← Chapters

လင်းယွင်အုပ်စုက ကျွန်တော့် အပိုင်

Vol. 108 Ch. 1617

လင်းယွင်အုပ်စုက ကျွန်တော့် အပိုင်

Vol. 108 Ch. 1617

၂၀ ကျော်သော ဆရာ/မ များမှ လျိုပေါင်းကော်ကို ပြိုင်တူ စူးရဲစွာ စိုက်ကြည့်လိုက်ကြသည်။

“ လူကြီးမင်းလျို …. အခု ဒါဘာတွေ ဖြစ်နေတာလဲ … မင်း ငါတို့ကို ကျောင်းကနေ တမင် မောင်းထုတ်တယ်ပေါ့ ဟုတ်လား ….”

“ ခင်များပြောတော့ လူတိုင်းက တစ်သားတည်း နေပြီး ကျောင်းကို သေတဲ့အထိ ဆန့်ကျင် တိုက်ခိုက်သွားရမယ်ဆို …. ခင်များက နှစ်ဖက်သူလျှို ဖြစ်နေမယ်လို့ ကျုပ် ထင်မထားခဲ့မိဘူး …”

“ အတော်လေး ပိရိသားပဲနော် ဆရာလျို … ကျွန်မတို့ကိုကျတော့ မောင်းထုတ်ပြီး ရှင့်ကိုယ်ရှင်ကျတော့ ဒီမှာ ဆက်နေမယ်ပေါ့ ဟုတ်လား .. ရှင် လူမှ ဟုတ်သေးရဲ့လား … ရှင့်မှာ အသိစိတ်လေး နည်းနည်းမှ မရှိတော့ဘူးလား ….”

လျိုပေါင်းကော်သည် မြေပြင်တွင် သစ်ငုတ်တွယ်နေမိသကဲ့သို့ မလှုပ်မယှက် ရပ်နေရင်း ခေါင်းတစ်ခုလုံးလည်း ချွေးအေးတို့ဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်နှာတစ်ပြင်လုံးလည်း ဖြူဆုတ်နေပြီး နှုတ်ခမ်း ဟစိဟစိ ဖြစ်နေကာ မည်သို့ ရှင်းပြလို့ ရှင်းပြရမှန်း မသိ ဖြစ်နေခဲ့၏။

“ မင်းတို့တွေ …. စိတ်အေးအေးထားကြစမ်းပါ .. ငါ အဲ့လို မလုပ်ခဲ့ပါဘူးကွာ … ငါက မင်းတို့ဘက်မှာပဲ ….”

“ ဆရာလျို … ခင်များ သူတို့ကို ဘာဖြစ်ခဲ့လဲ ရှင်းပြလိုက်လေ…” လင်းရီ ပြုံးလိုက်ပြီး “ ဒီလူတွေက အလုပ်ဖြုတ်ခံရမှာ ကျိန်းသေပေါက်ပဲ … ဒါပေမယ့် ခင်များကတော့ မနက်ဖြန် အလုပ်လာဝင်ရဦးမယ်ဆိုတာ မမေ့နဲ့ဦး … ပြီးတော့ ခင်များရဲ့ လစာက ကျုပ်တို့ သဘောတူထားတဲ့အတိုင်း တစ်လ ၄,၅၀၀ ဖြစ်သွားပြီ…. အာမခံ ၅ ခုနဲ့ အိမ်အသုံးစရိတ် ထောက်ပံ့ငွေတွေလည်း ပါတယ်…. သူတို့တွေကတော့ ….. သူတို့ဘာသူတို့ ကြည့်ရှင်းကြပါလေ့စေ ….”

ပြောပြီးနောက် လင်းရီသည် တင်းဝေ့ကျွင်းနှင့် ကျန်သူများဘက်သို့ လှည့်၍ “ တခြားနေရာတွေ ဆက်ကြည့်ကြတာပေါ့ …”

“ အိုကေ အိုကေ အိုကေ ….”

တင်းဝေ့ကျွင်း အပြုံးလေးဖြင့် တုံ့ပြန်လာခဲ့၏။ ထို့နောက် လမ်းလျှောက်ရင်း “ ဒါရိုက်တာလင်း … ငါတို့ တကယ်ကြီး သူတို့တွေကို အလုပ်ဖြုတ်ပစ်ကြမှာလား ….”

