လမ်းကျဉ်းလေးက ရန်သူတွေ
Vol. 108 Ch. 1620
“ ကျွန်မ စစချင်းတုန်းက အဆင့်မြင့် မော်ဒယ်လ် တစ်စင်း ဝယ်ပေးမလို့ကို ခုတော့ ဒီတစ်စင်းပဲ ကျန်တော့တယ်ဆိုတော့ ဒါလေးပဲ အရင်မောင်းထားနှင့်ဦးနော်…”
“ ငါက အဲ့လောက်လည်း ဇီဇာ မကြောင်ပါဘူးကွာ … ဘာပဲဖြစ်ဖြစ် ဒီတိုင်း ကားတစ်စီးပဲမလား …”
“ ရှင်က အဲ့လိုပြောတယ်ဆိုမှတော့ ကျွန်မလည်း အပြစ်ရှိသလို မခံစားရတော့ဘူးပေါ့ …”
“ အရေးမပါတာတွေ ပြောမနေနဲ့တော့ … အရင် တစ်ခုခုသွားစားပြီး ပြီးရင် သွားပျော်ကြစို့ …”
“ အွန်း … သွားစို့ …”
4S ဆိုင်ထဲမှ ထွက်လာခဲ့ပြီးသည့်နောက် နှစ်ယောက်သား စားသောက်ဆိုင် တစ်ဆိုင်ထဲသို့ဝင်ကာ ရိုးရိုးရှင်းရှင်း စားသောက်လိုက်ကြပြီး ဘားသို့ ထွက်လာခဲ့ကြ၏။
T3 ဘားက ယွီဟန်တွင် အကောင်းဆုံး ဘားတစ်ခုပင်။
အရွယ်အစား တစ်ခုတည်းနှင့် ထိပ်တန်း ငါးခု အတွင်း ဝင်ရောက်နိုင်သော်လည်း ဘားမှာ နည်းပညာ အမြင်အပေါ်၌သာ အာရုံစိုက်ထားသည့် ဘားတစ်ခု ဖြစ်နေခဲ့လေသည်။
လိုက်တင် စတိတ်၏ ဒီဇိုင်းက ယွီဟန်မြို့တွင် အကောင်းဆုံးဟု ပြော၍ ရ၏။ ထို့ပြင် ယွီဟန်၏ အကြီးဆုံး 3D စခရင်လည်း ရှိသေးသည်။
T3 ဘား၏ ထူးခြားသည့် သွင်ပြင်ဒီဇိုင်းကြောင့်ပဲ ယွီဟန်၏ အထင်ကရ နေရာတစ်ခု ဖြစ်လာခဲ့ကာ ညစဉ်ညတိုင်း လူတို့ မပြတ်လပ်ရအောင် စည်ကားသိုက်မြိုက်နေလျက် ရှိသည်။
ရုံးပိတ်ရက် နေ့များဆိုလျှင် လူက ပိုစည်လေသည်။
“ ငါမှတ်မိတာ တစ်စုံတစ်ယောက်က အရက်မသောက်တော့ဘူးလို့ ပြောခဲ့သလားလို့နော် … ခုတော့ တစ်ပတ်တောင် မပြည့်သေးဘူး လူကို ဘာလို့ ဒီနေရာ ဆွဲလာခဲ့ရတာလဲပြော …”
ဘား၏ ထောင့်တစ်နေရာတွင် အမျိုးသမီး နှစ်ဦး ထိုင်နေလျက် ရှိသည်။
