀၀ ပဲ … ပြီးတော့ အာမခံ ၅ ခုနဲ့ housing fund ရောပဲ … ဒီထက် နိမ့်ပေးဖို့ မဖြစ်နိုင်ဘူး …”
“ ဒါပေမယ့် ငါတို့ ဌာနရဲ့ အမြင့်ဆုံး လစာကတောင် ၃,၈၀၀ တည်းဆိုတာ မင်းသိလား … မင်းတို့ရဲ့ တစ်လ ၄,၅၀၀ ဆိုတာ ခရိုင်အဆင့် အရာရှိ တစ်ဦးရဲ့ လစာအထိတောင် ရောက်နေပြီ…”
“ ရှင်တို့ အဲ့လို သွားနှိုင်းလို့တော့ ဘယ်ဖြစ်မလဲ …” ကျန်းချူလျန် ပြောလိုက်ပြီး “ ဒီနှစ်တွေထဲ ကျောင်းရဲ့ ဆရာ/မ ဦးရေက တစ်နှစ်ထက် တစ်နှစ် နည်းရင်း နည်းလာနေတာ … ဆရာ တစ်ယောက်တည်းကို အတန်းတွေ အများကြီး ကိုင်ရတယ်… ပြီးတော့ ထမ်းရတဲ့ ဝန်ကလည်း အများကြီးပဲ … ကျွန်မတို့ရဲ့ လစာက သူတို့လောက် မြင့်သင့်တာက ပုံမှန်ပဲ …”
“ ဒါပေမယ့် မြူနီစီပယ် ပညာရေး ဗျူရိုရဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် ကောင်တီအဆင့် သာမန် ဆရာမ တစ်ယောက်ရဲ့ လစာက ဒီလောက်ပဲ … ပြီးတော့ ငါတို့ကတောင် အဲ့ဒီအပေါ် ယွမ် ၁၀၀ ထပ်တိုးပေးထားသေးတယ်… ဒီလောက်နဲ့တင် အတော်လေး ကောင်းလှပြီ…” တင်းဝေ့ကျွင်း ပြောလိုက်သည်။
လျိုပေါင်ကော် သက်ပြင်းချ၍ အခက်တွေ့ချင်နေဟန် ဆောင်လိုက်သည်။
“ စကားပုံတွေ အတိုင်း … ပိုတတ်တဲ့လူတွေက ပိုလုပ်ရတယ်… ကျုပ်တော့ ဒီရဲ့ တောင်းဆိုချက်က လွန်ကဲတယ်လို့ မထင်မိဘူး … ပြီးတော့ ဒီလောက် လစာလေးနဲ့ ကျုပ်တို့ အပြင်ဘက်က ဆရာ/မ တွေကို ဘယ်လို ရှင်းပြပေးရမှာ … ကျောင်းအုပ်တင်း တခြား နည်းလမ်းတစ်ခု ရှာပေးနိုင်မယ်လို့ ကျုပ် မျှော်လင့်တယ်… ကျုပ်တို့အတွက်လည်း လွယ်ကူမနေပါဘူး … ကျောင်းအတွက် ဒီလောက် နှစ်တွေ အကြာကြီး အလုပ်လုပ်ပေးလာခဲ့တာ ကျုပ်တို့လည်း ဒီနေရာအပေါ် သံယောဇဉ်တွေ တွယ်နေပြီ… ဖြစ်နိုင်ရင်တော့ မထွက်သွားချင်ပါဘူး …”
တင်းဝေ့ကျွင်း၏ အမူအရာ အေးစက်သွားခဲ့သည်။ ဤလူများ စဉ်းစားနေသည့် အရာကို သူမသိဘဲ ဘယ်နေပါ့နည်း။
နားကြားကောင်းအောင် ပြောဆိုနေသော်လည်းပဲ အကယ်၍ ရှေးခေတ် တစ်ချိန်ကသာ ဖြစ်မည်ဆိုပါက ပုန်ကန်နေခြင်းပင်။
“ ဒါပေမယ့် ငါတို့ ကမ်းလှမ်းနိုင်တာ ဒါမိုင်ကုန်ပဲ … မင်းတို့တွေ သေချာလေး ဂရုတစိုက်နဲ့ ဆုံးဖြတ်မယ်လို့ မျှော်လင့်တယ်… ငါတို့လည်း ဒီလောက်နှစ်တွေ အကြာကြီး လုပ်ဖာ်ကိုင်ဖက်တွေ ဖြစ်လာခဲ့တာကို မင်း ငါ့ကို မျက်နှာသာ နည်းနည်းလေးတောင် မပေးနိုင်တော့ဘူးလား …”
“ ကျုပ်တို့ ဒီလောက်ထိ ရှည်ရှည်ဝေးဝေး ပြောပြီးနေပြီကို ကျုပ်အလိုသာဆိုရင် ကျုပ် သဘောတူပြီပေါ့ …” လျိုပေါင်ကော်ပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ် စောနက ပြောခဲ့တဲ့အတိုင်း … အပြင်မှာ စောင့်နေတဲ့ ဆရာ/မ ၂၀ ကျော် ရှိတယ်… ကျုပ်တို့ နှစ်ယောက်က သူတို့ရဲ့ ကိုယ်စား ဒီမှာ ရှိနေကြတာ … ကျုပ် သဘောတူရင်တောင် သူတို့က တူမှာ မဟုတ်ဘူး … ကျောင်းအုပ်လျို … ခင်များ ဘာလို့ အထက်နဲ့ စကားပြောပြီး ကျုပ်တို့ဖို့ အကျိုးအမြတ်လေး နည်းနည်းလောက် မတိုက်ခိုက်ပေးလဲ … ကျုပ်တို့အားလုံးက ဒီမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ ကြိုးစားနေကြသူတွေပဲလေ…”
“ ငါသာ အဲ့လို တိုက်ခိုက်ပေးနိုင်လို့ကတော့ ဒီမှာ လေကုန်လာမခံနေဘူးကွ … မင်းတို့ကို တကယ်ကြီး အဲ့လောက်အများကြီး မပေးနိုင်တာ …”
“ ဟင်း ….”
လျိုပေါင်ကော် သက်ပြင်းချလိုက်ပြီး “ ဒီအခြေအနေထိ ရောက်လာမယ်လို့ ကျုပ်လည်း ထင်မထားဘူး … ဒါဆိုလည်း ကျုပ်တို့ နှုတ်ထွက်ပြီး တခြားကျောင်းပြောင်းရုံ ရှိတော့တာပေါ့ …”
လျိုပေါင်ကော်နှင့် ကျန်းချူလျန်တို့ ဆိုဖာပေါ်က ထ၍ ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။
ဤအရေးတွင် အသာစီးက သူတို့လက်ထဲတွင် ရှိကြောင်းကို သူတို့ကောင်းကောင်းကြီး နားလည်လေသည်။ ထို့ကြောင့် သူတို့ကိုယ်ပိုင် အကျိုးအမြတ်အတွက် တိုက်ခိုက်ရမည် ဖြစ်၏။
ကျောင်းအပေါ် ဖိအားပေးပြီး အကယ်၍ ကျောင်းက သဘောမတူဘူးဆိုပါက ဤနေရာရှိ ကျောင်းသားများလည်း ဆက်လက် စာသင်ကြားနိုင်မည် မဟုတ်တော့ချေ။
အဆုံးတွင် ကျောင်းကသာလျှင် သူတို့၏ သဘောဆန္ဒအား အတင်းအကြပ် သဘောတူလိုက်ရမည် ဖြစ်၏။
ချလပ် …
ထိုအခိုက်အတန့်တွင် ရုံးခန်းတံခါး တွန်းပွင့်လာခဲ့ပြီး လင်းရီနှင့် စီကျင်းတို့ အထဲဝင်လာသည်။
“ ပြန်တော့မလို့လား … သဘောတူညီမှု ရသွားပြီပေါ့ …”