“ အဲ့တာတော့ ခင်များ အပေါ် မူတည်တယ်လေ ကျောင်းအုပ်တင်း …. ခင်များက ကျောင်းရဲ့ ကျောင်းအုပ်ကြီးပဲဟာ သူတို့ကို သုံးမယ် မသုံးဘူး ကိုယ့်ဘာကိုယ် ဆုံးဖြတ်ပေါ့ ….”

တင်းဝေ့ကျွင်းက ထက်မြက်သည့် လူစားမျိုးပင်။ လင်းရီ၏ စကားလုံး လေသံကို ကြားသည်နှင့် သူ ချက်ချင်း ဒေါသတကြီး ကျယ်လောင်စွာ ရယ်မောလိုက်ကာ “ ဒါရိုက်တာလင်းက ပြောနေပြီဆိုမှတော့ ဟော့ဒီက ဝေ့ကျွင်းလည်း နားလည်ပါပြီ…”

“ ပြီးတော့ သူ မနက်ဖြန် အလုပ်လာနိုင် မလာနိုင်ရော ဘယ်သူက သေချာသိမှာ .”

တင်းဝေ့ကျွင်း နောက်သို့ လှည့်ကြည့်လိုက်သော် လျိုပေါင်းကော်သည် ဆရာ အယောက် ၂၀ ကျော်၏ ဝိုင်းရံထားခြင်းကို ခံထားရပြီး အကုန်လုံးက သူ့အား တွန်းလားဆွဲလားဖြင့် အရေခွံ နွှာနေကြလေသည်။

ဤမြင်ကွင်းကို မြင်တော့ တင်းဝေ့ကျွင်း၏ နှလုံးမှာ အနည်းငယ် တုန်ခါသွားခဲ့၏။

အတွင်းရေးမှူးဝမ်က သူက ဘော့စ်ဆိုရင် ဒါရိုက်တာလင်းက ဘော့စ်ပြီးရင် ဒုတိယလို့ ပြောခဲ့တာ မဆန်းတော့ပါဘူး …

ဒီလို အစွမ်းအစမျိုးက သာမန်လူတွေ လုပ်နိုင်တာမျိုး မဟုတ်ဘူး …

“ ကျောင်းအုပ်တင်း … ကျုပ်ဘက်က ဆရာတွေကို ဒီခေါ်လာခဲ့ပေးပြီးပြီ… ကျန်တာကိုတော့ ခင်များဘာ ခင်များပဲ ကြည့် စီစဉ်ပေးလိုက်တော့ … ကျုပ်မှာ တခြား လုပ်စရာလေးတွေ ရှိသေးတယ်… ဒီတော့ အဖော်မလုပ်ပေးတော့ဘူး …”

“ ရပါတယ် ရပါတယ်… ဒါရိုက်တာလင်း လုပ်စရာ ရှိတာ သွားလုပ်ပါ.. ငါ့ဘက်က ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ်… ဒါရိုက်တာလင်းကို စိတ်မပျက်စေရပါဘူး …”

“ ဒါ ကျုပ် တာဝန်ပါပဲ …”

နှုတ်ဆက်စကား ဆိုပြီးနောက် လင်းရီသည် ရှောင်ပင်းနှင့် စီကျင်းကို ခေါ်၍ ထွက်လာခဲ့၏။

သို့သော် ထို အခိုက်အတန့်တွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသည့် စနစ်၏ အသံက သူ၏ စိတ်ထဲ မြည်ဟည်းလာလေသည်။

[ မစ်ရှင် ပြီးမြောက်သွားပါပြီ ]

[ ဆုလဒ် : အတွေ့အကြုံမှတ် ၂ သိန်း ]

[ အလုပ်ပြီးမြောက်နှုန်း : ၁၀၀ ရာခိုင်နှုန်း ]

[ ဆုလဒ် : ယုတ္တိအားလုံးကို လွန်ဆန်၍ ပြန်လည်ရှင်သန်ခြင်း ]

“ ငိုးတဲ့မှ မင်းပေါ်လာသေးတယ်ပေါ့ ဟုတ်လား …”

လင်းရီ စိတ်ထဲ ကျိန်ဆဲလိုက်မိ၏။

“ မင်းသာ ပေါ်မလာတော့ဘူးဆို ငါက မင်းရှိသေးတယ်ဆိုတာတောင် မေ့တော့မယ်…”

အချိန်အတော်ကြာသည်ထိအောင် ပေါ်မလာခဲ့သည့် စနစ်မှာ ပေါ်လာပြန်တော့လည်း အေးတိအေးစက်နှင့် လူကို မလိုအပ်သည့် မည်သည့်အရာကိုမျှ ပြန်မပြောချေ။

