အခန်း (၉၂၇)
Vol. 62 Ch. 927
အနက်ရောင်ဝတ်ရုံနှင့်အဘိုးအိုက ကမ္ဘာကြီးပေါ်သို့ အမှောင်ထုပြန်ကျရောက်မှသာ ဂူထဲမှထွက်ခွာမည်ဟုပြောသောကြောင့် ရှစ်ဖုန့်အနေဖြင့်၎င်းပြောသည်ကိုနားတောင်ရမည်ဖြစ်သည်။ နှစ်ယောက်သား ဂူထဲ၌ မှောင်ချိန်ကျရောက်လာသည်ကို ဖြည်းညှင်းစွာစောင့်ဆိုင်းနေသည်။
ကောင်းကင်အမှောင်ခင်အရင်ဆုံး ရှစ်ဖုန့်က မြေပြင်ထက်၌ ထပ်မံတင်ပျဉ်ခွေထိုင်လိုက်သည်။သူ၏စိတ်ထဲ၌ သူနှင့် ယန်မျိုးနွယ်စုခေါင်းဆောင် ယန်ချီးတို့တိုက်ခိုက်ခဲ့သောတိုက်ပွဲနှင့် သူအားဖျက်ဆီးရန်ယန်ချီးအသုံးပြုခဲ့သော မမြင်နိုင်သည့် စွမ်းအားကို ဂရုတစိုက်ပြန်တွေးနေသည်။
မနေ့ညကတိုက်ပွဲမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်၏စွမ်းအားကို ပြန်လည်တွေးတောဆင်ခြင်ခြင်းက သူ့အားနတ်ဘုရားတစ်ပါးဖြစ်လာရန်လျှို့ ဝှက်ချက်ကို ဆုပ်ကိုင်ခွင့်ပြုနိုင်လိမ့်မည်ဟု ရှစ်ဖုန့်မျှော်လင့်သည်။ သဲလွန်စလေးတစ်ခုလောက်ရလျှင်ပင် ကောင်းသည်ဖြစ်သည်။
သို့သော်နေ့တစ်ဝက်ခန့်ကုန်ဆုံးသွားသော်လညး ရှစ်ဖုန့်အနေဖြင့် သူ၏မှတ်ဉာဏ်များမှတစ်ဆင့်နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သော လျှို့ဝှက်ချက်ကိုမဖမ်းဆုပ်နိုင်သေးပေ။
ဤအခိုက်အတန့်တွင် အက်ရှရှနှင့် အိုမင်းသောအသံကနောက်တစ်ကြိမ် ဤသေးငယ်ကျဉ်းမြောင်းသော ဂူအတွင်းမှထွက်ပေါ်လာသည်။
“မင်းရဲ့ပါရမီကတကယ့်ကိုမဆိုးဘူးပဲ.. မင်းမှာဒီလိုအသက်ငယ်ငယ်လေးနဲ့ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် တစ်ယောက်ရဲ့ စွမ်းအားရှိတယ်..နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုဝင်ရောက်ဖို့အတွက် မင်းအချိန်တစ်ခုပဲလိုတယ်..ငါတို့တောင်ပေါ်နတ်ဆရာမျိုးနွယ်စု က အမြဲတမ်း သန်မာတဲ့သူတွေကိုကြိုဆိုတယ်.. ဘာလို့မင်းငါတို့နဲ့မပူးပေါင်းတာလဲ”
အနက်ရောင်ဝတ်ရုံနှင့်လူ၏စကား တို့အားကြားပြီးနောက်ရှစ်ဖုန့်က သူ၏မျက်လုံးတို့အားဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အနက်ရောင်ဝတ်ရုံနှင့်လူထံကြည့် လိုက်သည်။ သူကတီးတိုးရေရွတ်လိုက်၏။
“ခင်ဗျားတို့တောင်ပေါ်နတ်ဆရာ မျိုးနွယ်စုထဲကိုဝင်ရမယ်တဲ့လား”
ထို့နောက်ရှစ်ဖုန့်က ဖြည်းညှင်းစွာခေါင်းခါယမ်းလိုက်သည်။
“ထားလိုက်ပါ.. ဒီသခင်လေးက ဘယ်မျိုးနွယ်စု ဘယ်အင်စားစုကိုမှ ပူးပေါင်းဝင်ရောက်လိုစိတ်မရှိဘူး. ဒီသခင်လေးကတစ်ခြားသူတွေထိန်းချုပ်ခံရတာကို သဘောမကျဘူး. အခြားသူတွေကို ပဲထိန်းချုပ်ချင်တာ”
