← Chapters

စတင်ခြင်းနှင့် အဆုံးသတ်ခြင်း

Vol. 014 Ch. 1325

စတင်ခြင်းနှင့် အဆုံးသတ်ခြင်း

Vol. 014 Ch. 1325

မင်းသားကြီး၏ ခန္ဓာကိုယ်သည် လျှပ်တစ်ပြက်အတွင်း ထိုးဖောက် ခံလိုက်ရသည်။ ကြောက်မက်ဖွယ် အလင်းများက သူ့ထံမှ ထိုးထွက်လာပြီး သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ တောက်ပသည့် အလင်းများ အောက်တွင် သူ့ခန္ဓာသည် မည်သည့်အရာမှ မကျန်ရစ်သည် အထိ ကြေမွပျက်စီး သွားလေသည်။

ပထမဆုံး ဘုရင်ထန်တောက် အသတ်ခံရပြီး ယခု မင်းသားကြီးအလှည့် ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးသည် အသက်များကို ဆုံးရှုံး ခဲ့ကြရသည်။

ကောင်းခေါင်အပါအဝင် တာလီပြည်ထောင်သည် ထိပ်သီးပုဂ္ဂိုလ်သုံးဦး ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။

ထို့အပြင် သူတို့၏ နန်းတွင်း အကြံပေးက သူတို့နှစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

နန်းတော်တွင်းမှ များပြားလှသည့် လူများသည် နက်ရှိုင်းလှသည့် ကြောက်ရွံ့ တုန်လှုပ်မှုကို ခံစားနေကြရသည်။ မင်းသားများသည်ပင် ထိုသို့ ခံစားနေကြရသည်။

ဘုရင်ထန်တောက်၏ လူများ၊ မင်းသားကြီး၏ လူများအပါအဝင် လီတော်ဝင်မိသားစုများမှ လူများသည် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်း လာကြသည်။

တာလီမိသားစုသည် နန်းတွင်းအကြံပေး အိမ်တော်ကို ဆန့်ကျင်၍ နန်းတွင်းအကြံပေး ကျရှုံးစေရန် အမြဲ ကြိုးစားခဲ့ကြသည်။

“အတိတ်မှာတုန်းက မင်းတို့ အားလုံးက ကျုပ်ရဲ့ အိမ်တော်ကို ဝန်းရံတာမှာ ပါဝင်ခဲ့ကြတယ်” နန်းတွင်း အကြံပေးက ပြောလိုက်သည်။ ကောင်းကင်ထက်တွင် မဟာလမ်းစဉ်၏ နတ်ဘုရား ဝင်္ကပါတစ်ခု ပေါ်ပေါက် လာသည်။ ရှေးဟောင်းစာလုံးများသည် သူ့ဝန်းကျင်တွင် လွင့်မျောနေသည်။

“သူတို့ကို သတ်”

နန်းတွင်းအကြံပေး၏ မျက်လုံးများက အေးစက်နေသည်။ သူသည် ထိုသို့ ပြောလိုက်သည့် အခါတွင် နတ်အလင်းများက နေရာအနှံ့ကို ကျဆင်းလာပြီး လူတိုင်းကို ဖျက်ဆီး ပစ်တော့သည်။ မည်သူမှ အသက်ရှင်ကျန်ခြင်း မရှိပေ။

တာလီပြည်ထောင်ရှိ လူများအပေါ်တွင် နန်းတွင်းအကြံပေးသည် အလွန် ကြင်နာခဲ့သည်။ သူသည် များပြားလှသည့် အစွမ်းထက် နည်းစနစ်များကို သိရှိထားသော်လည်း ထိုနည်းလမ်းများကို သူတို့အပေါ်၌ အသုံးမပြုခဲ့ပေ။ မဟုတ်လျှင် တာလီပြည်ထောင်သည် အင်ပါယာရှားဘုံကို ဖျက်ဆီးနိုင်စွမ်း ရှိပေလိမ့်မည်။ နတ္ထိဘုံတိုက်ပွဲ၌ သူတို့ ရှုံးနိမ့်ရန် အကြောင်းမရှိပေ။

သို့သော် နန်းတွင်း အကြံပေးသည် သူ အသုံးပြုသည့် နည်းစနစ်များကို အမြဲတမ်း ဂရုတစိုက် ရှိလေသည်။ တော်ဝင်မိသားစု အားလုံးသည် နန်းတွင်းအကြံပေးက အလွန်တည်ငြိမ်နေပြီး ရန်သူများ၏ ရှေ့မှောက်၌ပင် ရက်စက်ခြင်း မရှိဟု တွေးတော ခဲ့ကြသည်။

ယခု နန်းတွင်းအကြံပေးသည် နောက်ဆုံး၌ စတင်သတ်ဖြတ်သည့် အခါ သူသည် အင်ပါယာရှားဘုံမှ လူများကို မသတ်ဖြတ် သော်လည်း တာလီပြည်ထောင်မှ လူများကိုတော့ သတ်ဖြတ်ခဲ့သည်။

