စစ်တပ်များရောက်ရှိလာခြင်း
Vol. 014 Ch. 1322
အင်ပါယာလီ မြို့အတွင်းဘက် နန်းတော်တွင် တိမ်မည်းများက နေရာတစ်ခုလုံးအား လွှမ်းခြုံ ထားသည်ဟု ထင်မှတ်ရသည်။
မင်းသား၊ မင်းသမီးများ၊ တော်ဝင်အနွယ်များနှင့် အခြားသော အမတ်များ အားလုံးက တစ်နေရာတည်းတွင် စုစည်းနေကြပြီး စစ်တပ်များက တစ်မြို့လုံးကို စောင့်ကြပ်နေ၏။
အင်ပါယာလီ၏ အုပ်ချုပ်မှုအောက်တွင် နန်းတွင်းအကြံပေးက ပြည်တွင်းအရေးများကို ကိုင်တွယ် ဖြေရှင်းရပြီး ဘုရင်ထန်တောက်က ပြင်ပရေးရာကိစ္စများကို ကိုင်တွယ် ရလေသည်။ ထိုအုပ်ချုပ်မှု စနစ်သည် တာလီပြည်ထောင်ကို အလွန် တောင့်တင်း သန်မာလာစေပြီး ကြီးပွားချမ်းသာကာ အိမ်နီးချင်းဘုံ ဖြစ်သည့် အင်ပါယာရှား ဘုံထက် သာလွန်ခဲ့သည်။
ထို့ကြောင့် တာလီစစ်တပ်ရှိ များစွာသော လူများနှင့် မင်းမှုထမ်းများသည်လည်း သူတို့က ဘုံစစ်ပွဲကို စတင်နိုင်သည့် အခြေအနေရှိပြီး အင်ပါယာရှားဘုံ၏ ကျင့်ကြံရေး အရင်းအမြစ်များကို သိမ်းပိုက်နိုင်ကာ တာလီ၏ စွမ်းအားကို ချဲ့ထွင်၍ ပို၍ သန်မာလာအောင် လုပ်နိုင်မည်ဟု ယုံကြည်ကြသည်။
သို့သော်လည်း ထိုအတွေးများက လွန်ခဲ့သည့် နှစ်အနည်းခန့်တွင် တာလီပြည်ထောင်အတွင်း ရီဖူရှင်း ပေါ်ပေါက် လာသည်မှ စတင်ကာ ပြောင်းလဲသွားခဲ့၏။ ထို့နောက်တွင် သူ့ကြောင့်ပင် တာလီနန်းတွင်း အကြံပေးမှာ အပြစ်ကျခံခဲ့ရကာ ထိုနေရာ၌ တည်ရှိသည့် နန်းတွင်း အကြံပေး အိမ်တော်သည်လည်း ပျောက်ကွယ် သွားရလေသည်။
မကြာခင်နှစ် အနည်းငယ် အတွင်းတွင် အင်ပါယာရှားဘုံက ဘက်ပေါင်းစုံမှ ထိုးဖောက် ဝင်ရောက် လာခဲ့ပြီး တာလီပြည်ထောင်ကို ဖိအားပေးခဲ့သည်။
အခြေအနေသည် လျင်မြန်စွာ ပြောင်းလဲ သွားခဲ့သည်။
မြင့်မြင့်မားမား ခန့်ထည်စွာ ရှိနေသည့် နန်းတော်၏ ရွှေရောင်ခန်းမ အလယ်တွင် အင်ပါယာလီ ရပ်နေလျက် ရှိသည်။ အောက်ဘက်ရှိ လူများသည်လည်း လှုပ်ရှားနေကြသည်။ သတင်းပို့သူများသည် ထွက်လိုက်ဝင်လိုက်ဖြင့် စစ်တပ်အခြေအနေကို အဆက်အပြတ် အစီရင်ခံနေကြ၏။
“အရှင်မင်းကြီး၊ ဓားတောင်နဲ့ အနောက်တောင်ဘက်က နေမင်းမြို့ ကျဆုံးသွားပါပြီ။ အနောက် မြောက်ဘက်မှာတော့ အင်ပါယာ ရှားစစ်တပ်က ထျန်းလော်မြို့နဲ့ ယောင်တုကို ကျူးကျော် လာပါတယ်။ အနောက်ဘက် တည့်တည့်မှာ တောက်လီတောင်နဲ့ အင်ပါယာ အမွေအနှစ်ဟာလည်း ကျဆုံးသွားပါတယ်။ ဘုရင်ထန်တောက်နဲ့ မင်းသားကြီးတို့ ချောင်းမြောင်း တိုက်ခိုက်တာ ကျရှုံးခဲ့ပြီး အထိအခိုက် အကျအဆုံး များစွာနဲ့ နန်းမြို့တော်ကို ဆုတ်ခွာလာကြပါတယ်”
သတင်းပို့သူက အသက်တစ်ရှိုက် အတွင်းမှာပင် သတင်းများကို တရစပ် ပြောသွားကာ သူ၏ ခေါင်းက မြေပြင်တွင် ဦးခိုက် ညွှတ်တွားနေပြီး မော့မကြည့်ရဲခဲ့ပေ။
အရေးကြီးသည့် ဗျူဟာဆင်ထားသော အနောက်ဘက်မှ နေရာများသည် ဝန်းရံခံရကာ အတိအလင်း ကျဆုံးသွားခဲ့ပြီး ချောင်းမြောင်း တိုက်ခိုက်ခြင်းပင် ကျရှုံးခဲ့သည်။ အခြားတစ်ဖက် နတ္ထိဘုံတွင် ဘုရင်ခံပိုင်သည် ထွက်ပြေး တိမ်းရှောင်သွားပြီး ကောင်းခေါင်သာ နောက်တွင် ကျန်ရစ်ခဲ့ပေသည်။
တိုက်ပွဲသည် တစ်ဖက်သတ် အခြေအနေသို့ ပြောင်းလဲလာခဲ့သည်။
သို့သော်လည်း ဤအခြေအနေကို မျှော်လင့်ထားခဲ့ပြီး ဖြစ်၏။ ထိုအခြေအနေများ အောက်တွင် ပြိုင်ဘက်၏ ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များသည် အရေးသာနေသည့် အပြင် ရီဖူရှင်းသည် သွေးနဂါးဘုံမှ သံသယ ကင်းစင်ခြင်း အဆင့် ရှန့်ထိုများစွာကို ခေါ်ဆောင် လာခဲ့သေး၏။ အင်ပါယာရှားဘုံသည် ကျူးကျော်ရန် အတွက် အားလုံးသော ထိပ်တန်း အင်အားစုများအပြင် တပ်မကြီး ရှစ်ခုကိုလည်း ပါဝင်စေခဲ့သည်။
တာလီသည် နန်းတွင်း အကြံပေး အိမ်တော်ကို ဆုံးရှုံးလိုက်ရသည့် အတွက် အင်အား လျော့နည်းနေပြီး ယှဉ်ကြည့်လျှင် တစ်ဖက်ရန်သူ၏ အင်အားက သိသိသာသာ ကွာဟနေပေသည်။
နန်းတော်အတွင်းရှိ အခြေအနေမှာ တိတ်ဆိတ်နေသည်။ အမတ်များမှာလည်း တိတ်ဆိတ်နေပြီး မင်းသား၊ မင်းသမီးများလည်း ဆွံ့အနေကြ၏။
အချို့သော မင်းသား၊ မင်းသမီးများသည် တာလီတခွင်တွင် သတ္တမဓားဟု ဂုဏ်သတင်း ကျော်ကြားသည့် ရီဖူရှင်းနှင့် အဆက်အဆံ ရှိခဲ့ကြသည်။
မည်သူက ဤသို့ ရန်ဟောင်ဘုံများကြားက စစ်ပွဲကြီးအား ယခု ထိန်းချုပ်နေသည့် သူမှာ သတ္တမဓားဟု တွေးမိကြမည်နည်း။
“မင်းတို့ အတွေးက ဘယ်လိုရှိလဲ” အင်ပါယာလီက ခန်းမထဲရှိ လူအများကို ဝေ့ဝဲ ကြည့်လိုက်သည်။
ထိုမေးခွန်းကပင် အားလုံးကို ပို၍ပင် ဆိတ်ငြိမ် သွားစေသည်။ တန်ခိုးရှင် လောကတွင် စွမ်းအားသည်သာ အခရာဖြစ်သည်။ သူတို့၏ ယခင် ဗျူဟာမှာ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံခြင်းမှ ရှောင်ကြဉ်ပြီး အန္တရာယ်ကင်းစွာ ဆုတ်ခွာ၍ တန်ခိုးရှင်အနည်းငယ်ကိုသာ သုံးကာ ဝင်လာနိုင်သည့် နေရာများမှ ချောင်းမြောင်း တိုက်ခိုက်ရန် ဖြစ်သည်။ ကျူးကျော် ဝင်လာခဲ့သည့် အင်ပါယာရှားလုံမှ စစ်တပ်များသည် တပ်ကြောင်းခွဲ၍ လာနေခဲ့ကြသည် မဟုတ်ပါလား။