သို့သော် လင်းရီသည် ‘ ယုတ္တိအားလုံးကို လွန်ဆန်၍ ပြန်လည် ရှင်သန်ခြင်း ‘ ဆိုသည့် ဆုလဒ်က အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေရ၏။ သူ့အား အနည်းငယ် ရှုပ်ထွေးသွားစေသည်။

“ စနစ် … ဒီဆုက ဘာကြီးတုန်း …”

[ စနစ်ရှင် အန္တရာယ် တစ်ခုခုနဲ့ကြုံတဲ့အခါ ဆုလဒ်က အလိုအလျောက် အသက်ဝင်လာမှာပဲ ဖြစ်ပါတယ်…. တစ်ကြိမ်တည်းသာ အသုံးပြုလို့ ရပါမယ်… ]

လင်းရီ မျက်လုံးလှန်လိုက်ပြီး “ ဒီတော့ ပြောရရင် ငါ့မှာ အသက်အပို တစ်ချောင်း ရှိသွားပြီပေါ့ …”

“ အင်း …”

လင်းရီ ဆုလဒ်ကို ပျော်ပျော်ရွှင်ရွှင်နှင့် လက်ခံလိုက်သည်။ သူ့တွင် ဆယ် မိနစ် အသုံးပြုနိုင်သည့် ကံကောင်းကတ် ၂ ကတ်နှင့် ယခုလို သူ့အား မည်သည့် အခြေအနေ၌မဆို အသက် ကယ်တင်နိုင်မည့် ဝှက်ဖဲ တစ်ခုလည်း ပိုင်ဆိုင်သွားခဲ့လေပြီ။

ကျစ် ကျစ် ကျစ် …. သူ့ကိုယ်သူ အဓိက အမျိုးသား ဇာတ်ဆောင် တစ်ယောက်လို ခံစားလာရပြီ…

ခု အသက်အပိုလေး ရလာပြီဆိုတော့ ဘာလုပ်ရင်ကောင်းမလဲ .. အမေဇုန်သစ်တောထဲ စွန့်စားခန်း ထွက်ရမလား …. သမုဒ္ဒရာ ကြမ်းပြင်အောက်ကိုပဲ စူးစမ်းမှုတွေ လုပ်ရမလား…. မဖြစ်သေးဘူး … သတ္တိတွေ ဇွတ်ကောင်းနေလို့ မဖြစ်သေးဘူး … ဒီလောက်ရှားပါးတဲ့ ဥစ္စာကို တန်ဖိုးထားမှ ဖြစ်မယ်..

ယခု နောက်ဆုံး မစ်ရှင်သည်လည်း ပြီးမြောက်သွားပြီ ဖြစ်ရာ သူ၏ တုံးစန်းကောင်တီ၌ အလုပ်အကိုင်သည်လည်း အဆုံးသတ်သို့ ရောက်ရှိလာချေပြီ။

ကျန်ရှိနေသေးသည့် အချိန်အနည်းငယ်ခန့်ကို အခွင့်ကောင်းယူ၍ ဝမ်ယွင်ကျန်းနှင့် နှုတ်ထွက်မည့်ကိစ္စကို ဆွေးနွေးရန် အချိန်ကောင်းပင်။

ရဲ အရာရှိ အလုပ်အကိုင် အဖို့တော့ အသက်သွင်းရန် အားလပ်သည့် ညနေခင်းအချိန် ရောက်သည်အထိ စောင့်ဆိုင်းရမည်။

သို့သော် လက်ရှိ အခြေအနေအရတော့ တုံးစန်းကောင်တီသည် ကျန်းမာရေးနှင့် စီးပွားရေးတွင် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ပြီဟု သတ်မှတ်၍ ရ၏။

ချို့တဲ့နေသည့် တစ်ခုတည်းသော အရာကလည်း ပညာရေးပင်။

လင်းရီ စိတ်ထဲ ထပ်မံ ကျိန်ဆဲလိုက်၏။

အကယ်၍ သူသာ ကြိုသိခဲ့မည်ဆိုပါက အစောကြီးကတည်းက ကိုင်တွယ်ဖြေရှင်းခဲ့ပါသည်။

“ အစ်ကိုရီ … ငူငူငိုင်ငိုင်နဲ့ နင် ဘာတွေလဲ တွေးနေတာ ….”

“ ဘာမှ မဟုတ်ပါဘူးကွာ … သွားကြစို့ ….”

