← Chapters

တန်ပြန် ဇာတ်လမ်း

Vol. 108 Ch. 1616

တန်ပြန် ဇာတ်လမ်း

Vol. 108 Ch. 1616

လျိုပေါင်းကော်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်း သူဘာကို ဆိုလိုချင်နေလဲဆိုတာကို နားလည်သွားခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် အသာစီးက သူတို့၏ လက်ထဲတွင်သာ ရှိပြီး သူတို့ နှုတ်ထွက်သွားခဲ့လျှင်ပင် အဆုံး၌ ကျောင်းကပဲ သူတို့ကို ပြန်လာရှာရမှာ ဖြစ်၏။

မဟုတ်ပါက ကျောင်းကြီးတစ်ခုလုံး ပိတ်သိမ်းလိုက်ရုံသာ ရှိတော့မည်။

ဤသို့သော အချင်းအရာမျိုးကို ရှေ့ယခင် အတွေ့အကြုံရှိသည့် ဆရာတို့ကလည်း အသုံးပြုခဲ့ဖူးကြပြီး သူတို့က ပထမဆုံးအကြိမ် ဟုတ်မနေချေ။

“ လူတိုင်းပဲ … ဒီမှာပဲ ရပ်မနေကြနဲ့ … မြန်မြန် ကိုယ့်ပစ္စည်းကိုယ် သိမ်းကြတော့ …” မျက်မှန်နှင့် ဆရာတစ်ယောက်က ပြောလိုက်ပြီး “ ငါတို့ ပစ္စည်းတွေ သိမ်းပြီး မထွက်သွားဘူးဆိုရင် ကျောင်းအုပ်တင်းက ငါတို့ ဟန်ဆောင်နေတယ်ဆိုပြီး ထင်သွားလိမ့်မယ်…. ငါတို့ ကျောင်းကို ဖိအား နည်းနည်းလောက်တော့ ပေးမှ ဖြစ်မှာ …”

“ ဟုတ်တယ် ဟုတ်တယ်… ပစ္စည်းတွေသိမ်းပြီး ထွက်သွားကြစို့ … ငါတို့ တကယ်ကြီး နှုတ်ထွက်လိုက်ပြီဆိုတာ သူ မြင်သာအောင် ပြရမယ်….”

တစ်ဦးက စတင်လိုက်သည်နှင့် ၂၀ ကျော်သော ဆရာ/မ တို့မှာ သူတို့၏ ပစ္စည်းများကို စတင်သိမ်းဆည်းကြတော့သည်။

မိနစ် နှစ်ဆယ်ခန့် ကကြာပြီးနောက် လူတိုင်း သူတို့၏ ပစ္စည်းများ သိမ်းဆည်းပြီးသွားခဲ့ကြပြီး အရွယ်အစား အမျိုးမျိုးရှိသည့် ဂျက်ဖာပုံးကြီးများနှင့် အပြင်သို့ ထွက်လာခဲ့ကြသည်။

“ ထွက်သွားဖို့ အလျင်မလိုကြနဲ့ဦး …. အရင်ဆုံး ကျောင်းအုပ်တင်းဆီ သွားပြီး နှုတ်ဆက်ကြတာပေါ့ ..” လျိုပေါင်ကော် ပြောလိုက်ပြီး “ ငါတို့ဘက်က တကယ် နှုတ်ထွက်ကြောင်း သွားပြမှ သူလည်း ဖြေရှင်းနိုင်မယ့် နည်းလမ်း စဉ်းစားလို့ရမှာ ….”

“ ဟုတ်တယ် ဟုတ်တယ် …. သွားပြီး နှုတ်ဆက်ကြမယ်…. ဟားဟား …. ဘာပဲဆိုဆို ငါတို့အားလုံးက ကျောင်းမှာ အလုပ်လုပ်လာတာ နှစ်ပေါင်း မနည်းတော့ဘူးလေ… သွားပြီးမှတော့ နှုတ်ဆက်ရမှာပေါ့ …..”