ဘုရင်ထန်တောက်နှင့် မင်းသားကြီးတို့သည် အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်သည်မှာ သံသယရှိဖွယ် မလိုပေ။ သူတို့သာ ချောင်းမြောင်း တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ၏ တပ်တစ်တပ်ကို ဖြိုခွဲနိုင်ခဲ့ပါက သူတို့သည် အခြားသော တိုက်ခိုက်နေသည့် နေရာများကို ချက်ချင်းသွားရောက် အားဖြည့် ပေးနိုင်မည်ဟု ထင်နေကြသည်။
ထို့နောက် နတ္ထိဘုံလည်း ရှိသေး၏။ ဘုရင်ခံပိုင်ကို ထောက်ပံ့ကာ ကောင်းခေါင်သည် အင်ပါယာလီမြို့သို့ တိတ်တဆိတ် စိမ့်ဝင် ထိုးဖောက်ကာ နတ္ထိဘုံတွင် ရန်သူများကို ပြင်းထန်စွာ ရင်ဆိုင်ရန် ရည်ရွယ်ခဲ့သည်။
သို့သော် ရလဒ်မှာ လူတိုင်း မြင်သည့်အတိုင်း ဖြစ်သည်။ ရီဖူရှင်းသည် နတ္ထိဘုံတွင် အင်ပါယာလီမြို့သို့ တိုက်ခိုက်ရာ၌ သူနှင့်အတူ ဥဒေါင်း အင်ပါယာဘုံကို ပူးပေါင်းလာစေပြီး တာလီ၏ နတ်ဆိုးကျင့်ကြံသူကို ဖမ်းဆီး ရမိစေခဲ့၏။
“အရှင်မင်းကြီး၊ အရာအားလုံးက ဒီလိုဖြစ်နေပြီဆိုမှတော့ နေရာအားလုံးကို လက်လျှော့လိုက်တာ အကောင်းဆုံးပါ။ ကျွန်တော်တို့ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ရဲ့ အင်အားတွေ အားလုံးကို စုစည်းလိုက်မှာမို့ အချိန်ကွာခြားမှုကို သုံးပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖြိုခွဲဖို့ မဖြစ်နိုင်ဘူးလား” တစ်ယောက်က အကြံပေးလိုက်သည်။
အခြားတစ်ဖက်မှ မဟာစစ်တပ်များ ရောက်ရှိလာမည့် အချိန်က ကွာခြားမှု ရှိလိမ့်မည် ဖြစ်သည်။
“ဘုရင်ထန်တောက်နဲ့ မင်းသားကြီးတို့က အစက အဲဒီလိုလုပ်ဖို့ အစီအစဉ် ဆွဲထားတာပါ။ ဒါပေမဲ့ လီဟန်ဓားသမားနဲ့ ရာရာတို့က ဓားဝင်္ကပါနဲ့ ခုခံနေတဲ့ အဓိက အင်အားစုတွေ ဖြစ်နေတယ်။ စစ်ကူတွေ ရောက်လာပြီးတဲ့ နောက်မှာ သူတို့တွေက အဝေးကနေတောင် အချင်းချင်း ဆက်သွယ်နိုင်စွမ်း ရှိတယ်လို့ ထင်ရတယ်။ အဲဒါအပြင် ရောက်လာတဲ့ သူတွေနဲ့ လျင်လျင်မြန်မြန် ပူးပေါင်း သွားကြတယ်။ သူတို့ နန်းမြို့တော်ကို နီးကပ်လာလေ သူတို့ရဲ့ လမ်းကြောင်းတွေက ပိုနီးကပ်လာပြီး အချင်းချင်း မြန်မြန်ဆန်ဆန် ပူးပေါင်း အားဖြည့်ပေးကြတယ်။” သတင်းပို့သူက အစီရင်ခံလိုက်သည်။
“အဲဒါက ရီဖူရှင်းရဲ့ စွမ်းရည်ပဲ။ သူက မိစ္ဆာသားရဲတွေကို ထိန်းချုပ်နိုင်တယ်။ အဲဒီ အကြောင်းရင်းကြောင့်ပဲ နတ္ထိဘုံ တိုက်ပွဲမှာတုန်းက ရှုံးနိမ့်ခဲ့ကြရတာ။” တစ်စုံတစ်ယောက်က ပြောလိုက်၏။
“မဟုတ်ရင်....” ကြမ်းပြင်၌ ဒူးထောက် ဦးခိုက်နေသူက ဆက်ပြောလိုက်သည်။ အင်ပါယာလီက သူ့ကို ကြည့်ကာ ပြောလိုက်၏။ “ပြီးတော့ ဘာလဲ”
“မဟုတ်ရင် အရှင်မင်းကြီး ကိုယ်တိုင် ကျွန်တော်တို့ကို ဦးဆောင် တိုက်ပွဲကွင်းပြင်ကို သွားပြီး သူတို့ကို အမြန်ဆုံးနှုန်းနဲ့ တစ်ဖွဲ့ချင်း ချေမှုန်းပစ်ရပါမယ်” ဆက်သားက သူ၏ ခေါင်းကို မြေပေါ် ဦးခိုက်ထားရင်းက ပြောလိုက်သည်။ နှစ်ဖက် စစ်တပ်များ တိုက်ခိုက်ကြသည့်အခါ ပုံမှန်အားဖြင့် ရန်ဟောင်များက ဝင်ပါခြင်း မရှိကြပေ။ အင်ပါယာလီက ဝင်ရောက် စွက်ဖက်လိုက်လျှင် အင်ပါယာရှားသည်လည်း ပါဝင်လာလိမ့်မည် ဖြစ်၏။
ရန်ဟောင်တစ်ပါး ဝင်ရောက် စွက်ဖက်ခဲ့လျှင် အခြေအနေများသည် ပို၍ပင် ထိန်းချုပ် မရနိုင်အောင် ဖြစ်လာစေလိမ့်မည်။ ၎င်းက ဘုံတစ်ခုလုံးကိုပင် ကွယ်ပျောက်သွားစေနိုင်သည့် စစ်ပွဲတစ်ပွဲ ဖြစ်သွားနိုင်ပေသည်။ ထိုသို့သော အရာမျိုးကို သမိုင်းများထဲတွင်ပင် မကြားဖူးခဲ့ပေ။
အင်ပါယာလီ၏ မျက်လုံးများက ထက်ရှလာပြီး အခြားသူများကို စူးစိုက်ကြည့်လိုက်သည်။ ထိုသူက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ရန်သူ့စစ်တပ်က သတ်ဖြတ်ခြင်း မပြု ကြပါဘူး။ ဖြစ်နိုင်တာက သူတို့မှာ တခြားရည်ရွယ်ချက် ရှိနေလိမ့်မယ်”
“ရီဖူရှင်း ဒီကို ကျူးကျော်ဖို့ စတင်ခဲ့တာက နန်းတွင်း အကြံပေးကြောင့် ဖြစ်မယ်လို့ ယူဆရတယ်” တာလီ၏ တတိယမင်းသားက ပြောလိုက်သည်။ သူသည် သွေးနဂါးဘုံ စစ်ပွဲတွင် ပါဝင်ခဲ့ပြီး နန်းတွင်း အကြံပေးက ရီဖူရှင်းကို လွှတ်ပေးခဲ့၍သာ အပြစ်ပေးခံခဲ့ရခြင်း ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ နန်းတွင်း အကြံပေး၏ အပြုအမူများသည် သူ၏ အနေအထားနှင့်ဆိုလျှင် သစ္စာဖောက်ခြင်းပင် ဖြစ်သည်။
ယခု ဤစစ်ပွဲကို စတင်ဖို့ရာ စိတ်ထက်သန်နေသည်။ သူ၏ ရည်ရွယ်ချက်က ရှင်းလင်း၏။
သူက နန်းတွင်းအကြံပေးကို ကယ်တင်လိုခြင်း ဖြစ်သည်။
“နန်းတွင်းအကြံပေးအတွက် ဖြစ်နိုင်မလား...” တစ်စုံတစ်ယောက်က စကားစလိုက်သော်လည်း သူ့ အတွေးမဆုံးခင် ပါးစပ် ပိတ်လိုက်လေသည်။
အင်ပါယာရှားဘုံသည် ကျူးကျော်စစ်ဟုသာ အမည်ခံကာ နန်းတွင်း အကြံပေးကို ကယ်တင်ရန်ဟု မပြောခဲ့ပေ။ တာလီက နန်းတွင်းအကြံပေး၏ အသက်ကို အသုံးချကာ သူတို့ကို တန်ပြန် ခြိမ်းခြောက်ခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။
အင်ပါယာလီသည် ရှက်ဖွယ်လိလိ ဖြစ်ပေလိမ့်မည်။ ထို့အပြင် အခြားတစ်ဖက်က စတင် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ နန်းတွင်း အကြံပေး၏ အသက်ကို အသုံးပြုခြင်းက အသုံးပင် ဝင်လိမ့် ပါဦးမည်လား။
