← Chapters

ကစားပွဲ

Vol. 014 Ch. 1323

ကစားပွဲ

Vol. 014 Ch. 1323

တာလီတော်ဝင်နန်းတော်၌ စွမ်းအားကြီး စစ်တပ်များက အချင်းချင်း ထိပ်တိုက် ရင်ဆိုင်လျက် ရှိသည်။

အဓိက ရန်ဟောင်သုံးပါးက ဤနေရာတွင် ပေါ်ထွက်လာသည်။ ထိုအချိန်၌ နန်းတော်သည် ငြိမ်းချမ်းစွာ ရှိနေသော်လည်း တစ်ကြိမ် ပေါက်ကွဲသွားသည်နှင့် ကမ္ဘာပြိုကွဲမှုပင် ဖြစ်ပေါ်လာလိမ့်မည်ကို လူတိုင်း သိရှိကြသည်။

ယခုကိစ္စတစ်ခုလုံး၏ အဓိက သော့ချက်မှာ တစ်ဖက်နှင့်တစ်ဖက် သဘောတူညီချက် ရရှိနိုင် မရရှိနိုင်ပင် ဖြစ်သည်။

ရီဖူရှင်းသည် ဤတစ်ကြိမ်တွင် စစ်ပွဲဖန်တီးခဲ့ပြီး တာလီတော်ဝင် နန်းတော်သို့ စစ်တပ်များကို ဦးဆောင် ကျူးကျော်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်သည် သတ်ဖြတ်ခြင်းသာ မဟုတ်ခဲ့လျှင် ဤမျှထိ ဆိတ်ငြိမ်နေမည် မဟုတ်ဘဲ မရေတွက်နိုင်သည့် တန်ခိုးရှင်များ သတ်ဖြတ် ခံရလိမ့်မည် ဖြစ်သည်။

သူသည် တာလီနန်းတွင်း အကြံပေးအတွက် ရောက်ရှိလာပြီး တာလီပြည်ထောင်၏ အင်ပါယာလီကို ဖိအားပေးကာ နန်းတွင်း အကြံပေးအား လွှတ်ပေးရန် ဆုံးဖြတ်ချက် ချစေလိုခဲ့သည်။

သို့သော် သူသည် အင်ပါယာကို သိမ်းသွင်းနိုင်မည်လား။

ထိုအခိုက်အတန့်တွင် အင်ပါယာလီသည် ရီဖူရှင်းဆီသို့ ကြည့်လိုက်သည်။ ယခုထိတိုင်အောင် သူ၏ ကျင့်ကြံခြင်းသည် ရန်ဟောင် အဆင့်တွင် ရှိနေပြီး သူသည် ဘုံတစ်ခုကို အုပ်ချုပ်ကာ တာလီပြည်ထောင်ရှိ လူများအားလုံး၏ လေးစားမှုကို ခံယူရပေသည်။ သူသည် တာလီပြည်ထောင်ကို အားကောင်းလာစေပြီး အကြိမ်ပေါင်းများစွာ အခက်အခဲ ကြုံတွေ့ရလျှင်ပင် ခုခံကာကွယ်၍ အနိုင်ယူနိုင်စွမ်း ရှိပေသည်။ သူသည် တာလီတော်ဝင် မိသားစု၏ အမည်ကို ဂုဏ်သတင်းမွှေးပျံ့ကာ ဘုံတစ်ခုထက် ပို၍ ထင်ရှားကျော်ကြား စေလိုပေသည်။

နန်းတွင်း အကြံပေးသည် ကျွမ်းကျင်လိမ္မာသော အရည်အချင်း ရှိပြီး အဖိုးတန်ပေသည်။ သူ၏ အမြင်တွင် နန်းတွင်း အကြံပေးသည် တာလီပြည်ထောင်၏ အင်အားကို သန်မာလာစေရန် လုပ်ဆောင်ရာ၌ အဓိကအင်အားစု ဖြစ်လိမ့်မည် ဖြစ်၏။ သူသည် မင်းသားကြီး၏ စွမ်းအားများကိုပင် ဖယ်ရှားကာ နန်းတွင်း အကြံပေးကို စွမ်းအားများ ပေးခဲ့သည်။

သို့သော် နန်းတွင်းအကြံပေးက သူ့ကို စိတ်ပျက်စေခဲ့၏။

အဆုံးတွင်တော့ နန်းတွင်း အကြံပေးသည် လီကလန်၏ အစိတ်အပိုင်း မဟုတ်ခဲ့သလို သူ၏ သွေးကြောများတွင် တော်ဝင်မိသားစု၏ သွေးများလည်း စီးဆင်းမနေခဲ့ပေ။ ထို့ကြောင့် အင်ပါယာသည် သူ့ကို တန်းတူ မဆက်ဆံနိုင်ခဲ့ပေ။ သူက ရီဖူရှင်းနှင့် တွေ့ဆုံခဲ့သည့်အခါ သူ၏ တပည့်အတွက်နှင့် သစ္စာဖောက်မှုကို ကျူးလွန်ခဲ့သည်။

အင်ပါယာက နန်းတွင်းအကြံပေးကို သစ္စာဖောက်ခြင်းမှ လွဲ၍ မည်သည့်အမှုကို ကျူးလွန်ပါစေ ခွင့်ပြုပေးမည်ဟု ပြောကြားခဲ့သည်။

သူသည် နန်းတွင်း အကြံပေးကို အခွင့်အရေး ပေးလိုခဲ့သော်လည်း သူက ငြင်းပယ် ခံခဲ့ရသည်။

ထို့ကြောင့် သူသည် နန်းတွင်းအကြံပေးကို ကျင့်ကြံဆင့်များ ဖျက်ဆီးစေ၍ ထောင်သွင်း အကျဉ်းချစေခဲ့သည်။

ယခု နန်းတွင်း အကြံပေးအား သစ္စာဖောက်စေခဲ့သည့် ပါရမီရှင် ရီဖူရှင်းသည် ဤနေရာသို့ လာရောက်၍ နန်းတော်ကို သူ၏ စစ်တပ်ကြီးများဖြင့် ဝန်းရံကာ နန်းတွင်း အကြံပေးကို လွှတ်ပေးရန် ခြိမ်းခြောက် နေခဲ့သည်။

သူ့ကို လွှတ်ပေးရမည်လား၊ မလွှတ်ပေးဘဲ နေသင့်သည်လား။

ရီဖူရှင်းက သူ့ကို ဆုံးဖြတ်ချက်ချရန် ပြောခဲ့သည်။ သို့ပေမဲ့ မည်သို့ ဆုံးဖြတ်ရမည်နည်း။

“ရီဖူရှင်း၊ တန်ခိုးရှင် လောကမှာ အတိတ်က အမှားအမှန်ကို ဆွေးနွေးနေတာက အဓိပ္ပာယ်မရှိဘူး။ လီယောင်က မင်း ဇနီးနဲ့ မင်းရဲ့ ကလန်သားတွေကို သတ်ပစ်ခဲ့ပေမယ့် မင်းကလည်း သူ့ကို သတ်ခဲ့တာပဲ။ မင်းက နန်းတွင်း အကြံပေးကို ကယ်တင်ချင်တယ် ဆိုပေမယ့် နန်းတွင်းအကြံပေး ဒီနေ့ ကြုံတွေ့နေရတဲ့ အဖြစ်တွေ အားလုံးက မင်းကြောင့်ချည်းပဲ။ မင်းသာ သတ္တမဓားအနေနဲ့ နန်းတွင်း အကြံပေးရဲ့ တပည့် ဖြစ်မလာခဲ့ရင် တာလီမှာ နန်းတွင်းအကြံပေးရဲ့ ကြီးမားတဲ့ ဂုဏ်သတင်းက ကျန်ရှိနေဦးမှာပဲ။ နန်းတွင်း အကြံပေး အိမ်တော်ကလည်း တာလီမှာ လေးစားခံရမှုအပြည့်နဲ့ ရပ်တည် နေလိမ့်ဦးမယ်။ ဒီအရာတွေ အားလုံးက မင်းရဲ့ လက်စားချေမယ့် အစီအစဉ်ကြောင့်သာ ဖြစ်လာရတာ”

အင်ပါယာလီသည် ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “မင်းက ကျုပ်ကို ဆုံးဖြတ်ချက် ချစေချင်တယ် ဆိုတော့ ဒီနေ့ အရာအားလုံးရဲ့ အဆုံးသတ် ဖြစ်လိမ့်မယ်။ အရာရာက မင်းကြောင့် စတင်ခဲ့ပြီးတော့ မင်းနဲ့ပဲ အဆုံးသတ် ရလိမ့်မယ်”