သုံးယောက်သား ရုံးအဆောက်အဦးသို့ ပြန်ရောက်လာခဲ့ကြပြီး လင်းရီသည် ဝမ်ယွင်ကျန်း၏ ရုံးခန်းသို့ တန်းမတ်စွာ ဦးတည်လိုက်ကာ သူ နှုတ်ထွက်မည့် ကိစ္စကို ပြောရန် ဟန်ပြင်လိုက်သည်။

ရုံးခန်းထဲတွင် ဝမ်ယွင်ကျန်းမှာ ဖုန်းကိုင်ထားပြီး ဖုန်းဆက်တော့မည့် ဟန်ပြင်နေသည့်ပုံပင်။

“ အေး ... ကွက်တိပဲ … ငါလည်း မင်းကို လှမ်းခေါ်တော့မလို့ …”

လင်းရီ ဝင်လာသည်ကို မြင်တော့ ဝမ်ယွင်ကျန်းမှာ လက်ဝှေ့ယမ်း၍ ဖုန်းအား ပြန်ချထားလိုက်သည်။

“ တစ်ခုခု ရှိလို့လား ….”

“ ထွေထူးမဟုတ်ပါဘူး … ပြီးတော့ မင်းက တုံးစန်းကောင်တီအတွက် ဒီလောက် အများကြီး လုပ်ပေးထားတာ ငါတို့က မင်းအပေါ်ပဲ မှီခိုနေလို့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား …” ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ လောင်ကျန်း ခုလေးတင် ငါ့ဆီ ဖုန်းဆက်လာတယ်… သူပြောတာ မင်း ယွီဟန်ကနေ တုံးစန်းကောင်တီ အတွက်ဆိုပြီး ဆရာ အယောက် ၃၀ ကျော် ခေါ်ခဲ့ပေးတယ်ဆို … သူက မင်းကို ဆက်သွယ်ပြီး ဒီည သောက်ဖို့ ဖိတ်ချင်နေလို့တဲ့ …”

“ သောက်ဖို့ကိစ္စတော့ မေ့လိုက်ပါ… ထွေထူး ကိစ္စကြီးလည်း မဟုတ်ပါဘူး …” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော် ဒီနေ့ ရောက်လာခဲ့တာက ခေါင်းဆောင်ဝမ်နဲ့ တခြား ကိစ္စဆွေးနွေးချင်လို့ …”

ဝမ်ယွင်ကျန်းသည် ရေနွေးကြမ်းခွက်ကို ကိုင်ထားရင်း လက်ဖက်ရွက်များအား လေဖြင့် မှုတ်လျက် ရှိကာ “ ပြောလေ… ဘာပြောမှာ … ဘာမှ တုံ့ဆိုင်းနေစရာမလိုဘူး …”

“ ကျွန်တော် နှုတ်ထွက်တော့မယ်…”

ဖူး …. အဟွတ် အဟွတ် အဟွတ်….

ခုလေးတင် သောက်လက်စ လက်ဖက်ရည်များအားလုံး သီးသွားခဲ့၏။

“ မင်း ဘာပြောလိုက်တယ်… ထပ်ပြန်ပြောစမ်း …”

လင်းရီ ပြုံးလျက် “ စိတ်အေးအေးထားစမ်းပါ … အဲ့လောက်ထိလည်း စိတ်လှုပ်ရှားစရာ မလိုပါဘူး … ကျွန်တော်က ဒီတိုင်း အလုပ်ထွက်ချင်ရုံပါပဲ …”

“ အားလုံး အဆင်ပြေပြေနဲ့ ရှိနေတာပဲ မဟုတ်ဘူးလား … ဘာလို့ ရုတ်တရက်ကြီး နှုတ်ထွက်မှာ .. ငါကတောင် မင်းကို ရာထူးတိုးပေးဖို့ စဉ်းစားနေတာကို …” ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ မင်း ခုတလော တအား ပင်ပန်းနေလို့ မလား … ငါမင်းကို တစ်လ ခွင့်ပေးလိုက်မယ်… သွားပြီး ခရီးလေး ဘာလေးထွက်… အနားယူပြီး ပြန်လာခဲ့ …..”

