အတွင်းဂိုဏ်းမှကျွမ်းကျင်သူများ
Vol. 007 Ch. 676
“ရှီမာယူယူ ဒီနေ့အခြေအနေဘယ်လိုလဲ” ဟော်ဖန်သည် သူ၏ ကြီးမားသောဓားကို ဝေ့ရမ်းပြီး အပြင်မှ လျှောက်ဝင်လာသည်။ သူသည် အခန်းအပြင်တွင်ရပ်နေသော ရှီမာယူယူကိုမြင်သည်နှင့် လျှောက်လာခြင်းဖြစ် သည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလူက မနေ့လာလည်းလာမေးပြီးပြီမဟုတ်ဘူးလား။ သူမကို တစ်နေ့၃ခါ မေးဖို့များ ကြံရွယ်ထားသလား။ သူမ ပြန်အားပြည့်သည်အထိလေ။ ပြီးတာနဲ့ သူမနဲ့တိုက်မလို့လား။
ပြန်တွေးကြည့်လျှင် မနေ့က ဖက်တီးကျူ သူမကိုကြည့်သော သနားစဖွယ်အကြည့်သည် ကွက်တိဖြစ် နေသည်။ ဒီတိုက်ပွဲရူးက သူမကို တကယ်ပဲခေါင်းကိုက်စေတာပဲ။
“တိုက်ပွဲရူး ငါ ဒီနှစ်တစ်ဝက်ကို ပြန်သက်သာဦးမှာမဟုတ်ဘူး နေ့တိုင်းလာရှာစရာမလိုဘူး” သူမသည် ပြောလိုက်သည်။
“နှစ်တစ်ဝက်ဟုတ်လား၊ ကြာလိုက်တာ” ဟော်ဖန်သည် မျက်နှာပျက်သွားသည်။
“ဒါပေါ့ သိတဲ့အတိုင်း ငါ့ဝိဉာဉ်ထိခိုက်ထားတာ၊ အသိစိတ်လည်း ဒဏ်ရာရထားတယ် အဲဒါကြောင့် အဲလောက်အချိန်လိုတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကလည်း ဆေးပင်တွေရဲ့အရည်အသွေးပေါ်မှာ မူတည်တယ်၊ မဟုတ်ရင် ဘယ်လောက်ကြာမလဲမသိနိုင်ဘူး”
“ဘာပဲဖြစ်ဖြစ် ဒီအချိန်အတွင်းတော့ လာမရှာနဲ့၊ လာရှာရင်လည်း ပြိုင်စရာအကြောင်းမရှိဘူး၊ အခုသွား လိုက်ပါ”
သူမသည် စိတ်ထဲရှိရာကို ပြောပြီးဖြစ်သော်လည်း ထိုလူသည် မကြားဟန်ဆောင်ကာ ရပ်နေလေသည်။
“ကြာတယ်၊ ငါ အရမ်းစိတ်လှုပ်ရှားနေတာကို” ဟော်ဖန် ပြောလိုက်သည်။
သူ စိတ်လှုပ်ရှားခြင်းအတွက် သူမ ဘာမှလုပ်မပေးနိုင်သည်ဆိုသည့် သဘောနှင့် ရှီမာယူယူ ပခုံးတွန့် လိုက်သည်။
“ယူယူ ရှောင်ချီတို့ဘယ်အချိန်သွားကြမှာလဲ” ရှောင်ချီသည် လျှောက်လာရာ ခြံထဲတွင် ရပ်နေသော နှစ်ယောက်ကိုတွေ့လိုက်သည်။
“ဘယ်သွားကြမလို့လဲ” ဟော်ဖန်သည် လန့်သွားကာ မေးလိုက်သည်။
“ငါတို့အဖွဲ့က မစ်ရှင်လုပ်မလို့ အဲဒါကြောင့် သွားကြမှာ” ရှီမာယူယူ ပြောလိုက်သည် “ငါတို့လုပ်စရာတွေ ရှိလို့ မင်းကိုဧည့်မခံနိုင်တော့ဘူး”
“မစ်ရှင်လုပ်ဖို့ ဘယ်သွားမှာလဲ၊ ဘယ်အချိန်ပြန်လာမှာလဲ” ဟော်ဖန် မေးလိုက်သည် ရှီမာယူယူဆီသို့ လျှောက်လာသော ရှောင်ချီအားတွေ့သောအခါ သူ ချက်ချင်းပင် အော်လိုက်လေသည် “ရှောင်ချီ မင်းက ဒီမှာ ဘာလုပ်နေတာလဲ”