သူသည် တာလီပြည်ထောင် အပေါ်တွင် အမြဲ သစ္စာစောင့်သိ ခဲ့သော်လည်း သူ၏ စွမ်းအားများ ဖျက်ဆီး ပစ်ခံခဲ့ရခြင်းနှင့်ပင် မလုံလောက်ခဲ့ပေ။ အင်ပါယာလီသည် နန်းတွင်း အကြံပေး အိမ်တော်ကို ဆက်လက် ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ ယခုတွင် အင်ပါယာရှားဘုံမှ လူများက သူ့ကို ကယ်တင်ရန် ရောက်လာသည့် အခါ အင်ပါယာလီသည် သူ၏ အသက်ကို အသုံးပြု၍ ရီဖူရှင်းကို ခြိမ်းခြောက်ခဲ့သည်။ သူသည် ရီဖူရှင်းကို သူ့အစား သေပေးရန်ပင် တောင်းဆိုခဲ့သည်။

ထိုသည်က သူ့အား အပြီးတိုင် မျှော်လင့်ချက် ကင်းမဲ့သွားစေရန် ပြုလုပ်ခဲ့သည်။ ယခုချိန်မှစကာ သူသည် တာလီပြည်ထောင် အပေါ်တွင် မည်သည့် အကြွေးမှ တင်ရှိ မနေတော့ပေ။ သူသည်လည်း သည်ထက်ပို၍ နန်းတွင်းအကြံပေး ဖြစ်လိမ့်မည် မဟုတ်တော့ပေ။

သူသည် သူတို့ အပေါ်၌ မည်သည့် အကြွေးမှ တင်နေခြင်းမရှိသည့်အတွက် ပြန်ပေးဆပ် စေရမည့် အချိန်ပင် ဖြစ်သည်။

တာလီပြည်ထောင်မှ လူများက သူ့ကို သစ္စာဖောက်သည်ဟု ဆိုလျှင် ထိုအတိုင်းပင် သတ်မှတ် နိုင်သည်။

“ချင်ရွှမ်ကန်း”

ကောင်းကင်ထက်မှ ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာသည်။ လောကကြီးသည် တုန်ခါသွားပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အလင်းများ ကျဆင်းလာသည်။

နန်းတွင်းအကြံပေးသည် မော့ကြည့်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် ကောင်းကင်ဘုံ မဟာလမ်းစဉ်ကို အသုံးပြုကာ ကျဆင်းလာသည့် ဖျက်ဆီးခြင်း အလင်းများကို ဟန့်တား လိုက်သည်။ ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာကာ သူ့လက်သီးက ဖျက်ဆီး ခံလိုက်ရသော်လည်း နန်းတွင်း အကြံပေးသည် အန္တရာယ်မရှိခဲ့ပေ။ အင်ပါယာလီပင်လျှင် သူ့အား သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ချေ။

“ခင်ဗျားက ကိုယ့်ရွေးချယ်မှုကိုယ် လုပ်ပြီးနေမှာတော့ အရှင်မင်းကြီးမှာ ဒေါသထွက်ဖို့ အခွင့်အရေး မရှိတော့ဘူး” နန်းတွင်းအကြံပေးက ကောင်းကင်သို့ ကြည့်ကာ ပြောလိုက်သည်။ ချင်ရွှမ်ကန်းသည် သူ၏ အမည်အရင်း ဖြစ်သည်။ လူအချို့သာလျှင် ထိုအမည်အား သိရှိပေသည်။ လောကကြီးရှိ လူအားလုံးသည် သူ့ကို နန်းတွင်း အကြံပေးဟုသာ ခေါ်ကြပေသည်။ သို့သော် အင်ပါယာလီသည် သူ့၏ အမည်အရင်းကို သိရှိပေသည်။

အင်ပါယာလီသည် ရီဖူရှင်းကို သတ်ဖြတ်လိုပြီး သူ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။ ထိုသည်က သူ၏ ဆုံးဖြတ်ချက် ဖြစ်သည်။ ထိုအချိန်တွင် သူက ဆုံးဖြတ်ချက် ချခဲ့ပြီးဖြစ်၍ မည်သည်မှ ပြောင်းလဲတော့မည် မဟုတ်ပေ။ ကံကြမ္မာက သတ်မှတ်ထားခဲ့ပြီး ဖြစ်သည်။ ဒေါသနှင့် နောင်တက မည်သည့် အဓိပ္ပာယ်မှ ရှိလိမ့်မည် မဟုတ်ပေ။

သူသည် အတိတ်ကာလတွင် ရီဖူရှင်းအား လွှတ်ပေးခဲ့ခြင်းကို နောင်တရခဲ့ခြင်းမရှိပေ။ သူသည် ရန်ယွင်နှင့် အခြားလူများ ရှင်သန်နိုင်ရန် အတွက် ကိုယ့်ကျင့်ကြံဆင့်ကို ကိုယ်ဖျက်ဆီး ပစ်ခဲ့ရခြင်းကိုလည်း နောင်တ မရခဲ့ပေ။