ဤအရာအားပြောပြီးနောက် ရှစ်ဖုန့်က သူ၏မျက်လုံးတို့ကို ထပ်မံပိတ်လိုက်ပြီး မနေ့ညကတိုက်ပွဲမြင်ကွင်း အား ပြန်လည်တွေးတောဆင်ခြင်နေသည်။ သူက အနက်ရောင်ဝတ်ရုံအတွင်းမှအဖိုးအိုကို ထပ်မံအာရုံစိုက်ခြင်းမရှိပေ။
နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သောလျှို့ဝှက်ချက်။ သူ၏ယခင်ဘဝတွင်ရှစ်ဖုန့်အနေဖြင့် ထိုအရာအား ပြင်းပြင်းထန်ထန်ကို ရှာဖွေခဲ့ဖူးသည်ဖြစ်သည်။ ယခုဘဝတွင် သူကဘဝနှစ်ခု၌ အသက်ရှင်နေထိုင်ခဲ့သူဖြစ်နေပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင် သူများမရှားပါးသော မြေရိုင်းတိုက်ကြီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော် နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သော လျှို့ဝှက်ချက်၏အနည်းငယ်မျှကို သူမစူးစမ်းနိုင်သေးပေ။ သူ၏သိုင်းပါရမီစွမ်းရည်က ဤလောက်ပမာဏသာရှိသည်သာဖြစ်နိုင်မည်လော။
“မဟုတ်ဘူး.. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ ..ငါကငရဲဘုံကိုးခုဧကရာဇ် .. ထျန်းဟန်တိုက်ကြီးထဲက အသန်မာဆုံးလူ..ငရဲဘုံကိုးခု ဧကရာဇ်ပဲ”
အချိန်များတဖြည်းဖြည်းကုန်ဆုံးလာသကဲ့သို့ ကောင်းကင်ကတဖြည်းဖြည်း နေဝင်ရီတရောဖြစ်လာပြီးနောက် မှောင်မိုက်လာသည်။ ည၏ကန့်လန့်ကာက ဤကုန်းမြေပေါ်သို့ကျဆင်းလာ၏။
အနက်ရောင်ဝတ်ရုံနှင့်လူက မှုန်ဝါးသောအရိပ်တစ်ခုအဖြစ် ထပ်မံပြောင်းလဲသွားပြီးဂူဝ၌ရပ်လိုက်သည်။ သူကနောက်ရှိရှစ်ဖုန့်ကိုပြောလိုက်၏။
“ကောင်းပြီ.. ကလေး.ငါတို့အခုသွားလို့ရပြီ”
ရှစ်ဖုန့်မှာနောက်ထပ်တစ်ကြိမ် အနက်ရောင်ဝတ်ရုံနှင့်လူ၏အသံဖြင့် နှောက်ယှက်ခံလိုက်ရသည်။ ရှစ်ဖုန့်မျက်လုံးတို့အားဖွင့်လိုက်သော အခါတွင် သူ၏မျက်နှာထက်၌ စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ တစ်နေ့တိတိ ပြန်လည်တွေးတောဆင်ခြင်သုံးသပ် သည့်တိုင် ရှစ်ဖုန့်အနေဖြင့် သူ့အတွက်နတ်ဘုရားတစ်ပိုင်း နယ်ပယ်၏နီးခြင်းဝေးခြင်းနှစ်ခုလုံးကို မမြင်နိုင်သေးပေ။
“ဒီဘဝမှာငါ့ရဲ့ဒန်တန်ထဲက စွမ်းအင်က ပြီးပြည့်စုံသည့်အခြေအနေသို့ရောက်ရှိသွားရင် ငါ့ရဲ့ စိတ်အခြေအနေက ကွဲပြားကောင်းကွဲပြားသွားလောက်တယ်.. အရာအားလုံးကိုကောင်းကင်မီးတောက်နဲ့ ဒန်တန်စွမ်းအားပြည့်တဲ့အထိ စောင့်ရမယ်.. မဟုတ်ရင်တော့ နတ်ဘုရားတစ်ပါးဖြစ်လာဖို့လျှို့ဝှက်ချက်ကိုစူးစမ်းရင်တောင် အလကားပဲဖြစ်လိမ့်မယ်”
