အရှင်ဖမ်းခြင်း
Vol. 014 Ch. 1321
သွေးနဂါးဘုံ၊ ချန်ယဲ့မြို့တိုက်ပွဲ၌ ဝူယုံးသည် ရီဖူရှင်း၏အထောက်အပံ့ဖြင့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော်ခဲ့ကာ များစွာသော ပြန်လည်မွေးဖွားခြင်း အဆင့်များအား တုန်လှုပ်စေခဲ့သည်။
ထိုစွမ်းအားက ဝူယုံး၏ခွန်အားကို အဆမတန် သန်မာစေသည်။ ကျုံးကလန် ခေါင်းဆောင်သည်ပင် ကျုံးလော်တိုက်ခိုက်ရေး ပုံသဏ္ဌာန်အား အဆင့် ၁၁ အထိသာ ထုတ်ဖော်နိုင်သော်လည်း ဝူယုံးကား အဆင့်၁၂အထိ ထုတ်ဖော်နိုင်ပေသည်။
ဝူယုံး၏မျက်လုံးများက နေမင်းအလား လောင်ကျွမ်းနေသည်။ သူက ထိုခွန်အားကို ခံစားမိလျှင် နောက်ဆုံးတစ်ကြိမ်က ရရှိခဲ့သော ပြောမပြတတ်သော ခွန်အားကို ခံစားမိ၏။
ရီဖူရှင်းက ထိုနည်းလမ်းအားဖြင့် သူ့ကို ထောက်ပံ့လျှင် သူသည် မဟာလမ်းစဉ်အား ပိုမိုနီးကပ်စွာ ခံစားလာခဲ့ရပြီး သူ့ရုပ်ခန္ဓာသည် မီးတောက်များ၏ ရင်းမြစ်ဖြစ်လာကာ လောကမှ မီးတောက်များအားလုံးကို ဝါးမျိုပြီး သူ့ကို ပိုမိုသန်မာစေ၏။
ထိုခံစားချက်အား သူသည် မျိုးနွယ်စုခေါင်းဆောင်များ အားလုံးထဲ၌ သူတစ်ယောက်တည်းသာ ခံစားရပေသည်။ ၎င်းက ရီဖူရှင်း အင်ပါယာခွာ အမွေအနှစ်ကို ရရှိစဉ် သူ့အား ဝူယုံးက ပထမဆုံး ထောက်ခံခဲ့ခြင်းနှင့် ပတ်သက်သည်ကို ဝူယုံးသိပေသည်။
ပုံမှန်အားဖြင့် ဝူယုံးက ထိုအချက်ကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။ သူ၏ မူလဆုံးဖြတ်ချက်ကြောင့်ပင် ရီဖူရှင်းက သူ့အား ယုံကြည်မှု အရှိဆုံးဖြစ်ကြောင်း သိပေသည်။
တခြားတစ်ဖက်တွင် ကောင်းခေါင်သည် အလွန်မြန်၏။ ကျုံးလော် တိုက်ခိုက်ရေးသဏ္ဌာန် ပုံပေါ်လာသောအခါ ကောင်းခေါင်ကား ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူ၏ပစ်မှတ်ကား ရီဖူရှင်းဖြစ်သည်။ ပုံမှန်အားဖြင့် သူက ရီဖူရှင်းကို အမြန်ဆုံး ဖမ်းမိရန် လိုသည်။ ရီဖူရှင်းသည် ဝူယုံး၏နောက်တွင် ရှိသည်။
အရှိန်အဝါကြီးသော မိစ္ဆာစွမ်းအားများသည် ကောင်းကင်ကို ဖြတ်သန်းကာ ကောင်းခေါင်၏နောက်၌ ဒီမွန်းတစ်ကောင် ပေါ်လာ၏။ ကောင်းကင်၌ မိစ္ဆာတိမ်တိုက်များ ရွေ့လျားလာခဲ့သည်။ ၎င်းတို့ထဲတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်ကာ ဝူယုံး၏မီးတောက်များအား ဝါးမျိုရန် ကြိုးစားသည်။
