← Chapters

ဂယောင်ခြောက်ခြားကမ္ဘာ

Vol. 007 Ch. 661

ဂယောင်ခြောက်ခြားကမ္ဘာ

Vol. 007 Ch. 661

“ဂျူနီယာညီလေး နိုးလာပြီလား” အိပ်ရာဘေးတွင် ရပ်နေသော ဝူလင်းယူသည် သက်ပြင်းရှည်ချလိုက် သည်။

“စီနီယာအစ်ကို” ရှီမာယူယူ၏ မျက်လုံးများသည် ရှုပ်ထွေးနေဆဲပင်။ သူမသည် အခန်းထဲမှ အသံတစ်သံ ကြားလိုက်သည်။ သူမ နားထင်ကိုပွတ်ပြီး အံ့သြစွာမေးလိုက်သည်။

“အခုဘယ်လိုနေလဲ” ဝူလင်းယူသည် ရှေ့တိုးပြီး သူမ၏ နားထင်နှစ်ဖက်လုံးကိုပွတ်ကာ ညင်သာစွာမေး လေသည်။

“အစ်ကိုကဘယ်လိုလုပ်ဒီရောက်နေတာလဲ”

“မင်းတစ်ခုခုဖြစ်နေတယ်ဆိုတာ ခံစားမိလို့ အမြန်ပြန်လာတာ” ဝူလင်းယူသည် သူမနဖူးအား ပုတ်ပြီး ပြောလေသည်။ “ဘာလို့ကိုယ့်ကိုယ်ကို အဲလောက်တွန်းအားပေးတာလဲ၊ သူ့ကိုကယ်ဖို့ကို မင်းအသက်ပေးတော့ မလို့ပဲ”

“ကျွန်တော်ဘာဖြစ်သွားတာလဲ” ရှီမာယူယူသည် ထိုင်းမှိုင်းဆဲဖြစ်ကာ ဘာကိုမှမမှတ်မိပေ။

“ရှီမန်ဖန်ကို ကုဖို့အတွက် သူ့ခန္ဓာကိုယ်ထဲကို မင်းအံ့ဖွယ်အာရုံထည့်ပြီး သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်ကို သန့်စင်ပေးလိုက်တယ်၊ ဒါပေမဲ့ မင်းအမရမ်းပင်ပန်းပြီး လတစ်ဝက်လောက် သတိမေ့နေတာ၊ အဲအတောအတွင်း ကို မင်း ဂယောင်ခြောက်ခြားကမ္ဘာရောက်သွားတယ်၊ မင်းမောင်က သူ့ကိုယ်သူအပြစ်တင်ပြီး မင်းနိုးလာမှာကို စောင့်နေတယ်” ဝူလင်းယူ အပြစ်တင်လေသည်။

“ကျွန်တော်က ဂယောင်ခြောက်ခြားကမ္ဘာကိုသွားခဲ့တယ်ဟုတ်လား” ရှီမာယူယူသည် ခေါင်းကိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်သည် “အဲဒီကိုသွားတဲ့လူတွေက ဘယ်တော့မှပြန်လာလို့မရဘူးလို့ပြောကြတယ်လေ ကျွန်တော်က ဘယ်လိုလုပ်နိုးလာတာလဲ”

“ဟင်းဟင်း အဲဒီကိုသွားမယ်ဆိုရင် ဘယ်တော့မှမနိုးလာနိုင်ဘူးဆိုတာလည်း သိတာပဲကို” ဝူလင်းယူ သည် သူမအား ဒေါသထွက်လေသည်။

“အဲလိုဖြစ်မယ်မထင်ဘူးလေ၊ ကျွန်တော်ဘယ်လိုနိုးလာလဲဆိုတာ အစ်ကိုမပြောရသေးဘူး”

“မိုရှားက မင်းနဲ့စာချုပ်ချုပ်ထားလို့ အဲဒါကိုအသုံးချပြီး မင်းကိုသွားခေါ်လာတာ” ဝူလင်းယူ ပြန်ဖြေလိုက် သည် “အဲဒီကိုသွားလို့ သူ့ဝိဉာဉ်က ဆိုးဆိုးဝါးဝါးဒဏ်ရာရသွားတယ်၊ မင်းနိုးလာတာနဲ့ သူပြန်သွားတယ်”

ရှီမာယူယူသည် ခေတ္တမျှတွေးနေပြီးမှ ပြောလိုက်သည် “တကယ်ပဲသူကိုး…”