အကယ်၍ ထိုနည်းလမ်းပင် ကျရှုံးခဲ့လျှင် ရီဖူရှင်းက သတ်ဖြတ်ရန် အမိန့်ပေးလိမ့်မည်လား။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ကတိုက်ကရိုက် ပြေးကာ ဝင်ရောက် လာသည်။ သူသည် မုဆိုးဒူးထောက် ထိုင်ချကာ ပြောလိုက်၏။ “အရှင်မင်းကြီး၊ အင်ပါယာရှားဘုံက တပ်မ ကိုးခုက နန်းမြို့တော်ကို အရမ်းမြန်တဲ့ အရှိန်နှုန်းနဲ့ ချဉ်းကပ်လာနေပါပြီ။ ကြားဖြတ် တိုက်ခိုက်တာမျိုး မရှိရင် အင်ပါယာရှား စစ်တပ်တွေ နန်းမြို့တော်ကို တစ်ချိန်တည်း ရောက်ရှိလာဖို့ သိပ်မကြာတော့ပါဘူး”
နေရာတစ်ခုလုံးက တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူတို့သည် တာလီပြည်ထောင်၏ နယ်မြေကို ဖြတ်သန်းကာ နန်းမြို့တော်သို့ တည့်တည့် ဦးတည်လာနေပြီ ဖြစ်သည်။
တာလီပြည်ထောင်သည် အလွန်ကြီးမားလှသည်။ များပြားလှသော တန်ခိုးရှင်များ စေလွှတ် ခဲ့သော်လည်း မည်သူကမှ သူတို့ကို မတားဆီးနိုင်ခဲ့ပေ။
တာလီသည် ပြည်ထောင် ဖြစ်သော်လည်း ယင်းနိုင်ငံအတွင်းရှိ တန်ခိုးရှင်များအားလုံးကို စစ်ပွဲမှာ ပါဝင် လာစေရန် မဆင့်ခေါ်နိုင်ပေ။
တပ်မကြီး ကိုးခုအပြင် ရီဖူရှင်းနှင့် နတ္ထိဘုံမှ သူ့လူများကိုပါ ထည့်တွက်လျှင် စုစုပေါင်း စစ်တပ် ဆယ်ခုဖြင့် သင့်ပေသည်။
လေထုထဲတွင် ဓားချီများ လွှမ်းခြုံလာပြီး သန်မာလှသည့် ဓားစွမ်းအားများသည် အဝေးမှ ကျဆင်း လာခဲ့သည်။ လူတိုင်းသည် သူတို့၏ အာရုံစိုက်မှုကို ထိုနေရာသို့ ပြောင်းရွှေ့ လိုက်ကာ ဓားတောင်မှ တန်ခိုးရှင်များ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
ဓားတောင်မှ ဓားသမားများက သူတို့၏ ဓားများကို ကျောတွင် လွယ်ကာ ခန်းမအတွင်းသို့ ဝင်ရောက် မလာခင် ဓားတောင် ကလန်ခေါင်းဆောင်က ရှေ့ဆုံးမှ ရောက်ရှိလာ၏။ သူသည် ဦးညွတ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ဓားတောင်က သူတို့ကို မဟန့်တားနိုင်ခဲ့ပါဘူး။ ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်ပျက် စေခဲ့မိပါတယ်”
အင်ပါယာလီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “မင်းရဲ့ အမှားမဟုတ်ပါဘူး”
သူတို့ကို မတားဆီးနိုင်ခဲ့ခြင်းမှာ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။
ဓားတောင်၏ ကလန် ခေါင်းဆောင်က သက်ပြင်းချလိုက်သည်။ တစ်ချိန်တုန်းက ဓားတောင်သည် ရီဖူရှင်းကို ဖိတ်ခေါ်ကာ ထိုနေရာ၌ ကျင့်ကြံစေခဲ့သည်။
ရန်သူစစ်တပ်သည် ဤတစ်ကြိမ်၌ ဓားတောင်သို့ ကျူးကျော်ခဲ့သော်လည်း မည်သူမှ အသတ် မခံခဲ့ရပေ။ အင်ပါယာရှားဘုံမှ စစ်တပ်များမှာ ထိခိုက်ဒဏ်ရာ ရစေခဲ့သော်လည်း သတ်ဖြတ်ခြင်း မပြုခဲ့ပေ။
ရှင်းလင်းစွာပင် ရီဖူရှင်းသည် သူ့လူများကို အမိန့်ပေးကာ သက်ညှာမှုကို ပြသခဲ့သည်။
ပြောရလျှင် နတ္ထိဘုံတိုက်ပွဲ၌ ရီဖူရှင်းကို လိုက်လံသတ်ဖြတ်ရာတွင် ဓားတောင်မှ တန်ခိုးရှင်များလည်း ပါဝင်ပေသည်။
ရီဖူရှင်းက ထိုသို့ ထောက်ထား ညှာတာပေးနိုင်ခြင်းမှာ ချီးကျူး ထိုက်ပေသည်။
နှမြောစရာ ကောင်းသည်မှာ သူသည် သတ္တမဓား မဟုတ်ဘဲ ရီဖူရှင်း ဖြစ်နေခြင်းပင် ဖြစ်၏။
အကယ်၍ သူသာ တာလီ၏ သတ္တမဓား ဖြစ်ခဲ့လျှင် မည်မျှ ကောင်းလိမ့်မည်နည်း။
တော်ဝင်နန်းတော် အပြင်ဘက်မှ ပြင်းထန်သည့် အသက်စွမ်းအားများ ထွက်ပေါ်လာနေပြီး တော်ဝင် စစ်တပ်ကြီးသည် နန်းမြို့တော်သို့ ပြန်ရောက်လာသည်။
ဘုရင်ထန်တောက်နှင့် မင်းသားကြီးသည် ပြန်လာခဲ့ကြပြီး ခန်းမသို့ ဝင်ကာ သူတို့၏ ခေါင်းများကို ညွှတ်ကာ အရိုအသေ ပြုလိုက်သည်။ သူတို့က ပြောလိုက်၏။ “ကျွန်တော်တို့ ကျရှုံးခဲ့ပါတယ်”
သူတို့သည် လီဟန်ဓားသမားနှင့် အပေါင်းအဖော်များကို မသတ်ဖြတ် နိုင်ခဲ့ခြင်းသာလျှင် မဟုတ်ဘဲ တိုက်ခိုက်ခြင်းကိုပင် ခံခဲ့ရသည်။ လီဟန်ဓားသမားတို့၏ ဓားဝင်္ကပါက သူတို့ လူအများအပြားကို သတ်ဖြတ် ခဲ့သည်။
အင်ပါယာလီသည် မည်သည့်စကားကိုမှ မပြောရသေးခင် အခြားသော တစ်စုံတစ်ယောက်က ထပ်မံ ဝင်ရောက် လာသည်။ ထိုသူမှာ ဘုရင်ခံလီ ဖြစ်ပြီး အောက်ဘုံမှ တန်ခိုးရှင်များနှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သည်။
သို့သော်လည်း ဘုရင်ခံလီသည် ပြန်လည် မွေးဖွားခြင်း အဆင့်သို့ မရောက်ရှိသေးသည့် အတွက် သူ ရောက်ရှိလာခြင်းက မည်သည့် အရာကိုမှ ပြောင်းလဲနိုင်စွမ်း မရှိပေ။
ဘုရင်လီ၏ သမီး လီယူသည်လည်း ရောက်ရှိနေပြီး သူမ၏ အမူအရာက အလွန် ရှုပ်ထွေးနေဟန် ရသည်။
ယခင်က သူမသည် အောက်ဘုံမှ အထက်ဘုံသို့ လာရောက်ခဲ့သည့် သတ္တမဓားနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။
သူမသည် ရီဖူရှင်းက လီယောင်အပေါ် ထားသည့် ရန်ငြိုးကို လက်လွှတ်မည် မဟုတ်သည်ကို သိရှိနေပြီး သူက ထွက်ခွာ သွားလိုသော်လည်း မင်းသားကြီးက သူ့ကို လိုက်လံ ဖမ်းဆီးခဲ့သည်။
ထို့အပြင် နောက်ပိုင်း၌ တာလီနန်းတွင်း အကြံပေးသည် သွေးနဂါးဘုံသို့ စေလွှတ်ခံခဲ့ရသည်။