ယခု သူသည် တာလီပြည်ထောင်မှ လူများအား စတင် သတ်ဖြတ်ခဲ့ပြီ ဖြစ်သည်။ တလောကလုံးရှိ လူများက သူ ထိုသို့ လုပ်ဆောင်ခဲ့သည့် အတွက် စက်ဆုပ်ရွံရှာခဲ့လျှင်ပင် သူ နောင်တရမည် မဟုတ်ပေ။

ထိုသည်က သူ၏ ရွေးချယ်မှု ဖြစ်သည်။

နောက်ထပ် တိုက်ခိုက်မှုတစ်ခု ကျဆင်းလာပြီး များပြားလှသည့် လူများသည် နေရာတွင်ပင် အသတ်ခံ လိုက်ကြရသည်။

“နန်းတွင်းအကြံပေး” ထိုအခိုက်တွင် လီစွမ်းသည် ရှေ့သို့ တက်လာခဲ့သည်။ သူသည် လေထဲသို့ လှမ်းလာကာ နန်းတွင်း အကြံပေး၏ ရှေ့တွင် ရပ်လိုက်၏။

သူနှင့် လီယောင်သည် တစ်ချိန်က နန်းတွင်း အကြံပေးနှင့် ရင်းနှီးခဲ့ပြီး သူ့ လက်အောက်တွင် ပညာသင်ယူရန် ဆန္ဒရှိခဲ့ကြသည်။

“တာလီပြည်ထောင်က ခင်ဗျားအပေါ်မှာ အရှက်မရှိ ဆက်ဆံခဲ့မ်ပါတယ်။ ဒါပေမဲ့ ဒါက ခင်ဗျား ဖြစ်စေချင်တဲ့ အရာဆိုတာ သေချာရဲ့လား” လီစွမ်းက မေးလိုက်သည်။

“နန်းတွင်းအကြံပေး” ဘုရင်ခံလီနှင့် အချို့သော လူများသည်လည်း ရှေ့သို့ တက်လာကြသည်။ သူတို့သည် ဥဒေါင်း အင်ပါယာက ကူညီ၍ အင်ပါယာလီ၏ တိုက်ခိုက်မှုကို တားဆီးပေးနေသည့် အတွက် သူ့တို့ကို ချေမှုန်းရန် အင်ပါယာရှား၏ လူများ လှုပ်ရှားရန်ပင် မလိုအပ်သည်ကို သိရှိကြသည်။

နန်းတွင်းအကြံပေးက ယနေ့တွင် ဤကဲ့သို့ ဖြစ်နေသည့်အခါ သူ့ကို မည်သူမှ တားဆီး၍ ရနိုင်မည် မဟုတ်ပေ။

“နန်းတွင်းအကြံပေး” မြေပေါ်ရှိ လူအချို့သည် ဒူးထောက် လိုက်ကြသည်။ သူတို့သည် ကောင်းကင်ထက်မှ ပုံရိပ်ကို မော့ကြည့်လိုက်ပြီး ထောက်ထား ညှာတာ ပေးပါရန် တောင်းပန်နေကြသည်။

ထိုသူများ အားလုံးကို ကြည့်ပြီး နန်းတွင်း အကြံပေးသည် ကြိတ်ကာ သက်ပြင်းချလိုက်၏။

သူသည် နှလုံးသားအတွင်း၌ အလွန်ပင် ခါးသီးနေသော်လည်း သူက တာလီပြည်ထောင်တွင် အချိန် ကြာမြင့်စွာ နေထိုင်လာခဲ့ပြီး များပြားလှသည့် လူငယ်လေးများကို လေ့ကျင့် သင်ကြားပေးခဲ့သည်။

ထို့အပြင် ထိုမင်းသားများသည် သူ့အပေါ်တွင် မည်သည့်အမှားမျှ မလုပ်ခဲ့ကြပေ။

အတိတ်ကာလတွင် အင်ပါယာလီသည် သူ့အပေါ် ကောင်းကောင်း ဆက်ဆံခဲ့သည်။ မဟုတ်လျှင် သူသည် တာလီပြည်ထောင်၌ သူ လုပ်ဆောင်ချင်သမျှကို အကောင်အထည် ဖော်နိုင်ခဲ့မည် မဟုတ်ပေ။

သူသည် တဖန် သက်ပြင်း ကြိတ်ချလိုက်ပြီးနောက် ပြန်လှည့်ကာ ရီဖူရှင်းဆီသို့ လျှောက်သွားခဲ့သည်။

ရီဖူရှင်းသည် သူ့ဆီ လာနေသည်ကို ကြည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။ “သွားရအောင်၊ ဆရာ”

ဥဒေါင်း အင်ပါယာသည် အင်ပါယာလီနှင့် တိုက်ခိုက်ခြင်းမရှိဘဲ အင်ပါယာလီမှ ဒေါသမှ ကာကွယ် ပေးထားခြင်းသာ ဖြစ်သည်။ သူသည် အင်ပါယာလီကို သတ်ရန် အင်ပါယာရှားအား ကူညီပေးခဲ့ခြင်း မရှိပေ။ သူတို့က သူ့ကို သတ်နိုင်လျှင် ကောင်းမည် ဖြစ်သော်လည်း သူတို့ မသတ်နိုင်ခဲ့လျှင် မည်သို့ လုပ်မည်နည်း။