“ဒါပေါ့ သူပဲလေ သူ့ကြောင့်သာမဟုတ်ရင် မင်းဘယ်လိုလုပ်နိုးလာမှာလဲ” ဝူလင်းယူသည် သူမအား ထပ်ပြီး ပုတ်ရာ သူမနဖူးတွင် အပေါက်ဖြစ်တော့မလိုပင်။

“ဂယောင်ခြောက်ခြားကမ္ဘာကိုဝင်သွားရင် အဲလူရဲ့ဝိဉာဉ်က ပျက်စီးတယ်လေ၊ မိုရှားအခုဘယ်လိုနေလဲ သိချင်တယ်” ရှီမာယူယူသည် သူ့ကိုစိုးရိမ်မိသည်။

“သူ မသေပါဘူး” ဝူလင်းယူ ပြောလိုက်သည် “သူက မင်းတို့နှစ်ယောက်ကြားက စာချုပ်ရဲ့စွမ်းအားနဲ့ ဝင်သွားတာ၊ အခုချိန်မှာအားနည်းပေမယ့် သူမသေပါဘူး”

“အင်း” ရှီမာယူယူသည် မိုရှား ဂယောင်ခြောက်ခြားကမ္ဘာသို့လာစဉ်က မိုရှား၏ ဖြူဖျော့နေသော မျက်နှာ ကိုပြန်တွေးမိလိုက်သည်။ သူသည် ထိုအချိန်တိုအတွင်းကို အားမလျော့ခဲ့ပေ။ ဂယောင်ခြောက်ခြားကမ္ဘာသည် သူ့ကို ဆိုးဝါးစွာ ဒဏ်ရာရစေသည်နှင့် တူသည်။

“ဖန်လေးရော”

“ငါဒီရောက်နေတာ လတစ်ဝက်ရှိပြီ၊ မိုရှားထွက်လာတာနဲ့ ကျန်တဲ့လူတွေကိုခေါ်ထားတယ်” ဝူလင်းယူ ပြောလိုက်သည် “သူရောက်တော့မယ်ထင်ပါတယ်၊ ဒါနဲ့ မင်းစီနီယာအစ်ကိုနဲ့ အစ်မလည်းရောက်နေတယ်၊ အဲဒီ အရုပ်ကလေးရဲ့ နောက်ခံကဘယ်လိုလဲ”

ရှီမာယူယူ တွေးလိုက်သည်နှင့် ခေါင်းကိုက်လာသည်။ ဝူလင်းယူသည် သူမအားအလျင်အမြန်တားလိုက် သည် “ထားလိုက်တော့ မစဉ်းစားနဲ့ မင်းအခုမှဂယောင်ခြောက်ခြားကမ္ဘာကထွက်လာတာ”

“အစ်ကိုပဲမေးပြီးတော့” ရှီမာယူယူသည် နစ်နာသလိုခံစားရသည်။

“အင်းပါ ငါမမေးတော့ပါဘူး” ဝူလင်းယူသည် ဆက်ပြောလေသည် “မင်းအဘိုးနဲ့ ကျန်တဲ့လူတွေလည်း အကုန် စိတ်ပူနေကြတယ်၊ မင်းနိုးလာပြီဆိုတော့ သူတို့ကိုခေါ်လိုက်မယ်”

“ကျေးဇူးပဲ စီနီယာအစ်ကို” သူမ အားမစိုက်ပဲပြုံးပြလိုက်သည်။

ဝူလင်းယူသည် သူမဆံပင်အား သပ်ပေးပြီး အပြင်ထွက်သွားလေသည်။

ရှီမာယူယူသည် အိပ်ရာပေါ်တွင်လှဲနေသည်။ သူမ၏ ညာဘက်လက်သည် ဘယ်ဘက်လက်ကောက် ဝတ်တွင် ဝတ်ဆင်ထားသော နတ်ဆိုးညွှတ်လက်ကောက်ကို ပွတ်နေသည်။ သူမ ရင်ခုန်လာသည်။

ဂယောင်ခြောက်ခြားကမ္ဘာသည် ကျင့်ကြံသူများကြောက်ရသော နေရာဖြစ်သည်။ ထိုနေရာသည် လူသားများ၏ ဦးနှောက်ထဲတွင် ကိန်းအောင်းနေသောနေရာဖြစ်သည်။ လူတစ်ယောက်သည် ထိုနေရာသို့ဝင် သွားပြီး အချိန်မှီပြန်မထွက်လာနိုင်ပါက ထိုလူသည် တစ်သက်လုံးသတိမေ့မြောသွားမည်ဖြစ်သည်။ သူမ အရင် ဘဝမှ ကိုမာအခြေအနေနှင့် အလွန်ဆင်တူသည်။