သူက ဝူယုံး၏ခန္ဓာကိုယ်အား တိုက်ခိုက်လှမ်း၍ ဖမ်းဆုပ်သည်။ မိစ္ဆာလမ်းစဉ် လေ့ကျင့်သူများသည် အနီးကပ် တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကာ အကြောက်တရား ကင်းမဲ့ကြပေသည်။
ဧရာမလက်ဝါးကြီးသည် ရုန့်ရမ်းစွာဖြင့် ကြီးမားလာခဲ့ပြီး တွင်းနက်ကြီး အသွင်ဆောင်လာခဲ့သည်။ ၎င်းသည် ကြောက်မက်ဖွယ် အမှတ်အသားများဖြင့် ရစ်ပတ်နေခဲ့ကာ မှော်ဆန်သော လှိုင်းများသည် ဝူယုံး၏ ကျုံးလော်တိုက်ပွဲ သဏ္ဌာန်ထံသို့ ဒီမွန်းဆက်ကြောင်းများ အလား ရွေ့လျားလာခဲ့၏။
ထိုဒီမွန်းဆက်ကြောင်းများမှာ ကောင်းကင်မှ မိစ္ဆာအားလှိုင်းများကြောင့် ဖြစ်လာခဲ့ကာ ဝူယုံးထံသို့ ရစ်ပတ်လာခဲ့၏။ ကြောက်မက်ဖွယ် မိစ္ဆာအားလှိုင်းများသည် ဝူယုံး၏ မီးတောက်များကို အရူးအမူး စုပ်ယူလာကြတော့သည်။ မဟာလမ်းစဉ်၏ လက်ဝါးကြီးသည် ဝူယုံးကို လာရောက်ရိုက်နှက်ကာ သူ့အား နေရာ၌ပင် အဆုံးသတ်လိုခဲ့သည်။
“သူဝါးမျိုပါစေ”
ရီဖူရှင်းက ဝူယုံးကို ပြောသည်။ အဆုံးမဲ့သော မီးတောက်များ သူ့ခန္ဓာကိုယ်အား ရစ်ပတ်လာခဲ့၏။ သူ့သက်စောင့်ဟော်နန်းမှ မီးတောက်ဝိညာဉ် အလုံးသည် ရှေးဟောင်းသစ်ပင်နှင့် ပေါင်းစပ်ကာ ပိုမိုထူးဆန်းသော မီးတောက်များ ဝူယုံးထံသို့ စီးဆင်းလာခဲ့သည်။
ဝူယုံး၏ ကျုံးလော်တိုက်ပွဲ သဏ္ဌာန်မှာ ပိုမိုပူပြင်း တောက်လောင်လာခဲ့၏။ နေမင်းရင်းမြစ်အလား မီးတောက်များသည် ဆက်ကြောင်းများမှ တစ်ဆင့် လက်ဝါးထံသို့ စီးဆင်းသွားကြ၏။
ကောင်းခေါင်က သည်မီးတောက်များအား ဝါးမျိုနိုင်စွမ်းမရှိကြောင်း ရီဖူရှင်း သိပေသည်။
ထိုအခိုက်တွင် ကောင်းခေါင်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ဆက်ကြောင်းများသည် သွေးနီရောင် ဖြစ်လာခဲ့ကာ လက်ဝါးပုံရိပ်လည်း ထိုနည်းတူဖြစ်လာခဲ့၏။ ကြောက်မက်ဖွယ် အနီရောင်လှိုင်းများသည် အမှောင်ထုနှင့် ပေါင်းစပ်လာခဲ့ကာ ထိုအသိစွမ်းအားများသည် ကောင်းကင်နှင့်မြေပြင်မှ မီးတောက်များအား စုပ်ယူလျက် သူ၏လက်မောင်းများသို့ စီးဆင်းလာခဲ့တော့သည်။
အဆက်မပြတ် တကျစ်ကျစ်မြည်သံများ ထွက်ပေါ်လာခဲ့ပြီး မဟာလမ်းစဉ် လက်ဝါးသည် အဆက်မပြတ် ပေါက်ကွဲလာခဲ့၏။ ကောင်းခေါင်၏ အမူအရာကလည်း ပြောင်းလဲသွားကာ သူက နောက်ဆုတ်သည်။
ကျုံးလော်တိုက်ပွဲ သဏ္ဌာန်မှ အပူရှိန်သည် ပိုမိုပြင်းထန်လာခဲ့ပြီး လေထဲတွင် နတ်ဘုရား မီးတောက်ပုံရိပ်ယောင် တစ်ခုကိုပင် မြင်ရသည်။ ထိုအခိုက်တွင် တစ်လောကလုံးသည် မီးတောက်ကမ္ဘာသို့ ပြောင်းလဲသွားဟန်ရသည်။