အမှန်တကယ် မှားယွင်းခဲ့ခြင်းက ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။
မဟုတ်လျှင် နန်းတွင်းအကြံပေးသည်လည်း အကျဉ်းချခံရမည် မဟုတ်သလို တာလီသည်လည်း ယခု အခြေအနေမျိုးသို့ ကျရောက်လိမ့်မည် မဟုတ်ချေ။
မည်သူကမှ ဖြစ်ခဲ့ပြီးသားကို ပြန်မပြင်နိုင်တော့ပေ။
တိမ်မည်းများက လီနန်းမြို့တော်ကို လွှမ်းခြုံထားသည်။
တစ်ချိန်က သာယာဝပြောခဲ့သော အင်ပါယာလီမြို့သည် အနည်းငယ် လစ်ဟာ နေသကဲ့သို့ ထင်မှတ်ရသည်။ နေရာတစ်ခုလုံးမှ လူအားလုံး နန်းတော်တွင် စုစည်းနေခြင်း မဟုတ်လျှင် ဤနေရာမှ အတူတကွ ထွက်ခွာသွားကြခြင်း ဖြစ်ပေလိမ့်မည်။
လူတိုင်းသည် ပြောနေကြသည့် တစ်ခုတည်းသော အရာမှာ အင်ပါယာရှားဘုံ၏ စစ်တပ်ကြီးက မကြာခင် နန်းမြို့တော်သို့ ရောက်ရှိ လာတော့မည် ဆိုသည်ပင် ဖြစ်၏။
ထို့အပြင် ဤစစ်ပွဲကို ထိန်းချုပ်နေသူမှာ တစ်ချိန်က အင်ပါယာလီဘုံ တစ်ခွင်တွင် သတ္တမဓားဟု နာမည် ကျော်ကြားခဲ့သူ နန်းတွင်းအကြံပေး၏ တပည့် ဖြစ်ပေသည်။
သူက နန်းတွင်းအကြံပေးအတွက် ကလဲ့စားချေရန် ရောက်လာခဲ့သည်လား။
လူအများသည် ဤနှစ်များအတွင်းတွင် ရီဖူရှင်းက မည်သို့သော ပါရမီရှင်မျိုး ဖြစ်လာမည်နည်းဟု တွေးတော ခဲ့ကြသည်။
အင်ပါယာလီဘုံ၏ နန်းမြို့တော်တွင် မည်သည့် ကိစ္စရပ်တို့ ဖြစ်ပျက် လိမ့်မည်နည်း။
နန်းမြို့တော် အတွင်းတွင် ကြီးမားသည့် စစ်တပ်ကြီးသည် အဖက်ဖက်မှနေ၍ အဆက်မပြတ် စုံစည်း လာနေသည်။ ယခု စုစည်းလာသော သူတို့သည် တာလီပြည်ထောင် နယ်စပ်ကို စောင့်ကြပ်ရသည့် တပ်မများ ဖြစ်သည်။ သူတို့အားလုံးသည် နန်းမြို့တော်သို့ ပြန်ရောက်လာပြီး စစ်ပွဲအတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
သို့သော်လည်း နန်းမြို့တော်မှ လူများ ရရှိသည့် သတင်းများအရ ပြည်ထောင်၏ စစ်တပ်အားလုံးကို စုစည်းလျှင်ပင် သူတို့သည် ဤတိုက်ပွဲ၌ အရေးနိမ့် နေဆဲပင် ဖြစ်သည်။
မကြာလှသည့် အချိန်ပြီးနောက် တစ်စုံတစ်ယောက်သည် နန်းတော်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ မကြာခင်၌ နန်းမြို့တော် အပြင်ဘက်တွင် အမျိုးမျိုးသော ဦးတည်ရာများမှ အင်ပါယာရှား၏ စစ်တပ်များ ဆင်းသက်လာ၏။
မြို့အပြင်ဘက်တွင် လူများသည် လေထုထဲသို့ မော့ကြည့်လိုက်ကြပြီး သူတို့၏ နှလုံးသားများသည် ပြင်းထန်စွာ တုန်လှုပ် နေကြသည်။
ရှန့်ထိုစစ်တပ်များက မြို့တော်ကို ဝန်းရံလာ၏။
စစ်တပ်ကိုးခုသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာကာ နန်းမြို့တော် အပြင်ဘက် မတူညီသည့် နေရာများမှ ပေါ်ပေါက်လာသည်။ သူတို့၏ ခန္ဓာကိုယ်များသည် လေထဲတွင် ပျံသန်းနေကြပြီး သူတို့သည် ရပ်သူတပ်များကို မြင်နေကြရပြီ ဖြစ်သည်။
သူတို့ ရောက်ရှိလာပြီ ဖြစ်၏။
စစ်တပ်များက ရောက်ရှိလာပြီ ဖြစ်သည်။
တာလီပြည်ထောင်သည် အပြင်ဘုံ၏ ဖိနှိပ်ခြင်းကို ခံရကာ ဆုတ်လမ်းပင် မရှိ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ် မထားခဲ့ကြပေ။
နတ္ထိဘုံတွင် ရီဖူရှင်းသည်လည်း စစ်တပ်ကို စုစည်းပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။
ဤတစ်ကြိမ်တွင် စစ်တပ်များနှင့် ချီတက်ဝန်းရံလာခြင်းကြောင့် အင်ပါယာလီက အပေးအယူ မလုပ်ဘဲ အကျဉ်းသားကို လွှတ်ပေးရန် ငြင်းဆန်လိမ့်မည်ဟု သူ မယုံကြည်ပေ။
“မြို့ထဲကို ဝင်” အမိန့်ပေးသံ ထွက်ပေါ်လာပြီး ရုတ်ခြည်းပင် အပြင်ဘက်မှ စစ်တပ်သည် အံ့သြစရာ ကောင်းသော ဝင်္ကပါဖွဲ့စည်းကာ နန်းမြို့တော်အတွင်းသို့ တည့်မတ်စွာ ချီတက်လာကြသည်။ မြို့အတွင်းရှိ တန်ခိုးရှင်များ အားလုံးသည် တုန်ယင်နေသည့် နှလုံးသားများနှင့် နောက်သို့ ဆုတ်သွားကြသည်။
စစ်တပ်များသည် မြို့အတွင်းသို့ ဝင်ရောက်လာရုံ သာမက သူတို့သည် မြို့တွင်းကို ဖြတ်သန်း ချီတက်ကာ နန်းတော်သို့ ဦးတည် သွားကြသည်။
တာလီပြည်ထောင်၏ တော်ဝင်နန်းတော်အတွင်းတွင် အင်ပါယာလီသည် အဝေးသို့ မော့ကြည့် လိုက်၏။ သူသည် မြို့အပြင်ရှိ အရာအားလုံးကို ခံစားသိရှိနိုင်ပေသည်။ ရောက်ရှိလာသည့် စစ်တပ်ကိုးခုတွင် ပြန်လည် မွေးဖွားခြင်း အဆင့်များ အမြောက်အမြား ပါဝင်ပေသည်။ ထိုသည်က သူတို့ထံ၌ ရှိနေသော ပြန်လည် မွေးဖွားခြင်း အဆင့်များထက် ပမာဏ နှစ်ဆနီးပါး များပြားလေသည်။
သူသည် ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်သည်။ “မင်းက ဒီကို ရောက်နေပြီ ဆိုမှတော့ ဘာလို့ ထွက်မလာ ရသေးတာလဲ”
နန်းတော်အတွင်းရှိ လူများသည် ကောင်းကင်မှ ဆင်းသက်လာဝည့် အင်ပါယာရှားကို မြင်သည့်အခါ သူတို့၏ နှလုံးသားများက တုန်လှုပ် သွားကြသည်။
နန်းမြို့တော်သို့ စစ်တပ်များ ဝင်ရောက်လာသည့်အခါ အင်ပါယာရှားသည် အခြေအနေကို ထိန်းချုပ်ရန် ဖြစ်သည်။ အင်ပါယာလီက ရုတ်တရက် စိတ်မထိန်းချုပ်နိုင်ဘဲ ရူးသွပ်သွားလျှင် မည်သို့ လုပ်မည်နည်း။