အင်ပါယာလီသည် ဒေါသတကြီးဖြင့် အင်ပါယာရှားဘုံနှင့် ဥဒေါင်း အင်ပါယာဘုံမှ လူများကို သတ်ဖြတ် ပစ်နိုင်ပေသည်။ အင်ပါယာရှားနှင့် ဥဒေါင်းအင်ပါယာက သူ့ကို တရားသေ စောင့်ကြည့် နေနိုင်မည်လား။

သူတို့ စောင့်ကြည့်နေနိုင်လျှင်ပင် သူတို့ကို ရပ်တန့်နိုင်ပါမည်လား။

ထို့ကြောင့် သူတို့သည် တာလီပြည်ထောင်အား အမှန်တကယ် ဖျက်ဆီးပစ်နိုင်ခြင်း မရှိပေ။ အခြေခံ သဘောတရားအရ အင်ပါယာ သုံးဦးကြားမှ ဤတိုက်ပွဲသည် မည်သည့် စည်းမျဉ်းကိုမှ မချိုးဖောက်ခဲ့သည် ဖြစ်ရာ ဤနေရာ၌ ရပ်တန့်လိုက်၍ ဖြစ်နိုင်ပေသည်။

ဤသည်က တာလီပြည်ထောင် အတွက် ဆိုးဝါးလှသည့် ရှုံးနိမ့်ခြင်း ဖြစ်သည်။ အင်ပါယာလီသည် ရက်စက် ပြတ်သားသည့် သဘောထားကို ပြသခဲ့သော်လည်း ထိုအရာအားလုံးသည် ရီဖူရှင်းအား သတ်ဖြတ်ရန် ရည်ရွယ်ခဲ့ခြင်းသာ ဖြစ်၏။ သို့သော် သူသည် နှစ်ဖက်လုံးကို ဖျက်ဆီးပစ်ရန် ကြိုးစား ရလောက်အောင် အသည်းမာခြင်း မရှိခဲ့။

“အင်း” နန်းတွင်းအကြံပေးက ခေါင်းညိတ် လိုက်သည်။ တစ်ချိန်က အားနည်းနေသော အရှိန်အဝါရှိသည့် သူသည် ရီဖူရှင်းထံသို့ လျှောက်သွားခဲ့ပြီး အင်ပါယာရှား၏ အဖွဲ့ဘက်သို့ ပြန်သွားခဲ့သည်။

“စစ်တပ်ကို ပြန်ဆုတ်” ရီဖူရှင်းက ပြောလိုက်သည်။ အင်ပါယာရှား၏ ကြီးမားလှသော စစ်တပ်ကြီးသည် ဦးတည်ရာ အသီးသီးသို့ စတင် ဖြန့်ကြက် သွားလိုက်သည်။

တာလီပြည်ထောင်၏ မည်သည့် တန်ခိုးရှင်ကမှ သူတို့ကို မတားဆီးရဲခဲ့ပေ။

သူတို့သည် ထိပ်သီးတန်ခိုးရှင် သုံးယောက်ကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ယခု သူတို့ထံ၌ နန်းတွင်း အကြံပေး၊ မင်းသားကြီး၊ ဘုရင်ထန်တောက်ဆိုသည်မှာ ပျောက်ကွယ် သွားခဲ့ရပြီ ဖြစ်သည်။ သူတို့သည် များပြားလှသည့် အင်အားများ ပျောက်ဆုံး သွားခဲ့သည်။ သူတို့သည် ပြန်လည် ကောင်းမွန်လာရန် ကာလများစွာ ရှည်ကြာမည် ဖြစ်ပြီး သူတို့သည် အင်ပါယာရှားဘုံကို တဖန် ထပ်၍ စိန်ခေါ်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

အနည်းဆုံးတော့ သူတို့သည် ထိုကဲ့သို့ အချိန်ကာလကြာမြင့်စွာ ရင်ဆိုင်ရမည် ဖြစ်သည်။

အနာဂတ် အတွက်ကတော့.....

ကောင်းကင်ထက်တွင် တိုက်ပွဲကြီးသည် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်၏။ ကြည့်ရသည်မှာ ကောင်းကင်က ပျက်စီး၍ မြေကြီးက ကွဲကြေသွားတော့ မတတ်ပင် ဖြစ်သည်။

အင်ပါယာရှားဘုံ၏ မဟာစစ်တပ် တပ်ကြောင်းဖြန့် ပြန်သွားသည့်အခါ အင်ပါယာရှား၏ အသံက လေထုကို ဖြတ်၍ ထွက်ပေါ်လာသည်။ “ခင်ဗျားက ဆက်တိုက်ချင်စိတ်ရှိသေးတာလား အင်ပါယာလီ”

သူသည် ထိုသို့ ပြောလိုက်ပြီး ဖျက်ဆီးခြင်း နတ်ဘုရား ကပ်ဆိုးအလင်းများက ကောင်းကင်မှ ကျဆင်းလာကာ ပုံရိပ်နှစ်ခုကို ဖြေးညင်းစွာ လွင့်စဉ် ကျသွားစေသည်။ ဥဒေါင်း အင်ပါယာသည် သူ၏ မူလနေရာသို့ ပြန်ရောက်သွားခဲ့ပြီး ခွန်ရွှမ်၏ ဘေး၌ ပြန်ရပ်လိုက်သည်။