“ရီဖူရှင်း၊ မင်းသေရင်တောင်မှ နန်းတွင်းအကြံပေးက တာလီရဲ့ နန်းတွင်း အကြံပေးအနေနဲ့ ကျန်နေဦးမှာပဲ။ မင်း သေခဲ့ရင် နန်းတွင်း အကြံပေးနဲ့ သူ့အိမ်တော်ကို အပြစ်တွေ အားလုံးကနေ ခွင့်လွှတ် ပေးမယ်။ ပြီးတော့ သူတို့သာ ဆန္ဒရှိရင် သူတို့က တာလီပြည်ထောင်ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ ဖြစ်နိုင်ဦးမှာပဲ။ သူက ထွက်သွားချင်တယ်ဆိုရင်လည်း နန်းတွင်း အကြံပေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ကိုက်ညီတဲ့ အဆောင်အယောင်တွေနဲ့ ပို့ဆောင် ပေးမယ်”

အနီးဝန်းကျင်ရှိ လူများသည် သူတို့၏ အတွင်းထဲမှ တုန်ယင်နေကြပြီး မရေတွက်နိုင်သည့် မျက်လုံးများသည် ရီဖူရှင်းပေါ်သို့ ကျရောက် လာသည်။

အင်ပါယာလီ၏ ဆုံးဖြတ်ချက်အရ ရီဖူရှင်းသာ သေပေးခဲ့လျှင် နန်းတွင်း အကြံပေးက လွတ်မြောက် လိမ့်မည် ဖြစ်၏။

ကျူးလွန်ခဲ့သည့် အပြစ်များ အားလုံးသည်လည်း ခွင့်လွှတ်ပေးခြင်း ခံရလိမ့်မည်။

ယခု တာလီပြည်ထောင်၏ လူများသည် ရီဖူရှင်း၏ ကျင့်ကြံမှုက တိုးတက်လာပြီး တာလီကို ခြိမ်းခြောက် လာသည်အား မြင်တွေ့နိုင်သည်။ သူသာ သေသွားခဲ့လျှင် တာလီ ပြည်ထောင်ကို ပိတ်ဆို့ ဟန့်တားသည့် ရန်ဟောင် ပုဂ္ဂိုလ်များလည်း ရှိတော့မည် မဟုတ်ပေ။ သူသာ သေဆုံးသွားခဲ့လျှင် စစ်တပ်ကြီးသည်လည်း တစစီ ပြန့်ကျဲသွားမည် ဖြစ်သည်။ ဥဒေါင်းအင်ပါယာနှင့် ခွန်ရွှမ်သည် သူ့ကြောင့်သာ လိုက်ပါလာခြင်း ဖြစ်ပေသည်။

သွေးနဂါးဘုံရှိ ပြန်လည်မွေးဖွားခြင်း အဆင့်များသည်လည်း သူ့အတွက်သာ တိုက်ခိုက် ပေးနေခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းသာ သေသွားခဲ့လျှင် အရာအားလုံး အဆုံးသတ် သွားလိမ့်မည် ဖြစ်၏။

ရီဖူရှင်းသည် အင်ပါယာလီကို ကြည့်လိုက်သည်။ သို့ဆိုလျှင် အင်ပါယာလီက နန်းတွင်း အကြံပေးအား ကယ်တင်လိုလျှင် သူက သေပေးရမည်ဟု ပြောနေသည်လား။

အင်ပါယာရှားဘုံမှ လူများသည် အလွန် ဒေါသထွက်သည့် သဏ္ဌာန်များ ဖြစ်သွားကြပြီး အင်ပါယာ ရှားပင်လျှင် မျက်မှောင်ကြုတ်သွားခဲ့၏။

“နန်းတွင်းအကြံပေး ဒီနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲအားလုံးက မင်းကြောင့်ပဲ။ သူက သေပေးဖို့ ဆန္ဒရှိတာလည်း မင်းကြောင့်ပဲ ရီဖူရှင်း။ နန်းတွင်းအကြံပေး လုပ်နိုင်သလို မင်းက မလုပ်ပေးနိုင်ဘူးလား” အင်ပါယာလီက ဆက်ပြောလိုက်သည်။ “ဒီလိုတပည့်မျိုးက ကျက်သရေ မရှိလိုက်တာ”

အင်ပါယာလီ၏ အသံတွင် ထူးဆန်းသည့် အမိန့်အာဏာဆန်မှုများ နစ်မြုပ်နေသည်။ ထိုအသံသည် ရီဖူရှင်း၏ နားစည်ကို ဖြတ်ကာ သူ၏ စိတ်ကို တိုက်ရိုက် သက်ရောက် စေခဲ့သည်။

ထိုစကားလုံးသည် သာမကဘဲ သူ၏ အသံသည်လည်း ရီဖူရှင်း၏ ခံစားမှုအား သက်ရောက် စေခဲ့သည်။

သူ၏ စကားလုံးများက မှန်ကန်နေပေသည်။

အင်ပါယာလီသည် ရီဖူရှင်းက နန်းတွင်း အကြံပေးအတွက်နှင့် သူ့အသက်ကို အလဲအထပ် ပြုစေချင်နေသည်။

ရီဖူရှင်း၏ နှလုံးသားသည် တုန်လှုပ်နေပြီး သူ၏ စိတ်သည် သက်ရောက် ခံနေရသည်။ သူသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်မှာ အင်ပါယာလီ၏ အသံက သူ့ကို လွှမ်းမိုးမှုရှိသွားသလို ခံစားနေရသည်ဟု ထင်မှတ်ရသည်။ သို့သော်လည်း မကြာခင်တွင် သူ၏ တည်ငြိမ် အေးချမ်းသည့် စိတ်အခြေအနေကို ပြန်လည်ရရှိခဲ့ပြီး သူ၏ စိတ်စွမ်းအားများသည် ခိုင်မာလာကာ အင်ပါယာလီကို ထူးမခြားနားစွာ ကြည့်လိုက်သည်။

“ကျုပ် ဆရာက ကျုပ် အသတ်ခံရမှာစိုးရိမ်တဲ့အတွက် သူ့အသက်ကိုတောင် စတေးခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို သေစေချင်တယ်။ အဲဒါက ကျုပ်ဆရာကို ခင်ဗျားက နာကျင် စေချင်လို့လား” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ “ထပ်ပြောရရင် ဒီမှာ အင်ပါယာရှားဘုံက အကြီးအကဲတွေ အများကြီး ရှိနေတဲ့အပြင် သွေးနဂါးဘုံက အကြီးအကဲတွေရော အစွမ်းထက် စစ်တပ်ကပါ ဒီတိုက်ပွဲမှာ ပါဝင်လာတာ ကျုပ်ကြောင့်ပဲ။ ကျုပ်သာ သေသွားခဲ့ရင် သူတို့က ဘယ်လိုဖြစ်လာမှာလဲ”

“ပြီးတော့ အရှင်မင်းကြီး၊ ခင်ဗျားက ဒီနေ့ရဲ့ အခြေအနေကို နားလည် သဘောပေါက်ပုံ မရဘူးပဲ။ ကျုပ်က အရှင်မင်းကြီးကို ဆုံးဖြတ်ချက်ချဖို့ အခွင့်အရေး ပေးတာ။  အပေးအယူအတွက် ညှိနှိုင်းဆွေးနွေးဖို့ အခွင့်အရေး ပေးတာ မဟုတ်ဘူး” ရီဖူရှင်း၏ အသံက အေးစက်သထက် အေးစက်လာသည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်လျှင် ရုတ်တရက် များပြားလှသည့် ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်များ၏ အသက်စွမ်းအားများ ထွက်ပေါ်လာကာ လေဟာနယ်ကို ဖြတ်သန်း၍ နန်းတော် တစ်ခုလုံးကို လွှမ်းမိုးကာ တော်ဝင်နန်းတော်ကို ကြောက်မက်ဖွယ် လေထုက လွှမ်းခြုံလာခဲ့၏။

များပြားလှသည့် စစ်တပ်များသည် ရှေ့သို့ ချီတက်လာပြီး သန်မာ အားကောင်းလှသည့် စွမ်းအား အသိများဖြင့် ဖိနှိပ်လာခဲ့သည်။

စကားတစ်လုံးသာ မှားယွင်းသွားခဲ့လျှင် သွေးပင်လယ်အဖြစ် လွှမ်းခြုံ သွားလိမ့်မည် ဖြစ်၏။