သို့သော်လည်း ပိုပြီး ထိတ်လန့်စရာ ကောင်းသည်မှာ အင်ပါယာရှားဘေးတွင် ရပ်ကာ သူနှင့် အတူ ဆင်းလာသည့် ပုဂ္ဂိုလ်နှစ်ဦး ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်သည် အလွန်လှပသည့် အမျိုးသမီး ဖြစ်ပြီး အမျိုးသား၏ ဘေး၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သက်လတ်ပိုင်း လူကြီးသည် အဖိုးထိုက်တန်သည့် ဝတ်ရုံကို ဝတ်ဆင်ထားကာ နတ်ငှက်မွေးများဟု ထင်မြင်ရပေသည်။ သူ၏ ပုံရိပ်က မြင့်မားပြီး သေးသွယ် ကျစ်လျစ်ကာ ထူးဆန်းသည့် မျက်ဆံများ ရှိသည်။ သူသည် သက်လတ်ပိုင်းသို့ ရောက်ရှိနေလျှင်ပင် အလွန်ချောမော ခန့်ညားနေဆဲ ဖြစ်ကာ ထူးကဲသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။
“ဥဒေါင်းအင်ပါယာက ကျုပ်တို့ဆီ ဘာကိစ္စများ ရှိလို့ ရောက်လာတာလဲ” အင်ပါယာလီ ပြောလိုက်သည့် စကားက လူများ၏ နှလုံးသားများကို တုန်ယင် သွားစေသည်။ ဥဒေါင်း အင်ပါယာဘုံ၏ ဥဒေါင်း အင်ပါယာကလည်း ကိုယ်တိုင် ရောက်ရှိ လာခဲ့လေသည်။
ဥဒေါင်း အင်ပါယာသည် ကောင်းကင်အထက်တွင် တည်ငြိမ်စွာ ရပ်နေရင်း ပြောလိုက်သည်။ “လမ်းလျှောက် ထွက်လာတာပါ။ ကျုပ် ကြားတာတော့ အင်ပါယာရှားဘုံနဲ့ အင်ပါယာလီဘုံ ကြားမှာ အငြင်းပွားမှုလေးတွေ ရှိနေတယ်ဆို။ အဲဒါကြောင့် လာကြည့်ကြည့်တာ”
အင်ပါယာလီ၏ မျက်လုံးများက အေးစက်နေသည်။ နတ္ထိဘုံတွင် တာလီကို တိုက်ရန် ဥဒေါင်း အင်ပါယာဘုံက ရီဖူရှင်းနှင့် ပူးပေါင်းခဲ့သည်။
ဤအချိန်၌ ဥဒေါင်းအင်ပါယာ၏ ပေါ်ထွက်လာမှုက ပတ်သက်မှု ကျိန်းသေ ရှိနေပေသည်။
“အရှင်မင်းကြီး၊ နတ္ထိဘုံ တိုက်ပွဲတုန်းက တာလီပြည်ထောင်နဲ့ ဥဒေါင်းအင်ပါယာက မဟာမိတ်တွေ ဖြစ်ခဲ့ပြီး အင်ပါယာ ရှားဘုံကို လက်တွဲ တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ အင်ပါယာရှားဘုံက လူတွေ အတော်လေး စက်ဆုပ်ဖို့ ကောင်းခဲ့တယ်။ သူတိုကျတော့ နတ်ဆိုးမျိုးနွယ်က တန်ခိုးရှင်တွေကို ထိန်းချုပ်နိုင်ခဲ့ပြီးတော့ မင်းသမီးခွန်ရွှမ်ကိုလည်း ရိုင်းပြခဲ့တယ်။ ဒါပေမဲ့ အခု ဘာလို့ အရှင်မင်းကြီးက အိုင်ဒေါဘုရင်ကို အင်ပါယာရှားဘုံက လူတွေနဲ့ ပူးပေါင်းဖို့ ခွင့်ပြုခဲ့ရတာပါလဲ”
ကောင်းကလန်မှ အချို့သော တန်ခိုးရှင်က တွေဝေမှုအပြည့်ဖြင့် ပြောလိုက်သည်။ ဥဒေါင်း အင်ပါယာဘုံသည် ရီဖူရှင်းနှင့် ပူးပေါင်းကာ သူတို့၏ ခေါင်းဆောင်ကို ဖမ်းဆီးခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ၏ ကံကြမ္မာက အခုထိ မရေမရာ ဖြစ်နေဆဲပင် ဖြစ်၏။
ထိုမေးခွန်းက လူအများ မေးချင်နေသည့် မေးခွန်းလည်း ဖြစ်ပေသည်။ တစ်ချိန်က ခွန်ရွှမ်သည် ရီဖူရှင်းအား မုန်းတီးပြီး သူ့ကို အရိုးထုတ်၍ အရေစုတ်ချင်နေသူ ဖြစ်သည်။
“အခု ခင်ဗျားက နတ္ထိဘုံကို ရည်ညွှန်းတယ် ဆိုတော့ ကျုပ် မှတ်မိသေးတယ်.. အင်ပါယာလီ နတ္ထိဘုံ အတွက် တိုက်ပွဲစည်းမျဉ်းတွေကို လွန်ခဲ့တဲ့နှစ်တွေက ကျုပ်တို့ သုံးဖက်လုံးက အတူ ချမှတ်ခဲ့ကြတာ။ ခင်ဗျားသားက ကျုပ်တို့ရဲ့ သဘောတူညီမှုကို ဖောက်ဖျက်ပြီး အမိန့်မနာခံခဲ့ဘူး။ သဘောတူညီချက်အရ ဆိုရင် တာလီက နတ္ထိဘုံကို ဝင်ဖို့ အရည်အချင်း မမီဘူး။ ကျုပ်ပြောတာ ခင်ဗျား နားလည်မယ် ထင်ပါတယ်” ဥဒေါင်း အင်ပါယာက ထိုလူကို စကား မပြန်ဘဲ အင်ပါယာလီကို တိုက်ရိုက် ပြောဆိုလိုက်သည်။
အခုနက ပြောလိုက်သည့် လူမှာ ဖြူဖျော့သွားသော်လည်း အင်ပါယာလီက တည်ငြိမ်နေသည်။ ဥဒေါင်း အင်ပါယာသည် သူ မချေပနိုင်သည့် အချက်ကို ဆွဲထုတ်ခဲ့သည်။
သူတို့ နတ္ထိဘုံတွင် ရှိစဉ်အခါက စည်းမျဉ်းကို ချိုးဖောက်ခဲ့သူမှာ အမှန်တကယ်ပင် လီယောင် ဖြစ်သည်။
ယခု ဥဒေါင်းအင်ပါယာ ရောက်ရှိနေသည်မှာ တာလီကို စည်းမျဉ်းများ နာခံစေရန်လား။
ဥဒေါင်းအင်ပါယာက မည်သည့်စကားကိုမှ မပြောသည့်အတွက် ထင်မြင်ချက်က ပိုမိုများပြား လေသည်။
သို့သော် နတ္ထိဘုံတွင် မည်သည့်ကိစ္စတို့ ဖြစ်ပျက်ခဲ့သည် ဖြစ်စေ ဥဒေါင်းအင်ပါယာ ဤနေရာသို့ ရောက်ရှိနေခြင်းမှာ ဟန့်တားရန်သာ ဖြစ်ပေသည်။
“အင်ပါယာလီ၊ ခင်ဗျားက အင်ပါယာရှားဘုံကို ကျူးကျော်စစ် ဆင်နွှဲချင်ပြီး ခင်ဗျားရဲ့ အစ်ကိုတော် ဘုရင်ထန်တောက် ကလည်း ပိုပြီးများပြားတဲ့ လှုံ့ဆော်မှုတွေ ဖြစ်စေခဲ့တယ်။ ခင်ဗျားက ဒီလို အဆုံးသတ်ကို မြင်ချင်နေတယ်ဆိုတော့ အခုပဲ စစ်တပ်ကို လွှတ်လိုက်တော့” အင်ပါယာရှားက ကျယ်လောင်စွာ ပြောလိုက်သည်။
အင်ပါယာလီက နန်းတော်အတွင်းမှ အခြားလူများကဲ့သို့ပင် တိတ်ဆိတ်နေသည်။
စစ်ပွဲကြီးတဲ့လား။
သူတို့၏ စွမ်းအားများက ကြီးမားသော ကွာဟချက် ရှိနေသည်။ ထိုသို့ အခြေအနေအောက်မှ တိုက်ပွဲသည် သေချာပေါက် ရှုံးနိမ့်မည်မှာ သံသယဖြစ်ရန်ပင် မလိုပေ။
ထိုအခိုက်တွင် သန်မာလှသည့် လေဟာနယ်စွမ်းအား ထွက်ပေါ် လာသည်။ လင်းလက်သည့် တောက်ပမှုသည် ထွန်းလင်းလာကာ နန်းတော်အထက်မှ လေဟာနယ်သည် မဟာလမ်းစဉ်၏ လေဟာနယ် စွမ်းအားများဖြင့် ဖြာကျနေသည်ဟု ထင်မှတ်ရသည်။ ရှေးဟောင်း လမ်းစဉ်၏ လေဟာနယ်စွမ်းအား ပေါ်ပေါက်လာပြီး လူတစ်စုသည် ထိုနေရာမှ ပေါ်ပေါက်လာ၏။
ချက်ချင်းပင် လူတိုင်း၏ စိတ်ကို ဖမ်းစားသွားခဲ့သည်။
အဓိကလူ ရောက်လာပြီလား။
တာလီပြည်ထောင်ရှိ လူများသည် ရန်ဟောင်ဘုံ နှစ်ခုကြားမှ ဤစစ်ပွဲသည် ရီဖူရှင်းသည်သာ စောင့်ကြည်ရမည့်သူ ဖြစ်ကြောင်း သိရှိကြသည်။