ဘုန်း …
ကောင်းခေါင်က နောက်ဆုတ်ရန် ကြိုးစားစဉ်မှာပင် များစွာသော မီးတောက်လက်များသည် ကျုံးလော်ခန္ဓာမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ဆန့်တန်းလာ၏။ ကောင်းခေါင်က ထိုနေရာမှ ထွက်သွားလိုသော်လည်း လုယွီတစ်ယောက် သူ့နောက်၌ ပေါ်လာသည်ကို မြင်သည်။ သူက ကောင်းခေါင်၏နောက်ကျောကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ကောင်းခေါင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘေးတွင် ပြန်လည် မွေးဖွားခြင်းအဆင့် ၃ယောက် ရှိနေသည်။ သူက ရီဖူရှင်းအား ဖမ်းဆီးရန် စိတ်လောနေခဲ့ရာ ဝူယုံး၏တိုက်ခိုက်အားကို လျှော့တွက်ခဲ့မိ၏။
သို့သော်လည်း ဝူယုံးကား ပြန်လည် မွေးဖွားခြင်းအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သူက ဖိအားကို ခံစားရသော်လည်း စိတ်ဓာတ်ခိုင်မာသည်။ မိစ္ဆာစွမ်းအားများသည် မိစ္ဆာဓားအဖြစ် အသွင်ပြောင်းသွားကာ ကျုံးလော်တိုက်ပွဲ ခန္ဓာကိုယ်မှ ဖြစ်လာသော လက်ချောင်းများအား သွားရောက် ဖြတ်တောက်သည်။
သို့သော်လည်း သူက လမ်းကြောင်းဖွင့်ရန် ကြိုးစားနေစဉ်မှာပင် ပိုမိုအားကောင်းသော အန္တရာယ်၏ အငွေ့အသက်များ ဆင်းသက်လာခဲ့ကာ များစွာသော မီးတောက်လှံများသည် သူ့ထံသို့ တိုးဝင်လာကြသည်။
ဘုန်း …
မှော်ဆန်သော စွမ်းအားများ လောကကို ရိုက်ခတ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် မိစ္ဆာချပ်ဝတ်များဖြင့် ဖုံးအုပ်သွားခဲ့ကာ လက်နှစ်ဘက်က မိစ္ဆာဓားကို ဆုပ်ကိုင်လျှင် လေထုကို ခွင်းပြီး လှံများကို ဖျက်ဆီးသည်။
မာန်သွင်းသံများ ထွက်ပေါ်လာကာ ဝူယုံး ရှေ့ကို တက်လာခဲ့သည်။ သူ့နောက်တွင် နေမင်းတစ်စင်း ဖြစ်လာခဲ့ကာ နတ်ဘုရားအလင်းများ ထွက်ပေါ်လာသည်။ အလင်းတန်း တစ်ခုစီသည် နေမင်းလှံရည်များအဖြစ် အသွင်ပြောင်း၏။
ရီဖူရှင်းသည် အင်ပါယာခွာ၏ အမွေအနှစ်ကို ဆက်ခံရရှိကာ ယခု သူသည် မျိုးနွယ်စုကိုးခု၏ စွမ်းရည်များအားလုံးကို ကျွမ်းကျင်ကာ ထိုပညာများအား ဝူယုံးသို့ လက်ဆင့်ကမ်းပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဝူယုံးသည် သည်နှစ်ကာလအတွင်း လွန်စွာ တိုးတက်လာခဲ့၏။ သူသည် ကျုံးလော်တိုက်ပွဲသဏ္ဌာန် တစ်ခုတည်းသာမဟုတ်ဘဲ တခြားသော စွမ်းရည်များစွာကိုလည်း တတ်မြောက်ခဲ့၏။