အင်ပါယာလီသည် အင်ပါယာရှားထံသို့ အေးစက်သော အကြည့်များ ပို့လွှတ်လိုက်၏။ ထို့နောက် သူသည် တာလီ ပြည်ထောင်အတွင်းရှိ အခြေအနေကို ကြည့်လိုက်သည်။ အမှန်တော့ သူသည် အခြေအနေကို အစကတည်းက မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

နန်းတွင်းအကြံပေးက ဤကဲ့သို့ သူ၏ စိတ်အခြေအနေကို ချိုးဖျက်၍ နောက်တစ်ဆင့်သို့ ရောက်ရှိ သွားမည်ဟု သူ မည်သို့ မှန်းဆနိုင်ပါမည်နည်း။

ကြည့်ရသည်မှာ သူက အစောကြီးကတည်းက ရန်ဟောင် အဆင့်သို့ ရောက်ရှိရန် တံခါးဝတွင် ရောက်ရှိနေခဲ့ပြီး ဖြစ်ပုံရသည်။

နန်းတွင်း အကြံပေးသည် ရီဖူရှင်း၏ တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်သည်။ မဟုတ်လျှင် သူသည် တိုက်ခိုက်ရန် စစ်တပ်များ ဦးဆောင် လာလိမ့်မည် မဟုတ်ပေ။ ထို့အပြင် စစ်တပ်များ ပြန်ဆုတ်ခွာ သွားခဲ့ပြီး သူသည် ဤရန်ငြိုးများကို မေ့ပစ်ပါမည်ဟု ကတိပေးခဲ့သေးသည်။

ယခုရော မည်သို့ ဖြစ်သွားမည်နည်း။

နန်းတွင်းအကြံပေးက ထွက်ခွာသွားရုံသာမကဘဲ သူသည် စွမ်းအား အကန့်အသတ်ကိုပင် ရောက်ရှိ သွားခဲ့သည်။

တာလီ ပြည်ထောင်သည် ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင် သုံးယောက်ကို ဆုံးရှုံးခဲ့ရသည်။

အခြားထက်ပို၍ ရီဖူရှင်း၏ ယခင်သဘော တူညီချက်သည် အကျုံးဝင်ခြင်း မရှိတော့ပေ။ သူသည် အနာဂတ်၌ ထပ်၍ လာရောက် နိုင်သေးပေသည်။

ရီဖူရှင်းသာ သူတို့ကို ခြိမ်းခြောက်နိုင်မည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပါက သူက အင်ပါယာလီကို အလွတ် ပေးလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းက ယနေ့တွင် အင်ပါယာလီ၏ လူများအား သတ်ဖြတ်ခြင်း မပြုသည်မှာ ရန်ဟောင်အဆင့် အင်ပါယာနှင့် ရင်ဆိုင်ဖို့ရာ ယုံကြည်မှု မရှိသေး၍ ဖြစ်နိုင်သည်။

အင်ပါယာလီသည် ပြန်လည် ဆင်းသက်လာသည်။ သူသည် နန်းတော်သို့ ဦးတည် လျှောက်သွားခဲ့သည်။

သူသည် ဤကဲ့သို့ ဆိုးရွားစွာ ရှုံးနိမ့်ခြင်းအား ကြုံတွေ့ခဲ့ရသော်လည်း သူ့ကို ကြည့်ရသည်မှာ တည်ငြိမ်နေပေသည်။

သူသည် ဒေါသ ဖောက်ခွဲခြင်းပင် မပြုခဲ့သလို မည်သည့် ဒေါသစကားကိုမှလည်း မဆိုခဲ့ပေ။

ဤသည်မှာ ကိစ္စများကို အဆုံးသတ်ရာလမ်း ဖြစ်တာကြောင့် သူက မည်သည့်အရာကိုပဲ လုပ်ဆောင် နေပါစေ အဓိပ္ပာယ်မဲ့လိမ့်မည် ဖြစ်သည်။

သူသည် ဤကစားပွဲ၌ အစကတည်းက ရှုံးနိမ့်ခဲ့ပေသည်။ ထိုသို့ ဖြစ်ပွားသွားသော်လည်း သူ မှားယွင်းခဲ့သည်ဟု အတွေးမရှိပေ။ သူ့တွင် ရှုံးနိမ့်မည့် ကံကြမ္မာရှိနေခဲ့ခြင်းသာ ဖြစ်သည်။

သူသည် ရီဖူရှင်း ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်သည်အား အလောင်းအစား လုပ်ကာ သူ့ကို ခြေလှမ်းတိုင်း ခက်ခဲစေရန် ဖိအားပေးခဲ့သည်။ သူသည် အလောင်းအစားကို သဘောတူညီ လိုက်စဉ်တွင် အရာအားလုံး သုံး၍ ရီဖူရှင်းအား သတ်ဖြတ်ရန် ပြင်ဆင်ခဲ့သည်။