ရှစ်ဖုန့်က သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူကဖြည်းညှင်းစွာထရပ်လိုက်ပြီး အနက်ရောင်ဝတ်ရုံနှင့်လူထံသို့ လျှောက်သွားလိုက်သည်။
သူချဉ်းကပ်လာသည်ကိုအာရုံခံမိသောအခါတွင် အနက်ရောင်ဝတ်ရုံနှင့်လူက ထပ်မံပြောလိုက်သည်။သူကရှစ်ဖုန့်ကိုပြောလိုက်၏။
“ညဘက်မှာကောင်းကင်ကနေဖြတ်ပြီးခရီးသွားရင်ကမြန်ပေမဲ့ အလွယ်တကူရှာတွေ့လိမ့်မယ်.ဒါကြောင့် ဒါကအကြံကောင်းတစ်ခုမဟုတ်ဘူး. .အကယ်၍ငါတို့သာအဲ့သောက်မျိုးနွယ်စုတွေရှာမတွေ့စေဘဲ အောင်အောင်မြင်မြင်နဲ့ ဒီကနေထွက်သွားချင်ရင် လေထဲကနေငါတို့သွားလို့မရနိုင်ဘူး”
ရှစ်ဖုန့်ကအနက်ရောင်ဝတ်ရုံနှင့်လူ၏အနားသို့လျှောက်သွားလိုက်သည်။ အနက်ရောင်ဝတ်ရုံနှင့်အဘိုးအို၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်၏မျက်လုံးကလက်ကနဲဖြစ်သွားသည်။ သူကပြောလိုက်သည်။
“လေထဲကနေကျုပ်တို့မသွားနိုင်ဘူးဆိုရင် မြေအောက်လမ်းကြောင်းကနေသွားကြတာပေါ့”
“မြေအောက်လမ်းကြောင်းလား”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် မှုန်ဝါးသောပုံရိပ်က သူ၏ခေါင်းကိုငုံ့လိုက်ပြီး သူ့ခြေဖဝါးအောက်မှမြေကြီးကိုကြည့်လိုက်သည်။ သူကပြောလိုက်၏။
“မြေအောက်လမ်းကြောင်းကနေသွားတာကအကြံကောင်းတစ်ခုပေမဲ့ မင်းက မြေဓာတ်စွမ်းအားကိုကျွမ်းကျင်လို့လား.မင်းကမြေကြီးထဲကနေခရီးသွားလာ နိုင်တာလား”
“ဒီသခင်လေးရဲ့ရည်ရွယ်ချက်က မြေအောက်လမ်းကြောင်းကသွားဖို့ ဆိုမှတော့အဲ့လို လုပ်နိုင်လို့ပေါ့.. မြေအောက်ထဲကိုရောက်ပြီးနောက် ခင်ဗျား သာ ဦးတည်ချက်ကိုမှတ်မိသေးတယ်ဆိုရင် အဆင်ပြေတယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
ထို့နောက်ရှစ်ဖုန့်က သူ၏စိတ်ကို အသုံးပြုလိုက်ပြီး သူ၏ရှေ့၌သွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်။ အလင်းရောင်မှေးမှိန်ပျောက်ကွယ် သွားပြီးနောက် ရှစ်ဖုန့်နှင့် မှုန်ဝါးသောအရိပ်တို့၏ရှေ့၌ပေါ်လာသည်က အနက်ရောင်သစ်သားခေါင်းတလားတစ်ခုဖြစ်သည်။
“ဒီပုံစံ..ငါသာမမှားရင်.ဒါကခေါင်းတလားတစ်ခုမလား.. ထူးဆန်းတဲ့ခေါင်းတလားပဲ”
အနက်ရောင်ခေါင်းတလားအား မြင်တွေ့လိုက်ရသောအခါတွင် အနက်ရောင်ဝတ်ရုံနှင့်လူက အံ့အားသင့်စွာပြောလိုက်သည်။