တန်ပြန်တိုက်ခိုက်မည့် အစီအစဉ်များအား ဆွေးနွေးတိုင်ပင်ပြီးနောက် လူတိုင်းသည် သူတို့၏ ဂျက်ဖာပုံးများကို သယ်လျက် တင်းဝေ့ကျွင်း၏ ရုံးခန်းသို့ ရောက်လာခဲ့ကြသည်။

သို့သော် သူတို့ ရုံးခန်းထဲသို့ ရောက်သည်တွင် တင်းဝေ့ကျွင်းက အထဲ၌ ရှိမနေသည်ကို သတိထားမိလိုက်၏။

“ ဟင် … သူ ဘယ်သွားခဲ့တာပါလိမ့်နော်…” ဆရာမ တစ်ယောက်က ရေရွတ်လိုက်၏။

“ ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခု သွားရှာတာ ဖြစ်မှာပါ ….” လျိုပေါင်းကော် ပြောလိုက်ပြီး “ သူက ဒီမှာ မရှိဘူးဆိုမှတော့ သွားစို့ … ဘယ်လိုပဲ ဖြစ်ဖြစ် အသာစီးက ငါတို့လက်ထဲမှာပဲ … ဘာမှ ကြောက်နေစရာ မလိုဘူး ….”

“ သေချာပေါက်ပဲပေါ့ …. တကယ်လို့ လစာကို ၄,၅၀၀ ထိ တိုးမပေးလို့ကတော့ လုံးဝ အလုပ်ဆက်မလုပ်ပေးနိုင်ဘူး …”

လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ဘဝင်လေဟပ်နေသည့် အမူအရာတို့ဖြင့် ထွက်လာခဲ့ကြ၏။ အားလုံး၏ သွင်ပြင်မှာ စစ်မြေပြင်တွင် အနိုင်ရခဲ့သည့် စစ်သားကြီးများကဲ့သို့ အပြုံးပန်းတို့ ဝေဆာနေကြ၏။

“ ဒါပေမယ့် ငါ မင်းတို့ကို ကြိုပြီး တစ်ခုလောက် ပြောထားချင်တယ်…” လျိုပေါင်းကော်က လမ်းတွင် စကားပြောလာခဲ့၏။

“ ဘာလဲ … ပြောလေ…”

“ ငါ ခန့်မှန်းထားတဲ့အတိုင်းဆိုရင် ကျောင်းက ငါတို့ကို ပြန်ဆက်သွယ်လာခဲ့မှာ သေချာပေါက်ပဲ … ဒါပေမယ့် မင်းတို့တွေအားလုံး သန်မာရမယ်…. လုံးဝ အရှုံးပေးလိုက်လို့ မဖြစ်ဘူး … တစ်ယောက် စည်းဖောက်လိုက်တာနဲ့ ဒီခု သပိတ်ကြီးက အဓိပ္ပာယ် ရှိတော့မှာ မဟုတ်ဘူးနော်… ကျောင်းအုပ်တင်းက ငါတို့ကြားထဲ သွေးခွဲနိုင်သွားတာမျိုးကို မလိုချင်ဘူး …”

“ မင်း စိတ်ချထားစမ်းပါ ဆရာလျိုရာ … သူ ခေါ်လာလည်း ငါတို့ အိမ်ရောက်မှပါ… ငါတို့ရဲ့ အားနည်းချက်တွေကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး ..”

“ ဟုတ်တယ်… ငါတို့က ကိုယ့်အကျိုးအတွက် တိုက်ခိုက်နေကြတဲ့သူတွေပဲလေ… ဘယ်သူက အဲ့လို တစ်ကိုယ်ကောင်းဆန်မှာမို့လို့လဲ ဟုတ်တယ်မလား ….”

လျိုပေါင်းကော် ကျေနပ်အားရစွာဖြင့် ခေါင်းညိမ့်လိုက်၏။

“ လူတိုင်းက ဒီလိုတွေးနေကြတယ်ဆိုမှတော့ …. ငါလည်း တခြား ဘာမှမပြောလိုတော့ဘူး … အများဆုံး တစ်ပတ်အတွင်းမှာ ကျောင်းက ငါတို့ကို ပြန်ဆက်သွယ်လာမယ်ဆိုတာ ကျိန်းသေတယ်.. ဆိုတော့ နောက်ဆုံးမှာချင်တာက …. မပျာနဲ့ …. ကောင်းတဲ့ နေ့ရက်တွေက မကြာခင် ရောက်လာတော့မှာ …”

“ ဟုတ်ပြီ….”

“ အင်း ….”