သို့သော် နန်းတွင်းအကြံပေးသည် ပြန်လည် ကောင်းမွန်လာခဲ့သည်။

ထို့ကြောင့်ပင် သူက ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် သူသည် ရီဖူရှင်းကိုတော့ မရှုံးနိမ့်ခဲ့ပေ။

သူက ရှုံးနိမ့်ခဲ့လျှင်ပင် သူ၏ တည်ငြိမ်မှုကို ပျောက်ဆုံးကာ ဒေါသထွက်ခြင်းမျိုး မရှိခဲ့ပေ။ သူသည် ရန်ဟောင်အဆင့် ဖြစ်သည့်အတွက် သူ၏ စိတ်အခြေအနေက မဆိုးလှပေ။

သို့ပေမယ့် ယခု အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ ကိစ္စအားလုံးသည် အဆုံးသတ်သို့ ရောက်ရှိ လာခဲ့သော်လည်း ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပေ။

ယခုသူသည် အနာဂတ်အတွက် စဉ်းစားသင့်ပေသည်။

အင်ပါယာရှားသည် အင်ပါယာလီက ရီဖူရှင်းအား ခြိမ်းခြောက်ရုံမျှသာ ဖြစ်သည်ကို သိရှိပေသည်။ အမှန်တွင် သူသည် ဒေါသဖြင့် ပေါက်ကွဲခြင်းမျိုး ရှိလိမ့်မည် မဟုတ်ပေ။ သူသည် မည်သူက အရင် ကျဆုံးမည်ကို စောင့်ကြည့်နေလိမ့်မည် ဖြစ်၏။

သူသည် မော့ကြည့်ကာ ဥဒေါင်းအင်ပါယာကို ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် သူတို့ နှစ်ယောက်သည် မတူကွဲပြားသည့် အရပ်မျက်နှာများသို့ ထွက်ခွာ သွားတော့၏။ သူတို့သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ် သွားသည်မှာ သူတို့ မည်သည့်အခါကမှ ရောက်မလာဖူး သကဲ့သို့ပင် ဖြစ်သည်။

တာလီတော်ဝင်နန်းတော် အတွင်းရှိ အရာအားလုံးသည် ပျက်စီးနေခဲ့သည်။

တာလီပြည်ထောင်သည် ယခုနေ့အား မည်သည့်အခါမှ မေ့ပျောက် သွားလိမ့်မည် မဟုတ်ပေ။

အင်ပါယာလီမြို့ တစ်လျှောက် မရေတွက်နိုင်သည့် လူများသည် အထိတ်တလန့် ရပ်နေကြပြီး ပျောက်ကွယ် သွားသည့် ပုံရိပ်များကို မော့ကြည့်နေကြသည်။

ကျော်ကြားလှသည့် နန်းတွင်း အကြံပေးသည် ယခုအခါတွင် အဝေးသို့ ထွက်ခွာသွားပြီ ဖြစ်၏။ ယခင် အဖြစ်အပျက် ပြီးနောက် သူသည် တာလီပြည်ထောင် သမိုင်းတွင် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားမည် ဖြစ်သော်လည်း သူသည် တာလီနန်းတွင်းတွင် ကျန်ရှိနေဦးမည် ဖြစ်သည်။

သို့သော် ယခုတွင် တာလီပြည်ထောင်သည် သူ့ကို ထာဝရဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

သူသည် တိုင်းပြည်၏ ဂုဏ်သရေ မြင့်မားအောင် ဆောင်ကြဉ်းခဲ့သည်။ သူက ထွက်ခွာသွားလျှင်ပင် မည်သည့်အခါမှ မေ့ပျောက် နိုင်လိမ့်မည် မဟုတ်ပေ။

ယခု တာလီပြည်ထောင်သည် အင်ပါယာရှားဘုံကို တိုက်ခိုက်ရန် မည်သည့် အင်အားကို အသုံးပြုနိုင်မည်နည်း။

သူတို့သည် နတ္ထိဘုံကို ဆုံးရှုံးခဲ့ရပြီး နောက်အနာဂတ်တွင်လည်း သူတို့သည် ဆက်လက် ရှုံးနိမ့်ရမည်ပင် ဖြစ်နိုင်သည်။

နန်းတွင်း အကြံပေးအပြင် တာလီပြည်ထောင်မှ လူများ မည်သည့်အခါမှ မမေ့ပျောက်နိုင်မည့် အမည်တစ်ခု ရှိနေပေသေးသည်။

ရီဖူရှင်း။

အရာအားလုံးသည် သူ့ကြောင့်ပင် စတင်ခဲ့သည်။

သို့သော် မည်သူက သူ့အား အပြစ်တင်နိုင်မည်နည်း။

အစကတည်းက အရာအားလုံးသည် တာလီပြည်ထောင်၏ မင်းသား လီယောင်ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