ဤကမ္ဘာရှိလူများကလည်း သေဆုံးပြီးသည့်နောက်၌ ၎င်းတို့၏ကိုယ်များအားသိုလှောင်ရန် ခေါင်းတလားများကိုအသုံးပြုသည့်ပုံရသည်။ သို့သော် ဤသစ်သားခေါင်းတလားကအရမ်းကိုထူးဆန်းသည်ဟု အနက်ရောင်ဝတ်ရုံနှင့်လူခံစားရ၏။ ဤကမ္ဘာရှိ ခေါင်းတလားများ ကထျန်းဟန်တိုက်ကြီးအတွင်း ရှိခေါင်းတလားများနှင့် တစ်နည်းနည်းတော့ကွဲပြား နေခြင်းမျိုးဖြစ်ပေလိမ့်မည်။
“ဒီအရာကမင်းနဲ့ငါ့ကို မြေအောက်ထဲကနေသွားဖို့အတွက်ကူညီပေးနိုင်မှာလား”
မှုန်ဝါးသော အရိပ်က ဖြည်းညှင်းစွာလှည့်လိုက်ပြီးရှစ်ဖုန့်ကိုထပ်မံမေးလိုက်သည်။
ရှစ်ဖုန့်က၎င်းအားလျစ်လျူရှုထား၏။ ထိုအစား သူက အနက်ရောင်ခေါင်းတလားအတွင်းအိပ်မောကျနေသော အလောင်းကို အာရုံခံလိုက်သည်။ အနက်ရောင်ခေါင်းတလားအတွင်း၌ လဲလျောင်းနေသည်ကားသွေးကျောက်ပြားအတွင်းရှစ်ဖုန့်၏အသန်မာဆုံး ယင်အလောင်းကောင်ဖြစ်သော အလောင်းကောင်ဧကရာဇ် တီရှာဖြစ်သည်။
တီရှာနှင့်ရှစ်ဖုန့်က သခင်နှင့်အစေခံစာချုပ်အားချုပ် ဆိုထားသည်ဖြစ်သည်။ အနက်ရောင်သစ်သားခေါင်းတလားအားဖြတ်သန်း၍ အနက်ရောင်ခေါင်းတလားအတွင်း အိပ်မောကျနေသော တီရှာ၏အော်ရာကို ရှစ်ဖုန့်အာရုံခံနိုင်သည်။
ယခင်က တီရှာက သက်ရှိမြေဆီလွှာအားမတော်တဆသူဝါးမျိုမိသောကြောင့် ဆင့်ကဲပြောင်းလဲတိုးတက်ပြီး ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိခဲ့သည်ဟု ပြောဖူးသည်ဖြစ်သည်။
ဤအချိန်အတောအတွင်းတီရှာက အလောင်းထိန်းချုပ်ဂိုဏ်းမှ ရရှိခဲ့သော အနက်ရောင်ခေါင်းတလားအတွင်း ၌လဲလျောင်းနေခဲ့သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား ရှစ်ဖုန့်က၎င်းအား သေခြင်းကိုကိုယ်စားပြုသည့် ရှေးဟောင်းရုန်းကို သင်ကြားပေးထားသည်ဖြစ်သည်။
အနက်ရောင်ခေါင်းတလားအတွင်းမှ တီရှာက ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်အ ထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံနိုင်သည်။ ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်ရန်မှာ ၎င်းအတွက်သိပ်မကြာတော့ ဟုရှစ်ဖုန့်ယုံကြည်၏။
ထို့နောက်ရှစ်ဖုန့်က အနက်ရောင်သစ်သားခေါင်းတလားအား ညင်သာစွာခေါ်လိုက်သည်။
“တီရှာ”
ရှစ်ဖုန့်၏ခေါ်သံနှင့်အတူ အနက်ရောင်သစ်သားခေါင်းတလားအတွင်း အိပ်မောကျနေသော တီရှာကရုတ်ခြည်းနိုးထလာသည်။ ထို့နောက်မမြင်နိုင်သောအားတစ်ခု ခေါင်းတလား၏အဖုံးကို တွန်းလိုက်ပုံရပြီး မှင်ကဲ့သို့မဲနက်သော ခန္ဓာကိုယ်တစ်ခုပေါ်လာသည်။
ဤအချိန်တွင်တီရှာ၏မျက်လုံးတို့က ပွင့်နေပြီဖြစ်သည်။ သူကဖြည်းညှင်းစွာထရပ်လိုက်ပြီးရှေ့ရှိရှစ်ဖုန့်ကိုကြည့်လိုက်သည်။ သူကအော်ပြောလိုက်၏။