“ငါက ဒီမှာမရှိရဘူးလား မင်းကဘယ်သူလဲ” ရှောင်ချီသည် သိလျက်နှင့် ပြန်မေးလေသည်။
“ငါ…”
ရှောင်ချီသည် လက်ရမ်းကာ စကားဖြတ်လိုက်ပြီး “မင်း ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး၊ မြန်မြန် ထွက်သွားလိုက် မဟုတ်ရင် မင်းကိုလက်သီးစာကျွေးရလိမ့်မယ်”
ဟော်ဖန်သည် ရှက်သွားသော်လည်း ရှောင်ချီကို ကြောက်သဖြင့် ဘာမှမပြောရဲပေ။ သူခေါင်းငုံ့ကာ လှည့်ထွက်သွားလေသည်။
စိတ်တိုစရာကောင်းလောက်အောင် သူမအနားတွင် ဝေ့လည်လည်လုပ်နေသော ဟော်ဖန်သည် ရှောင်ချီတစ်ခွန်းပြောလိုက်သည်နှင့် ထွက်သွားသည်ကို ရှီမာယူယူ ကြည့်ပြီး နားမလည်စွာ မေးလိုက်သည် “ရှောင်ချီ သူက ဘာလို့မင်းစကားနားထောင်တာလဲ”
ရှောင်ချီလည်း မသိပေ “သူ့ကို ငါအရင်က ရိုက်ဖူးလို့နေမှာပေါ့ မမှတ်မိတော့ဘူး”
ရှောင်ချီသည် လူများကို ရိုက်လေ့ရှိသည်နှင့်တူသည်။
တကယ်တော့ ရှောင်ချီသည် သူ့ကိုတစ်ခါမှမမြင်ဖူးပေ။ သူ သူမစကားကိုနားထောင်ရသည့် တကယ့် အကြောင်းအရင်းမှာ သူသည် ရှောင်ချီ အဆင့်၂ရှိသော လူတစ်ယောက်ကို လွင့်သွားအောင် ထိုးလိုက်သည်ကို မြင်ဖူးခြင်းကြောင့်ဖြစ်သည်။ ဟော်ဖန်သည် အဆင့်၂နှင့်ပင် ပြိုင်ဘက်မဟုတ်ကာ အဆင့်၂ကို အလွယ်တကူ အနိုင်ရလိုက်သော ရှောင်ချီနှင့် မပြိုင်ရဲပေ။
“ယူယူ ဘယ်တော့သွားကြမှာလဲ” ရှောင်ချီသည် သူမလက်ကိုကိုင်ရင်း အားရပါးရပြုံးလေသည်။
နောက်ဆုံးတော့ သူမသည် အပြင်သွားရတော့မည်။ သူမ အလွန်ပျော်သည်။
“အထုတ်တွေထုပ်ပြီးတော့မယ် ဒါပေမဲ့ မသွားခင် ကျောင်းအုပ်ကြီးကိုသွားရှာရမယ်၊ မင်းကို ငါတို့နဲ့ ခေါ် သွားလို့ ရမရကိုမေးရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူသဘောတူပြီးသွားပြီ မေးစရာမလိုတော့ဘူး၊ ဒီအတိုင်းသွားလိုက်လို့ရတယ်” ရှောင်ချီ ပြောလိုက် သည်။
“ငါတို့သွားမယ်ဆိုတာ သူသိတယ်ပေါ့” ရှီမာယူယူ ကြောင်သွားသည်။ သူက နတ်ဆိုရင်တော့ မပြော တတ်ပေ။ သူ ဘယ်လိုသိသွားတာလဲ။
“ယူယူ ရှောင်ချီ့ကိုဆက်သွယ်တော့ သူ့အိမ်မှာရှိနေတာလေ၊ ယူယူ ရှောင်ချီ့ကိုလာရှာတာကို သူ အကုန်ကြားတယ်” ရှောင်ချီ ပြောလိုက်သည် “ရှောင်ချီ့ကို ကာကွယ်ဖို့ အဆောင်လေးတောင် ပေးလိုက်သေး တယ်”