မိစ္ဆာဓားသည် ကောင်းကင်ကို ခွင်းကာ များစွာသော မီးတောက်လှံများကို ဖြတ်တောက်၏။ သို့သော်လည်း မီးတောက်လှံများမှာ ကုန်ဆုံးသွားည် မရှိဘဲ ပိုမိုများပြားလာခဲ့သည်။ ကောင်းခေါင်၏ ခန္ဓာကိုယ်မှာလည်း မီးတောက်များ အဆက်မပြတ် လောင်ကျွမ်းနေခဲ့ကာ သူသည် မကြာခင် ပြာမှုန်ဖြစ်သွားတော့မည့် ခံစားချက်ကိုပင် ရ၏။
နေမင်းအလင်းရောင်များ ကျဆင်းလာခဲ့ကာ အဆုံးအစမဲ့သော မီးတောက်လှံများကို သယ်ဆောင်လာသည်။
ကောင်းခေါင်က အော်ဟစ်ကာ သူ၏မုန်တိုင်းက မီးတောက်များကို ဝါးမျိုလိုသော်လည်း သူကား မည်သို့မှ မတတ်နိုင်ခဲ့။ သူ၏ဝိညာဉ်သည်ပင် ထိုမီးတောက် စွမ်းအားများကို ခံနိုင်ရည် မရှိပေ။
ကောင်းခေါင်ကား အလွန်သန်မာသော်လည်း နောက်ဆုံးတွင် ဖိနှိပ်ခံရသည်သာ။ သူသည် တိုက်ခိုက်ခြင်းလည်း မပြုနိုင်သလို ထွက်ပြေး လွတ်မြောက်ခြင်းလည်း မရှိဘဲ ပိတ်မိနေသည်။
စစ်မြေပြင်မှ စစ်တပ်များ စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ အခြေအနေကို မြင်လျှင် လုယွီက တခြားစစ်မျက်နှာများသို့ သွားရောက်တိုက်ခိုက်သည်။ တာလီမှ အင်အားမှာ အလေးနိမ့်သွားခဲ့ကာ နေရာတိုင်း၌ အော်ဟစ်သံများကိုသာ ကြားရသည်။
တခြားသော စစ်မျက်နှာတစ်ခုတွင် ဥဒေါင်းဘုံမှ အိုင်ဒေါဘုရင်သည် အလွန်အားကောင်းသာ ဘုရင်ပိုင်ကို ဖိနှိပ်ထားနိုင်၏။
တိုက်ပွဲကား တာလီစစ်တပ်အတွက် အနိုင်ရရန် မျှော်လင့်ချက်မရှိပေ။
“နောက်ဆုတ်မယ်”
ဘုရင်ပိုင်က သူ့လူများအား အမိန့်ပေးသည်။
သူတို့ ဆက်လက်တိုက်ခိုက်လျှင် သေချာပေါက် အသက်ဆုံးရှုံးရပေမည်။
“ကောင်းခေါင်”
သူက ကောင်းခေါင် ပိတ်မိနေရာသို့ အော်ဟစ်သည်။ သို့သော်လည်း အခြေအနေက သူထင်ထားသည်ထက် ဆိုးဝါးသည်ကို တွေ့လိုက်သည်။ သူ့အနေဖြင့် ကောင်းခေါင်ကို သွားရောက်ကယ်တင်ရန် မလွယ်ကူပေ။
“ဝင်္ကပါကို အသက်သွင်း … နောက်ဆုတ်မယ်”
ဘုရင်ပိုင်က အမိန့်ပေးသည်။ သူက လုယွီကို နောက်ဆုတ်အောင် တိုက်ခိုက်လိုက်ပြီး တာလီစစ်တပ်လည်း နောက်ဆုတ်သည်။ ထိုအခိုက်တွင် လင်းလက်သော လေဟာနယ်ဓာတ်များသည် နေရာတစ်ခုလုံးကို ဖုံးအုပ်လာခဲ့၏။
“အဲဒီကို မသွားနဲ့ … နောက်ဆုတ်”
လုယွီနှင့် အိုင်ဒေါဘုရင်က အမိန့်ပေးသည်။ ထိုဝင်္ကပါက သူတို့လူများအား တာလီသို့ သယ်ဆောင်သွားလျှင် အခြေအနေ အလွန်ဆိုးဝါးသွားပေလိမ့်မည်။