တာလီပြည်ထောင်၏ တော်ဝင်နန်းတော်တွင် ကြီးမားသည့် စစ်ပွဲတစ်ခု ဖြစ်ပွား သွားပေလိမ့်မည်။

ရီဖူရှင်း၏ နောက်မှ လီဟန်ဓားသမားနှင့် အခြားလူများသည် စိတ်သက်သာရာ ရသွားခဲ့ကြသည်။ ရီဖူရှင်းသာ အင်ပါယာလီ၏ စကားလုံးများဖြင့် လွှမ်းမိုးခံရပြီး ထိုသို့ ရယ်စရာ ကောင်းလှသော အခြေအနေကို သဘောတူလိုက်ပါက သူတို့ စိတ်ပျက် ရပေလိမ့်မည်။

မဟုတ်လျှင် သူတို့က မည်သည့်အတွက် တိုက်ခိုက်ရမည်နည်း။

ဘုံများကို လွှမ်းမိုးနိုင်သည့် ပုဂ္ဂိုလ် ဖြစ်လာနိုင်သော ရီဖူရှင်း၏ ပါရမီကြောင့်၊ သူ၏ တောက်ပနေသည့် အနာဂတ်ကြောင့်သာ သူတို့ ပါဝင်လာရခြင်း ဖြစ်ပေသည်။

အကယ်၍ ထိုစကားလေး တစ်ခွန်းကြောင့် အသက်ကို အလွယ်တကူ ဆုံးရှုံးခံလိုက်လျှင် သူတို့ လုပ်ခဲ့သမျှ အရာအားလုံးက မည်သည့် အဓိပ္ပာယ် ဖြစ်သွားမည်နည်း။

သူ ပြောသည့်အတိုင်း အတိအကျပင် နန်းတွင်းအကြံပေးက သူ့အသက်ကို ကယ်တင်ရန် စတေးခံရသည့် အကြောင်းရင်းက မည်သို့ ဖြစ်သွားမည်နည်း။

ယခု သူက ကိုယ့်သေခြင်းကို ရှာဖွေနေခြင်း ဖြစ်လိမ့်မည်လား။

လူအများ၏ မျှော်လင့်ချက်များက သူ့အသက်ပေါ်တွင် မူတည်နေသည်။

“အဲဒီလိုလား” အင်ပါယာလီက ရီဖူရှင်းကို ထက်ရှသည့် မျက်လုံးများနှင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ “အဲဒီလိုဆိုရင် မင်း သူတို့ကို ကြိုးစားကြည့်ဖို့ အမိန့်ပေးနိုင်တယ်”

သူ စကားပြောသည့် အခါ သူသည် ဝံ့ကြွားစွာ ရပ်နေဆဲပင် ဖြစ်သည်။ ရန်ဟောင် တစ်ပါး၏ သြဇာအာဏာကို အပြည့်အဝ ထုတ်လွှတ်ထားပြီး ကောင်းကင်ကို လွှမ်းခြုံထားသည်။ သူ၏ မျက်လုံးများက အလွန်နက်ရှိုင်းပြီး သူ မည်သည်ကို တွေးနေသည်အား မြင်တွေ့နိုင်ရန် ခက်ခဲအောင် နက်နဲလှပေသည်။

သူသည် ရီဖူရှင်းက သတ်ဖြတ်ရန် အမိန့်ပေးရဲမည်လား မြင်တွေ့ချင်ပေသည်။

ကိစ္စရပ်များစွာအတွက် သုညနှင့် အနန္တအကြားတွင် ကွာခြားမှု ရှိသည်။ ပထမအကြိမ် ဆိုသည် ရှိခဲ့လျှင် ဒုတိယအကြိမ် ဟူသည်မှာလည်း ရှိလာလိမ့်မည် ဖြစ်၏။

ယနေ့ ရီဖူရှင်းသည် သူတို့ကို ဖိနှိပ်ရန် စစ်တပ်ကို ဦးဆောင်လာခဲ့ပြီး တာလီပြည်ထောင်သည် ခုခံကာကွယ်ရန် စွမ်းအား မရှိခဲ့ပေ။ တိုက်ခိုက်မှုသည် နန်းတော်အတွင်းသို့ တည့်မတ်စွာ ရောက်ရှိလာခဲ့ပြီး ထိုသည်က အင်ပါယာလီကို အရှက်ရစေသည်မှာ မလွဲမသွေ ဖြစ်သည်။

သို့သော်လည်း ယနေ့ သူသည် ရီဖူရှင်း၏ အပေးအယူပြုလုပ်ရန် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည်။

နောက်ပိုင်းတွင်လည်း အင်ပါယာရှားဘုံမှ လူများက တစ်ဖန် တိုက်ခိုက်လာမည် မဟုတ်လား။

ထို့ကြောင့် သူက ယခု မည်သည်ကို အလျှော့ပေး လိုက်လျောရမည်နည်း။

ယခုချိန်၌ သူလိုချင်သည်မှာ ရီဖူရှင်း သေဆုံးရန်သာ ဖြစ်သည်။

ရီဖူရှင်းသာ မသေဆုံးခဲ့လျှင် အခြေအနေကလည်း ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

တာလီပြည်ထောင်အတွက် ပို၍ ဆိုးဝါးသော အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။

ရီဖူရှင်းသည် တစ်စထက်တစ်စ ပိုမို အားကောင်းလာရန်သာ ရှိပြီး ပြင်ပအင်အားစု များသည်လည်း ပို၍ ကြီးထွားလာနိုင်သည်။

လက်ရှိတွင် သူသည် မိမိကိုယ်ကို သိမြင်ခြင်း အဆင့်သာ ရှိသေးသော်လည်း အကယ်၍ သူသာ သံသယ ကင်းစင်ခြင်း အဆင့်ဖြစ်စေ ပြန်လည်မွေးဖွားခြင်းအဆင့် ဖြစ်စေ ရောက်ရှိသွားပါက မည်သို့ ဖြစ်လိမ့်မည်နည်း။

သူက ပြန်လည်မွေးဖွားခြင်း အဆင့်သို့သာ ရောက်ရှိသွားပါက သူ၏ နောက်လိုက်ငယ်သားတို့ကို ထည့်မတွက်လျှင်ပင် သူ၏ တိုက်ပွဲဝင်စွမ်းအား တစ်ခုတည်းသည်လည်း နန်းတွင်းအကြံပေးထက် အားနည်းမည် မဟုတ်ပေ။

ယခု ထိုသည်မှာ သူတို့ နှစ်ဦးကြားမှ ကစားပွဲဖြစ်သည်။

ရီဖူရှင်းသည် သူ့ကို ဖိအားပေးကာ နန်းတွင်းအကြံပေးကို လွှတ်ပေးစေချင်သည်။ သူသည် ရီဖူရှင်းက လှုပ်ရှားရဲမည်လား မြင်တွေ့လိုပေသည်။

ရီဖူရှင်းသည် တိတ်ဆိတ်နေသည်။ အင်ပါယာလီ၏ မျက်လုံးများကို ကြည့်ရင်း သူက ရန်ဟောင် တစ်ပါး၏ စွမ်းအားကို လျှော့တွက်မိသည်အား သိရှိလိုက်ပေသည်။

အင်ပါယာလီသည် အရင် မလှုပ်ရှားသော်လည်း သူသည် ရီဖူရှင်းက အရင်လှုပ်ရှားမှု မပြုရဲဟု လောင်းကြေး ထပ်နေသည်။

အကယ်၍ အလောတကြီး လုပ်ဆောင်ပါက လူတိုင်းသည် စုတ်သင်ခံကြရမည် ဖြစ်သည်။

စည်းမျဉ်းသည် စည်းမျဉ်းပင် ဖြစ်ကာ စည်းမျဉ်းဆိုသည့် အရာသည် ထာဝရ မချိုးဖျက်နိုင်သည် မဟုတ်ပေ။

အားကောင်းသည့် အင်အားစုများသည်သာ စည်းမျဉ်းများကို ဆက်လက် ချုပ်ကိုင်နိုင်မည် ဖြစ်သည်။

တာလီ၏ သေခြင်းရှင်ခြင်း အခိုက်အတန့်က ရောက်ရှိလာလျှင် အင်ပါယာလီက စည်းမျဉ်းများဖြင့် ချုပ်တည်း ထားလိမ့် ဦးမည်လား။