“ဘာကာကွယ်ရေးအဆောင်လဲ”
ရှောင်ချီသည် သေတ္တာဖွင့်ပြီးကြည့်ရာ အထဲတွင် တစ်ခါသုံး ဖြတ်လမ်းတည်ဆောက်မှုရှိသည်ကို ရှီမာယူူယူ မြင်လိုက်ရသည်။ တည်ဆောက်မှုတွင် ရေးထားသော စာများမှာ အလွန်ရှုပ်ထွေးသဖြင့် ကြည့်လိုက် သည်နှင့် ကျွမ်းကျင်သူမှ လုပ်ထားသည်ကို သိနိုင်သည်။ အနည်းဆုံးတော့ သူမသည် ထိုကဲ့သို့ တစ်ခါသုံး ဖြတ်လမ်းတည်ဆောက်မှုကို မလုပ်နိုင်ပေ။
တစ်ခါသုံးဖြတ်လမ်းတည်ဆောက်မှု၏ အားသာချက်မှာ အသက်သွင်းလိုက်သည်နှင့် အချိန်တိုအတွင်း တွင် အဝေးသို့ခေါ်သွားနိုင်သည်။ ကျောင်းအုပ်ကြီးယွမ်သည် သူမ အသက်ကိုကာကွယ်ရန်အတွက် ထိုပစ္စည်း ကိုပေးခြင်းဖြစ်မည်။
ထိုအချိန်တွင်းတွင် ရှောင်ချီ၏ သရုပ်မှန်ကိုသိသည့်သူ များများစားစားမရှိသည်ကို သူသိသည်။ သူမကို ဖမ်းဖို့အတွက် လူများမှာလည်း နည်းနိုင်သည်။
“ဒီပစ္စည်းကိုသေချာသိမ်းထား အန္တရာယ်နဲ့တွေ့ရင် ဝိဉာဉ်စွမ်းအင်ထည့်လိုက်သိလား” ရှီမာယူယူသည် သေတ္တာကို ရှောင်ချီ့အားပြန်ပေးလိုက်သည်။
ရှောင်ချီသည် သေတ္တာကိုသိမ်းပြီး ပြောလိုက်သည် “အခုသွားလို့ရပြီလား”
“သူတို့ကိုစောင့်လိုက်ဦး သူတို့ပြီးတာနဲ့ သွားလို့ရပြီ”
ခဏအကြာတွင် အားလုံးသည် အိမ်သို့ရောက်လာသည်။ အားလုံးစုပြီးသည်နှင့် အတွင်းဂိုဏ်းမှ ဖြတ်လမ်းတည်ဆောက်မှုဆီသို့သွားကြလေသည်။
“ထပ်ထွက်ပြန်ပြီလား” ဖြတ်လမ်းတည်ဆောက်မှုကို စောင့်သော နှစ်ယောက်သည် သူမအား မှတ်မိနေ ပြီ။
“ဒီတစ်ခါတော့ မစ်ရှင်ကြောင့်သွားမှာ” ရှီမာယူယူ ပြောလိုက်သည်။
ရှီမာယူရွှီသည် မစ်ရှင်တံဆိပ်ပြားကိုပေးပြီး ကြည့်ခိုင်းသည်။ အစောင့် တစ်ယောက်သည် မြေပေါ်ရှိ တည်ဆောက်မှုကို ဝိဉာဉ်စွမ်းအင်ထည့်လိုက်ရာ အလင်းများထွက်လာသည် “ဒါက အလယ်ပိုင်းနယ်ပယ်ကို သွားတဲ့ တည်ဆောက်မှုပဲ၊ ဘယ်နေရာရောက်သွားမလဲဆိုတာတော့ မင်းတို့ကံပဲ”
ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် အံ့သြသွားသည်။ သူသည် ဝိဉာဉ်စွမ်းအင် သုံးကာ တည်ဆောက်မှု အပေါ်တွင် မျဉ်းဆွဲလိုက်သည်နှင့် တည်ဆောက်မှုသည် လုံးဝပြောင်းသွားသည်။
ရှီမာယူယူသည် အစောင့်များကိုကြည့်လိုက်သည်။ သူတို့က ဘယ်သူတွေလဲ။ အဲလောက် အားကောင်း တဲ့ တည်ဆောက်မှုခသ်ငတွေကို ဘာလို့အစောင့်အနေနဲ့လုပ်နေတာလဲ။