နှစ်ဖက်အင်အားစု နောက်ဆုတ်ကြလျှင် သူတို့မှာ သီးခြားဖြစ်သွားသည်။
ကျယ်လောင်သော မာန်သွင်းသံ တစ်ခုနှင့်အတူ ကောင်းခေါင် ပြင်းထန်စွာ ရုန်းကန်သည်။ ဘုရင်ပိုင်က နောက်ဆုတ်ရန် အမိန့်ပေးသည်ကို သူသိသည်။ သို့သော်လည်း သူကား လုံးဝ ဆုတ်ခွာနိုင်ရန် အခွင့်မရှိပေ။
နောက်ဆုံးတွင် ကောင်းခေါင်သည် ကြီးစွာ စိတ်ပူပန်လာခဲ့၏။ သူ၏မျက်နှာက ပြာနှမ်းလာကာ အလင်းတန်းတစ်ခု ကောင်းကင်၌ ဖြစ်တည်လာသည်ကို မြင်၏။ ၎င်းကား မဟာလမ်းစ၏ လေဟာနယ် ခရီးသွားခြင်းပင်။
လူအုပ်ကြီးသည် ကောင်းကင်မှတစ်ဆင့် ပျောက်ကွယ်သွားကာ ကောင်းခေါင် တစ်ဦးတည်းကို ချန်ထားရစ်ခဲ့ကြ၏။
ဘန်း …
ကျယ်လောင်စွာ ပေါက်ကွဲသံ တစ်ခုနှင့်အတူ ကောင်းခေါင်သည် လက်ဝါးဖြင့် အရိုက်ခံရကာ မြေပြင်သို့ လွင့်စဉ်သွား၏။ သူ့ပါးစပ်မှ သွေးများ ထွက်လာခဲ့ကာ သူ့အဝတ်အစားများမှာ လောင်ကျွမ်းနေ၏။
“ကျုပ်သူ့ကို အသက်ရှင်ရက် လိုချင်တယ်”
ရီဖူရှင်းက ပြောသည်။
ကောင်းခေါင်ကား တာလီတွင် အရေးပါသောသူ ဖြစ်သည်။
သို့သော်လည်း လက်ရှိ သူ့အခြေအနေမှာ အလွန်ဆိုးဝါးနေသည်။
သူကား အပြင်းအထန် ရုန်းကန် တိုက်ခိုက်သော်လည်း အဆက်မပြတ်သော ဖိနှိပ်မှုများ နောက်တွင် သူ၏အသက်ရှူနှုန်းက တဖြည်းဖြည်း အားနည်းသွား ခဲ့တော့သည်။
နောက်ဆုံးတွင် ကောင်းခေါင်သည် ဆက်လက် မခုခံနိုင်တော့ဘဲ အဖမ်းခံရ၏။
အိုင်ဒေါဘုရင်က ကောင်းခေါင်၏ ဆိုးဝါးသော အခြေအနေကို မြင်သည်။
သူက ဂရုဏာသက်မိသော်လည်း ဘာမှ မပြောနိုင်သည်။ သည်ကိစ္စက ရန်ဟောင်ဘုံနှစ်ခု၏ ရန်ငြိုးရန်စဖြစ်သည်။
ကောင်းခေါင်က ရီဖူရှင်းကို နတ္တိဘုံ၌ လုပ်ကြံရန် ကြိုးစားစဉ်က ရီဖူရှင်းသည် အသက်ဆုံးရှုံးလုမတတ် ဖြစ်ခဲ့သည်။ ရီဖူရှင်းက ကောင်းခေါင်ကို မည်သို့ လုပ်ပါစေ၊ လွန်ကဲခြင်း မရှိပေ။
အင်ပါယာလီ နန်းတော်တွင် ဘုရင်ပိုင်သည် အင်ပါယာလီနန်းတော်သို့ တိုက်ရိုက်ရောက်လာကာ ကောင်းခေါင်နှင့် ပတ်သက်၍ အစီရင်ခံသည်။
ထို့နောက်တွင် အင်ပါယာလီက အဝေးကို လှမ်းကြည့်၏။ ကြီးမားသော အရှိန်အဝါများ တာလီနန်းတော် တစ်ခုလုံးသို့ ဖုံးအုပ်လာခဲ့၏။
နတ္တိဘုံအား သူတို့လက်မှ သိမ်းယူသွားခြင်း ခံလိုက်ရသလို ဥဒေါင်းအင်ပါယာ ဘုံသည်လည်း အင်ပါယာရှားဘုံနှင့် ပူးပေါင်းခဲ့သည်။ ကောင်းခေါင် အဖမ်းခံရ၏။
သည်အရာကပင် စစ်ပွဲ၏ပြည့်စုံသော သွင်ပြင်ဖြစ်သည်။