“နန်းတွင်းအကြံပေးကို လွှတ်လိုက်ပြီး တာလီနဲ့ လုံးဝ မသက်ဆိုင်တော့အောင် သူ့ရဲ့ လွတ်လပ်ခွင့်ကို ပြန်ပေးလိုက်ပါ။ အဲဒါဆို ကျုပ် ရီဖူရှင်း အင်ပါယာလီဘုံကို ဘယ်တော့မှ ခြေမချတော့ဘူး” ရီဖူရှင်းက အင်ပါယာလီ၏ စိုးရိမ်ပူပန်မှုကို အပြည့်အဝ သိနားလည်စွာဖြင့် ပြောလိုက်သည်။ သူသည် ရီဖူရှင်းက အလွန် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားသည်ကို သိရှိနေပြီး သူက နန်းတွင်းအကြံပေးကို လွှတ်ပေးရန် ကတိ ပေးလိုက်ပါက အနာဂတ်တွင် အခြေအနေများ ပြောင်းလဲ သွားမည်ကို စိုးရိမ်နေ၏။

ထို့ကြောင့် သူသည် ရီဖူရှင်းကို သေစေလိုသည်။

“မလုံလောက်သေးဘူး” အင်ပါယာလီက ပေါ့ပါးစွာ ပြောလိုက်သည်။ “ကျုပ်က နန်းတွင်း အကြံပေးကို လွှတ်ပေးလို့ရတယ်။ ဒါပေမဲ့ သူက တာလီနိုင်ငံသားပဲ ဖြစ်ရမယ်။ တာလီနန်းမြို့တော်ကနေ ထွက်ခွာလို့ မရဘူး”

ရီဖူရှင်းက တာလီ ပြည်ထောင်ကို မည်သည့်အခါမှ ခြေမချလာလျှင်ပင် အခြားလူများကတော့ ဝင်ရောက် လာနိုင်သေးသည်။

ထို့အပြင် ရီဖူရှင်း၏ စကားလုံးများက မည်မျှထိ စိတ်ချယုံကြည် ရနိုင်မည်တဲ့နည်း။

တာလီပြည်ထောင်အတွက် ခြိမ်းခြောက်မှုက တည်ရှိနေဦးမည် ဖြစ်သည်။ ရီဖူရှင်း သေသည်ဖြစ်စေ နန်းတွင်း အကြံပေးကို အင်ပါယာလီက ဆက်လက် ထိန်းချုပ်ထားသည် ဖြစ်စေ လုပ်မှသာ စိတ်ချ ရပေလိမ့်မည်။

“အင်ပါယာလီ၊ ဒါက ရန်ဟောင် တစ်ပါးအနေနဲ့ သင့်တော်တဲ့ အပြုအမူမျိုး မဟုတ်ဘူး” အင်ပါယာရှားက သက်သောင့်သက်သာ ပြောလိုက်၏။

“အင်ပါယာရှားဘုံက ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရင်ရတဲ့ အထိ စောင့်လိုက်။ ပြီးရင် ဒီစကားက သင့်တော်လား မတော်လား ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်” အင်ပါယာလီက သာမန်ကဲ့သို့ တုံ့ပြန် လိုက်သည်။ သူသည် တာလီပြည်ထောင်၏ အင်ပါယာ ဖြစ်သည်။

တာလီပြည်ထောင်သည် သူ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသမျှ ကာလပတ်လုံး သူသည် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းသည် ခန်းမထိပ်ဆုံးတွင် ခန့်ထည်စွာ တည်ရှိနေသည့် ပုံရိပ်ကို ကြည့်ကာ လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်သည်။ သူ၏ စိတ်အတွင်း၌ လွန်ဆွဲ နေလေသည်။

အင်ပါယာလီသည် အချက်ကျကျ စဉ်းစားနေခြင်း ဖြစ်သည်။ သူက တာလီကို မည်သည့်အခါမှ မဝင်ရောက် နိုင်တော့လျှင်ပင် သူ့တွင် နည်းလမ်းများစွာ ရှိနေနိုင်ပေသည်။

အင်ပါယာလီသည် ယခုအချိန်တွင် စိတ်ဓာတ် ခိုင်မာနေပေသည်။ သူသည် အလျှော့ပေး လိုက်လျောရန် ဆန္ဒမရှိဘဲ နန်းတွင်းအကြံပေးကို လွှတ်ပေးရန် တွေဝေနေခဲ့သည်။

“အင်ပါယာလီ၊ လီယောင်အပြင် ကျုပ်နဲ့ ရန်ငြိုး ရှိခဲ့ဖူးသူတွေက သေသွားခဲ့ပြီးတော့ နန်းတွင်း အကြံပေးကလည်း သူ့ရဲ့ ကျင့်ကြံဆင့်တွေကို ဆုံးရှုံးခဲ့ရတယ်။ အရာအားလုံးကို တွက်ဆ ကြည့်မယ်ဆိုရင် ကျုပ်တို့ကြားက ရန်ငြိုးက ဒီနေရာမှာတင် ရပ်တန့်လိုက်လို့ ရတယ်”

ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “ရှေ့ဆက်ပြီးတော့ ကျုပ်က ဘယ်အာဃာတကိုမှ ကိုင်ဆွဲထားမှာ မဟုတ်တော့ဘူး”

လူအများသည် ရီဖူရှင်းဆီသို့ ကြည့်လိုက်ကြသည်။ ကောင်းခေါင်အပါအဝင် အခြားလူများသည် ရီဖူရှင်းနှင့် ရန်ငြိုး ရှိကြပေသည်။ မင်းသားကြီးနှင့် များပြားလှသည့် တန်ခိုးရှင်များသည် နန်းတွင်း အကြံပေးကို ဦးဆောင်စေကာ ရီဖူရှင်းကို သတ်ဖြတ်ရန် သွေးနဂါးဘုံသို့ သွားရောက်ခဲ့ကြသည်။

သို့သော် နန်းတွင်းအကြံပေး၏ လွတ်လပ်ခွင့်အတွက်နှင့် ရီဖူရှင်းသည် အလျှော့ပေးရန် ဆန္ဒရှိပြီး အပေးအယူ လုပ်လိုသည်။

ဤတိုက်ပွဲတွင် အင်ပါယာရှားဘုံမှ စစ်တပ်များ ပါဝင်လာသော်လည်း အင်ပါယာရှား တစ်ဦး တစ်ယောက်တည်းကြောင့်သာ မဟုတ်သည်ကို သူ သိရှိပေသည်။ သူ၏ ကိုယ်ပိုင်ရန်ငြိုး အတွက်နှင့် လူတိုင်း၏ အသက်ကို မစတေးနိုင်ပေ။

ထိုအခိုက်၌ သူ့တွင် တာလီပြည်ထောင်မှ နန်းတွင်းအကြံပေးကို ခေါ်ဆောင် သွားလိုသည့် ရည်ရွယ်ချက် တစ်ခုသာ ရှိသည်။ သို့မှသာ သူသည် ရန်ယွင်၊ ဖေးရွှီတို့နှင့် ပြန်လည် ဆုံစည်းနိုင်မည် ဖြစ်ပြီး တာလီ၏ ထိန်းချုပ်မှု မခံရတော့ဘဲ သူဆန္ဒရှိရာ ရွေးချယ်နိုင်မည် ဖြစ်၏။

ထိုသို့သော အလျှော့ပေးမှုမျိုးသည် အင်ပါယာလီ လက်ခံနိုင်စွမ်း ရှိသင့်ပေသည်။

အင်ပါယာရှားဘုံသည် နန်းတော်အတွင်း ချိုးဖျက်ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် များပြားလှသည့် အရေးပါသော ဗျူဟာနေရာများသည် တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ ဆေးမြို့တော်အပါအဝင် အခြား အရေးကြီးနေရာများ ပျက်စီးသွားခဲ့သည်။

ထိုသည်မှာ ရီဖူရှင်းဘက်မှာ အရေးသာနေသည်ဟု ဆိုနိုင်ပေသည်။

သို့သော် ယခုတွင် ရီဖူရှင်းက နန်းတွင်းအကြံပေးကို လွှတ်ပေးရန်သာ တောင်းဆိုခဲ့ပြီး ထိုသို့ လုပ်ပေးသည့် အတွက် သူသည် အရာအားလုံးကို လက်လွှတ်ပေးနိုင်ပေသည်။

သူ့ဘေးမှ အင်ပါယာရှားသည် မည်သည်ကိုမှ ဝင်မပြောခဲ့ပေ။ ဤတိုက်ပွဲက ရီဖူရှင်းအတွက် ဆင်နွှဲခဲ့ခြင်း ဖြစ်သဖြင့် ဆုံးဖြတ်ချက်အားလုံးကို ရီဖူရှင်းသာ ချမှတ်သင့်ပေသည်။

“အဲဒါလည်း မလုံလောက်ဘူး”