“သွားကြမယ်” ဘေဂုံထန်သည် သူမ အတွေးထဲနစ်မြောနေသည်ကို တွေ့သည်နှင့် ညင်သာစွာသတိ ပေးလိုက်သည်။
တည်ဆောက်မှုအပေါ်သို့ရောက်သည်နှင့် အသက်ဝင်လာသည်။ သူတို့အဖွဲ့ ပျောက်သွားသည်နှင့် ဆွဲ ထားသော မျဉ်းမှာလည်း ပျောက်သွားလေသည်။
“ဖြစ်သွားတဲ့သူ့မျက်နှာကိုမြင်လိုက်လား”
“မြင်တယ်၊ သူလည်း တည်ဆောက်မှုကို သိတယ်ထင်တယ်”
“ငါလည်းအဲလိုထင်တယ်၊ မင်းတည်ဆောက်မှုလုပ်တဲ့ပုံကိုကြည့်ပြီး မင်းလှုပ်ရှားမှုနောက်ကို သူ့လက်က မသိမသာလိုက်နေတာ၊ သူ လိုက်သင်နေတဲ့ပုံပဲ”
“ဒီကိုလာတဲ့ တည်ဆောက်မှုသခင်တွေ အများကြီးပဲ၊ သူတို့သာ တစ်ခုနှစ်ခု သင်သွားနိုင်ရင် သူတို့မှာ အရည်အချင်းရှိလို့ပဲ ငါတို့က ဘာမှရှက်စရာမရှိဘူး”
“ကျောင်းအုပ်ကြီးယွမ်ကလည်း အဲဒါကြောင့်ပဲ ငါတို့ကို ဒီမှာအစောင့်လုပ်ခိုင်းတာထင်တယ်”
“ဟားဟား အဲလူကြီးက ငါတို့ကို ဆရာလုပ်ခိုင်းလို့မရတော့ ဒီနည်းကိုသုံးပြီး တခြားသူတွေသင်လို့ရ အောင်လုပ်ထားတာပဲ”
“သူတို့ နည်းနည်းလောက်ပဲသင်လို့ရမှာပါ”
“ဒါဆို အဲကလေးက အချိန်ကိုကောင်းကောင်းအသုံးချသွားတာပဲ၊ ငါတို့လည်း သိပ်မကြာတော့ပါဘူး”
“ဟုတ်တယ် အချိန်ကုန်တာမြန်တယ်၊ မျက်စိတ်တစ်မှိတ်အတွင်းကို ၅နှစ် ၆နှစ်ပဲကျန်တော့တယ်”
“ငါတို့ ဒီမှာနေပြီး နေရောင်မမြင်ရတာ နှစ် ၅၀ရှိတော့မယ်၊ သူက အဲတုန်းက ငါတို့ကို ထောင်ချောက် ဆင်လိုက်တာကိုး”
“သူနဲ့ လောင်းဖို့ မင်းကိုဘယ်သူခိုင်းလို့လဲ၊ ငါတောင် မင်းကိုအဖော်လိုက်ပေးရတာ ဒီလောက်ကြာ သွားတယ်”
“ဟူး တကယ်တော့ ဒီမှာလည်း အကျိုးရှိပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေက ငါတို့ တော်တော်တိုးတက်လာတယ် မလား၊ ငါတို့ပြန်ရောက်ရင် ဒီထက်ပိုတိုးတက်နိုင်တာပဲ”
“ဖြစ်မှာပါ…”
ရှီမာယူယူတို့သည် ဖြတ်လမ်းတည်ဆောက်မှုအတွင်း အချိန်မည်မျှကြာသွားသည်ကို မသိတော့ပေ။ သူတို့ ထွက်လိုက်ချိန်တွင် အလယ်ပိုင်းနယ်မြေသို့ရောက်နေပြီဖြစ်သည်။
သူမသည် ပိတ်ထားသော လေဟာပြင်ကိုပြန်တွေးကာ ဖြတ်လမ်းတည်ဆောက်မှု၏ ချောမွေ့ပြီး ငြိမ်နေ ခြင်းကို ပဟေဋိဆန်တုန်းပင်။
ဒီတည်ဆောက်မှုကို စီမံတဲ့လူတွေက ဘယ်လောင်တောင် အားကောင်းတာလဲ။
***