လူတိုင်း အရုဏ်ဦး၏ ရောင်နီကို မြင်တွေ့လိုက်ရသည့်နှယ် စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်ကြ၏။

သို့သော် သူတို့ ကျောင်း အဆောက်အဦး ပြင်ပသို့ ထွက်လာသည်တွင် ရုတ်တရက်ဆိုသလို လှမ်းလတ္တံ့ ခြေလှမ်းတို့ တန့်ကုန်ကြ၏။

ဧရာမ လူအုပ်ကြီး တစ်ခုက ကျောင်းအဆောက်အဦး ရှိရာဘက်သို့ လျှောက်လှမ်းလာနေသည်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။

ထိုအုပ်စုကို ဦးဆောင်နေသူကလည်း ကျောင်းအုပ်တင်းနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ လင်းရီပင်။

“ ဘာတွေ ဖြစ်နေတာတုန်းဟ… ဒီလောက် လူတွေ အများကြီး ဘာလဲ လာလုပ်တာ … “

“ လာလည်တဲ့လူတွေတော့ မဟုတ်လောက်ဘူးမလား ….”

“ ဆရာတွေ အားလုံးလည်း ထွက်သွားကြကုန်ပြီလေ… ဒါပေမယ့် ကျောင်းအုပ်တင်းက ဒီလောက်လူတွေ အများကြီးကို လာလည်ဖို့ ခေါ်လာခဲ့တယ်ဆိုတော့…. ဘာတုန်းဟ ဒါကြီးက….”

လျိုပေါင်းကော် ပြုံးလိုက်ပြီး “ ကဲပါ … ဒီမှာ ငြင်းခုန်မနေကြနဲ့ .. ငါတို့ သွားပြီး တစ်ချက်ကြည့်လိုက်ရင် သိရမှာပဲ မဟုတ်လား….”

တင်းဝေ့ကျွင်းနှင့် လင်းရီတို့ ရှိရာဘက်သို့ မျက်နှာမူရင်း လျိုပေါင်းကော်နှင့် ကျန်သူများအားလုံး လျှောက်လှမ်းလာခဲ့ကြသည်။

သူတို့လက်ထဲရှိ သယ်လာသည့် ပုံးများကို ရည်ရွယ်ချက် ရှိရှိ မြင့်မြင့်မြှောက်လိုက်ကာ တင်းဝေ့ကျွင်း သတိမထားမိမှာကို စိုးရိမ်နေလေသည်။

“ ကျောင်းအုပ်တင်း …. ဒီကို လာလည်တာလား …”

တင်းဝေ့ကျွင်း ခေါင်းညိမ့်လိုက်ပြီး မေးမြန်းလိုက်၏။ “ မင်းတို့ရော ဘာလုပ်ဖို့ စီစဉ်ထားလဲ ….”

“ ကျုပ်တို့ စောနတင် ပြောပြီးပြီပဲမလား … နှုတ်ထွက်ဖို့ စီစဉ်ထားပါတယ် ဆိုနေ… အခုလေးတင် ပစ္စည်းတွေ သိမ်းပြီးလို့ ထွက်သွားဖို့ ရယ်ဒီဖြစ်နေပြီ…”

“ ဒါဆိုလည်း သွားကြလေ… ဒီလကုန်ရင် လစာ လွှဲပေးလိုက်မယ်….”

လျိုပေါင်းကော် အနည်းငယ် အံအားသင့်သွားခဲ့၏။ တင်းဝေ့ကျွင်းဘက်မှ ဤမျှ ခပ်ပေါ့ပေါ့ ဆက်ဆံလိမ့်မည်လို့ သူ လုံးဝ မျှော်လင့်မထားခဲ့ပါချေ။

‘ ဟက် …. ဟန်ဆောင်နေ… မင်း ငါတို့ရဲ့ လစာတွေ ပေးရင်တောင် ငါတို့ မကြောက်ဘူးကွ …’

“ ဒါဆိုလည်း ကျောင်းအုပ်တင်းကို ဒုက္ခပေးရတော့မယ်…”

တင်းဝေ့ကျွင်းသည် လျိုပေါင်းကော်နှင့် အခြားသူများကို လျစ်လျူရှု၍ ယွီဟန်မှ ပို့လာခဲ့သည့် ဆရာ/မ များဘက်သို့ လှည့်ပြုံးပြကာ “ ဆရာတို့ …. ကျုပ် အရင်ဆုံး ကျောင်း ရင်ပြင်ကို တစ်ချက်လိုက်ပြပေးမယ်… ပြီးရင် သင်ကြားရေး အဆောက်အဦးနဲ့ နေထိုင်မယ့် နေရာတွေဆီ လိုက်ပြပေးတာပေါ့ … စီစဉ်ပေးထားတာတော့ တစ်ခန်းကို နှစ်ယောက်နေဖို့ပဲ … သန့်ရှင်းသပ်ရပ်မှုကိုတော့ ကျုပ် အပြည့်အဝ အာမခံနိုင်တယ်… ဆရာတို့ စိတ်မပျက်စေရပါဘူး ….”

“ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်တင်း …” သက်လတ်ပိုင်း ဆရာတစ်ယောက်က ပြောလိုက်ပြီး “ ကျုပ်တို့ကလည်း ဒီကို ပျော်ပွဲစား ထွက်ဖို့ လာခဲ့တာမှ မဟုတ်တာဗျာ … ကျောင်းက စီစဉ်ပေးသမျှ လိုက်နာရမှာပေါ့ …”

“ အဲ့လိုလုပ်ဖို့ ဘယ်ဖြစ်မှာ … မင်းတို့အားလုံးက ယွီဟန်ရဲ့ အတော်ဆုံး ဆရာတွေလေ… ငါတို့ တုံးစန်းကောင်တီကို လာပေးမှတော့ အမြင့်ဆုံး စံချိန်စံနှုန်းတွေနဲ့ ကြိုဆိုပေးမှပေါ့ … နောင်ကျ ကျောင်းက ကလေးတွေက ဆရာတို့အပေါ် မှီခိုရမှာနော်…”

“ စိတ်ချ လက်ချသာနေပါ ကျောင်းအုပ်တင်း … ဒါက ကျုပ်တို့ လုပ်သင့်လုပ်ထိုက်တာပါပဲ ….”

နှစ်ဘက်ခြမ်းရှိ စကားအသွားအလာကို နားထောင်ပြီးနောက် လျိုပေါင်းကော်နှင့် ကျန်သူများအားလုံး ကြက်သေသေသွားခဲ့လေသည်။

ဤလူများ ပြောနေသည့် အကြောင်းအရာတို့က တစ်ခုခု မဟုတ်သေးဟု သူ ခံစားလိုက်ရ၏။

“ ကျောင်းအုပ်တင်း … သူတို့က ဘယ်သူတွေလဲ … ဒီကို အလည်လာတာ မဟုတ်ဘူးလား .. ဘာလို့ နေဖို့ ထိုင်ဖို့ ကိစ္စတွေ ဆွေးနွေးနေကြတာလဲ…”

“ ဒါရိုက်တာလင်းက ဒီရဲ့ ဆရာတွေကို ယွီဟန်ကနေ ခေါ်လာခဲ့ပေးတယ်လေ… ခုကစပြီးတော့ သူတို့က ကျောင်းက ကလေးတွေကို စာသင်ပေးလိမ့်မယ်…” တင်းဝေ့ကျွင်း ပြောလိုက်ပြီး “ ခုလေးတင် ရောက်လာကြတာဆိုတော့ ကျောင်းနဲ့ ရင်းနှီးဦးမှာ မဟုတ်ဘူး … ဒါကြောင့်မို့ လိုက်ပြပေးနေတာ ….”

“ ဆရာအသစ်တွေလား ….” လျိုပေါင်းကော် သူ၏ အသံကို မြင့်မှန်းမသိ မြင့်၍ မေးလိုက်မိသည်။

“ အင်း …. ပြီးတော့ သူတို့ တစ်ယောက်ချင်းစီတိုင်းက ယွီဟန်က ထူးချွန်တဲ့ ဆရာတွေနော်… သူတို့ရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့ တုံးစန်းကောင်တီရဲ့ ပညာအရည်အချင်း စံချိန်စံနှုန်းတွေက နောက်ထပ် အဆင့်တစ်ခုဆီ မြင့်တက်သွားမယ်ဆိုတာ ငါယုံကြည်တယ်…”

ဤတစ်ကြိမ်တွင်တော့ လျိုပေါင်းကောင်နှင့် ကျန်သူများအားလုံး အံ့ဩဘနန်း ဖြစ်သွားခဲ့ကြလေသည်။

မည်သူကမျှ ယခုလို တစ်ကြိမ်တည်းနှင့် ဆရာတွေ အများကြီး ရောက်ချလာလိမ့်မည်လို့ စိတ်ပင် မကူးမိကြချေ။