သူသည် အရာအားလုံးကို လှုံ့ဆော်သူ ဖြစ်၏။
ယခု သူသည် နတ္ထိဘုံမှ ရွှေ့ပြောင်းရေး မဟာဝင်္ကပါကို သုံးကာ အင်ပါယာလီမြို့သို့ တိုက်ရိုက် ဆင်းသက် ရောက်ရှိ လာသည်။
ရီဖူရှင်း၏ နောက်တွင် နောက်ထပ်ကြီးမားသော စစ်တပ်ကြီး ရှိသည်။ ပြန်လည်မွေးဖွားခြင်း အဆင့် နှစ်ယောက်ဖြစ်သည့် ဝူယုံးနှင့် လုယွီသည် သူ့ဘေးတွင် ရှိနေပြီး ကောင်းခေါင်ကို ဖမ်းချုပ်ခေါ်ဆောင်လာသည်။
ထိုအချိန်တွင် ကောင်းခေါင်သည် အသက်ရှုသည်ဆိုရုံမျှသာ ဖြစ်သည်။ သူသည် ကျော်ကြားလှသည့် နတ်ဆိုးကျင့်ကြံသူနှင့် မတူတော့ပေ။ သူသည် အချို့သော ပြင်းထန်သည့် နှိပ်စက်မှုများ ဖြတ်သန်း လာရသကဲ့သို့ ဖြစ်သည်။ ရီဖူရှင်းနှင့် အခြားလူများသည် ကောင်းခေါင်တွင် တိုက်ခိုက်ရန် မည်သည့် စွမ်းအားမှ ကျန်ရှိရန် ခွင့်ပြုမထားခဲ့ပေ။
“ဆရာ”
ကောင်းနတ်ဆိုးကလန်မှ တန်ခိုးရှင်များက အလွန် စိုးရိမ်ပူပန်သွားကြသည်။ အဖမ်းခံ ထားရသူကား တာလီပြည်ထောင်တွင် ကျော်ကြားသော နတ်ဆိုးကျင့်ကြံသူ ဖြစ်သည့် သူတို့၏ ခေါင်းဆောင် ဖြစ်သည်။
သို့သော် ယခုတွင် သူ၏ အခြေအနေက သိပ်မကောင်းလှပေ။
သူက အသက်ရှင် နေသေးလျှင်ပင် တာလီပြည်ထောင်၏ ကျော်ကြားလှသော ဤနတ်ဆိုး ကျင့်ကြံသူမှာ အနာဂတ်တွင် မည်သို့ မျက်နှာပြရမည်နည်း။
ရီဖူရှင်းသည် ရှေ့သို့ ခြေလှမ်းလာပြီး လူအုပ်ကို ဖြတ်လျှောက်၍ အင်ပါယာရှား၏ စစ်တပ်ရှိရာသို့ ရောက်လာခဲ့သည်။
တာလီပြည်ထောင်မှ မရေတွက်နိုင်သည့် မျက်လုံးများသည် ငွေဖြူရောင် ဆံနွယ်နှင့် အဖြူရောင် ဝတ်ဆင်ထားသည့် သူ့ပေါ်သို့ ကျရောက်လာသည်။ သူ၏ အသွင်အပြင် အရှိန်အဝါသည် အလွန် ထူးကဲ သာလွန်လှသည်။ ယခင်က သတ္တမဓားနှင့် နှိုင်းယှဉ်ပါက သူသည် ပို၍ပင် ကွဲပြားခြားနား နေပေသည်။
သို့သော်လည်း တာလီသား အားလုံးသည် ထိုငွေဖြူရောင်ဆံပင်နှင့် ပုဂ္ဂိုလ်မှာ နန်းတွင်း အကြံပေး အိမ်တော်သို့ ဝင်ရောက်ခဲ့သည့် သတ္တမဓား ဖြစ်သည်ကို သိရှိကြ၏။
သူသည် တာလီ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရသော်လည်း ထိုသို့ လွှမ်းမိုးနိုင်စွမ်း ရှိသည့် ပုံစံဖြင့် ပြန်လည် ရောက်ရှိ လာခဲ့သည်။
သူသည် အင်ပါယာရှားဘုံမှ စစ်တပ်များကိုပင် ဦးဆောင် လာခဲ့သေး၏။
တာလီတော်ဝင်မိသားစုရှိ လူများမှာ ယခင် သတ္တမဓားနှင့်အတူ အနောက်ဘက် တောင်ကုန်းတွင် အမဲလိုက်သွားခဲ့သည့် အတွက် သိရှိကြလေသည်။ ထို့အပြင် မောက်မာလှသည့် သတ္တမဓားသည် မင်းသားကြီး၏ မျိုးဆက်ကိုပင် တွေဝေခြင်း အလျဉ်းမရှိ သတ်ဖြတ်ပစ်ခဲ့သည်။
ယခု သတ္တမဓားကို မြင်တွေ့ရသည့်အခါ ခံစားမှုက နောက်ထပ် တစ်မျိုးတစ်ဖုံ ဖြစ်လို့နေသည်။
အင်ပါယာလီ၏ မျက်လုံးများက ရီဖူရှင်းအပေါ်သို့ ကျရောက် လာသည်။ ယခင်က သူသည် သတ္တမဓား ဟူသည်မှာ ရုပ်ဖျက် ဖုံးကွယ်ထားခြင်း ဖြစ်သည်ကိုပင် သတိမပြုမိခဲ့ပေ။
တစ်ခါက သူသည် သူ၏ သမီးတော်ကို ရီဖူရှင်း ဇနီးမယားအဖြစ် ပေးခဲ့ပြီး သူ့ကို ကြင်ယာတော် မင်းသား ဖြစ်စေလိုခဲ့သည်။
ထိုအချိန်က ရီဖူရှင်းကို သတ်ရန် လီယောင်နှင့် မင်းသားကြီးက အကြံပေးခဲ့သည့် အတိုင်း နန်းတွင်း အကြံပေးကို သွေးနဂါးဘုံသို့ စေလွှတ်ခဲ့ပြီး ရီဖူရှင်းကို သုတ်သင်၍ ခြိမ်းခြောက်ခံရမှုမှ လျော့ပါးစေရန် ကြိုးစားခဲ့သည်။
ထိုစစ်ဆင်ရေးအား သူက သဘောတူခဲ့၏။
သို့ပေမဲ့ စစ်ဆင်ရေးက ကျဆုံးခဲ့ပြီး တော်ဝင် အကြံပေးသည် ရီဖူရှင်းကို သတ်ပစ် ရလောက်အောင် အထိ အသည်း မမာနိုင်ခဲ့ပေ။
ရီဖူရှင်းက မသေခဲ့ဘဲ တော်ဝင်အကြံပေးက သူ၏ အပြစ်ပေးခံရပြီး အကျဉ်းချထားခြင်းကို ခံရ၏။ နန်းတွင်း အကြံပေး၏ အိမ်တော်သည်လည်း သမိုင်းထဲတွင်သာ ကျန်ရစ်ခဲ့တော့၏။
အင်ပါယာလီသည် ရန်ဟောင်တစ်ပါးအနေနှင့် တာလီ၏ သမိုင်းက လူငယ်လေး တစ်ဦးကြောင့် ပြောင်းလဲ သွားရမည်ဟု မမျှော်လင့်မိခဲ့ပေ။
ယခု စစ်တပ်များက မြို့တွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။
ရီဖူရှင်းသည် အင်ပါယာဖြစ်သည့် သူ့ကို ခြိမ်းခြောက်လိုပြီး အပေးအယူ လုပ်ချင်ခဲ့သည်။
အကျဉ်းသားကို လွှတ်ပေးရန် ဖြစ်၏။
“ရီဖူရှင်းက အရှင်မင်းကြီး အင်ပါယာလီကို နှုတ်ဆက် ဂါရဝပြုပါတယ်” အင်ပါယာလီကို ကြည့်ကာ ရီဖူရှင်းက ကြည်လင်သည့် အသံနှင့် ပြောလိုက်သော်လည်း သူသည် ဦးညွတ် အလေးပြုခြင်း မရှိသည့်အပြင် သူ့အသံတွင် လေးစားမှု ဟူသည်လည်း ပါဝင်မနေချေ။
သူ၏ အသံများထဲတွင် ထီမထင်ဟန်များ ပါဝင်နေသည်ဟုပင် ပြောနိုင်သည်။
သွေးနဂါးဘုံတိုက်ပွဲသည် အင်ပါယာ၏ သဘောတူခွင့်ပြုမှုကို မရရှိခဲ့ခြင်းမှာ မဖြစ်နိုင်ပေ။
အင်ပါယာ မဟုတ်လျှင် မည်သူက နန်းတွင်းအကြံပေးကို အမိန့်ပေးနိုင်လိမ့်မည်နည်း။
သိသာစွာပင် အင်ပါယာလီသည် နန်းတွင်းအကြံပေးကို အတင်းအကျပ် စေခိုင်းရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေသည်။ သူသည် နန်းတွင်း အကြံပေးကို တန်ဖိုးထားသော်လည်း သူ၏ နှလုံးသားသည် ဘုရင်ထန်တောက်၊ မင်းသားကြီးတို့နှင့် ပို၍ နီးစပ်လေသည်။ အဆုံးမှာတော့ သူတို့သည် တူညီသော သွေးများ စီးဆင်းနေသည် မဟုတ်ပါလား။