ပြောလိုက်သူက လင်းရီနှင့် 4S စတိုးဆိုင်တွင် ဆုံခဲ့သည့် ကူရိရန်ပင်။ သူမဘေးတွင် သူမနှင့် ရွယ်တူနီးပါး ရှိသည့် အမျိုးသမီးတစ်ယောက် ထိုင်နေလျက် ရှိပြီး သူမ၏ ဆံပင်တို့က ရှည်လျားနေခြင်း မရှိချေ။ ပခုံးအထိသာလျှင် ရောက်၏။ ကြည့်ကောင်းသည့် ဘဲဥပုံ မျက်နှာလေးနှင့် မျက်နှာချင်းဆိုင်အိမ်က အိမ်နီးနားချင်း ကောင်မလေး တစ်ယောက်ကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။
ထို အမျိုးသမီး၏ နာမည်က ကုန်းရှောက်ယွင်ဖြစ်ပြီး ကူရိရန်၏ အခင်ဆုံး သူငယ်ချင်းကောင်းပင်။ သို့သော် ဘွဲ့ရပြီးသည့်နောက် တစ်ယောက်က ကျိုးဟိုင်တွင် အလုပ်သွားလုပ်ကာ ကျန်တစ်ယောက်က ယွီဟန်၌သာ နေရစ်ခဲ့၏။
“ ဘာလို့လဲဆို ဒီနေ့က ပါတီ ရှိလို့ … လူတွေ ဒီလောက်အများကြီးနဲ့ ဒီည အချိန်ကောင်းလေးတွေ ရှိမယ်ဆိုတာ သေချာပေါက်ပဲလေ…. ငါသာ ကြိုပြီး ထိုင်ခုံ ကြိုမမှာထားဘူးဆိုရင် ဒီနေရာ ရမှာတောင် မဟုတ်ဘူးဟ….” ကုန်းရှောက်ယွင်သည် လက်ထဲတွင် အရက်ခွက်ကို ကိုင်လျက်ဖြင့် ပြောလိုက်၏။
“ ကျစ် … မနေနိုင်ဘူးဆိုလည်း မနေနိုင်ဘူးပေါ့ … ကိုယ့်ကိုယ်ကို ဘာမှန်းတောင် မသိတဲ့ဟာ အကြောင်းပြချက်တွေ လျှောက်ပေးနေတယ်…”
“ နင်လည်း အတူတူပဲကို ငါ့ချည်း ပြောမနေနဲ့ …” ကုန်းရှောက်ယွင် ပြောလိုက်ပြီး “ အရင်တစ်ခေါက်က သောက်တာများသွားပြီးတော့ နောက်တစ်ခါ ဘယ်တော့မှ မသောက်တော့ဘူးသာ ပြောတာ ငါ ဒီကို ခေါ်တော့လည်း နင် မငြင်းဘူးမလား …”
“ ငါ အရင်တုန်းက ပြောခဲ့တာ နောက်ဆို အများကြီး မသောက်တော့ဘူးလို့ ပြောတာ… ငါ ဘယ်တော့မှ ထပ်မသောက်တော့ဘူးလို့ မပြောဘူး …”
“ အေးပါ အေးပါ … အကြောင်းပြချက် ပေးနေတာတွေ တော်လိုက်တော့ … ငါတို့ချင်း သိလာတာ ဘယ်နှနှစ် ရှိပြီမို့လို့ ငါ နင့်အကြောင်း ကောင်းကောင်းသိပါတယ်နော်….” ကုန်းရှောက်ယွင် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ စားပွဲပေါ်က ပုလင်းတွေပဲ ကြည့်လိုက် … ငါက နင့်ကို လာဖို့ ပြောခဲ့တာ ဆိုပေမယ့် နင်သောက်တာက ငါ့ထက်တောင် ပိုများနေသေးတယ်…”
“ အဲ့အကြောင်း မပြောကြစို့ဟာ ….”