အေးစက်စက် အသံတစ်ခုက ရီဖူရှင်းကို တုံ့ပြန် လိုက်သည်။

အင်ပါယာလီက သူ့ကို ကြည့်ကာ ထိုစကားများကို ထုတ်ပြောလိုက်သည်။ “မလုံလောက်ဘူး”

ရီဖူရှင်းက သူ၏ ရန်ငြိုးများကို လက်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ တစ်ခုတည်းသော ဆန္ဒမှာ နန်းတွင်းအကြံပေးနှင့် လုံခြုံစွာ ထွက်ခွာနိုင်ရန် ဖြစ်သည်။ သူသည် အတိတ်က ကိစ္စများကို ဆုပ်ကိုင် ထားလိမ့်မည် မဟုတ်ပေ။

ထိုသည်မှာ ယခုချိန်၌ သူ လိုချင်သည့် အရာပင် ဖြစ်တော့၏။

အင်ပါယာလီက သဘောတူခဲ့လျှင် သူက တာလီမှ ထွက်ခွာ သွားလိမ့်မည် ဖြစ်သည်။

သို့သော် အင်ပါယာလီသည် ပြတ်ပြတ်သားသား ငြင်းဆန်နေသည်။

ရီဖူရှင်းသည် အင်ပါယာလီ၏ တုံ့ပြန်မှုကို ကြားသည့်အခါ သူမျက်နှာက အလွန်အေးစက်လာပြီး သူ့၏ ခန္ဓာကိုယ်မှ အေးစိမ့်မှုများ ဖြာထွက်လာသည်။ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ယနေ့ အခြေအနေသည် တာလီနန်းမြို့တော်ကို ဝန်းရံထားပြီး သူတို့ဘက်က သိသာစွာ အရေးသာ နေပေသည်။

သူတို့သာလျှင် အင်ပါယာလီအား ဖိအားပေးကာ အတင်းအကျပ် လိုက်လျောစေပြီး အခြေအနေကို ချုပ်ကိုင်သူ ဖြစ်သင့် ပေသည်။

သို့သော်လည်း လက်တွေ့တွင် ရီဖူရှင်းသည် အလျှော့ပေးကာ လိုက်လျော ပေးနေပေမယ့် အင်ပါယာလီသည် လုံလောက်ခြင်း မရှိဟု ခံစားနေရဆဲဖြစ်ကာ နန်းတွင်း အကြံပေးကို လွှတ်ပေးရန် လိုက်လျော ရမည်ကို တွေဝေ နေပေသည်။

ဥဒေါင်းအင်ပါယာသည် လေထဲတွင် တည်ငြိမ်စွာ ရပ်နေပြီး ထိုမြင်ကွင်းများကို စောင့်ကြည့် နေပေသည်။ သူသည် လျှို့ဝှက်စွာဖြင့် ခွန်ရွှမ်အား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ “နှစ်ဖက်လုံးက ညှိနှိုင်းမှု ပြုလုပ်တဲ့ အခါမှာ ဂရုစိုက်ရမှာတွေ များတဲ့သူက ရှုံးနိမ့်ရမှာ ကံတရားပဲ။ အင်ပါယာလီက ရန်ဟောင် တစ်ပါး ဖြစ်ပြီးတော့ အရာအားလုံးကိုလည်း စွန့်လွှတ်စွန့်စား ရဲတယ်။ ဒါပေမဲ့ ရီဖူရှင်းကတော့ အဲဒီလို မလုပ်နိုင်ဘူး။ သူက ဒီကို နန်းတွင်း အကြံပေးကြောင့် လာခဲ့တာမို့ သူ့ရဲ့ ရည်ရွယ်ချက်က ရှင်းတယ်။ သူက အင်ပါယာလီထက် ဂရုစိုက်စရာ များတာမို့ ဒီ အပေးအယူမှာ သူက ကျိန်းသေ ရှုံးမှာပဲ”

ခွန်ရွှမ်သည် နက်နက်နဲနဲ တွေးတောနေပုံ ပေါ်၏။ သူမ၏ ဖခင် လျှို့ဝှက်ပြောဆိုခဲ့သည့် အကြောင်းအရာက သူမ စိတ်ထဲတွင် တစ်စုံတစ်ရာ သတိပေးနေသကဲ့သို့ ခံစားရပေသည်။

နောင်အနာဂတ်တွင် သူမသည်လည်း ထို့သို့ အပေးအယူ လုပ်ရသည့် အခိုက်အတန့်မျိုး ကြုံတွေ့ နိုင်ပေသည်။

တာလီပြည်ထောင်မှ လူများသည် အင်ပါယာလီက ရီဖူရှင်း၏ တောင်းဆိုမှုကို သဘောတူပြီး နန်းတွင်းအကြံပေးကို လွှတ်ပေးလိုက်လျှင် ရီဖူရှင်းက ပြန်ဆုတ်ခွာ သွားလိမ့်မည်ဟု တွေးကြသည်။

သို့သော် သူတို့သည် အင်ပါယာလီက သဘောမတူဘဲ ရှိနေမည်ဟု မထင်မှတ်ခဲ့ကြပေ။

အင်ပါယာလီ အရေးသာရသည့် အချက်မှာ ရီဖူရှင်းနှင့် ယှဉ်လျှင် အင်ပါယာလီနှင့် မတူညီစွာပင် ရီဖူရှင်းသည် လူတိုင်း၏ အသက်ကို စတေး၍ မစွန့်စားရဲပေ။

သူသည် တာလီပြည်ထောင်၏ အရှင်သခင် ဖြစ်သည်။ သူသည် မည်သည့် ဆုံးဖြတ်ချက်မဆို ချမှတ်နိုင်ပြီး မည်သူကမှ သူ့ကို သဘောမတူဘဲ နေရဲမည်မဟုတ်ပေ။

သူသည် တခြားအရာများကို ထည့်သွင်း စဉ်းစားရန် မလိုအပ်ဘဲ သူကိုယ်တိုင် ဆုံးဖြတ်ချက်ချရန်သာ လိုပေသည်။

ထိုနေရာတစ်ခုလုံးသည် သုသာန် တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။ ရီဖူရှင်းသည် ဒေါသထွက်နေလျှင်ပင် သူသည် အကူအညီ မဲ့သလိုလည်း ခံစားနေရပေသည်။ သူသည် ချက်ချင်းပင် တာလီပြည်ထောင် တစ်ခုလုံးကို စစ်တပ်များ ဖြန့်ကြက်ကာ စစ်ပွဲကြီး ဖန်တီး ပစ်လိုက်ချင်ပေသည်။

သို့ပေမဲ့ လူအများ တွေးသကဲ့သို့ပင် သူသည် စိတ်ပူစရာ များပြားသည့် အတွက် ပို၍ ဂရုစိုက် လုပ်ဆောင် ရပေမည်။

“ဒါဆို အရှင်မင်းကြီးက စစ်ဖြစ်ချင်နေတာများလား” ရီဖူရှင်းက အင်ပါယာလီကို စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်းက အင်ပါယာ ရှားဘုံကနေ ကျုပ်ရှေ့ ရောက်လာတဲ့အထိ တိုက်ခိုက် လာခဲ့တယ်။ အခုမှ မင်းက စစ်ဖြစ်ချင်နေတာလားလို့ ကျုပ်ကို မေးလိုက်တာလား” အင်ပါယာလီက ခပ်ထေ့ထေ့ ပြုံးရင်း ပြောလိုက်သည်။ “ရီဖူရှင်း.. မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ ထွက်သွား.. အဲဒါဆို ကျုပ်က နန်းတွင်း အကြံပေးကို လွှတ်ပေးမယ်။ ဒါပေမဲ့ သူက နန်းမြို့တော်ကနေ ထွက်ခွာခွင့်တော့ မရှိဘူး။ ဒုတိယ ရွေးချယ်မှုက.. အခု နန်းတွင်း အကြံပေးကို စေတီအောက်မှာ ဖိနှိပ် အကျဉ်း ချထားတယ်။ မင်းသာ နန်းတွင်း အကြံပေး ကိုယ်စား စေတီဖိအား အဆင့်သုံးဆင့်ထိ စမ်းသပ်ကြိုးစားဖို့ ဆန္ဒရှိပြီး အသက်ရှင်နိုင်ခဲ့တယ်.. ပြီးတော့ မင်းရဲ့ စစ်တပ်ကို ရုပ်သိမ်းပေးဖို့ ဆန္ဒလည်း ရှိတယ်ဆိုရင် နန်းတွင်း အကြံပေးနဲ့အတူ ထွက်ခွာ သွားနိုင်တယ်”

“ပြန်လည်မွေးဖွားခြင်းအဆင့် နတ်လက်နက်ဆိုတာ အသေးအမွှား မဟုတ်ဘူး” အင်ပါယာရှားက အင်ပါယာလီအား ကြည့်ကာ ပြောလိုက်သည်။ “နန်းတွင်း အကြံပေးက တစ်ချိန်က တာလီပြည်ထောင်မှာ အမှုထမ်းခဲ့တယ်။ ဒါပေမဲ့ အခု ခင်ဗျားက သူ့ အသက်နဲ့ ကျုပ်တို့ကို ခြိမ်းခြောက် နေတယ်။ အင်ပါယာလီ၊ ခင်ဗျားက ရန်ဟောင်တစ်ပါးရဲ့ ဂုဏ်သိက္ခာနဲ့ ကိုက်ညီသေးရဲ့လားလို့ မတွေးမိဘူးလား”

“တာလီနန်းတွင်းအကြံပေးက သူ့ကြောင့်နဲ့ ကျုပ်တို့ကို သစ္စာဖောက်ခဲ့ပေမယ့် သူက နန်းတွင်း အကြံပေးအတွက် သေပေးဖို့ကို တွေဝေနေတယ်။ အခု ကျုပ်က သူ့ကို နန်းတွင်း အကြံပေးအစား ဒုက္ခခံရဲလားလို့ မေးရုံလေးပဲ” အင်ပါယာလီက အေးစက်စွာ တုံ့ပြန်လိုက်သည်။ “နန်းတွင်း အကြံပေးက မင်းအတွက်နဲ့ ဒီလို ဒုက္ခကို နေ့တိုင်း ခံစားနေရတာ ရီဖူရှင်း။ မင်းကရော”

သူ၏ အသံက ယခင်ကနှင့် တူညီစွာပင် ဖြစ်သည်။ ယင်းအသံတွင် မှော်စွမ်းအားများ ပါဝင်နေပြီး ရီဖူရှင်း၏ စိတ်စွမ်းအားကို သက်ရောက်စေသည်။

လူအများသည် နားလည် သဘောပေါက်ကြသည်။ ယခင်ကပင် အင်ပါယာလီသည် ရီဖူရှင်းအား သေစေလိုသည့် ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။

ယခု သူသည် ရီဖူရှင်းအား နန်းတွင်း အကြံပေးအစား သေပေးရန် မပြောတော့သော်လည်း ဤတောင်းဆိုမှုက ထူးမခြားနားပင် ဖြစ်၏။

သူသည် နောက်ပိုင်း၌ စိုးရိမ်ပူပန်ရမည့် ကိစ္စမရှိစေရန် ဤနည်းလမ်းကို အသုံးပြု၍ ရီဖူရှင်းအား သတ်ဖြတ်လိုခြင်း ဖြစ်သည်။

မဟုတ်ပါက ရီဖူရှင်းက ရန်ငြိုးအား သင်ပုန်းချေ လိုက်ပါမည်ဟု ပြောလျှင်ပင် အင်ပါယာလီက စိုးရိမ်ပူပန်စွာ နေထိုင်နေရလိမ့်မည် ဖြစ်သည်။

လူသေ တစ်ယောက်သာလျှင် မည်သည့် စိုးရိမ်ပူပန်မှုမှ ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ခြင်း ဖြစ်ပေသည်။

“အင်ပါယာလီကသာ ဒီနတ်လက်နက်ကို ထိန်းချုပ်ရင် အရင်က ကျုပ်ကို သွားသေခိုင်းတာနဲ့ ဒီတောင်းဆိုမှုက ဘာကွာတော့မှာလဲ” ရီဖူရှင်းက ပြောလိုက်သည်။

“တခြားလူတွေ ထိန်းချုပ်လိမ့်မယ်” အင်ပါယာလီက ပြောလိုက်သည်။ ရီဖူရှင်းသည် အနည်းငယ် လှုပ်ခတ် သွားပုံရသည်။

“ကျုပ် ဘာနည်းလမ်းသုံးသုံး ရလား” ရီဖူရှင်းက ပြောလိုက်သည်။

“ရတယ်” အင်ပါယာလီက ပြန်ဖြေလိုက်သည်။

နည်းလမ်းတဲ့လား။

ရီဖူရှင်းက မည်သည့် နည်းလမ်းကို သုံးသည်ဖြစ်စေ သူသည် မိမိကိုယ်ကို သိမြင်ခြင်း အဆင့်သာ ဖြစ်၍ သူ သဘောတူရဲသည်နှင့် သေဆုံးခြင်းဖြင့်သာ အဆုံးသတ် ရပေလိမ့်မည်။

သူသည် ပြင်ပအင်အားကို အသုံးပြုနိုင်ပြီး လက်ရှိအဆင့်ထက် သာလွန်သည့် ခွန်အားကို ဖော်ထုတ်နိုင်လျှင်ပင် ရလဒ်ကတော့ အတူတူပင် ဖြစ်လိမ့်မည်။

“ရီဖူရှင်း” အင်ပါယာရှားက ရီဖူရှင်းကို ကြည့်ကာ အော်လိုက်သည်။

ရီဖူရှင်းသည် အင်ပါယာရှားသို့ ပြန်လှည့်ကြည့် လိုက်လျှင် အင်ပါယာရှားက ပြောလိုက်သည်။ “မင်း သူ့ကို ဘာမှ ကတိပေးစရာ မလိုဘူး”

သိသာစွာပင် သူသည် ရီဖူရှင်းက ထိုသို့ လုပ်ဆောင်၍ နန်းတွင်း အကြံပေးကို ကယ်တင်မည်အား မလိုလားပေ။

အင်ပါယာလီသည် ထိုသည်ကို အဆိုပြုသည် ဆိုကတည်းက သူက ရီဖူရှင်း၏ အသက်ကို ကျိန်းသေ ယူမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ရီဖူရှင်းသာ သဘောတူလိုက်လျှင် သူ့ကို သေဆုံးခြင်းကသာ စောင့်ကြိုနေပေလိမ့်မည်။

“အရှင်မင်းကြီးက ကိုယ့်ကတိကို ချိုးဖောက်ရင် ဘယ်လိုလုပ်မလဲ” ရီဖူရှင်းက တစ်ဖန်ထပ်ကာ မေးလိုက်သည်။

“ဥဒေါင်းအင်ပါယာလည်း ဒီမှာ ရောက်နေတယ်။ သူက မျက်မြင်သက်သေ လုပ်ပေးနိုင်မယ်” အင်ပါယာလီက ဥဒေါင်းအင်ပါယာကို မော့ကြည့်ရင်း ပြောလိုက်သည်။

“ဝမ်းမြောက်စွာပါပဲ” လေထဲတွင် ရပ်နေသည့် ဥဒေါင်းအင်ပါယာက ခေါင်းညိတ်ကာ သဘောတူ လိုက်သည်။

“အဖေ” ခွန်ရွှမ်က သူ့ကို ကြည့်လိုက်၏။ ဥဒေါင်း အင်ပါယာသည် ပြတ်သားစွာ သဘောတူ ခဲ့သော်လည်း ရီဖူရှင်းအတွက်တော့ ရလဒ်က သေဆုံးခြင်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း ဥဒေါင်းအင်ပါယာသည် အလွန်အေးချမ်း နေသည်ဟု ထင်မှတ်ရပေသည်။ ရီဖူရှင်းသည် ဤလမ်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤစစ်ပွဲသည် သူက စ၍ ဖြစ်ပွားစေခဲ့ခြင်း ဖြစ်ပြီး အရာအားလုံးသည် သူ၏ လုပ်ဆောင်မှုသာ ဖြစ်သည်။

နောက်ဆုံး ဆုံးဖြတ်ချက်သည် အဆုံးသတ်ထိ ရီဖူရှင်း လက်ထံ၌သာ ရှိနေပေလိမ့်မည်။

“သိပ်ကောင်းတယ်”

ရီဖူရှင်းထံမှ ထိုစကားများ ထွက်ကျလာလျှင် လူအများ၏ နှလုံးသားများက တုန်ယင် သွားကြသည်။

ရှားရှင်းယွန်သည် သူ့ကို စူးစိုက်ကြည့်လိုက်၏။ သူက ထိုကဲ့သို့ ဆိုးဝါးလှသည့် အခြေအနေကို သဘောတူရဲသည်လား။