တာလီနန်းတွင်းအကြံပေးက အောင်မြင်မှုများ မည်မျှ ယူဆောင် ပေးခဲ့သည် ဖြစ်စေ၊ သူက မည်မျှ ထူးချွန်သည် ဖြစ်စေ သူသည် အမြဲ အသုံးချနိုင်မည့် အပြင်လူသာ ဖြစ်ကာ လေးစားမှု ပေးရုံဖြင့် လုံလောက် ပေသည်။ သို့သော် အခက်အခဲဖြစ်ပေါ်လာသည့် အခါတွင် သွေးသားသည်သာ ယုံကြည်မှုကို ပို၍ ရရှိနိုင်ပေသည်။
နန်းတွင်း အကြံပေးသည် အင်ပါယာနှင့် သွေးသားတော်စပ်လျှင် အင်ပါယာသည် သူ့ကို သွေးနဂါးဘုံသို့ စေလွှတ်လိမ့်မည် မဟုတ်ပေ။
အင်ပါယာလီသည် ထိုစစ်ဆင်ရေးက နန်းတွင်း အကြံပေးအတွက် မည်မျှ ခက်ခဲလိမ့်မည်ကို သိသင့်ပေသည်။
သို့သော် အင်ပါယာလီသည် နန်းတွင်းအကြံပေးကို ရွေးချယ်မှု ပြုလုပ်စေခဲ့သည်။
“မင်းက မင်း လူတွေကို ဒီအထိ ခေါ်လာခဲ့ပြီးမှတော့ ဟန်ဆောင်နေစရာ မလိုပါဘူး” အင်ပါယာလီသည် ရီဖူရှင်းကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “ရီဖူရှင်း မင်း ဘာလိုချင်တာလဲ”
“ကျုပ် ပြည်နယ်ကိုးခုမှာ ကျင့်ကြံနေခဲ့တုန်းက လီယောင်က ရန်ဟောင်ဘုံကို ဖြတ်သန်းလာပြီး အင်ပါယာရှားဘုံရဲ့ အောက်ဘုံထိ ရောက်လာခဲ့တယ်။ သူက သူ့လူတွေကို ဦးဆောင်ပြီး ကျုပ် ရှိနေတဲ့ ကလန်ကို ဝန်းရံ ထားခဲ့တာကြောင့် အဲဒါက ကျုပ်ရဲ့ ဇနီးအပါအဝင် ကလန်က လူတွေကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရစေခဲ့ပြီး သေဆုံးသူတွေလည်း ရှိခဲ့တယ်။”
ရီဖူရှင်းသည် အင်ပါယာလီကို ကြည့်ကာ ဆက်ပြောလိုက်၏။ “နတ္ထိဘုံတိုက်ပွဲမှာ စည်းမျဉ်းတွေကို လျစ်လျူရှုပြီး နောက်ထပ် တိုက်ခိုက်သတ်ဖြတ်မှုတွေ ဖြစ်စေခဲ့တယ်။ အဲဒါအပြင် သွေးနဂါးဘုံမှာလည်း တာလီပြည်ထောင်က ပြန်လည် မွေးဖွားခြင်းအဆင့် လေးယောက်ကို စေလွှတ်ပြီး ကျုပ်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါက ကျုပ် ဖြစ်ချင်တာတော့ မဟုတ်ပေမယ့် အရှင်မင်းကြီး ခင်ဗျားကရော ဘာကို လိုချင်နေတာလဲ”
အင်ပါယာလီက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။
“အင်ပါယာလီက ကျုပ်ကို ဒီလောက်တောင် သေစေချင်တဲ့ ဆန္ဒရှိနေတယ်ဆိုရင် အခု ကျုပ် ဒီကို ရောက်နေပြီ။ အင်ပါယာလီ သူတို့ကို အဲဒီလို လုပ်ဖို့ အမိန့်ပေးနိုင်ပါတယ်” ရီဖူရှင်းသည် တာလီပြည်ထောင်မှ လူများကို လက်ညှိုး ထိုးပြကာ ပြောလိုက်သည်။
မည်သူမှ မလှုပ်ရှားကြပေ။ တာလီပြည်ထောင်ဘက်မှ လူများသည် လူသေများအလား တိတ်ဆိတ် ငြိမ်သက်နေကြ၏။
စစ်တပ်များကို စေလွှတ်ရင်ဆိုင်ခဲ့လျှင် သူတို့သည် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုကို ခံစားရလိမ့်မည် ဖြစ်သည်မှာ သံသယဖြစ်ရန် မလိုအပ်ပေ။
တစ်ချိန်က တာလီပြည်ထောင်သည် ရီဖူရှင်းကို သတ်ဖြတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ယခုတွင်တော့ သူတို့ လုပ်ဆောင်နိုင်သည့် မည်သည့် နည်းလမ်းမှ ရှိမနေပေ။
အင်ပါယာရှားသည် အင်ပါယာလီ တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ သူက ပြောလိုက်သည်။ “အင်ပါယာလီ၊ ခင်ဗျားက ရန်ဟောင်တစ်ပါးပဲ။ ခင်ဗျားသာ တွေဝေခြင်းမရှိ ဆုံးဖြတ်ချက် ချလိုက်ရင် ကျုပ်တို့ရဲ့ တိုက်ခိုက်မှုက ရှေ့မတိုးမသာ နောက်မဆုတ်သာ အခြေအနေကို ဖြစ်စေလိမ့်မယ်။ ဘာလို့ စစ်တုရင် မကစားရတာလဲ”
စစ်တုရင်တဲ့လား။
ထိုအချိန်တွင် အင်ပါယာလီသည် စစ်တုရင် ကစားခြင်းကို စိတ်ဝင်စား နေနိုင်သည့် အခြေအနေ မဟုတ်ပေ။
သူနှင့် အင်ပါယာရှားသည် ခွန်အားခြင်း တူညီပေသည်။ တစ်ယောက်က တစ်ယောက်ကို ရှုံးနိမ့်စေမည် မဟုတ်ပေ။ သူတို့သာ ကွာခြားချက် ကြီးမားနေမည်ဆိုလျှင် နယ်စပ်စစ်ပွဲဆိုသည်မှာ မည်သည့် အခါမှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။
အပြင်းထန်ဆုံးလက်သီးကို စည်းမျဉ်းများဖြင့် မချည်နှောင်နိုင်ပေ။
နှစ်ဖက်လုံးက ခွန်အားတူညီနေလျှင်သာ စည်းမျဉ်းဆိုသည်က လိုအပ်ခြင်း ဖြစ်ပေသည်။
“အရှင်မင်းကြီး၊ ဆုံးဖြတ်ပါ” ရီဖူရှင်းက ပြောလိုက်သည်။ လမ်းတလျှောက်တွင် သူက စိတ်လွတ်ကိုယ်လွတ် သတ်ဖြတ်ခြင်း မပြုခဲ့ပေ။ ထိုအချက်က သိသာစွာပင် အမှန်တကယ် ကျူးကျော်စစ် မဟုတ်ဟု ဖော်ပြနေပေသည်။
မဟုတ်လျှင် ယခုကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေနိုင်မည် မဟုတ်ဘဲ တာလီရှိ မရေတွက်နိုင်သော လူများ လမ်းတစ်လျှောက်တွင် ကျဆုံးခဲ့ပြီး ဖြစ်နေပေလိမ့်မည်။
သူတို့သည် သူတို့ကို အပြင်းအထန် ဆန့်ကျင် တိုက်ခိုက်၍ သူတို့က သတ်ရင်သတ် မသတ်ရင် အသတ်ခံရမည့် အခြေအနေ၌တွင်သာ သတ်ဖြတ်ခဲ့သည်။
အင်ပါယာလီသည် သူ ဘာလိုချင်သည်ကို သိရှိပေသည်။
ယနေ့တွင် စစ်တပ်ဆယ်ခုက ဆင်းသက် လာခဲ့သည်။ ယခု စစ်သားများက မြို့အတွင်း၌ ရောက်ရှိနေပြီး ထိုထောင်သောင်းချီသည့် သူများအားလုံးသည် လူတစ်ယောက်တည်း အတွက် ရောက်ရှိလာခြင်း ဖြစ်သည်။
ခန့်ညားထည်ဝါသည့် တော်ဝင်နန်းတော်သည် မြင့်မားသည့် ခန်းမနှင့်အတူ အလွန် တည်ငြိမ် ခန့်ထည်စွာ တည်ရှိနေပေသည်။