ကူရိရန် သူမ၏ လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး “ နင် ဒီနေ့ည ငါ့ကို မခေါ်လာခဲ့ရင်တောင် ငါ့ဘက်က နင့်ကို ခေါ်ပြီး သောက်တော့မလို့ပဲ …”
“ ဘာလို့လဲ… ဒါက နင် မထွက်သွားခင် နှုတ်ဆက်ပါတီမို့လား ဟုတ်လား …”
“ ငါတို့ချင်း မသိတဲ့လူတွေလား … အဲ့နှုတ်ဆက်ပါတီတွေ ဘာလုပ်မှာ …” ကူရိရန် ပြောလိုက်ပြီး “ ငါ ဒီနေ့ စိတ်ရှုပ်ဖို့ ကောင်းတဲ့ ပြဿနာနဲ့ ကြုံလာလို့ … ငါ စိတ်ထဲ ရူးလွန်းလို့ ငါ့ဓမ္မတာတောင် ဝရုန်းသုန်းကား ဖြစ်လုဖြစ်ခင်ပဲ …”
ကုန်းရှောက်ယွင် သူမ၏ ခွက်ကို ကိုင်ထားရင်း “ ဘာလဲဖြစ်တာ … ဘယ်သူက တို့ရဲ့ အလှလေး ကူကို စိတ်တိုအောင် ဆွလိုက်တာလဲ…”
“ ဒီလိုဟာ … ငါ့အစ်ကိုက ကားဝယ်ဖို့ စီစဉ်နေတာ .. ငါလည်း ဒီနေ့ သူနဲ့ အတူ လိုက်သွားတာပေါ့ … အဲ့ကားကို မောင်းရဖို့ သုံးလေးလလောက် စိတ်ကူးယဉ်ခဲ့ရတာ နောက်ဆုံးမောင်းနိုင်တော့မယ်လေ… ငါတို့ ဟိုရောက်တော့ ကားက နောက်ဆုံး တစ်စီးပဲ ကျန်တော့တယ်… ငါတို့ ဝယ်ဖို့ ဈေးညှိနေတုန်း ရှိသေးတာကို လူနှစ်ယောက်က ရောက်ချလာပြီး ငါတို့ရှေ့မှာတင် ဝယ်သွားခဲ့တာ … ဒါ စိတ်တိုချင်စရာ မကောင်းဘူးလား …”
“ သူတို့က နင့်ရှေ့မှာတင် နင် သိပ်လိုချင်နေတဲ့ နောက်ဆုံး ကျန်နေတဲ့ ကားကို ဝယ်သွားတယ်ပေါ့ … ဒါ နည်းနည်းတော့ ဒေါသဖြစ်ချင်စရာပဲ …”
“ အတိအကျပဲ …” ကူရိရန် ပြောလိုက်ပြီး “ ဘာပဲဖြစ်ဖြစ်ဟာ … တော်တော် စက်ဆုပ်ဖို့ကောင်းတယ်… ငါ ဝယ်ချင်သေးရင် နောက် ငါးလလောက် စောင့်ရတော့မှာ .. ချီးလိုပဲ … ဒီလောက် အချိန်အကြာကြီး စောင့်ခဲ့ရပြီးမှ ပိုင်ဆိုင်နိုင်ဖို့ လက်တစ်ကမ်းအလိုမှာ နောက် ငါးလလောက် ထပ်စောင့်ရပြန်ဦးမယ်…”
ပြောရင်းဖြင့် ကူရိရန်သည် ဒေါသထွက်ထွက်နှင့် အရက် တစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့ချပစ်လိုက်သည်။
“ နင်တို့က အရင်လာခဲ့တာ မဟုတ်ဘူးလား … ဟိုက ဘာလို့ ဝယ်ခွင့်ရသွားခဲ့တာ …”
“ မပြောစမ်းနဲ့ … ဟိုက ကားကို ဈေးတောင် မစစ်ဘဲ အပြည့်ချေပြီး တစ်ခါတည်း ဝယ်သွားခဲ့တာလေ… အစကနေ အဆုံး ဆယ်မိနစ်လောက်ပဲ ကြာတယ်…”
“ သပ … ယွမ်တစ်သန်းကျော်တန်တဲ့ ကားကို ဝယ်သွားတာ ဆယ်မိနစ်လောက်ပဲ ကြာတယ်… သေချာပေါက် တိုင်ကွန်းကြီးပဲ ဖြစ်ရမယ်…”
“ နင့်ကြီးတော် တိုင်ကွန်းလား … သူက ဒီတိုင်း သကြားပေပီလေး ….”