“သခင်”
“ဒါ..ဒါက မသေနိုင်တဲ့သက်ရှိမလား..ဧကရာဇ်နယ်ပယ် လူသားပုံစံမသေနိုင်တဲ့သတ္တဝါ”
တီရှာအားမြင်သည်နှင့် ရှစ်ဖုန့်မှာ ဘေးရှိအနက်ရောင်ဝတ်ရုံနှင့်လူထံမှ အံ့အားသင့်စွာပြောဆိုသံကိုထပ်မံကြားလိုက်ရသည်။
၎င်း၏အသံနှင့်စကားတို့မှတစ်ဆင့် သူ့အတွက်ယင်အလောင်းကောင်အားမြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပုံရသည်။ ထိုထက်ပိုသည်ကား တီရှာကဲ့သို့ ဧကရာဇ်နယ်ပယ် ယင်လောင်းကောင်တစ်ခုဖြစ်နေခြင်းဖြစ်သည်။
သို့သော်ရှစ်ဖုန့်အတွက် ၎င်းမြင်ဖူးခြင်းရှိမရှိကအရေးမပါပေ။ ရှစ်ဖုန့်က စိတ်အားထပ်မံလှုပ်ရှားလိုက်သည်။ တီရှာဘေးရှိ အနက်ရောင်ခေါင်းတလားက သွေးနီရောင်အလင်းတစ်ချက် လင်းလက်ခြင်းနှင့်အတူ ထပ်မံပျောက်ကွယ်သွားသည်။
အနက်ရောင်သစ်သားခေါင်းတာလားက ထပ်မံအသုံးဝင်ခြင်းမရှိပေ။ ရှစ်ဖုန့်က၎င်းအား သွေးကျောက်ပြားနေရာလွတ်အတွင်းယာယီသိမ်းဆည်းထားလိုက်သည်။
တီရှာ၏ကိုယ်ကမြေပြင်ပေါ်သို့ ဖြည်းညှင်းစွာဆင်းသက်လိုက်သည်။ ရှစ်ဖုန့်က ၎င်းအားရိုးရှင်းစွာပြောလိုက်၏။
“တီရှာ. အခု ဒီသခင်လေးတို့က ရန်သူတွေဝိုင်းနေတယ်.. တို့တွေ မြေအောက်ထဲကနေခရီးသွားဖို့လိုအပ်တယ်”
“သခင်..ကျွန်တော်နားလည်ပါပြီ”
တီရှာက အနည်းငယ်ခေါင်းငြိမ့်ပြပြီး ဖြေလိုက်သည်။ ထို့နောက်တီရှာက စိတ်ကိုလှုပ်ရှားလိုက်ပြီး သူတို့ရပ်နေသောမြေပြင်ကိုထိန်းချုပ်လိုက်၏။ရုတ်ခြည်းရှစ်ဖုန့်နှင့် အခြားသူတို့အောက်ရှိ မြေပြင်က ပြောင်းလဲသွားသည်။ ၎င်းက မြေပြင်ကရေအလားပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။
ရှစ်ဖုန့်၊မှုန်ဝါးသောအနက်ရောင်ဝတ်ရုံလူနှင့်တီရှာတို့သုံးယောက်သား မြေပြင်အတွင်းဖြည်းညှင်းစွာ နစ်မြုပ်သွားသည်။
“မြေဓာတ်ကို ထိန်းချုပ်နိုင်တဲ့ ဧကရာဇ်နယ်ပယ် မသေနိုင်တဲ့သတ္တဝါ…မြေရိုင်းတိုက်ကြီးအတွင်းမှာ ဒီလိုမျိုးထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ရှိနေမယ်လို့ငါမမျှော်လင့်ထားဘူး. ငါဒါကိုအရင်ကလုံးဝမမြင်ဖူးဘူး”
ဖြည်းညှင်းစွာနစ်ဝင်နေသော အနက်ရောင်ဝတ်ရုံနှင့်လူက အံ့အားသင့်စွာပြောနေသည်။ ထို့နောက်သုံးယောက်သား မြေကြီးထဲသို့လုံးဝနစ်ဝင်သွားပြီး ပျောက်ကွယ်သွားသည်။
သုံးယောက်သားပျောက်ကွယ်သွားပြီးနောက် ပျော့ပျောင်းပုံရသော မြေပြင်က ပုံမှန်အတိုင်းပြန်လည်မာကျောလာသည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE