ပညာရှိသူက မနားမနေ ရုန်းကန်ကြိုးစားရမည်
Vol. 014 Ch. 1324
ဘုရင်ထန်တောက်သည် စေတီရှိရာသို့ သွားရောက်ခဲ့၏။ သူ၏ စိတ်စွမ်းအားများသည် ယင်းအတွင်းသို့ ဝင်ရောက်ကာ လှည့်ပတ် သွားသည်။ ရွှေရောင်အလင်းများက ၎င်းအပေါ်သို့ လျှပ်စီးတန်းများကဲ့သို့ ကျဆင်း လာသည်။
စေတီအပြင်ဘက်တွင် ရွှေရောင်နတ်နဂါးက ရစ်ပတ်နေကာ တဖြည်းဖြည်း အစစ်အမှန် နဂါးတစ်ကောင် အသွင် ဖြစ်ပေါ်လာသည်။
ပို၍ များပြားသော စေတီပုံရိပ်များက ရီဖူရှင်း၏ ကြီးမားသော ပုံရိပ်ပေါ်သို့ အဆက်မပြတ် ကျဆင်း လာသည်။
ကျယ်ပြောလှသော ကောင်းကင်တစ်ခွင်တွင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ် နေပေသည်။
လူတိုင်းသည် သူတို့ ရှေ့မှ ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။
ဤကား ရီဖူရှင်းနှင့် အင်ပါယာလီကြားမှ အလောင်းအစား ဖြစ်သည်။ ယင်းက နန်းတွင်းအကြံပေး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးခြင်းလည်း ဖြစ်နိုင်ပေသည်။
တာလီပြည်ထောင်၏ နန်းတွင်း အကြံပေးသည် သူ့ရှေ့မှ ပုံရိပ်ကို ကြည့်လိုက်သည်။ ငယ်ရွယ် ချောမောသည့် လူငယ်လေးသည် အလွန်ကြီးထွား မြင့်မားသည့် ပုံရိပ်ဖြစ်လာသည်။ သူသည် လူအိုကြီးကို ကာကွယ်ရန် ကြိုးစားနေပုံရသည်။
မုန်တိုင်းသည် သူတို့ရှေ့တွင် လွှမ်းမိုးလာပြီး သူ၏ မီးခိုးရောင် ဆံပင်များကို လေထဲတွင် လွင့်ပျံ နေစေသည်။
သို့သော်လည်း သူသည် စွမ်းအင် အနည်းငယ်ကိုမျှပင် အသုံးပြုနိုင်ခြင်း မရှိပေ။ သူ့စွမ်းအားများသည် ထိခိုက်ထားခဲ့သည့် အတွက် သူသည် ရှေ့မှ မြင်ကွင်းကို စောင့်ကြည့်နေရုံမှ တစ်ပါး တတ်နိုင်သည့် အရာ မရှိခဲ့ပေ။
စေတီ၏ အလင်းသည် ထိုဖိအားများလှသည့် လေဟာနယ်အတွင်းတွင် အလွန်တောက်ပ နေသည်။ ထိုသို့ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီးနောက် ဘုရင်ထန်တောက်သည် နောက်ဆုံး၌ စေတီကို အပြည့်အဝ ထိန်းချုပ် နိုင်သွားခဲ့သည်။ သူ၏ မျက်နှာတွင် အေးစက်သည့် အကြည့်များ ဖြစ်ပေါ်လာပြီး ရှေ့သို့ ခြေလှမ်း လိုက်သည်။ သူသည် ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။
သူသည် အင်ပါယာလီက ထိုအလောင်းအစားကို မည်သည့်အတွက် ပြုလုပ်ကြောင်း သိရှိပေသည်။ စေတီ၏ အစစ်အမှန် သတ်ဖြတ်မှုစွမ်းအားသည် အပြင်မှာ မြင်တွေ့ နေရသည်နှင့် မတူပေ။
ရီဖူရှင်းသည် ခေါင်းညိတ်လိုက်သည့်အတွက် သူ ကျိန်းသေပေါက် သေရမည်ဖြစ်သည်။
အကယ်၍ သူက စေတီကို အသက်ဝင် လာစေသည့်အခါ ခံရမည့် တိုက်ခိုက်မှုသုံးချက်ကို ခံနိုင်ရည် ရှိခဲ့လျှင်ပင် သူသည် အန္တရာယ်တွင်း၌ပင် ရှိနေဦးမည် ဖြစ်၏။ ထို့ကြောင့် မိမိကိုယ်ကို သိမြင်ခြင်း အဆင့်သာ ရှိနေသေးသည့် ရီဖူရှင်းက မည်မျှ ခံနိုင်ရည် ရှိလိမ့်မည်နည်း။
ရီဖူရှင်း သေသည့်အခါ သွေးနဂါးဘုံမှ အခြားလူများသည်လည်း ပျံသန်း ထွက်ခွာသွားလိမ့်မည် ဖြစ်၏။ အခြားလူများသည် နန်းတွင်းအကြံပေးကို သိရန်မဆိုထားနှင့် အင်ပါယာရှားကိုပင် သိရှိလိမ့်မည် မဟုတ်ပေ။ သူတို့သည် အင်ပါယာရှား၏ လက်အောက်ခံများ မဟုတ်သည့် အတွက် နန်းတွင်း အကြံပေးအတွက် အသက်စွန့်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် အင်ပါယာရှား ကိုယ်တိုင်သည်ပင် နန်းတွင်းအကြံပေးကို ကယ်တင်ရန် အတွက်နှင့် သူလူများ အားလုံး၏ အသက်ကို စွန့်စားရဲလိမ့်မည် မဟုတ်ပေ။
“သေစမ်း”
ဘုရင်ထန်တောက်သည် ခပ်တိုးတိုး ပြောလိုက်၏။ နောက်ဆုံး၌ သူသည် လှုပ်ရှားလိုက်သည်။ စေတီမှ တောက်ပသည့် နတ်ဘုရား အလင်းများ ထုတ်လွှတ်လိုက်ပြီး ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း…
ရီဖူရှင်း၏ ကြီးမားသော ခန္ဓာကိုယ်ကို ဧရာမ စေတီကြီးက ရိုက်ခတ်လိုက်ပြီး သူ့ကို အပြီးတိုင် ဖုံးလွှမ်းသွားသည့် အခါ ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။ အဆုံးမဲ့ ဖျက်ဆီးခြင်း လျှပ်စီးများက သူ၏ အသွေးအသားများကို ဖျက်ဆီး၍ သူသည် ကြောက်မက်ဖွယ် ဖိအားကြောင့် ဖိနှိပ် ချေမွခြင်းကို ခံနေရပေသည်။
နဂါးကြီးဟိန်းဟောက်နေသည်ကို ကြားလျှင် ရီဖူရှင်းက သူ့ခေါင်းကို မော့ကြည့် လိုက်သည်။ ထိုနဂါးကြီးသည် စေတီ၏ အလယ်ရှိ လေဟာနယ် အတွင်း၌ ပေါ်ပေါက် လာပုံရသည်။ ရွှေရောင် နတ်နဂါးသည် ဟိန်းဟောက်ကာ တစ်ဟုန်ထိုး ဆင်းချလာပြီး သူ၏ စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဖျက်ဆီး ပစ်နေသည်။ နဂါး၏ ဟိန်းဟောက်သံက သူ၏ စိတ်ဝိညာဉ်ကို တုန်ခါစေသည်။
ဗြိ…ဗြိ…ဗြိ…
ရီဖူရှင်း၏ ကြီးမားလှသော ခန္ဓာကိုယ်တွင် အက်ကြောင်းများက တစ်လက်မချင်း ပေါ်ပေါက် လာသည်။ သူ၏ စိတ်က တုန်ခါသွားပြီး အသွေးအသားတို့ ပျက်စီးသွားခြင်းမှာ တစ်ပိုင်း သေသွားသကဲ့သို့ ခံစား လိုက်ရပေသည်။
သူသည် အလွန်သန်မာသော်လည်း ထိုစွမ်းအားသည် သူ၏ ခန္ဓာကိုယ်ကိုသာ ဖျက်ဆီးခြင်း မဟုတ်ဘဲ သူ၏ စိတ်ဝိညာဉ် စွမ်းအားများကိုလည်း ဖျက်ဆီး ပစ်ပေသည်။
ဤသည်မှာ အဖျက်စွမ်းအားများပြားလှသည့် လက်နက်ပင် ဖြစ်၏။
ရီဖူရှင်း၏ ကြီးမားလှသော သဏ္ဌာန်မှာ တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည်မရှိနိုင်ပေ။ လူတိုင်းသည် စောင့်ကြည့်နေရင်း သူတို့၏ နှလုံးသားများက တုန်ယင်နေကြသည်။
အင်ပါယာရှားသည် ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ မျက်လုံးများက အေးစက်နေ၏။ ကြည့်ရသည်မှာ သူသည် အချိန်မရွေး ဝင်ရောင်စွက်ဖက်ရန် အဆင်သင့် ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။
ရီဖူရှင်းသာ ခံနိုင်ရည်မရှိပါက စစ်ပွဲ စတင်ရမည် ဆိုလျှင်ပင် အင်ပါယာရှားက ဝင်ရောက် စွက်ဖက်လိမ့်မည် ဖြစ်သည်။ သူက ရီဖူရှင်း သေသည်အား စောင့်ကြည့် မနေနိုင်ပေ။
ရီဖူရှင်းသည် အလောင်းအစား ပြုလုပ်ခဲ့သော်လည်း သူ့အသက်ကိုတော့ မစွန့်လွှတ်စေချင်ခဲ့ပေ။
“ဆက်လုပ်” အင်ပါယာလီက ပြောလိုက်သည်။ သူ၏ အသံက တည်ငြိမ်နေ၏။ သူသည် ဘုရင်ထန်တောက်ကို ရပ်တန့်ရန် မညွှန်ကြားခဲ့ပေ။
သူက ရီဖူရှင်းကို သတ်ချင်လျှင် သူ တတ်နိုင်သမျှ အားထုတ်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး ရီဖူရှင်းကို အသက်ရှူရန် အခွင့်အရေး ပေး၍ မဖြစ်ပေ။
မင်း သူ့ကို ဖျက်ဆီးပစ်ရလိမ့်မယ်။
မင်း သူ့ခန္ဓာကို ဖျက်ဆီးပြီး ဝိညာဉ်ကို ဖြတ်ထုတ်ရလိမ့်မယ်။
ရီဖူရှင်းက မည်မျှ ထူးချွန်သည့် ပါရမီရှိပါစေ ယနေ့တွင် သူသည် ဤနေရာ၌ ထာဝရ ကျန်နေရစ်တော့မည် ဖြစ်၏။
“ကောင်းပြီ” ဘုရင်ထန်တောက်က ပြန်ဖြေလိုက်သည်။ သူသည် ကောင်းကင်ကို ဖျက်ဆီး၍ မြေပြင်ကို ပြိုကွဲစေမည့် နောက်ထပ် တိုက်ခိုက်မှုကို ဖော်ထုတ်ခဲ့သည်။ မဟာလမ်းစဉ်၏ အဆုံးမဲ့ နတ်အလင်းများက အတူတကွ စုစည်းလာပြီး စေတီများပေါ်သို့ ကျဆင်းလာသည်။
စေတီများသည် မြင့်မားကြီးထွား လာသည်ဟု ထင်မှတ်ရပြီး ရီဖူရှင်း၏ ခေါင်းထက်တွင် လှည့်ပတ် နေသည်။ တိုက်ခိုက်မှု အားလုံးသည် ရီဖူရှင်း အပေါ်သို့ ကျဆင်းလာ၏။ ယင်းတို့သည် အလွန် တိကျမှန်ကန်ပြီး အနည်းငယ်မျှပင် စွမ်းအင်အလေအလွင့် မရှိပေ။
အင်ပါယာလီဘက်မှ သံသယ ကင်းစင်ခြင်း အဆင့် ရှန့်ထိုများသည် သူတို့၏ စွမ်းအားများနှင့် နန်းတွင်း အကြံပေးကို ကာကွယ်ထားကြသည်။ ထိုတိုက်ခိုက်မှုများက အလွန် ပြင်းထန်လျှင်ပင် သူ့ထံသို့ ရိုက်ခတ်ခြင်း အနည်းငယ် မရှိပေ။ နန်းတွင်းအကြံပေးသည် အလွန်အားနည်းနေသည့် အတွက် အနည်းငယ်သော ထိခိုက်မှုကိုပင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
အင်ပါယာလီက ဆုံးဖြတ်ချက် မချသေးခင်၌ သူတို့သည် နန်းတွင်း အကြံပေးကို ဤနေရာတွင် မသေစေလိုပေ။
အဆုံးမဲ့ နတ်အလင်းများက နောက်ထပ် စေတီတစ်ဆူ အဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းကို ရစ်ပတ်လိုက်သည်။ ရွှေရောင် စေတီမုန်တိုင်းက လှည့်ပတ်နေပြီး အရာအားလုံးကို ဖျက်ဆီးချေမွ သွားကာ သူ၏ ကျုံးလော်တိုက်ပွဲ သဏ္ဌာန်ကို အဆက်မပြတ် ပျက်စီး လာစေသည်။
ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းမုန်တိုင်းက ပြန်လည်မွေးဖွားခြင်း အဆင့်ပင် ရှိနေသည်ဟု ထင်မှတ် ရသည်။ ယင်းသည် အဆက်မပြတ် ပြန်လည် ဖြစ်တည် လာနေသည်။
ကျုံးလော်တိုက်ပွဲ သဏ္ဌာန်သည် ဖျက်ဆီး ခံရတော့မည်ဟု ထင်မှတ်ရပြီး သူ၏ ခြေထောက်များသည် သူ့ကို မထောက်ပံ့ ပေးနိုင်တော့သဖြင့် သူသည် ကြောက်မက်ဖွယ် ဖိအားကြောင့် ဖျက်ဆီး ခံရတော့မယောင် ဖြစ်လာသည်။ ထိုသည် ပြိုလဲတော့မည် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
အဆုံးမဲ့ မဟာလမ်းစဉ် မီးလျှံလက်များက ထိုးထွက်လာပြီး ဖိအားကို ဆန့်ကျင်ကယ မြေပြင်မှ ထောက်ပံ့ ပေးထားသော်လည်း ထိတ်လန့်ဖွယ် ဖျက်ဆီးခြင်းအလင်းများက ယင်းတို့ကို ဖျက်ဆီး ပစ်လိုက်၏။
ဘုန်း…
ရီဖူရှင်းသည် နတ်စေတီက သူ့ပေါ်သို့ ကျဆင်းလာပြီး ချေမွဖျက်ဆီး ပစ်နေသည့် ခံစားမှုကိုသာ ခံစားမိ လေသည်။ သူ၏ မဟာလမ်းစဉ် မီးတောက်များမှ ချော်ရည်ပူများ ဖြစ်တည်လာပုံရကာ ဖျက်ဆီး၍ မရနိုင်သော ဖြစ်တည်မှု တစ်ခုသို့ ပြောင်းလဲ သွားသည်။ သို့သော်လည်း ယင်းတွင် အက်ရာများ ရှိနေဆဲ ဖြစ်၏။ အဆိုးဆုံးမှာ သူ့ခန္ဓာကိုယ်မှ ထိခိုက်မှုများသည် သူ၏ စိတ်အတွင်း၌ ခံစားနေရသည်များနှင့် နှိုင်းယှဉ်လျှင် သိပ်မပြော ပလောက်ခြင်းပင် ဖြစ်သည်။
စေတီများနှင့် မီးလျှံအလင်းများသည် သူ၏ မျက်စိရှေ့တွင် ကခုန်နေကြပြီး နန်းတွင်းအကြံပေး၏ ဝတ်ရုံသည် လေထဲတွင် ဝဲလွင့်နေသည်။ သူသည် ရီဖူရှင်း၏ တိုက်ပွဲသဏ္ဌာန်က သူ့ရှေ့တွင် ပျက်စီးလာသည်ကို ကြည့်နေပေသည်။
ရုတ်ခြည်းပင် သူသည် ယခင် ဖျက်ဆီးခြင်း တိုက်ပွဲတစ်ခုကို တွေးတောနေမိသည်အား တွေ့ရှိ လိုက်ရသည်။
ထိုအခိုက်တွင် သူက အင်ပါယာလီ၏ ကျက်သရေဆောင် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူက တာလီပြည်ထောင်သို့ ဝင်ရောက်လာသည့်အခါ နန်းတွင်းအကြံပေးဟူ၍ ဖြစ်လာခဲ့ပေသည်။ သူသည် တိုင်းပြည်အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခဲ့ပြီး များပြားလှသည့် တန်ခိုးရှင်များကို လေ့ကျင့်ပေးခဲ့သည်။ ယနေ့ တာလီပြည်ထောင်၏ ကျော်ကြားသော တန်ခိုးရှင်များမှာ တစ်ချိန်က သူ၏ လမ်းညွှန်မှု အောက်တွင် ရှိခဲ့ကြသူများ ဖြစ်သည်။
သူသည် တာလီပြည်ထောင်၏ အနာဂတ်ကို သူ တစ်ချိန်က ရင်ဆိုင်ခဲ့ရသည့် ပျက်စီးမှုမျိုး မခံစားစေလိုခဲ့ပေ။ တစ်ချိန်တည်းမှာပင် တာလီပြည်ထောင်ကို မြှင့်တင်ပေးရင်း သူ၏ တပည့်များကို သင်ကြား ပြသပေးခဲ့ပြီး ဖေးရွှီအတွက် နားခိုရာကို ရှာဖွေ ပေးခဲ့သည်။ သူသည် ဘဝက အမြဲ ထိုကဲ့သို့ ဖြစ်နေမည်ဟု တွေးတောခဲ့သည်။ သူက တာလီပြည်ထောင်ကို ပိုမိုဖြစ်ထွန်းစေပြီး ကာကွယ်နိုင်လျှင် ဖေးရွှီနှင့် အချိန်များများ အတူရှိပေးနိုင်ပြီး သူသည် ကျေနပ်နေလိမ့်မည် ဖြစ်သည်။
ဖေးရွီှသည် အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးနေရသည့် အတွက် သူတို့ နှစ်ယောက်သည် အတူတူရှိနေခြင်းထက် ခွဲနေရသည့် အချိန်က ပိုများလေသည်။
ရက်များက နှစ်ပေါင်းများစွာ ထိုကဲ့သို့ပင် ကုန်လွန်ခဲ့သည်။ သို့သော် ဖေးရွှီသည် အမြဲ အိပ်စက် နေရပြီး အလွန် ငယ်ရွယ် လွန်းသေးသည့် အတွက် ဖေးရွှီကို ကာကွယ်ရန် သူတစ်ယောက်တည်း ရှေ့ဆက် နေရသည်။
ရီဖူရှင်း၏ ပေါ်ပေါက်လာမှုက အရာအားလုံးကို ပြောင်းလဲ သွားစေသည်။
လောကကြီးရှိ အရာအားလုံးတွင် ကံကြမ္မာဟူသည် ရှိကြပေသည်။ အဆုံးမှာတော့ ကိစ္စရပ်များသည် သူ မျှော်လင့် ထားသလို ရှေ့ဆက်ရန် မဖြစ်နိုင်ပေ။
သို့သော် မည်သည့်ကိစ္စမဆို ဖြစ်ပျက်မည်ဟု ကံကြမ္မာ စီမံထားသည့် အရာအားလုံးမှာ ဖြစ်ကို ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် သူသည် အသိစိတ်က ရှင်းလင်းပြီး လက်ခံနိုင်ပေသည်။
သူက သေဆုံးသွားခဲ့လျှင်ပင် နောင်တဟူ၍ ရှိလိမ့်မည် မဟုတ်ပေ။
သို့ပေမဲ့ သူထံ၌ အချိန်ခဏသာ သင်ယူခဲ့ရသည့် ဤတပည့်က သူ့ကို သေဆုံးရန် ခွင့်ပြုဖို့ရာ ဆန္ဒ မရှိပေ။
ဖျက်ဆီးခြင်း မုန်တိုင်းက ရီဖူရှင်း၏ တိုက်ပွဲသဏ္ဌာန်ကို ဖျက်ဆီး ပစ်ခဲ့သည်။ သူသည် ပြိုလဲကျတော့ မယောင် ထင်မှတ်ရပေသည်။
ပြင်းထန်သည့် စွမ်းအားသည် ရစ်ပတ်နေပြီး အချိန်မရွေး ပြိုလဲ ကျသွားနိုင်ပေသည်။
အင်ပါယာရှား၏ အရှိန်အဝါက အားကောင်းသထက် အားကောင်းလာသည်။ ကြည့်ရသည်မှာ သူက တိုက်ခိုက်ရန် ပြင်ဆင် နေပုံရသည်။
သို့သော် ထိုအခိုက်တွင် အင်ပါယာလီထံမှ ပို၍ ပြင်းထန်သည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူသည် ရီဖူရှင်းကို မဟုတ်ဘဲ အင်ပါယာရှားကို ကြည့်လိုက်သည်။ “အင်ပါယာရှား” သူက ပြောလိုက်၏။ “အနိုင်အရှုံးကို အရင်တိုက်ပွဲမှာ ဆုံးဖြတ်ခဲ့ပြီးပြီ။ ကျုပ်တို့ နောက်တစ်ခေါက် ထပ်တိုက်ကြဦးမှာလား”
ထိုသို့ ပြောပြီး သူသည် ရှေ့သို့ ခြေလှမ်းလာကာ အင်ပါယာရှား၏ ရှေ့သို့ ရုတ်ခြည်း ဆင်းသက်လာသည်။ သူသည် သိသာစွာပင် အင်ပါယာရှား၏ အတွေးများကို ခန့်မှန်းမိလေသည်။ သူသည် ဘုရင်ထန်တောက်က ရီဖူရှင်းအား သတ်ဖြတ်နေသည့် အချိန်တွင် အင်ပါယာရှားကို ဝင်ရောက် နှောင့်ယှက်ခွင့် ပြုမည်မဟုတ်ပေ။
အင်ပါယာလီသည် သူ လှုပ်ရှားရန် ဆုံးဖြတ်ပြီးသည်နှင့် အလွန် ခိုင်မာပြတ်သား ပေသည်။ လျှပ်တစ်ပြက် အတွင်းမှာပင် နေရာတစ်ခုလုံးသည် သူ့စွမ်းအားများနှင့် ပြည့်နှက် သွားသည်။ အင်ပါယာရှားသည် သူ့လက်ကို မြှောက်ကာ တိုက်ခိုက်ရန် ပြင်လိုက်ပြီး သူ့ပြိုင်ဘက်၏ စွမ်းအားကို ပျက်ပြယ် သွားစေရန် ဖိအားပေးလိုက်သည်။ အင်ပါယာရှားဘုံ၏ မဟာစစ်တပ်က သူ့နောက်တွင် ရှိနေသည်။
သူတို့ နှစ်ယောက်သည် တိမ်တိုက်များ အတွင်းသို့ ထိုးတက်သွားသည်။ ကျယ်လောင်သည့် အသံနှင့် ဖျက်ဆီးခြင်း အလင်းများက ထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်သည် ကောင်းကင်သို့သာ တက်မသွားခဲ့လျှင် သူတို့၏ တိုက်ခိုက်မှုက မကေတွက်နိုင်သည့် လူတို့ကို သတ်ဖြတ်မိပေလိမ့်မည်။
အင်ပါယာလီသည် သူ၏ နန်းတော်အတွင်းမှ လူအားလုံး၏ အသက်များနှင့် စွန့်စားရဲပေသည်။ သူသည် အင်ပါယာရှားက တိုက်ခိုက်ရဲသည် မရဲသည်ကို အလောင်းအစား ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
သူ၏ ချစ်လှစွာသော သမီးတော်လေး ရှားရှင်းယွန်လည်း ဤနေရာ၌ ရှိနေခဲ့သည်။
ဘုန်း…
ထိုအခိုက်တွင် ဘုရင်ထန်တောက်သည် တတိယမြောက် တိုက်ခိုက်မှုကို ထုတ်ဖော်နေပြီ ဖြစ်၏။
ရီဖူရှင်းကို စိုက်ကြည့်နေကြရင်း လူတိုင်း၏ နှလုံးသားများက ကြမ်းတမ်းစွာ ခုန်လှုပ် နေကြသည်။
သူ၏ တိုက်ပွဲ သဏ္ဌာန်က တဖြည်းဖြည်း အက်ကွဲနေပြီး အဆက်မပြတ် ပျက်စီး နေသည်။ လျှပ်စီးအလင်းတန်းများက သူ့ကို ရိုက်ခတ်လာပြီး သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။
ဖိအားက သူ့ကို ဖျက်ဆီးရန် ကြိုးစားနေ၏။ သူသည် သူ၏ ကြီးမားသော မျက်လုံးများကို နန်းတွင်း အကြံပေးထံသို့ လှည့်လိုက်သည်။
“မင်း ဘာတွေ လုပ်နေတာလဲ” နန်းတွင်းအကြံပေး၏ ဆံပင်ရှည်က လေထဲတွင် လွင့်ဝဲနေကာ သူက ရီဖူရှင်းကို စူးစိုက် ကြည့်နေပေသည်။
ဤသည်က သူ ဆန္ဒရှိသည့် ရလဒ်မျိုးမဟုတ်ပေ။ သူသည် သူ့အတွက်နှင့် ရီဖူရှင်းက အသက်စွန့်သည်ကို မြင်တွေ့လိုခြင်း မရှိပေ။
သို့ပေမယ့် သူသည် ရီဖူရှင်းက ပြုံးနေသည်ကို မြင်လိုက်ရ၏။ သွေးများက သူ့ပါးစပ်ဖျားက စီးကျနေသည်။
“ကောင်းကင် စမ်းသပ်ချက်တွေက အမြဲခက်ခဲလွန်းတာမို့ ပညာရှိတဲ့သူက မနားမနေ ရုန်းကန် ကြိုးစားနေရမယ်”
ဤစကားလုံးများသည် နန်းတွင်းအကြံပေး၏ စိတ်အတွင်းသို့ ပဲ့တင်ထပ်ကာ ဝင်ရောက်လာသည်။
၎င်းတို့သည် ရီဖူရှင်းအား သူ ပြောခဲ့သည့် စကားလုံးများ ဖြစ်သည်။ ယခု ရီဖူရှင်းသည် သူ့ကို ပြန်၍ ပြောကြား နေသည်။
မဟာလမ်းစဉ် ကျင့်ကြံခြင်းတွင် ပညာရှိသူက သူ့ကိုယ်သူ အဆက်မပြတ် မြှင့်တင် နေပေသင့်သည်။ ဘာကြောင့် သူက သေခြင်းတရားအား ရှာဖွေနေရသနည်း။
ထိုသည်က ပြန်လည်မွေးဖွားခြင်း အဆင့် ဖြစ်သည်။
ထိုအပြုံး မျက်လုံးများ အတွင်းသို့ ကြည့်ရင်း နန်းတွင်း အကြံပေးသည်လည်း ပြုံးလိုက်သည်။ သို့သော် သူ ပြုံးလိုက်လျင်ပင် သူ့မျက်လုံးများက စိုစွတ်လာ၏။
သူသည် ဖြေးညင်းစွာ ထရပ်လိုက်သည်။ လွန်ခဲ့သည့် နှစ်များတွင် သူ့အပေါ်သို့ ဖိအားများဖြင့် ဖိနှိပ်ထားသော်လည်း သူက မတ်မတ်ရပ်နိုင်ပေသေးသည်။ သူသည် အရိုးထဲထိတိုင် ကျွမ်းကျင်လိမ္မာသူ ဖြစ်၏။
“ကောင်းကင် စမ်းသပ်ချက်တွေက အမြဲခက်ခဲလွန်းတာမို့ ပညာရှိတဲ့သူက မနားမနေ ရုန်းကန် ကြိုးစားနေရမယ်”
နန်းတွင်း အကြံပေးက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် မုန်တိုင်းက ကုန်းမြေ တစ်ခုလုံးကို ရစ်ပတ် ထွေးပွေ့ထားပြီး တောက်ပသည့် အလင်းများက ဝင်းလက်နေသည်။ သူ ခန္ဓာကိုယ်က အလွန် ကျိူးကြေ လွယ်နေဆဲ ဖြစ်ပြီး လေအဝေ့တွင် လွင့်ပါသွားတော့ မယောင် ထင်မြင်နေရသည်။ သို့သော် ထိုအားနည်းလှသည့် ခန္ဓာကိုယ် အတွင်းတွင် မယိမ်းမယိုင် ခိုင်မာသည့် နှလုံးသားတစ်ခု တည်ရှိနေပေသည်။
ဘုန်း… ဘုန်း… ဘုန်း…
ဖျက်ဆီးခြင်း တိုက်ခိုက်မှုများသည် ရီဖူရှင်း၏ တိုက်ပွဲသဏ္ဌာန်ကို ဆက်လက်၍ ဖျက်ဆီးနေဆဲ ဖြစ်ကာ သူ့ခန္ဓာကိုယ် အတွင်း၌ပင် ပျက်စီး လာစေသည်။ သူ၏ ဝိညာဉ် စွမ်းအားများသည်လည်း ဖျက်ဆီးမှု ပြင်းထန်သည့် တိုက်ခိုက်မှုအောက်တွင် ရှိနေခဲ့သည်။ သို့သော် သူ့မျက်လုံးများက တောက်ပနေဆဲပင် ဖြစ်သည်။
“မင်း အခုထိ မသေသေးဘူးလား” ဘုရင်ထန်တောက်၏ မျက်နှာက မှောင်မည်း သွားသည်။
“မင်း တိုက်ခိုက်မှု သုံးခု ဖော်ထုတ် ပြီးသွားပြီ။ နန်းတွင်းအကြံပေးကို လွှတ်ပေးလိုက်” ကောင်းကင်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ “ဒါပေမဲ့ ရီဖူရှင်းနဲ့ သူဦးဆောင်လာတဲ့ စစ်တပ်ကိုတော့ ဖျက်ဆီး ပစ်လိုက်”
‘ဖျက်ဆီးပစ်လိုက်’ ဟူသော ထိုစကားလုံးသည် ကောင်းကင်မှ နေ၍ မိုးကြိုးလျှပ်စီးသဖွယ် ကျဆင်းလာပြီး လူတိုင်း၏ စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက် သွားသည်။
ကြည့်ရသည်မှာ အင်ပါယာလီက ရှေ့ဆက်လိုနေဆဲ ဖြစ်ဟန်ရသည်။
သူသည် နန်းတွင်းအကြံပေးကို လွှတ်ပေးပါမည်ဟုသာ ကတိပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုတိုက်ခိုက်မှု သုံးခုအပြီးတွင် သူ၏ တိုက်ခိုက်မှု ရပ်တန့်မည်ဟု ကတိမရှိခဲ့ပေ။
ဘုရင်ထန်တောက်သည် ရီဖူရှင်းကို သတ်ဖြတ်ရန် ဤအခွင့်အရေးကို ယူနိုင်ပေသည်။
ရီဖူရှင်းသည် ထွက်ပြေးရန် အခွင့် ရှိမည်မဟုတ်ပေ။
သူက အင်ပါယာလီ၏ အခြေအနေကို လိုက်လျောခဲ့ကတည်းက သူ သေချာပေါက် သေရလိမ့်မည် ဖြစ်သည်။
“အမိန့်အတိုင်းပါ၊ အရှင်မင်းကြီး” ဘုရင်ထန်တောက်က ကြည်လင်စွာ ပြောလိုက်သည်။ သူသည် ရီဖူရှင်းကို သတ်ဖြတ်ရန် ဆန္ဒများ အလွန်ပြင်းပြနေပေသည်။
သံသယ ကင်းစင်ခြင်း အဆင့် ရှန့်ထိုစွမ်းအားများက နန်းတွင်းအကြံပေး၏ ခန္ဓာကိုယ်ပေါ်မှ ပျောက်ကွယ် သွား၍ တစ်ချိန်တည်းမှာပင် သူတို့သည် ချည်နှောင် ထားသည်များအား ပျောက်ပြယ် သွားစေရန် ကြိုးစားလိုက်ကြသည်။
“မင်းတို့ ဒုက္ခမခံကြနဲ့တော့”
နန်းတွင်းအကြံပေးက ခပ်တိုးတိုးပြောလိုက်သည်။ သူက ထိုသို့ ပြောလိုက်ပြီးနောက် သူ့ပေါ်တွင် ချည်နှောင် ထားသည်များက အပိုင်းပိုင်း ပြတ်ထွက် သွားခဲ့သည်။ ဖျက်ဆီးခြင်းမုန်တိုင်းက ထွက်ပေါ်လာပြီး သူ့အနီးမှ သံသယ ကင်းစင်ခြင်း အဆင့်များကို အဝေးသို့ ပို့လွှတ်လိုက်၏။
တောက်ပသည့် အလင်းများက သူ့ခန္ဓာမှ ကောင်းကင်သို့ ထိုးတက် သွားခဲ့သည်။ ဘုရင်ထန်တောက်သည် နောက်ထပ် တိုက်ခိုက်မှု ဖော်ထုတ်ရန် သူ့ လက်သီးကို မြှောက်လိုက်ချိန်တွင် ဖြစ်၏။
ဒုန်း…
ကျယ်လောင်သည့် အသံနှင့်အတူ မနှိုင်းယှဉ်သာအောင် ကြီးမားသည့် စေတီက ကျဆင်းလာသည်။ သို့သော်လည်း ထိုစေတီက ကောင်းကင်ကို ဖုံးလွှမ်းအောင် ကြီးမားသည့် လက်ဝါးကြီး၏ ပိတ်ဆို့ တားဆီးခြင်းကို ခံလိုက်ရသည်။ လက်ဝါး တစ်ခုတည်းနှင့်ပင် ကောင်းကင်ကို ပိတ်ကွယ် တားဆီး နိုင်လောက်သည် အထိ ကြီးမားလှပေသည်။
မရေတွက်နိုင်သည့် နတ်ရောင်စဉ်အလင်းများက နန်းတွင်းအကြံပေးပေါ်သို့ ကျဆင်းလာသည်။ သူ၏ မီးခိုးရောင် ဆံပင်များက တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး သူ၏ အားနည်းသည့် သဏ္ဌာန်က မှေးမှိန်လာသည်။ မှုန်ရီနေသည့် မျက်လုံးများက တစ်ဖန်ပြန်၍ တောက်ပ လာခဲ့သည်။
သူ၏ တည်ငြိမ်သော အသံက နန်းတော်တစ်ခွင်ကို ဖြတ်သန်း ရောက်ရှိသွားခဲ့သည်။
“အခုချိန်ကစပြီးတော့ ကျုပ်က အင်ပါယာလီရဲ့ အမိန့်တွေကို နာခံမှာ မဟုတ်တော့ဘူး။ ကျုပ်က တာလီပြည်ထောင်ရဲ့ နန်းတွင်းအကြံပေး မဟုတ်တော့ဘူး”
ထိုမြင်ကွင်းကို ကြည့်နေရင်း လူတိုင်း၏ နှလုံးသားများသည် ကြမ်းတမ်း ရိုင်းစိုင်းစွာ ခုန်ပေါက် နေကြသည်။
သူတို့သည် နန်းတွင်းအကြံပေးက ဟောင်းနွမ်းနေသည့် ဝတ်စုံများဖြင့် ထိုနေရာတွင် ရပ်နေသည်အား မြင်ကြလေသည်။ သူက ပြန်လည် နုပျိုလာသော်လည်း သူ၏ ခန္ဓာကိုယ်က အားနည်းနေဆဲပင် ဖြစ်သည်။
သို့ဆိုလျှင်ပင် တောက်ပသည့် နတ်အလင်းများက သူ့အနီးတွင် တောက်ပနေပြီး ဝင်္ကပါတစ်ခုက လျင်မြန်စွာ ဖြစ်တည် လာသည်။ ရှေးဟောင်း သင်္ကေတများ ဖြစ်သည့် ချန်၊ ခွင်း၊ လီ၊ ခန် ဟူသော စာလုံးများက သူ့အနီးတွင် ဝိုင်းပတ်နေကာ မဟာလမ်းစဉ် မုန်တိုင်းကို အားကောင်းသထက် အားကောင်း လာစေရန် ပြုလုပ်နေသည်။
သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကာ လေထဲသို့ လှမ်းတက်လာခဲ့၏။
“ဒါက...”
လူတိုင်း၏ နှလုံးသားများက တုန်ယင်စွာ ခုန်လှုပ်နေကြသည်။ တာလီပြည်ထောင်၏ နန်းတွင်း အကြံပေးသည် သူ့စွမ်းအားများကို ဖျက်ဆီး ပစ်ခဲ့ပြီး ဖြစ်၏။ သို့ဆိုလျှင် ယခု မည်သည့် အချင်းအရာတို့ ဖြစ်ပျက် နေသနည်း။
သူသည် လက်ကို မြှောက်ကာ ကောင်းကင်ကို ဖုံးကွယ်၍ အောက်သို့ ကျဆင်း လာနေသည့် နတ်စေတီကို ပိတ်ဆို့ တားဆီး လိုက်သည်။
ရီဖူရှင်းသည် အနည်းငယ် မော့ကြည့်လိုက်သည်။ သူသည် မည်သည်တို့ ဖြစ်ပျက်နေသည်အား မြင်သည့်အခါ သူ့မျက်နှာထက်တွင် တောက်ပသော အပြုံးတို့ ဖြစ်ပေါ်လာသည်။
ကောင်းကင်စမ်းသပ်ချက်တွေက အမြဲခက်ခဲလွန်းတာမို့ ပညာရှိတဲ့သူက မနားမနေ ရုန်းကန် ကြိုးစားနေရမယ်။
ထိုသည်က နန်းတွင်း အကြံပေးပင် ဖြစ်တော့သည်။
သူသည် ရန်ယွင်နှင့် အခြားသူများအပေါ် ဒုက္ခရောက်စေမည်အား စိုးရိမ်သည့် အတွက် သူ့စွမ်းအားများကို ဖျက်ဆီး ပစ်ခဲ့သည်။
သို့သော် သူသည် ပြန်လည်မွေးဖွားခြင်းအဆင့် ရောက်ရှိခဲ့ပြီး ဖြစ်၏။
ပြန်လည် မွေးဖွားခြင်း အဆင့်သို့ တစ်ကြိမ် ရောက်ရှိပြီးပါက အလွယ်တကူ မသေနိုင်တော့ပေ။ သူ၏ စွမ်းအားများသည် ပျက်စီး သွားခဲ့သော်လည်း သူ့ဆီမှ ပြန်လည်မွေးဖွားခြင်း အဆင့် စွမ်းအားများက တစ်ဖန် နိုးထလာခဲ့သည်။
နန်းတွင်းအကြံပေးသည် ထိုသို့ လုပ်ဆောင်နိုင်ခဲ့သည်။
ဤက ယခင်ကထက်ပင် ပို၍ သန်မာသည့် အစစ်အမှန် ပြန်လည် မွေးဖွားခြင်းပင် ဖြစ်သည်။
ဘုရင်ထန်တောက်သည် အထိတ်တလန့် ကြည့်နေခဲ့သည်။ သူသည် အားကောင်း သာလွန်လှသည့် စွမ်းအားကို ခပ်ရေးရေး ခံစားမိနိုင်၏။ ယင်းက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။
တာလီပြည်ထောင်၏ နန်းတွင်း အကြံပေးသည် အထွတ်အထိပ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်လေသည်။
သူ့ခန္ဓာကိုယ်သည် အားနည်းကာ ထိခိုက်လွယ်နေဆဲ ဖြစ်သော်လည်း သူ့အတွေး တစ်ချက်နှင့်ပင် ကမ္ဘာကို တုန်လှုပ် သွားစေနိုင်ပေသည်။
ဘုန်း…
သူသည် စေတီကို အသက်သွင်းလိုက်ပြီး နတ်အလင်းများ တောက်ပလာကာ အောက်ဘက်ရှိ အရာအားလုံးကို ချေမွဖျက်ဆီးရန် ကြိုးစား၍ လေထုကို ခွဲခြမ်းလိုက်သည်။ ၎င်းသည် လုံးလုံးလျားလျား ပြန်လည်ကောင်းမွန်လာနေသည့် နန်းတွင်းအကြံပေးကို သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။
ကြီးမားသည့် နတ် စေတီ ပုံရိပ်ကြီး ပေါ်ပေါက်လာပြီး အောက်ဘက်သို့ တစ်ဟုန်ထိုး ဆင်းလာသည်။ ထိုသည်က တစ်စုံတစ်ယောက်၏ ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်နိုင်လောက်အောင် သန်မာလှပေသည်။
နန်းတွင်းအကြံပေးက အပေါ်ကို မော့ကြည့်လိုက်၏။ တောက်ပသည့် နတ်အလင်းများသည် ကောင်းကင်မှ နေ၍ သူ့ပေါ်သို့ ဖြာဆင်းလာသည်။ သူ၏ အရှိန်အဝါသည် အတော်လေး အားနည်း နေသေးသော်လည်း သူ့လက်ကို ဆန့်ထုတ်လိုက်သည့်အခါ အစွမ်းထက် ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး ရှေ့ဆင့်နောက်ဆင့် ရွေ့လျားလာသည်။
သူသည် လက်ကို မြှောက်ကာ စေတီသို့ ညွှန်လိုက်သည်။
ထိုအခိုက်တွင် မရေတွက်နိုင်သည့် အလင်းရောင်တန်းများက တစ်ချိန်တည်းတွင် စေတီပေါ်သို့ ကျဆင်းလာသည်။ ‘ဒုန်း’ ဟူသော ကျယ်လောင်လှသည့် အသံတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်း ထွက်ပေါ်လာ၏။
မကြာခင်တခဏ၌ နတ် စေတီတွင် မရေတွက်နိုင်သည့် အက်ကွဲရာများ ဖြစ်ပေါ်လာသည်။ လူတိုင်းသည် ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။ အက်ကြောင်းများသည် ကြီးမား၍ ကျယ်ပြန့်လာသည်။
ဘန်း…
စေတီသည် အလင်းအပိုင်းအစများ အဖြစ် အစိတ်စိတ် ပျက်စီးသွားသည်။
ပြန်လည် မွေးဖွားခြင်း အဆင့် မှော်လက်နက်သည် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရသည်။
ထိုစွမ်းအားသည် မည်သို့သော အဆင့် ရှိနိုင်သနည်း။
ရန်ဟောင် အဆင့်လား။
မဟုတ်ပေ။
လူတိုင်းသည် နန်းတွင်းအကြံပေးက ရန်ဟောင်အဆင့်သို့ မရောက်ရှိ သေးသည်အား ခံစား မိကြပေသည်။ ရန်ဟောင် တစ်ပါးဆိုလျှင် ထို့ထက်ပို၍ ကြောက်မက်ဖွယ် ကောင်းလိမ့်မည် ဖြစ်သည်။
ထို့အပြင် ရန်ဟောင် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်မှာ ထိုမျှ မလွယ်ကူခဲ့ပေ။ အကယ်၍ သင်၏ စိတ်အခြေအနေက ပြောင်းလဲသွားခဲ့လျှင်ပင် ၄င်းက ချိုးဖျက်ဝင်ရောက် နိုင်စွမ်းရှိရန် လိုအပ်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သို့ပေမဲ့ သူသည် ရန်ဟောင်တစ်ပါး ဖြစ်မလာသေးလျှင်ပင် ထိုအဆင့်သို့ နီးကပ်နေခဲ့ပြီ ဖြစ်သည်။
တာလီ ပြည်ထောင်၏ နန်းတွင်းအကြံပေးသည် ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့် ဖြစ်လေသည်။ သူသည် အင်ပါယာလီအောက်သာ နိမ့်ကာ အားလုံး၏ အထက်တွင် ရှိခဲ့သည်။
သူ၏ လက်ရှိ အခြေအနေသည် မဖြတ်ကျော် နိုင်သေးသော်လည်း ရန်ဟောင်အဆင့်သို့ ထိတွေ့ခဲ့ပြီ ဖြစ်သည်။
ရီဖူရှင်းသည် နန်းတွင်းအကြံပေးက နဝမအစေခံ၏ အဆင့်သို့ ရောက်ရှိခဲ့ပြီ ဆိုသည်အား သိရှိပေသည်။
ထို့ထက်ပင် မြင့်မား နိုင်ပေသေးသည်။
သို့သော် နဝမအစေခံသည် အားလုံးသော ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်များကို အထင်သေးပေသည်။ ထို့ကြောင့် သူတို့သည် လေဟာနယ် ဓားဝင်္ကပါပေါ်တွင် မှီခို၍ နဝမအစေခံကို ဒဏ်ရာ အပြင်းအထန် ရစေခဲ့ပြီး ထွက်ပြေးရစေရန် လုပ်ဆောင်နိုင်ခဲ့သော်လည်း သူတို့သည် သူ့အား တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
ထိုမှတဆင့် နဝမအစေခံ၏ စွမ်းအားနှင့် ယုံကြည်မှုသည် ထင်ရှားရပေသည်။
ယခုတွင် တူညီစွာပင် နန်းတွင်း အကြံပေးသည်လည်း ကျော်လွှားနိုင်ရန် မလွယ်ကူသည့် ခံစားချက်အား ရီဖူရှင်းကို ပေးစွမ်းပေသည်။
သူသည် ပြန်လည် မွေးဖွားခြင်းအဆင့် နတ်လက်နက်ကို လက်တစ်ချက် ညွှန်ရုံဖြင့် ဖျက်ဆီး ပစ်နိုင်ခဲ့သည်။
ဘုရင်ထန်တောက်၏ မျက်နှာထက်တွင် အကြီးအကျယ် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ သူသည် ကောင်းကင်သို့ တဟုန်ထိုး ပြေးတက်သွားခဲ့ကာ ထွက်ပြေးရန် ကြိုးစားလေသည်။
နန်းတွင်းအကြံပေးသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး သူ့ကို ကြောက်ရွံ့ တုန်လှုပ်စေသည့် ခံစားမှုကို ပေးသည်။
“ဘုရင်ထန်တောက်” နန်းတွင်း အကြံပေးက ပြောလိုက်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီး ရုတ်ခြည်းပင် ကောင်းကင်ကိုပင် လွှမ်းခြုံသည့် လက်အရိပ်ကြီးက အောက်သို့ ကျဆင်းလာသည်။ ဘုရင်ထန်တောက်သည် မွန်းကြပ်ဖွယ် ဖိအားက သူ့ကို လွှမ်းခြုံလာသည်အား ခံစားမိလိုက်ကာ လှုပ်ရှားမှုများ လေးလံနှေးကွေး သွားသည်။
လက်ဝါးရိပ်သည် ဘုရင်ထန်တောက်အား ဆွဲယူလိုက်၏။ သူ့အရှိန်အဝါက စွမ်းအားနှင့် ပေါင်းစည်း သွားသော်လည်း သူ ထွက်ပြေး၍ မရနိုင်စွမ်းပေ။
နန်းတွင်း အကြံပေးသည် အထက်သို့ တက်လာနေဆဲ ဖြစ်သည်။ သူသည် ဘုရင်ထန်တောက် ရှိနေသည့် နေရာထိတိုင် ဆက်သွားနေသည်။
“နန်းတွင်းအကြံပေး၊ ခင်ဗျားက တာလီပြည်ထောင်ကို အပြီးတိုင် သစ္စာဖောက်ဖို့ ကြိုးစား နေတာလား” ဘုရင်ထန်တောက်က ကြုံးဝါးလိုက်၏။
“ကျုပ်က တစ်ကြိမ်သေခဲ့ပြီးပြီ။ တာလီပြည်ထောင်နဲ့လည်း နောက်ထပ် ပတ်သက်မှု မရှိတော့ဘူး။ ခင်ဗျားက ကျုပ်ကို သတ်ချင်တဲ့အပြင် ကျုပ်အိမ်တော်ကိုတောင် ဖျက်ဆီးခဲ့ပြီး ဘုံနှစ်ခုကြားက တိုက်ပွဲကို ဖြစ်စေခဲ့တယ်။ ဒါကြောင့် ကျုပ်က ခင်ဗျားကို ဂုဏ်သရေရှိရှိ သေခြင်းတရားကို ပေးမှာပါ” နန်းတွင်း အကြံပေးက ပြောလိုက်သည်။
“မလုပ်နဲ့....”
ဘုရင်ထန်တောက်က နန်းတွင်းအကြံပေး၏ သတ်ဖြတ်လိုစိတ်များကို ခံစားမိလိုက်သည့် အခါ သူ၏ မျက်နှာထက်တွင် ကြောက်စိတ်မွှန်နေသည့် အကြည့်များ ဖြစ်ပေါ်လာသည်။ သူသည် တာလီပြည်ထောင်၏ ဘုရင်ထန်တောက် ဖြစ်ပြီး အင်ပါယာလီ၏ အစ်ကိုတော် ဖြစ်သည်။ သူသည် ထီးနန်း ဆက်ခံရလုနီးပါးပင် ဖြစ်ဖူးခဲ့သည်။
ဘန်း…
နန်းတွင်းအကြံပေးသည် သူ့ကို အခွင့်အရေး မပေးပေ။ သူသည် လက်သီးကို ဆုပ်လိုက်ပြီး မရေတွက်နိုင်အောင် တောက်ပသော အလင်းတန်းများမှာ မဟာလမ်းစဉ်၏ နတ်ဘုရား ပြစ်ဒဏ်များကဲ့သို့ပင် လက်သီးဆီသို့ တိုးဝင် လာကြသည်။ ယင်းတို့သည် ဘုရင်ထန်တောက်၏ အသွေးအသားများကိုသာ ဖျက်ဆီးသွားခြင်း မဟုတ်ဘဲ ပြန်လည်မွေးဖွားခွင့်ပင် မရှိတော့အောင် ဝိညာဉ်ကိုပါ ဖျက်ဆီး ပစ်ခဲ့ပေသည်။
တာလီပြည်ထောင် စစ်တပ်၏ ခေါင်းဆောင် ဘုရင်ထန်တောက်သည် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူသည် တာလီပြည်ထောင်၏ တော်ဝင်နန်းတော် အတွင်း၌ သတ်ဖြတ်ခံခဲ့ရသည်။
ထို့အပြင် သူ့ကို သတ်ဖြတ်ခဲ့သူမှာ တစ်ချိန်က တာလီပြည်၏ နန်းတွင်းအကြံပေး ဖြစ်ခဲ့ဖူးသူ ဖြစ်လေသည်။
သူတို့နှစ်ဦးသည် ယခင်က တာလီ ပြည်ထောင်အတွင်း အင်ပါယာလီ လက်အောက်မှ အရေးကြီးဆုံး လူနှစ်ဦး ဖြစ်ခဲ့ကြသည်။ နန်းတွင်းအကြံပေးသည် ပြည်တွင်းရေးများကို ကိုင်တွယ် ဖြေရှင်းရပြီး ဘုရင် ထန်တောက်သည် နယ်စပ်ရေးရာတို့တွင် တာဝန် ယူထားရပေသည်။
ယခု နန်းတွင်းအကြံပေးက ဘုရင်ထန်တောက်အား သတ်ဖြတ်ခဲ့သည်။
ထိုမြင်ကွင်းသည် တာလီပြည်ထောင်မှ တန်ခိုးရှင်များအတွက် အလွန် ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။
နန်းတော် အပြင်ဘက်တွင် တိုက်ပွဲကို စောင့်ကြည့်နေကြသည့် လူများမှာ နန်းတွင်း အကြံပေးက ဘုရင်ထန်တောက်အား သတ်ဖြတ် လိုက်သည်အား မြင်တွေ့ရသောအခါ သူတို့၏ နှလုံးသားများက တုန်လှုပ် သွားကြလေသည်။
“နန်းတွင်းအကြံပေး” အဆက်မပြတ် ရေရွတ်သံများ အော်ဟစ်သံများ ထွက်ပေါ် လာလေသည်။
အသံများသည် ဆူညံမှု မုန်တိုင်းသဖွယ် ဖြစ်တည်လာကာ နေရာအနှံ့သို့ စီးဆင်း သွားခဲ့သည်။
နန်းတွင်း အကြံပေးသည် အကျဉ်းချ ခံထားရသော်လည်း သူသည် ဂုဏ်သရေ ကြီးမားသည့် ပုဂ္ဂိုလ် ဖြစ်နေဆဲပင် ဖြစ်သည်။ များပြားလှသော လူများသည် သူ့ကို အမှတ်ရနေကြဆဲ ဖြစ်၏။ အထူးသဖြင့် နန်းမြို့တော်၌ နေထိုင်သူများ ဖြစ်ကြသည်။
နန်းတော်အတွင်းရှိ လူများသည်လည်း တူညီစွာပင် ဖြစ်သည်။ သူသည် သူတို့ လူများစွာအား သင်ကြား ပေးခဲ့ဖူးသည်။
တစ်ချိန်က လူတိုင်းသည် သူ့ကို ယုံကြည်ခဲ့ကြသည်။ တစ်ချိန်က လူတိုင်းသည် သူ့ကို လေးစား ခဲ့ကြသည်။
သို့သော် သူသည် ရီဖူရှင်းကြောင့် ထောင်သွင်း အကျဉ်းချခံခဲ့ရ၏။
ထိုဖြစ်ရပ်က တာလီပြည်ထောင်ကို ကြီးမားသော သက်ရောက်မှု ဖြစ်ပေါ်စေခဲ့သည်။ ထိုအတွက်ကြောင့်ပင် ရန်ယွင်နှင့် အခြားလူများ ထွက်ခွာ သွားစေသည့် တိုက်ပွဲ ဖြစ်ပေါ်ခဲ့သည်။
နန်းတွင်း အကြံပေးသည် နန်းတော်အပြင်ဘက်ရှိ လူများကို ဝေ့ဝဲကာ ကြည့်ရှု လိုက်သည်။ လူတိုင်းကလည်း သူ့ကို ကြည့်နေခဲ့သည်။ သူတို့၏ တီးတိုး ပြောဆိုသံများက သူ့ နားသို့တိုင် ရောက်ရှိခဲ့၏။ သူက ပြောလိုက်သည်။ “ကျုပ်ရဲ့ အိမ်တော်က လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပျက်စီး သွားခဲ့ပြီ။ အဲဒါက အင်ပါယာလီ ပေးခဲ့တဲ့ အမိန့်ကြောင့် ဖြစ်ပြီးတော့ ကျုပ်က တာလီပြည်ထောင်အပေါ် ဘာအကြွေးမှ ပေးဆပ်စရာ မရှိဘူး”
လူတိုင်းသည် ဆွံ့အသွားကြသည်။ အမှန်ပင် သူသည် တာလီ ပြည်ထောင်အပေါ် အကြွေးတင်နေခြင်း မရှိပေ။ သူသည် သစ္စာရှိရှိ အမှုထမ်းခဲ့သော်လည်း လီယောင် လုပ်ခဲ့သည့် ကိစ္စအတွက် ထောင်သွင်း အကျဉ်းချခံခဲ့ရသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် သူသည် ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးခဲ့သည်။ သူသည် အင်ပါယာ၏ ကျေးဇူးကို ပြန်လည် ပေးဆပ်ခဲ့သည်။
သို့သော် အင်ပါယာလီသည် သူ့ကို အသုံးပြု၍ ရီဖူရှင်းအား ခြိမ်းခြောက်ကာ သူ့အစား သေပေးရန်ပင် ပြောခဲ့သည်။
သူသည် အင်ပါယာလီ အပေါ်တွင် ဖြစ်စေ တာလီပြည်ထောင် အပေါ်တွင် ဖြစ်စေ မည်သည့် အကြွေးမှ တင်ကျန်နေခြင်း မရှိတော့ပေ။
ဤသည်က နန်းတွင်းအကြံပေး၏ ဘဝသစ် ဖြစ်သည်။
သူသည် ယခင်ကနှင့် တူညီသောသူ မဟုတ်တော့ပေ။ သူသည် တာလီ ပြည်ထောင်၏ နန်းတွင်း အကြံပေး မဟုတ်တော့ပေ။
ဘုန်း…
ကောင်းကင်ထက်တွင် ထိတ်လန့် တုန်လှုပ်ဖွယ် စွမ်းအားများ ထွက်ပေါ်လာကာ နန်းတော်ကို ဖုံးလွှမ်း၍ လူတိုင်းကို လွှမ်းခြုံသွားပေသည်။
လူတိုင်း၏ နှလုံးသားများသည် တုန်ယင်နေကြသည်။ သူတို့သည် ယင်းစွမ်းအားများကို ခံစားနိုင်ကြသည်။ ထိုသည်က အင်ပါယာလီထံမှ လာသော ရန်ဟောင်အဆင့် စွမ်းအားများ၏ ဖိအား ဖြစ်သည်။
သူသည် ရီဖူရှင်းက အလောင်းအစားကို သဘောတူခဲ့သည့်အခါ သူ့နည်းလမ်းအတိုင်း သတ်ဖြတ်ရန် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းသာ သေဆုံးသွားခဲ့လျှင် သူ၏ စစ်တပ်သည်လည်း တကွဲတပြား ဖြစ်သွားပေလိမ့်မည်။
သို့သော် သူ မည်သည့်အခါမှ တွေးထင်မထားခဲ့သည်က နန်းတွင်း အကြံပေးသည် သူ၏ စွမ်းအားများကို ပြန်လည်ရရှိလာပြီး သူ၏ အကန့်အသတ်ကိုပင် ကျော်လွန် သွားလိမ့်မည် ဆိုသည်ကို ဖြစ်သည်။
သူသည် ဘုရင်ထန်တောက်ကို သတ်ဖြတ်ခဲ့သည်။
ယခု အင်ပါယာရှားနှင့် သူ့ကြားမှ စစ်ပွဲရလဒ်က မည်သို့ ဖြစ်လာမည်နည်း။
မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။
ဖျက်ဆီးခြင်း စွမ်းအားတိုက်ခိုက်မှာများသည် ကောင်းကင်မှ ကျဆင်းလာသည်။ လူတိုင်းသည် ထိုသည်က အထက် လေထုထဲမှ အင်ပါယာရှားနှင့် အင်ပါယာလီ၏ ကြားမှ တိုက်ပွဲ၌ ဖြစ်ပျက် နေသည်များကို သိရှိကြသည်။
သို့သော် ထိုအခိုက်တွင် အင်ပါယာလီသည် အောက်ဘက်မှ တိုက်ပွဲကို သူ၏ စွမ်းအားဖြင့် သက်ရောက်စေရန် ကြိုးပမ်း နေပုံရသည်။
သူ၏ စွမ်းအားများက ကျဆင်းလာသည်။
ဥဒေါင်းအင်ပါယာသည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ “အင်ပါယာလီ၊ ခင်ဗျားက ကျုပ်ကို မျက်မြင်သက်သေ အနေနဲ့ နေပေးဖို့ တောင်းဆိုထားမှတော့ ကျုပ်က ဒီအချင်းအရာကို မျက်မြင် တွေ့ထားတာပေါ့။ ခင်ဗျားက ရီဖူရှင်း သဘောတူလာအောင် လုပ်ခဲ့ပြီးတော့ သူကလည်း အဲဒီအတိုင်း လုပ်ခဲ့တယ်။ ခင်ဗျားရဲ့ အလောင်းအစားမှာ ခင်ဗျား ရှုံးနိမ့်သွားတော့မှ ရလဒ်ကို ဝင်စွက်ဖက်ဖို့ ကြိုးစားနေတာလား” ရောင်စဉ် ကိုးသွယ်က သူ့ခန္ဓာကိုယ်မှ ဖြာလင်းလာသည်။
သူသည် သူ၏ အမွေးအတောင်များကို ဖြန့်ကျက်လိုက်ပြီး ကောင်းကင်ကို ဖုံးလွှမ်းကာ ကျဆင်းလာသည့် စွမ်းအားများကို တားဆီးလိုက်၍ အောက်ဘက်ရှိ တိုက်ပွဲကို ယင်းစွမ်းအားများနှင့် ခွဲခြားလိုက်သည်။
ဥဒေါင်းအင်ပါယာသည် ရပ်တည်ချက်ကို ဖော်ပြလိုက်ပြီ ဖြစ်၏။
တာလီပြည်ထောင်ရှိ လူများ၏ မျက်နှာမှာ ဖြူဖျော့ သွားသည်။
ကစားပွဲက ချက်ချင်းပင် ပြောင်းပြန် ဖြစ်သွားခဲ့သည်။ ခဏအတွင်းမှာပင် နန်းတွင်း အကြံပေးသည် သူ့စွမ်းအားများကို ပြန်ရခဲ့သည်။
“ဒါက ခင်ဗျားရဲ့ ရွေးချယ်မှုလား အင်ပါယာလီ”လေထုကို ဖြတ်၍ အေးစက်စက် အသံတစ်ခု လွင့်ပျံ လာသည်။ လူတိုင်းသည် ဒဏ်ရာအပြင်းအထန် ရထားသော်လည်း မားမားမတ်မတ် ရပ်နေဆဲ ရီဖူရှင်းကို ကြည့်လိုက်ကြသည်။
သူသည် ပြန်လည် မွေးဖွားခြင်း အဆင့် နတ်လက်နက်၏ သုံးချက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း အသက်ရှင် နေခဲ့သည်။
သူသည် မတ်တတ်ပင် ရပ်နေနိုင်သေး၏။
“ကောင်းခေါင်ကို သတ်” အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းခေါင်သည် သူ၏ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးထားပြီး အဖမ်းခံထားရသည်။ သူသည် ရီဖူရှင်း၏ စကားကို ကြားသည့်အခါ ကြောက်ရွံ့မှုဖြင့် တုန်ယင်ကာ ဖြူရော် သွားသည်။
ကောင်းကလန်မှ တန်ခိုးရှင်များသည်လည်း အထိတ်တလန့် ကြည့်လိုက်ကြသည်။
ဝူယုံးသည် သူ့လက်ကို ဆန့်တန်းလိုက်ပြီး ကောင်းခေါင်၏ ခေါင်းထက်သို့ သူ့ လမ်းစဉ်မီးတောက်နှင့် ပေါင်းစပ်ထားသော လက်သီးဖြင့် ထိုးနှက် လိုက်သည်။
သူ့လက်သည် ရုတ်ခြည်းပင် မီးလျှံလက်သီး အဖြစ် ပြောင်းလဲသွားသည်။
“မလုပ်နဲ့...” ကောင်းခေါင်၏ မျက်နှာထက်တွင် ပြင်းထန်သည့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ “အရှင်မင်းကြီး” သူက အော်လိုက်သည်။
ယခု အင်ပါယာလီသာလျှင် သူ့ကို ကယ်တင် နိုင်တော့မည် ဖြစ်၏။
ဘုန်း…
မီးလျှံလက်သီးသည် ပေါက်သို့ ကျဆင်း ရိုက်ခတ် လာကာ ထိတ်လန့်ဖွယ် လမ်းစဉ် မီးတောက်များက ကောင်းခေါင်၏ စိတ်အတွင်းသို့ ဝင်ရောက်ကာ သူ့ကို ကြောက်ရွံ့တကြီး အော်ဟစ် စေလိုက်သည်။ မီးလျှံများက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်း သွားခဲ့သည်။
တာလီပြည်ထောင်၏ အလွန်အစွမ်းထက်ပြီး အရည်အချင်းရှိသည့် ပုဂ္ဂိုလ်တစ်ဦးမှာ ထိုသို့ စိတ်ပျက်ဖွယ် ကောင်းစွာ အဆုံးသတ်သွားခဲ့သည်။
ရီဖူရှင်းသည် နန်းတွင်း အကြံပေးကို မော့ကြည့်ကာ ပြောလိုက်သည်။ “ဆရာ၊ မင်းသားကြီးက ဆရာ့အိမ်တော်ကို အမြဲဖျက်ဆီးဖို့ ကြိုးစားနေတာ၊ သူ့ကို သတ်လိုက်ပါ”
မင်းသားကြီးသည် အတိတ်ကာလတွင် များစွာသော ကိစ္စရပ်များ၌ ပါဝင်ခဲ့သည်။
သူသည် နန်းတွင်းအကြံပေးကို သွေးနဂါးဘုံသို့ သွားရောက်၍ ရီဖူရှင်းကို တိုက်ခိုက်စေခဲ့သော တရားခံဟုပင် ပြောနိုင်သည်။
သူ့ကြောင့်သာ မဟုတ်လျှင် ထိုကဲ့သို့သော ကိစ္စများ ဖြစ်ခဲ့မည် မဟုတ်သည်လည်း ဖြစ်နိုင်ပေသည်။
မင်းသားကြီးသည် ထိုစကားကို ကြားသည့်အခါ သူ့မျက်နှာထက်တွင် ကြောက်ရွံ့မှုတို့ လွှမ်းခြုံ သွားသည်။ သူသည် နန်းတွင်းအကြံပေးက ဘုရင်ထန်တောက်ကို မည်ကဲ့သို့ ဖျက်ဆီး ပစ်လိုက်သည်အား သူ့မျက်လုံးများနှင့် သေချာ မြင်တွေ့ခဲ့ရသည်။
နန်းတွင်းအကြံပေးသာ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားစွာနှင့် သူ့ကို သတ်ချင်လျှင် သူ့အတွက် လွတ်မြောက်ရန် လမ်းမမြင်ချေ။
နန်းတွင်းအကြံပေးသာ သူ့ကို ဆန့်ကျင် လှုပ်ရှားခဲ့လျှင် သူ့ကံကြမ္မာသည်လည်း ဘုရင်ထန်တောက် ကဲ့သို့ပင် ဖြစ်သွား ပေလိမ့်မည်။ သူသည် ချေမွဖျက်ဆီး ခံရပေလိမ့်မည်။
ထိုသို့ တွေးလိုက်သည်နှင့် သူသည် လှည့်ကာ ထွက်ပြေးတော့သည်။
မျှော်လင့်ချက်မရှိသည့် အနေအထားမျိုးတွင် သူသည် တိုက်ခိုက်ခြင်းထက် ထွက်ပြေးခြင်းကို ရွေးချယ်ခဲ့သည်။
လေထဲတွင် နန်းတွင်းအကြံပေးသည် သူ့ အကြည့်ကို မင်းသားကြီးထံ ပို့လွှတ်လိုက်သည်။
သူသည် လေထုကို ဖြတ်၍ ခြေလှမ်းလိုက်ပြီး မင်းသားကြီးရှေ့၌ ပေါ်ပေါက်လာသည်။
မင်းသားကြီးသည် သူ့ ခေါင်းထက်မှ ပုံရိပ်ကို မော့ကြည့် လိုက်သည်။ မဟာလမ်းစဉ်၏ တောက်ပသည့် အလင်းများက သူ့ပေါ်သို့ ကျဆင်းလာသည်။
“ကျဆင်းစမ်း” နန်းတွင်း အကြံပေး၏ နှုတ်မှ စကားတစ်ခု ထွက်လာသည်။ သူက ထိုသို့ ပြောသည့်အခါ မဟာလမ်းစဉ်၏ နတ်ဘုရား အလင်းသည် နတ်ဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်မှ ကျဆင်းလာကာ လေထုကို ဖြတ်သန်း ထိုးဖောက်သွားသည်။
မင်းသားကြီးသည် နဂါးတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက် လိုက်သည်မှာ ကောင်းကင်နှင့် မြေကြီးပင် ကွဲကြေ ပျက်စီး သွားတော့မတတ် ဖြစ်သည်။ သူသည် လက်သီးကို ပင့်မလိုက်ကာ လာနေသည့် ဓားများကို ရိုက်ခတ်လိုက်သည်။
သူသည် ဓားများ၏ ဝန်းရံထားခြင်းမှ ထိုးဖောက်ထွက်ရန် ကြိုးစားလိုက်သော်လည်း ထိုအချိန်တွင် သူ့မျက်လုံး အတွင်းသို့ အလင်းတန်းတစ်ခု တိုးဝင်လာသည်။
ဝှစ်…
အခြားသော ဓားတစ်လက်က ကောင်းကင်မှ ကျဆင်းလာသည်။ မင်းသားကြီးသည် ယင်းကို တားဆီးရန် ကြိုးစား လိုက်သော်လည်း တောက်ပသည့် နတ်ဓားသည် အစစ်အမှန် နဂါးကို ထိုးဖောက်သွားပြီး မင်းသားကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ဦးတည် ကျဆင်းသွားစေသည်။
***