“ သူတို့က ဒီရောက်လာပြဆိုတော့ …. ဒါဆို ကျုပ်တို့က . . . . “

“ မင်းတို့လား ….. မင်းတို့ပဲ မင်းတို့ရဲ့ လစာက တအားနိမ့်တော့ နှုတ်ထွက်ချင်တယ်ဆို … ပြီးတော့ မင်းတို့ရဲ့ ပစ္စည်းတွေလည်း သိမ်းတောင် သိမ်းပြီးနေပြီ… မင်းတို့က ဒီမှာ ဘာဆက်လုပ်ချင်သေးတာ …. ပြန်ကြတော့ … ငါမင်းတို့နဲ့ စကားဆက်မပြောတော့ဘူး ….”

တင်းဝေ့ကျွင်းက သူတို့အား နေပေးဖို့ တောင်းဆိုရန် ရည်ရွယ်ချက် မရှိသည်ကို မြင်တော့ နှုတ်ထွက်ရန် စိုင်းပြင်းနေကြသည့် ဆရာ/မ ၂၀ ကျော်သည် လုံးဝ အံ့ဩဘနန်း ဖြစ်သွားခဲ့ကြ၏။

သူတို့က သင်ကြားပေးမယ့် ဆရာတွေ ဒီလောက် အများကြီး ရှာတွေ့လာတယ်… ပြီးတော့ သူတို့ တစ်ယောက်ချင်းစီတိုင်းရဲ့ အရည်အချင်းက သူတို့ထက်လည်း သာနေသေးတယ်…

နှုတ်ထွက်ပြီးရင် သူတို့ကို ထပ်ပြီး ပြန်ဆက်သွယ်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူးလေ …

ဘယ်လိုလုပ်ကြမလဲ …

“ အမ်…. ကျောင်းအုပ်တင်း …. ကျုပ်အထင် … ကျုပ်တို့ ဒီကိစ္စ အဆင်ပြေပြေ ဆွေးနွေးကြည့်လို့ ရပါတယ်…..”

“ ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူး … သွားကြပါ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဆရာလျိုကိုတော့ တစ်ခု ပြောရဦးမယ်…”

လူတိုင်း လျိုပေါင်းကော်ကို ကြည့်လိုက်ပြီး ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင်ကြတော့ပေ။

“ ဆရာလျို … ခုလို ဆရာတွေ အများကြီးကို ဖယ်ရှားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်…. သူတို့ရဲ့ အရည်အချင်းက ရွက်ကြမ်းရေကျိုလောက်နဲ့ … ကျောင်းကိုလည်း ဘယ်လောက်မှ အကျိုးပြုနေတာလည်း မဟုတ် … ခင်များကြောင့်မို့သာ ဆရာအသစ်တွေအတွက် နေရာ တော်တော်များများ ဖန်တီးပေးလိုက်နိုင်တာ ….. ခုဆို ကျောင်းက ကောင်းမွန်တဲ့ ဘက်ခြမ်းကို ဦးတည်နေပြီ… ဒီအတွက် ကျုပ်တို့ ကျေးဇူးကြွေး တင်သွားပြီ…”

လင်းရီ ခေတ္တရပ်တန့်လိုက်၏။ ထို့နောက် ဆက်လက်၍

“ မနက်ဖြန်ကစပြီး ဒီရဲ့ ဆရာအသစ်တွေက တရားဝင် စပြီး အလုပ်ဝင်တော့မှာ … ခင်များလည်း လာခဲ့ဖို့ မမေ့နဲ့ဦးနော်….”

ဟမ်….

လီစီကျင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သူမ၏ အူကြောင်ကြောင် မျက်နှာထားလေးမှာ အတော်လေး ချစ်ဖို့ ကောင်းနေလေသည်။

ဘာလို့ ဒီပြဿနာအိုးကြီးကို ဆက်ခေါ်ထားမှာလဲ

သို့သော် ရှောင်ပင်းကတော့ လက်ခနဲ ဖြစ်သွားခဲ့သည်။

ခေါင်းဆောင်ရဲ့ ပြောင်းပြန် စိတ်ပညာက အံ့ဩဖို့ကောင်းလောက်အောင် အလုပ်ဖြစ်နေတာပဲ ….

All Chapters