ဝမ်ယွင်ကျန်း၏ ကြင်နာမှုနှင့် စိတ်အားထက်သန်မှုကို လင်းရီ ကောင်းကောင်းကြီး ခံစားသိမြင်နိုင်သည်။

သို့သော် သူ့အဖို့ ဤနေရာ၌ ဆက်လက် ရှိနေလျှင်လည်း အသုံးမဝင်တော့ချေ။

“ ပင်ပန်းလို့ မဟုတ်ပါဘူးဗျာ … ဒီတိုင်း ကျိုးဟိုင်မှာ လုပ်စရာလေးတွေ ရှိနေလို့ပါ … သွားပြီး အဲ့တာတွေ သွားကိုင်တွယ်ရမှာ …. အားလုံးကို တစ်ပြိုင်တည်း ကိုင်တွယ်ဖို့ကျ မဖြစ်နိုင်ဘူးလေ….”

ဝမ်ယွင်ကျန်းသည် သူ၏ သဘောထားရပ်တည်ချက်ကို ဖော်ပြရန် အလျင်လို မနေချေ။ သူ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

“ မင်းက သာမန်လူ မဟုတ်ဘူး .. ကျိုးဟိုင်မှာ မင်းရဲ့ စီးပွားရေး လုပ်ငန်းတွေ တော်တော်များများ ရှိရမယ် ဟုတ်….”

“ အသေးစား စီးပွား‌ရေး လုပ်ငန်းလေးတွေပါဗျာ … ထုတ်ပြောဖို့ မတန်ပါဘူး …”

“ မင်း ဘယ်လောက် အစွမ်းအစရှိလဲ ငါသိပါတယ်ကွ…. မင်းလို လူစားမျိုးလား လုပ်ငန်း အသေးလေးတွေ လုပ်ပြီး အာရုံနောက်နေမှာ …. ငါ့အထင် အသေးအမွှားလေးတော့ လုံးဝ မဖြစ်နိုင်ဘူး …”

လင်းရီ ဆေးလိပ် မသောက်တတ်မှန်း သိသဖြင့် ဝမ်ယွင်ကျန်းသည် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။

“ ငါလည်း အားနေတာနဲ့ အတော်ပဲ .. ငါတို့တွေ စကား ကောင်းကောင်း ပြောကြတာပေါ့ … ငါ့ဆီက ဖုံးကွယ်ထားဖို့ မကြိုးစားနဲ့ …. မင်း ကောင်တီအတွက် ဧရာမ ရင်းနှီးမြုပ်နှံမှုကြီး ဘယ်လို ဆွဲဆောင်လိုက်တာ ….”

“ ခင်များပြောတာ လင်းယွင်အုပ်စုရဲ့ စက်မှုဇုန် စီမံကိန်းကိုလား ….”

ဝမ်ယွင်ကျန်း ခေါင်းညိမ့်လိုက်သည်။ “ ငါ အရင် တစ်ခေါက်တုန်းက လင်းယွင်အုပ်စုရဲ့ ဥက္ကဌချီနဲ့ စကားပြောဖူးတယ်.. ဒါပေမယ့် သူပြောခဲ့တာ ကောင်တီရဲ့ ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာကို သဘောကျလို့တဲ့…. ငါတော့ သူငါ့ကို လိမ်နေတယ် ထင်တာပဲ …”

“ တကယ်တမ်းကျတော့ ….” လင်းရီ အတန်ငယ်ကြာအောင် တုံ့ဆိုင်းနေခဲ့ပြီး အပြုံးလေးဖြင့် “ ခင်များ အမှန်အတိုင်း ပြောတာကို ကြားချင်လား ….”

“ မင်း …. ကောင်စုတ်လေးကတော့ ငါ့ကို သိချင်အောင် မဆွစမ်းနဲ့ …. အမှန်အတိုင်းပဲ ပြောပြီး ဘယ်လို ဖြစ်သွားလဲ ရှင်းပြ….”

“ တကယ်တမ်းကျတော့ လင်းယွင်အုပ်စုက ကျွန်တော့်ရဲ့ အပိုင် ….. ဥက္ကဌချီဆိုတာ ကုမ္ပဏီရဲ့ ဒုတိယ အကြီးဆုံး ပြောရေးဆိုပိုင်ခွင့် ရှိသူ …. ကျွန်တော်က သူ့ရဲ့ အထက်လူကြီးလေ….”

“ အာ … အဟွတ် အဟွတ် အဟွတ် ….”

ဝမ်ယွင်ကျန်း အပြင်းအထန် ရေနွေးကြမ်း သီးသွားခဲ့ပြီး “ မင်းပြောတာ လင်းယွင်အုပ်စုက မင်းအပိုင် ဟုတ်လား ….”

All Chapters