“ အမ် … ဘာလို့ ရုတ်တရက်ကြီး သူများကို သကြားပေပီလို့ ခေါ်နေတာ …”
“ အဲ့လူက ရုပ်သိပ်ချောလွန်းတော့ ချမ်းသာတဲ့ အမျိုးသမီးတွေက မွေးစားထားတာလေ… အဲ့ ယွမ်တစ်သန်းကျော်ကားကိုလည်း အဲ့ သူဌေးမကြီးကပဲ နှစ်ခါတောင် မစဉ်းစားဘဲ ဝယ်သွားပေးခဲ့တာ … နင် အခု နားလည်ပြီမလား …” ကူရိရန် ပြောပြီးနောက် တစ်ခွက် ထပ်မံ ပြန်ကစ်လိုက်၏။
“ ဒီနေ့ခေတ်မှာ ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား …” ကုန်းရှောက်ယွင် ပြောလိုက်ပြီး “ ငါ မှတ်မိပါသေးတယ် .. တနှစ်တုန်းကလား … လူတစ်ယောက် နင့်ကို စပွန်ဆာ ပေးချင်နေတာလေ… သူက နင့်ကို တစ်လ ယွမ် ၁သိန်း ထောက်ပံ့ပေးမယ်ဆိုလားပဲ …”
“ ချီးလိုပဲ နင် မပြောစမ်းနဲ့ … ငါ သူ့ကို ဒီတိုင်း ပါးလေးပဲ ရိုက်ခဲ့မိတာကို နောင်တရလွန်းလို့ …” ကူရိရန် ဒေါသတကြီးနှင့် ကျိန်ဆဲလိုက်ပြီး “ နင်ပြောစမ်း … ငါက ယွမ် တစ်လလုံးမှ ယွမ် ၁ သိန်းပဲ တန်တာလား ဟမ်…”
“ ဟုတ်သားပဲ … ဒီ ပေါင်တံ သွယ်သွယ်လေးတွေနဲ့တင် နှစ်ဝက်လောက် ဖျော်ဖြေဖို့ လုံလောက်နေတာကို ငါသာဆိုလို့ကတော့ အနည်းဆုံး ယွမ် ၂ သိန်းပေးတယ်…”
“ ချူး ချူး ချူး … လစ်စမ်း … ငါ့ဘာငါပဲ အေးဆေး သောက်နေတော့မယ်…”
နှစ်ယောက်သား ခွက်ချင်းတိုက်လိုက်ကြ၏။ စိတ်ခံစားချက်များကို ဖွင့်ထုတ်ပြီးသည့်နောက် နှစ်ယောက်လုံး ခံစား၍ ပိုကောင်းလာခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် ဘားအတွင်း၌ ရုတ်ရုတ်ရုတ် အသံများအား ကြားလိုက်ရလေသည်။
“ သူတို့လာပြီ… သူတို့လာပြီ… အစ်မပင်းနဲ့ တခြားလူတွေ ရောက်လာကြပြီ…”
အာမေဋိတ်သံများနှင့်အတူ ဘား၏ လေထုကလည်း ပို၍ လှုပ်ရှားသက်ဝင်လာလေသည်။
တစ်ချိန်တည်းတွင် ကူရိရန်နှင့် ကုန်းရှောင်ယွင်တို့၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။
“ ဘားက ဖိတ်ထားတဲ့ ဧည့်သည်ရောက်လာပြီပေါ့ … ပါတီတောင် စတော့မှာလား …”
တစ်ချိန်တည်းတွင် လင်းရီနှင့် ရှောင်ပင်းတို့ အထဲ ဝင်လာကြလေသည်။
ချက်ချင်း ဆိုသလို အာမေဋိတ်သံ အတွဲလိုက် ပေါက်ကွဲထွက်လာပြီး အထူးသဖြင့် မိန်းကလေးများကြား၌ ဖြစ်၏။
“ ဘုရားရေ … အစ်ကိုလေးက သိပ်ချောတာပဲ …”
“ ဒီနေ့ အချိန်ပိုဆင်းဖို့ ငြင်းပြီး ဒီပြေးလာခဲ့လိုက်တာ ဒီလောက်ချောတဲ့ အစ်ကိုလေးနဲ့ ဆုံရတယ်… ငါ့ဆုံးဖြတ်ချက် ဘယ်လောက်မှန်ထားလဲ ကြည့်စမ်း …”
ထောင့်တစ်နေရာတွင် ကုန်းရှောက်ယွင်သည် လင်းရီအား တလက်လက် ဖြစ်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်နေလျက် ရှိ၏။ သူမ၏ ပုံစံမှာ သွားရည်ယိုလု မတတ် ဖြစ်ပျက်နေလေသည်။
“ ရန်ရန် … နင် ကြည့်စမ်း … သူ့ရုပ်ရည်လေးက ကောင်းကင်ကတောင် မနာလိုရလောက်အောင်ကိုပဲ … တခြား ယောက်ျားလေးတွေကို အသက်ရှင်ခွင့်လေး ပေးပါဦးလားဟယ်…”
“ အဲ့တာသူပဲ ….”