“ရီဖူရှင်း” အင်ပါယာရှားက ရီဖူရှင်းထံ လျှို့ဝှက် ဆက်သွယ်လိုက်သည်။

“အင်ပါယာလီက ကျွန်တော့် ဆရာရဲ့ အသက်နဲ့ ခြိမ်းခြောက်နေမှတော့ ဖြေရှင်းဖို့ တစ်နည်းပဲ ရှိတယ်။ တကယ်လို့ ကျွန်တော် အဲဒီစွမ်းအားကို တောင့်မခံနိုင်ခဲ့ရင် အရှင်မင်းကြီးက ဖိအားပေးပြီး စွက်ဖက်နိုင်ပါတယ်” ရီဖူရှင်းက သူ့အသံကို အင်ပါယာရှားထံသို့ တိတ်တဆိတ် ပို့လွှတ်လိုက်သည်။ အင်ပါယာလီက သူ သေဆုံးသွားစေရန် စိတ်ထက်သန်နေသည့် အတွက် သူကလည်း အင်ပါယာလီနှင့် ကစားပေးရမည် ဖြစ်သည်။

သူသည် အသက်နှင့် ရင်း၍တော့ မကစားလိုပေ။ ထို့ကြောင့် သူက အင်ပါယာရှားကို သတိပေးခဲ့ခြင်း ဖြစ်သည်။

သူသည် ခေါင်းညိတ်ကာ သဘောတူညီချက် ပြုလိုက်သော်လည်း အင်ပါယာရှားက ထိုသို့ မလုပ်ခဲ့ပေ။

အင်ပါယာလီက ဖိအားသုံးကာ ကြားဝင်နိုင်လျှင် အင်ပါယာရှားသည်လည်း ထိုသို့ လုပ်ဆောင် နိုင်ပေသည်။

ဘုရင်ထန်တောက်နှင့် မင်းသားကြီး နှစ်ယောက်လုံးသည် သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အေးစက်စက် အရိပ်အငွေ့များ ဖြတ်ပြေးသွားကြသည်။ သူတို့က သဘောတူရဲသည်လား။

သို့ဆိုလျှင် သတ်ဖြတ်ရန်သာ ကျန်တော့ပေသည်။

သူတို့သည် စေတီ၏ သတ်ဖြတ်မှုကို ရီဖူရှင်း မည်သို့ ခုခံမည်အား မြင်တွေ့လိုကြပေသည်။

“ဒီလိုဆိုမှတော့ နန်းတွင်းအကြံပေးကို သွားစစ်ဆေး ကြည့်ကြတာပေါ့” အင်ပါယာလီက အလွန် တည်ငြိမ်နေပြီး မည်သည့် ခံစားမှုမှ ဖော်ပြခြင်း မရှိပေ။ သူသည် လှည့်လိုက်ကာ တော်ဝင်နန်းတော် အလယ်သို့ ရှေးရှု လျှောက်သွားခဲ့သည်။ တာလီ၏ တန်ခိုးရှင်အားလုံးသည် သူ့နောက်မှ လိုက်ပါသွားကြ၏။

အင်ပါယာရှားသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အစွမ်းထက် စစ်တပ်များသည်လည်း ရုတ်တရက် ရှေ့သို့ အတူတကွ ချီတက်လာကာ နေရာတစ်ခုတည်းသို့ ဦးတည် လိုက်ကြသည်။

တခဏကြာပြီးနောက် သူတို့သည် အကျဉ်းခန်းသို့ ရောက်ရှိလာကာ တာလီနန်းတွင်း အကြံပေး ပုံရိပ်ကို မြင်တွေ့ လိုက်ကြရသည်။

ဤအကျဉ်းခန်းသည် သာမန် အကျဉ်းခန်းမဟုတ်ဘဲ လေဟာနယ်ဖြင့် ခွဲခြားထားခြင်းကို ခံထား ရပေသည်။ တာလီနန်းတွင်း အကြံပေး၏ အထက်ကောင်းကင်တွင် ကြီးမားသည့် စေတီတစ်ဆူ ရှိကာ တောက်ပသည့် အလင်းများ ထွန်းလင်းနေကာ သီးခြား အကျဉ်းခန်း အဖြစ်သို့ ပြောင်းလဲသွားစေသည်။ လေဟာနယ် အကျဉ်းခန်းကဲ့သို့သော နေရာအတွင်းတွင် နန်းတွင်း အကြံပေး၏ ခန္ဓာက ပိတ်ဆို့ ခွဲခြားထားခြင်းကို ခံရပေ၏။

ထိုအရာမှ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် စွမ်းအားအစအနများ ထွက်ပေါ်နေပြီး နန်းတွင်း အကြံပေးကို မှော်စွမ်းအားများက ဝန်းရံပေသည်။

ထိုအခိုက်တွင် သူသည် မြေပြင်ပေါ်တွင် ထိုင်နေပြီး သူ၏ ဆံပင်များက ရှုပ်ပွနေကာ သူ့မျက်လုံးများက ရီဝေ နေသည်။ သူ၏ ဆံပင်များက မီးခိုးရောင်ပင် စွန်းထင်းနေပြီ ဖြစ်၏။

သူသည် ယခင်က သူရဲကောင်းအဖြစ် ပမာထားခံခဲ့ရသော်လည်း ယခုအခါတွင် သူ၏ ယခင်က ရဲရင့်သော စိတ်ဝိညာဉ်မှာ ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။

နန်းတွင်းအကြံပေး၏ ပုံစံကို ကြည့်ရင်း ရီဖူရှင်းသည် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။

“ဆရာ” ရီဖူရှင်းသည် သူ့ ရှေ့မှ သူကို ကြည့်ပြီး ဝမ်းနည်းမှုကို ခံစားခဲ့ရသည်။

သူသည် တာလီပြည်ထောင်သို့ သူ ပထမဆုံး ရောက်ရှိသည့် အချိန်ကို အမှတ်ရနေဆဲ ဖြစ်သည်။ သူသည် အောက်ဘုံမှ လာကာ နန်းတော်သို့ ဝင်ရောက်ခဲ့သည်။ သူသည် နန်းတွင်း အကြံပေး၏ တပည့် လုချွန်နှင့် တွေ့ဆုံခဲ့သည်။

လုချွန်သည် နန်းတွင်းအကြံပေး၏ အငယ်ဆုံး တပည့်သာလျှင် ဖြစ်သော်လည်း သူသည် အလွန် မြင့်မားသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး အောက်ဘုံကို အုပ်စိုးသည့် ဘုရင်ခံလေးပါးမှ တစ်ပါးဖြစ်သည့် ဘုရင်ခံလီ၏ ဂုဏ်သရေရှိ ဧည့်သည်တော် အဖြစ် ဆက်ဆံခြင်းကို ခံခဲ့ရသည်။

တာလီ၏ အထက်ဘုံကို ဝင်ရောက်ပြီး နောက်၌ သူသည် တာလီနန်းတွင်း အကြံပေးက တာလီပြည်ထောင် အတွင်း မည်မျှ လေးစားခံရသည်ကို ပို၍ ရှင်းလင်းစွာ ခံစားလာမိသည်။

သူသည် တာလီရှိ လူများအားလုံး၏ အထက်တွင် ရပ်တည်နေသည့် တစ်စုံတစ်ယောက် ဖြစ်ပေသည်။

သို့သော်လည်း သူ့ကို မသတ်ဖြတ် လိုခဲ့သည့် အတွက် နန်းတွင်းအကြံပေးက ဤကဲ့သို့ အဆုံးသတ် ခဲ့ရပေသည်။

ဤအချိန်၌ ရီဖူရှင်း၏ နှလုံးသားထဲတွင် မည်မျှထိ ခံစားနေရမည်ကို ခန့်မှန်း ကြည့်နိုင်ကြပေသည်။

“ထွက်သွား” နန်းတွင်း အကြံပေးသည် ရီဖူရှင်းကို မှုန်မှိုင်းနေသည့် မျက်ဝန်းများနှင့် ကြည့်လိုက်သည်။ သူ့အသံသည် အားနည်းနေကာ စွမ်းအင်ကင်းမဲ့နေ၏။

ထွက်သွားတဲ့လား။

သူ့ဆရာက ဤကဲ့သို့ အခြေအနေ ဖြစ်နေသည်ကို မြင်ပြီးမှ ရီဖူရှင်းက မည်သို့ ထွက်သွား နိုင်လိမ့်မည်နည်း။

သူသည် ရှေ့သို့ ဆက်လျှောက်သွားသည်။ သူ့နောက်မှ အင်ပါယာရှားသည် နေရာတစ်ခုလုံးကို သူ့ စွမ်းအားဖြင့် လွှမ်းခြုံ လိုက်သည်။ တာလီမှ တစ်စုံတစ်ယောက်က ရီဖူရှင်းအား တစ်ခုခု လုပ်ရဲပါက သူ ချက်ချင်း ကြားဝင်လိမ့်မည် ဖြစ်၏။

“ဆရာ၊ ကျွန်တော် ဆရာနဲ့အတူ ထွက်သွားပါ့မယ်” ရီဖူရှင်းက ပြောလိုက်သည်။

နန်းတွင်းအကြံပေးတွင် မည်သည့် ကျင့်ကြံဆင့်မှ ကျန်ရှိမနေတော့ပေ။ သူက သူ့ဆရာကို ဤအခြေအနေ မျိုးထဲတွင် မည်သို့ ထားရစ် ခဲ့နိုင်မည်နည်း။

ယနေ့ရဲ့ သူ့ဆရာကို ကြည့်ရသည်မှာ အသက်စွမ်းအင်များ ခန်းခြောက်စ ပြုနေပြီ ဖြစ်သည်။

သူ့ကို ယခုအတိုင်း လွှတ်ထားခဲ့ပါက အမှန်တကယ် သေဆုံးသွားလိမ့်မည်။

တန်ခိုးရှင်များအတွက် ကျင့်ကြံဆင့်များ ဆုံးရှုံးရခြင်းက အကြီးမားဆုံး အိပ်မက်ဆိုးပင် ဖြစ်သည်။

အင်ပါယာရှားဘုံမှ လူများသည် ရီဖူရှင်းက မည်သည့်အတွက် တန်ကြေးအားလုံး ပေးဆပ်၍ နန်းတွင်း အကြံပေးကို ကယ်တင် လိုသည်လည်း နားလည်လာကြ၏။

ယခင်က တာလီနန်းတွင်း အကြံပေးသည် ယခုကဲ့သို့ အဆုံးသတ်ခဲ့ရသည်။ သွေးနဂါးဘုံ၌ တာလီနန်းတွင်း အကြံပေးကို မြင်ဖူးခဲ့သည့် အင်ပါယာရှားဘုံမှ ထိပ်တန်း ပုဂ္ဂိုလ်များသည်ပင် သူ့ကို ယခုလို မြင်တွေ့ရသည့်အခါ သူတို့၏ နှလုံးသားထဲ၌ ဝမ်းနည်းမှုကို ခံစားရပေသည်။

ယခင်က နန်းတွင်း အကြံပေးသည် မည်မျှ ကြီးမြတ်ခဲ့သနည်း။ သေမင်းရှန့်ထိုသည်ပင် သူ့ကို ခုခံနိုင်စွမ်း မရှိဘဲ သူ့ထံ၌ ပြင်းထန်စွာ ဖိနှိပ်ခံခဲ့ရသည်။ သူ့တစ်ယောက်တည်းနှင့်ပင် များပြားလှသည့် ပြန်လည် မွေးဖွားခြင်း အဆင့်များနှင့် ရင်ဆိုင် တိုက်ခိုက် နိုင်ပေသည်။

ယခုတော့ သူသည် သေဆုံးခြင်း နယ်နိမိတ်အား ဖြတ်သန်းလုလု ဖြစ်နေပြီ ဖြစ်၏။

“ဖူရှင်း.. ဒီလိုလုပ်ဖို့ မထိုက်တန်ပါဘူး” နန်းတွင်း အကြံပေးက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

သူ့ကို ကယ်တင်ရန် ရီဖူရှင်း လုပ်ဆောင်ရမည်မှာ ထိုက်တန်ခြင်းမရှိပေ။

“ဆရာက တာလီပြည်ထောင်ရဲ့ အထက်မှာ ရပ်တည် နေနိုင်တဲ့သူ ဖြစ်ပေမယ့် ကျွန်တော့်အတွက် ဒီလို အဆုံးသတ် ခဲ့ရတယ်။ အဲဒါကရော ထိုက်တန်လား” ရီဖူရှင်းက တိုးညင်းစွာ ရေရွတ်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် နာကျင်မှုကို ခံစားနေရ၏။ သူသည် ရှေ့သို့ တစ်လှမ်းချင်း ဆက်လျှောက်နေပြီး ကြောက်မက်ဖွယ် အသက်စွမ်းအားက သူ့ထံမှ ထွက်ပေါ်လာသည်။ မီးတောက်များက ကောင်းကင်သို့တိုင် လောင်ကျွမ်း သွားသည်။ ကောင်းကင် အထက်တွင် လေထုနှင့် တိမ်တိုက်များက ပြောင်းလဲသွား၏။

ရုတ်တရက် ရီဖူရှင်း၏ ခန္ဓာကိုယ်က မီးတောက်များဖြင့် ဝါးမျို ခံလိုက်ရသည်ဟု ထင်မှတ် ရသော်လည်း သူ၏ မျက်ဝန်းများက နန်းတွင်း အကြံပေးထံတွင် တည်မြဲနေသည်။ သူသည် စေတီက ဖိနှိပ်ထားသည့် နေရာသို့ ရောက်သည့်တိုင် ရှေ့သို့ ဆက်လက် လျှောက်လာနေ၏။

ဘုန်း…

မီးလျှံစစ်နတ်ဘုရား၏ ကြောက်မက်ဖွယ် ပုံရိပ်ယောင်က  ဖြစ်တည်မှုတစ်ခုနှင့် ပေါင်းစပ် သွားသည်။ နားလည်ရ ခက်ခဲသည့် မျက်နှာတစ်ခုက ကောင်းကင်ထက်ရှိ မီးတောက်များကြားတွင် ပေါ်ပေါက် လာခဲ့သည်။ အင်ပါယာခွာသည် ဤနေရာသို့ ဆင့်ခေါ်ခံရကာ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

အော်မြည်ဟစ်ကြွေးသံများ ထွက်ပေါ်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ကြီးထွားလာကာ ကျုံးလော်တိုက်ပွဲ သဏ္ဌာန်က ဖြစ်ပေါ်လာ၏။ ထိုသည်က ကြီးမားသထက် ကြီးမားလာကာ နေမင်း၏ အလင်းရောင်စဉ်များကို ထုတ်လွှတ် နေသည်။ ထိုသည်က ဖော်ပြ၍ပင် မရနိုင်ပေ။

တာလီပြည်ထောင်ရှိ လူများသည် ထိုမြင်ကွင်းကို အထိတ်တလန့် ကြည့်နေကြ၏။ သူက ထိုမျှ ကြောက်မက်ဖွယ် စွမ်းအားကို ဖော်ထုတ်နိုင်သည်လား။

ထိုအခိုက်တွင် ရီဖူရှင်း၏ စွမ်းအားမှာ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ မီးတောက် စွမ်းအားများသည် အလွန်သန်မာပြီး ပြန်လည်မွေးဖွားခြင်း အဆင့်ကိုပင် အမှန်တကယ် သတ်ဖြတ် ပစ်နိုင်စွမ်း ရှိနိုင်ပေသည်။

ဘုန်း…

ခြေတစ်လှမ်းတည်းနှင့် ရီဖူရှင်းသည် စေတီအောက်သို့ ဝင်ရောက် သွားခဲ့သည်။ ရုတ်ခြည်းပင် စေတီမှ အလင်းများ ကျဆင်းလာပြီး ပြင်းထန်သည့် စွမ်းအားများက သူ့ကိုယ်ပေါ်သို့ စီးဆင်း ဆင်းသက် လာကာ သူ့ကိုယ်ကို အစိတ်စိတ် ကွဲကြေ သွားစေရန် ပြုလုပ်နေ၏။

“လုပ်တော့…” ရီဖူရှင်းက မော့ကာ အင်ပါယာလီဘက်သို့ ကြည့်လိုက်သည်။

အင်ပါယာလီသည် ဘုရင်ထန်တောက်ကို သာမန်ကာလျှံကာ ကြည့်လိုက်၏။ ဘုရင်ထန်တောက်က နတ်လက်နက်ကို ထိန်းချုပ်ခြင်းသည် ရီဖူရှင်းကို သတ်နိုင်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေလိမ့်မည်။

ဤအချိန်၌ ရီဖူရှင်း၏ စွမ်းအားက ပြန်လည်မွေးဖွားခြင်း အဆင့်နှင့် ယှဉ်နိုင်သည် ဆိုလျှင်ပင် သူသည် သေခြင်းတရားမှ ပြေးမလွတ်နိုင်ပေ။

ယနေ့ သူ သေကို သေရပေလိမ့်မည်။

***

All Chapters