ပြီးလျှင် အပြင်လူသည် လူတစ်ယောက်၏ ဂယောင်ခြောက်ခြားကမ္ဘာကို ဝင်လို့မရပေ။ စာချုပ်ချုပ် ထားသော မိုရှားဆိုလျှင် သူ့ဝိဉာဉ်၏ သုံးပုံ နှစ်ပုံလောက် ပျက်စီးသွားနိုင်သည်။

အမှန်ဆိုလျှင် သူသည် စာချုပ်ကိုဖြေရှင်းရန် လုပ်ပြီးသွားပြီဖြစ်သည်။ ပေးဆပ်ရမည့်တန်ဖိုးမှာ ကြီးမား သော်လည်း အကျိုးမရှိသည်တော့ မဟုတ်ပေ။ ဂယောင်ခြောက်ခြားကမ္ဘာထဲဝင်ခြင်းထက် ပိုပြီး ထိခိုက်မှုမှာ နည်းပါးနိုင်သည်။ သူမသာ မနိုးလာနိုင်ပါက သူသည် အခုကို စာချုပ်ဖျက်နိုင်ပြီဖြစ်သည်။

မထင်မှတ်စွာပင် သူသည် စွန့်စားကာ ဂယောင်ခြောက်ခြားကမ္ဘာသို့သွားပြီး သူမအား ကယ်ခဲ့သည်။

အခုချိန်တွင် မိုရှား၏ဝိဉာဉ်သည် အားနည်းနေသည်ကို ခံစားမိသည်။ သူ့ကိုတွေကလျှင်လည်း ပိုကောင်း လာမည်မဟုတ်ပေ။

“ကျေးဇူးပဲမိုရှား” သူမသည် စိတ်ရင်းဖြင့် သူ့ကိုကျေးဇူးတင်မိသည်။

ဂယောင်ခြောက်ခြားကမ္ဘာတွင် သူမပြောခဲ့သော စကားများကိုပြန်တွေးမိသောအခါ သူမ အနည်းငယ် ရှက်မိသည်။ အဲဒါ တကယ်ပဲ မိုရှားပဲ ဒါပေမဲ့ သူမ….

“မင်းနိုးလာရင် အဲဒါတွေကို မေ့သွားဖို့မျှော်လင့်တယ်”

“ကျွီ”

တံခါးပွင့်လာသည်။ ပထမဆုံးဝင်လာသည်မှာ ရှီမန်ဖန်မဟုတ်ပဲ ဟန့်မြောင်ရွှမ်နှင့် ရှောင်ချီတို့ ဖြစ်ကြ သည်။

“ဂျူနီယာမောင်လေး၊ နိုးလာပြီလား မင်းမနိုးလာရင် ငါတော့ငိုရလို့သေတော့မှာပဲ” ဟန့်မြောင်ရွှမ်သည် အိပ်ရာပေါ် ပစ်လှဲလိုက်သည် “မင်းမရှိရင် ငါစားကောင်းတာတွေ မစားရတော့ဘူး ငါ မစားတာ အတော်ကြာနေ ပြီ”

ရှီမာယူယူသည် ရှောင်ရန်အားမရှိသဖြင့် ပြင်းထန်စွာအဖိခံလိုက်ရတော့သည်။

“အစ်မက သူမကိုဖိနေတာပဲ” ရှောင်ချီလျှောက်လာကာ ဟန့်မြောင်ရွှမ်ကို ဆွဲဖယ်လိုက်သည်။

ရှီမာယူယူသည် ရှောင်ချီအား ကျေးဇူးတင်စွာကြည့်လိုက်သည်။ ဒီကောင်မလေးက စိတ်ချရသားပဲ။

“ဘာလို့ရောက်လာကြတာလဲ”

“မင်းပြန်မလာတာကြာလို့ မင်းကိုရှာချင်တယ်လို့ ရှောင်ချီပြောလို့ ဆရာကသူမကို စိတ်ရှုပ်လို့တဲ့ အဲဒါကြောင့် သူမက ငါ့ကိုခေါ်လာခိုင်းတာ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“အစ်ကိုကြီးက ဒီအခြေအနေမှာတကယ်ကို အသုံးမဝင်ဘူးပဲ” ရှောင်ချီသည် ရှီမာယူယူအား အေးစက် စွာကြည့်လိုက်သည် “ဒါပေမဲ့ ဂယောင်ခြောက်ခြားကမ္ဘာကပြန်လာနိုင်တာ တော်တာပဲ”