ကူရိရန်၏ အော်ဟစ်သံက ကုန်းရှောက်ယွင်ကို အသိပြန်ဝင်လာစေခဲ့သည်။
“ ဘာကိုသူလဲ … နင် ဘာတွေ ပြောနေတာ … နင်တို့ချင်း သိကြလို့လား …”
ကူရိရန်၏ မျက်နှာ မည်းသည်းသွားခဲ့ပြီး “ ငါ ပြောနေတဲ့ သကြားပေပီလေးဆိုတာ သူပေါ့ … သူ့ဘေးက အမျိုးသမီးက သူ့ကို ကားဝယ်ပေးခဲ့တဲ့ သူဌေးမကြီး …”
“ မဖြစ်နိုင်တာ … ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ … နင်တို့ ဘယ်လိုဖြစ်ပြီး ဒီမှာ ပြန်လာဆုံရတာလဲ …”
“ တော်ပြီ… ငါ ဆက်မသောက်တော့ဘူးဟာ … တခြား နေရာပဲ သွားကြစို့ …”
“ သူက သကြားပေပီဆိုလည်း ဘာဖြစ်လဲဟယ်… တခြားနေရာတွေက ဒီနေရာလောက် စည်မှာ မဟုတ်ဘူး … မြန်မြန် စိတ်ကို ငြိမ်ငြိမ်ထား … ဂရုစိုက် … ရင်သားကင်ဆာတွေ ရနေဦးမယ်…” ကုန်းရှောက်ယွင် ပြောလိုက်ပြီး “ ဒါပေမယ့်လည်း … အဲ့လောက် ချောမောတဲ့ အစ်ကိုလေးက သကြားပေပီဖြစ်နေတာတော့ တကယ် နှမြောဖို့ ကောင်းပါတယ် ဟင်း ….”
“ တစ်ချက်ကြည့်လိုက်တာနဲ့ မစိုက်ပျိုးဘဲ ရိတ်သိမ်းချင်တဲ့ လက်ကြောမတင်းတဲ့လူဆိုတာ သိသာတယ်…”
ကုန်းရှောက်ယွင်လည်း ထူးမခြားနားစွာ ခေါင်းညိမ့်၍ သူမ၏ သူငယ်ချင်းကောင်းကို ထောက်ခံလိုက်သည်။
ထိုကဲ့သို့သော ကောင်းကင်ပင် မနာလိုလောက်သည့် ရုပ်ရည် အရပ်အမောင်းဖြင့် မည်သည့် အလုပ်ပဲ လုပ်နေပါစေ ထူးခြားကောင်းမွန်စွာ အလေးပေးဆက်ဆံခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ကြွယ်ဝချမ်းသာပါမည်လို့ အာမခံချက် မရှိသော်လည်း စားဝတ်နေရေး အတွက် လုံလောက်သည်ထက်တော့ ပိုလိမ့်မည်မှာ ကျိန်းသေသည်။
တစ်ချိန်တည်းတွင် သူတို့နှစ်ယောက် အထဲသို့ ဝင်လာသည်ကို မြင်တော့ ရှိနေကြသည့် မိန်းကလေး တော်တော်များများမှာ အနားသို့ ဝိုင်းရံလာကြပြီး လင်းရီ၏ မျက်နှာလှလှလေးအား အနီးကပ် ဖူးမျှော်လိုနေကြလေသည်။
“ လာကြ လာကြ အလှလေးတို့ … ငါနင်တို့နဲ့ မိတ်ဆက်ပေးမယ်…” ရှောင်ပင်းမှ လေသံကျယ်ကျယ်ဖြင့် “ ဒီခု နင်တို့ရှေ့မှာ ရှိနေတဲ့ အချောလေးက ငါ့ရဲ့ အစ်ကိုရီပဲ … ညီမတို့ … ဒီနေ့ည နင်တို့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးထုတ်ပြပြီး အစ်ကိုရီကို အဖော်ပြုပေးကြရမယ်နော်…”
စာစဉ် (၁၀၈) ပြီး၏။