ယနေ့တွင် ပထမဆုံးအကြိမ် အနေဖြင့် တာလီပြည်ထောင် အင်ပါယာလီကို ခြိမ်းခြောက်ရဲကာ ဤနန်းတော်ကြီးအတွင်း၌ ဆုံးဖြတ်ချက်ကို ပြုလုပ်စေခဲ့သည်။
မရေတွက်နိုင်သည့် မျက်လုံးများသည် အင်ပါယာလီနှင့် သူ၏ ဆန့်ကျင်ဘက်တွင် ရှိနေသည့် ရီဖူရှင်းထံသို့ ကျရောက် လာသည်။
စစ်တပ်သည် နန်းတော်ကို ဝန်းရံထားပြီး တိမ်မည်းများက မြို့တခွင်ကို လွှမ်းခြုံနေကာ အင်ပါယာလီကို ခြိမ်းခြောက် နေသည်။
သူက ဆုံးဖြတ်ချက်ကို ရည်ညွှန်း ဖော်ပြခြင်းမရှိသော်လည်း လူတိုင်းသည် သူ ဆိုလိုသည်အား ကောင်းစွာ နားလည်ပေသည်။
သူသည် အင်ပါယာလီအား အကျဉ်းသားကို လွှတ်ပေးစေလိုခြင်း ဖြစ်သည်။
နန်းတော်အတွင်းရှိ ခန်းမတစ်ခုလုံးထဲတွင် ဖိအားများ ပြည့်နှက်နေပေသည်။
တော်ဝင်နန်းတော်အတွင်း မှော်အစီအရင်များဖြင့် ဖိနှိပ်ခံထားရသည့် အချုပ်ခန်းထဲတွင် တာလီနန်းတွင်း အကြံပေးသည် အားနည်းဖျော့တော့စွာ ထိုင်နေခဲ့ပြီး သူ့ဘေးဘက်များတွင်တော့ တန်ခိုးရှင်များက စောင့်ကြပ် နေသည်။
ယခု သူ့ကို စောင့်ကြပ်နေသည့် နှစ်ယောက်မှာ သံသယကင်းစင်ခြင်းအဆင့်များ ဖြစ်ကြသည်။
သံသယကင်းစင်ခြင်း အဆင့် နှစ်ယောက်သည် အဝေးသို့ လှမ်းကြည့်ပြီး မည်သည့်အချင်းအရာတို့ ဖြစ်ပျက်နေသည်ကို သိရှိကြပေသည်။ သူတို့သည် တာလီနန်းတွင်းအကြံပေးကို ကြည့်ပြီး သနားစရာ ကောင်းသည်ဟု ခံစားလိုက်ကြရသည်။
တစ်ချိန်က သူသည် တာလီ ပြည်ထောင်တွင် အင်ပါယာ၏ လက်အောက်မှ ထိပ်ဆုံးသူတစ်ဦး ဖြစ်ခဲ့သည်။ တစ်ချိန်က သူသည် ဘုံကို အုပ်စိုးခဲ့သည်။ လူတိုင်းက သူ့ကို လေးစားခဲ့ကြပေသည်။
ယခု သူ အကျဉ်းချခံ နေရပင်လျှင် သွေးလွှမ်းသည့် စစ်မုန်တိုင်းက သူ့ကြောင့်ပင် စတင်ခဲ့ရသည်။ အင်ပါယာရှားဘုံသည် တော်ဝင်နန်းတော်သို့ သူတို့၏ စစ်သားများကို စေလွှတ်ခဲ့သည်။ အင်ပါယာလီသာ လိုက်လျောမှု မပြုခဲ့လျှင် ရက်စက်သည့် စစ်ပွဲကြီး ဖြစ်ပွားလိမ့်တော့မည် ဖြစ်၏။
“နန်းတွင်းအကြံပေးက အခုထိ စွမ်းအားကြီး နေတုန်းပဲ။ သူက အကျဉ်းချခံ ထားရရင်တောင် သူ့အတွက်နဲ့ သွေးစွန်းပေးမယ့် သူတွေ ရှိနေသေးတယ်။” သံသယကင်းစင်ခြင်း အဆင့်တစ်ယောက်က မှတ်ချက် ချလိုက်သည်။
တာလီနန်းတွင်း အကြံပေးသည် သူ့ခေါင်းကို မော့ကာ ဖျော့တော့သည့် အကြည့်များဖြင့် အဝေးသို့ ငေးကြည့် လိုက်သည်။ သူ၏ ကျင့်ကြံဆင့်များက ဖျက်ဆီး ခံခဲ့ရသော်လည်း သူသည် နန်းတော် တစ်ခုလုံးကို လွှမ်းခြုံနေသည့် ကြောက်မက်ဖွယ် လေထုကို ခံစားသိရှိနိုင်သေးပေသည်။
တာလီနန်းတော်တစ်ခုလုံးသည် ကြီးမားသည့် စစ်တပ်ကြီးကို ရင်ဆိုင်နေရသည်။
ရီဖူရှင်း ရောက်ရှိလာခြင်းအား သူ သိရှိပေသည်။
သူသည် ရီဖူရှင်းကို တန်ဖိုးထားပြီး ရီဖူရှင်း၏ ပါရမီနှင့် သူ၏ စွမ်းရည်က အကန့်အသတ် မဲ့သည်။ သူသည်ပင် ရီဖူရှင်းထံမှ သင်ယူရရှိခဲ့သည်များ ရှိသည်။
ထို့ကြောင့်ပင် သူသည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကို သတ်ဖြတ်ရန် တွေဝေနေခဲ့ခြင်း ဖြစ်၏။
သို့အတွက် သူက ရီဖူရှင်းကို သွေးနဂါးဘုံ၌ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
သူသည် လီယောင်သေသည်ကို မျက်မြင် တွေ့လိုက်ရသည့်အခါ ရီဖူရှင်းကို လွှတ်ပေးလိုက်ခြင်းက မည်သည့် အကျိုးဆက် ဖြစ်လာမည်ကို သိရှိပေသည်။ သူ့အတွက် ပြန်လမ်းမရှိတော့မည်ကို သိရှိသော်လည်း သူ လုပ်ဆောင်ခဲ့သည်။
ရီဖူရှင်းကဲ့သို့သော တစ်စုံတစ်ယောက်သည် သူ့လက်ဖြင့် မသေသင့်ပေ။
ရီဖူရှင်းက သူ့ထက် ပို၍ ကောင်းမွန်သည့် ကျော်ကြားမှုကို မလွဲဧကန် ဖန်တီးနိုင်လိမ့်မည်ဟု သိရှိသော်လည်း ရီဖူရှင်းက မကြာခင်တွင် စစ်တပ်များဖြင့် ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
“ဘာလို့ ဒုက္ခခံရတာလဲ” နန်းတွင်းအကြံပေးက ရေရွတ်လိုက်သည်။ သူ၏ ရာထူး အနေအထားအရ သူသည် တာလီကို သစ္စာဖောက်ခဲ့ခြင်းမှာ အမှန်ပင် ဖြစ်ပြီး ထို့ကြောင့်ပင် သူသည် ကျင့်ကြံဆင့်များကို ဖျက်ဆီးခံခဲ့ရသည်။ သို့သော် သူသည် မည်သူ့ကိုမှ အပြစ်မတင်ခဲ့ပေ။ ၎င်းက သူ၏ ရွေးချယ်မှုဖြစ်ပြီး အဆုံးသတ်က သူနှင့် ထိုက်တန်ပေသည်။
သို့သော် ရီဖူရှင်း ရောက်ရှိလာသည်အား တွေးကြည့်လျှင် သူသည် တဖန်ထပ်ကာ ပြုံးလိုက်မိသည်။ သူသည် ထိုကဲ့သို့သော တပည့်အတွက် ပျော်ရွှင်မှုကို ခံစားမိခြင်း ဖြစ်ပေလိမ့်မည်။
သူသည် သူ၏ ဘဝကို ဤသို့ အဆုံးသတ်မည်ဟု တွေးခဲ့ပြီး ဖေးရွှီကတော့ အနည်းငယ် ပို၍ အသက်ရှည်ရှည် နေရလျှင် သူ့အတွက် ကျေနပ်ဖွယ်ပင် ဖြစ်သည်။ သို့သော် ဖေးရွှီသည် ရီဖူရှင်း၏ ကယ်တင်ပေးခြင်းကို ခံရပြီး ရန်ယွင်နှင့် အခြားလူများသည် လွတ်လပ်သည့် ငှက်များကဲ့သို့ ပျံသန်းကာ ဤနေရာမှ ထွက်ပြေးနိုင်ခဲ့၏။ ယခု သူ့တွင် ဘုံသုံးထောင် အကြားတွင် သမိုင်းတွင် ရစ်နိုင်မည့် တပည့် တစ်ဦးလည်း ရှိနေပေသည်။
ဤကဲ့သို့သော ဘဝမျိုးသည် စိတ်မကျေနပ်ဖွယ်ရာ အဘယ်မှာ ရှိတော့မည်နည်း။ သူသည် ယခုချိန် သေသွားခဲ့လျှင်ပင် နောင်တဟူသည် ကျန်ရစ်ခဲ့တော့မည် မဟုတ်ပေ။
***