“ငါ ဂယောင်ခြောက်ခြားကမ္ဘာရောက်သွားတယ်ဆိုတာ ဘယ်လိုသိလဲ” သူမသည် အံ့သြသွားသည်။

“ဆရာပြောတာပဲ သူလာပြီး မင်းကိုကြည့်သေးတယ် မင်းဂယောင်ခြောက်ခြားကမ္ဘာရောက်နေတယ်လို့ ပြောတယ်” ဟန့်မြောင်ရွှမ် ဖြေလေသည်။

“ဆရာလာသွားတာလား”

“သူလာကြည့်ပြီး မင်းဘာမှမဖြစ်ပါဘူးလို့ ပြောပြီးပြန်သွားတယ်” ဟန့်မြောင်ရွှမ်သည် ရှုဂျင်းပြောခဲ့သော စကားဖြစ်သဖြင့် အကျဉ်းမချုပ်တော့ပေ။

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဒုဆရာက တကယ်ကို ကွက်တိပါပဲလား။

“ဆရာဂိုဏ်းကိုပြန်သွားပြီလား”

“မပြန်သေးဘူး မင်းကိုကယ်ဖို့ အဘိုးကြီးကိုသွားရှာမယ်ပြောတယ်၊ သူအခု ဘယ်ရောက်နေလဲဆိုတာ တော့ ငါလည်းမသိဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“အစ်ကိုကြီးကို ကမ္ဘာကြီးမျက်လုံးပေးလိုက်တာ ဒီလိုအခြေအနေဖြစ်မယ်မှန်းသိရင် မပေးပါဘူး” ရှောင်ချီ ပြောလိုက်သည်။

“ဆရာလည်း နောင်တရနေလောက်တယ်” ရှုဂျင်းမှ ကမ္ဘာကြီးမျက်လုံးပေးလိုက်သည်ကို ဟန့်မြောင်ရွှမ် သိသည်။ မူလပေးသူမှာ ရှောင်ချီဖြစ်သည်ကို သူမလည်း မသိပေ။ ရှောင်ချီပြောလိုက်သောစကားကိုကြား သော်အခါ ရှောင်ချီသည် ရှုဂျင်းကို စောဒကတက်သည်ဟု ထင်ခဲ့သည်။

“အခု အဆင်ပြေနေပြီမဟုတ်လား” ရှီမာယူယူသည် ရှောင်ချီအား ပွတ်သပ်ပေးချင်သော်လည်း မလှုပ် နိုင်ပေ “အစတုန်းက ဒီလောက်ဒုက္ခမရောက်ပါဘူး ဒါပေမဲ့ ဖန်လေးမှာ မတော်တဆဖြစ်သွားတဲ့အတွက် သူ့ကို ကယ်ရမယ်လေ”

“သူက အစ်ကိုကြီးအတွက် တကယ်အရေးကြီးတာလား၊ အသက်ကိုပေးပြီးတော့တောင် ကယ်တာ” ရှောင်ချီသည် သူမအား ကြည့်လိုက်သည်။

“ဒီလိုဖြစ်မယ်လို့ တကယ်ကိုမထင်ထားတာ၊ ဂယောင်ခြောက်ခြားကမ္ဘာရောက်သွားတာက တကယ်ကို မတော်တဆပါ၊ ဒါပေမဲ့ ဒီလိုဖြစ်မယ်ဆိုတာ အစကတည်းကသိခဲ့ရင်လည်း တွေဝေမှုမရှိလုပ်ဦးမှာပဲ”

“ကိုယ့်အသက်ကိုယ် တန်ဖိုးမထားဘူးလား”

“တန်ဖိုးလား ထားတာပေါ့၊ ငါလုပ်စရာတွေအများကြီးရှိသေးတယ်၊ ဒီလိုစောစောသေလို့မရဘူး”

“ဒါဆို ဘာလို့အခုထိမလုပ်သေးတာလဲ”

“ရှောင်ချီ တစ်ခါတစ်လေမှာ မခိုင်မာတာတွေက ဘဝမှာဝန်ထုတ်ဝန်ပိုးဖြစ်တတ်တယ်၊ အဲဒါတွေနဲ့ တကယ်ချစ်တဲ့အရာတွေနဲ့ ယှဉ်လိုက်ရင် အရေးကြီးတာမဟုတ်ဘူး”

***

All Chapters