သူ တစ်ချိန်က ပုရွက်ဆိတ်တစ်ကောင် အလား လွယ်ကူစွာ နင်းခြေနိုင်မည်ဟု ထင်မှတ်ခဲ့သည့် လူက သူ၏ အသက်ကိုပင် မဟုတ်ဘဲ ယခုအခါတွင် တာလီ ပြည်ထောင်၏ အကျော်ကြား အထင်ရှားဆုံး ပုဂ္ဂိုလ်ကိုပါ ခေါ်ဆောင် သွားခဲ့သည်။

မည်သူက ထိုသို့ မှန်းဆ နိုင်ခဲ့မည်နည်း။

လီယောင်သာ အသက်ရှင်လျက် ရှိနေသေးလျှင် ယနေ့ တိုက်ပွဲကို ကြုံတွေ့ရပါက မည်သို့ တွေးလိမ့်မည်နည်း။

***

တာလီပြည်ထောင်နှင့် ယှဉ်လျှင် အင်ပါယာရှားဘုံသည် တောက်ပသည့် အောင်မြင်မှုကို ရရှိခဲ့သည်။

ဆယ်ခုသော စစ်တပ်များသည် ဖြန့်ခွဲကာ သက်ဆိုင်ရာ နယ်မြေများသို့ ပြန်သွားခဲ့ကြ၏။ သူတို့သည် တာလီ ပြည်ထောင်ကို တိုက်ခိုက်ရန် ဝန်းရံ ထားခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် တာလီပြည်ထောင်မှ နန်းတွင်းအကြံပေးကို အင်ပါယာရှားဘုံသို့ ခေါ်ဆောင် လာနိုင်ခဲ့ပြီး ဘုရင်ထန်တောက် အပါအဝင် တာလီ၏ ထိပ်တန်း ပုဂ္ဂိုလ်သုံးဦးကို သတ်ဖြတ်နိုင်ခဲ့သည်။ ထို့အပြင် အင်ပါယာရှားဘုံသာ ဤအောင်မြင်မှုအတွက် ပေးဆပ်ရမှု အနည်းငယ်သာ ရှိပေသည်။

ဤ ဂုဏ်သရေကြီးသော အောင်မြင်မှုသည် အင်ပါယာရှားဘုံ တစ်ခွင်ကို လှိုင်းထစေခဲ့သည်။ ယခုမှ စကာ တာလီပြည်ထောင်သည် သူတို့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

ရီဖူရှင်း၏ ကျော်ကြားမှုသည်လည်း ပို၍ တောက်ပလာခဲ့သည်။

သူ၏ ကျော်ကြားမှုသည် အင်ပါယာရှားဘုံ၏ မင်းသမီး ရှားရှင်းယွန်ထက်ပင် ပိုမိုခဲ့သည်။ လူအများ၏ အမြင်အရ ရီဖူရှင်းနှင့် မင်းသမီးသည် ခွဲခြား၍ မရနိုင်ပေ။

ထိုတိုက်ပွဲသည် ရီဖူရှင်းက တစ်ချိန်၌ အင်ပါယာရှားဘုံ၏ အုပ်ချုပ်သူ ဖြစ်လာနိုင်သည် ဟူသော အတွေးကို ပိုမိုခိုင်မာ စေသည်။

အင်ပါယာရှားနန်းတော် အတွင်းတွင် မဟာစစ်တပ်ကြီးသည် သူတို့၏ နေရပ်သို့ ပြန်သွား ခဲ့ကြသော်လည်း ထိပ်တန်း ပုဂ္ဂိုလ်များသည်တော့ စုဝေးကျန်ရစ်ခဲ့သည်။

ရီဖူရှင်းသည် သူ့ကိုယ်သူ ကုသရန် ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။ သူ ပြန်ကောင်းလာရန်မှာ အချိန်ကာလ အတော်ကြာမြင့်မည် ဖြစ်သည်။

နန်းဆောင် အတွင်းတွင် ရန်ယွင်၊ ဆရာနန်းကျိုင်း၊ မုချွန်းယန်၊ လုချွန်နှင့် ဖေးရွီတို့သည် နန်းတွင်းအကြံပေး ရှေ့တွင် ရပ်နေခဲ့သည်။

“ဆရာ” ရန်ယွင်နှင့် အခြားလူများက ခေါ်လိုက်သည်။ သူတို့ အားလုံးသည် ပြုံးနေပြီး ငယ်ရွယ် နုသစ်မှုတို့ဖြင့် တောက်ပနေခဲ့သည်။

ဖေးရွီသည် ရှေ့သို့ လျှောက်လာပြီး ပြုံးလိုက်သည်။ မျက်ရည်များက သူမ၏ ပါးပြင်ပေါ်သို့ စီးကျလာ၏။ သူမသာ် သူမ၏ အဖေလက်ကို ကိုင်လိုက်ပြီးနောက် သူ့ကို ဖက်လိုက်သည်။

“အဖေ” သူမက ပြောလိုက်သည်။ နန်းတွင်းအကြံပေးသည် သူမကို ညင်သာစွာ ဖက်ထားလိုက်ပြီး သူ၏ နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ ဖြတ်သန်းနေသည်။

သူသည် ပြန်လည် မွေးဖွားလာသည်ဟု ထင်မှတ်ရသည်။

ရန်ယွင်နှင့် အခြားလူများသည် ထိုသည်ကို မြင်သည့်အခါ သူတို့၏ အပြုံးများက ပို၍ တောက်ပ လာခဲ့သည်။ သူတို့သည် ကြိတ်ကာ သက်ပြင်းချလိုက်ကြသည်။ ရီဖူရှင်းက သူတို့ကို မလိမ်ခဲ့ပေ။ သူက တကယ်ပင် သူတို့၏ ဆရာကို ပြန်ခေါ်လာနိုင်ခဲ့သည်။

ကိစ္စရပ်များသည် သူ့ကြောင့်ပင် စတင်ခဲ့ပြီး သူ့ကြောင့်ပင် အဆုံးသတ်ခဲ့ရသည်။

လအနည်းငယ်ကြာပြီးနောက် တာလီပြည်ထောင်နှင့် စစ်ပွဲသတင်းက အင်ပါယာရှားဘုံ တစ်ခွင်ကို ပျံ့နှံ့သွားခဲ့သည်။

သို့သော် အင်ပါယာရှားဘုံနှင့် သူတို့အကြားတွင် မည်သည့် ပဋိပက္ခများ ရှိသည့်အတွက် အင်ပါယာရှားဘုံက အလျှော့ပေးခဲ့ခြင်း ဖြစ်သည်ကို မည်သူကမှ စုံစမ်းနိုင်စွမ်း မရှိခဲ့ပေ။ သူတို့သည် အင်ပါယာရှားဘုံကို ခုခံကာကွယ်ရန် အခြားရွေးချယ်ဖို့ရာ နည်းလမ်း မရှိတော့သည်လား။

အင်ပါယာလီသည် ကမ္ဘာတုန်လှုပ်စေမည့် လှုပ်ရှားမှုများ မလုပ်ဆောင်ခဲ့ပေ။ နောက်ဆုံးတွင် သူတို့သည် ဆိုးရွားစွာ ရှုံးနိမ့်မှုကို ခံစားရခဲ့သော်လည်း သူတို့၏ စွမ်းအား အုတ်မြစ်က ရှိနေဆဲပင် ဖြစ်သည်။ တော်ဝင်မိသားစုနှင့် သူတို့၏ မျိုးဆက်များမှာ အသက်ရှင်နေဆဲပင် ဖြစ်၏။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ စည်းမျဉ်းများကို ချိုးဖောက်ကာ အင်ပါယာရှား၏ လူများကို တိုက်ခိုက်ရန် ဖြစ်နိုင်သည်။ သို့သော် သူ ထိုသို့ လုပ်ခဲ့ပါက အသက်နှင့် ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

သိသာစွာပင် အင်ပါယာလီသည် ကြမ်းတမ်း ရမ်းကားခြင်း မရှိခဲ့ပေ။

ရီဖူရှင်းသည် ပြန်လည် ကောင်းမွန်လာပြီး ချင်ရွှမ်ကန်းသည်လည်း တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံ နေသည်။ အဆုံးမှာတော့ သူ၏ စွမ်းအားများက တစ်ကြိမ် ဖျက်ဆီးခံထားရပြီး သူ၏ ခန္ဓာကိုယ်သည်လည်း အကြွင်းမဲ့ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးပေ။ သူသည် တစ်ချိန်ကလို ပြန်လည် ကောင်းမွန် သက်သာ လာစေရန် သူ၏ စွမ်းအားများကို သန့်စင်စေရန် လိုအပ်သည်။

တစ်နေ့တွင် လူတိုင်းသည် အင်ပါယာရှားကို သွားရောက် ဂါရဂပြု ကြသည်။

တာလီပြည်ထောင်နှင့် စစ်ပွဲတွင် နန်းတွင်းအကြံပေး ချင်ရွှမ်ကန်းနှင့် ရီဖူရှင်းက ကျော်ကြားသော်လည်း သူတို့သည် အင်ပါယာရှားကို ကျေးဇူး တင်သင့်သည်အား သိရှိပေသည်။ ထပ်ပြောရလျှင် ရီဖူရှင်းသည် ဥဒေါင်းအင်ပါယာအပေါ်တွင် ကျေးဇူးကြွေးတင်ရှိနေသေးပေသည်။

ရီဖူရှင်း နှင့် အခြားလူများသည် အင်ပါယာရှား နန်းတော်သို့ ရောက်ရှိသောအခါ အင်ပါယာကို ဦးညွှတ် ဂါရဝ ပြုလိုက်ကြသည်။ “အရှင်မင်းကြီး”

အင်ပါယာရှားနှင့် ဧကရီရှောင်သည် ထိုနေရာတွင် ထိုင်နေသည်။ အင်ပါယာရှားသည် ရီဖူရှင်းနှင့် ချင်ရွှမ်ကန်းကို ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ ပြန်သက်သာ လာကြပြီလား”

“အဆိုးဆုံးကနေတော့ ကျော်လွှားနိုင်ပါပြီ” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “စိတ်မပူလို့ ရပါပြီ အရှင်မင်းကြီး”

“ကျုပ် အသက်ကို ကယ်တင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ပြီးတော့ ကျုပ်ရဲ့ အိမ်သားတွေ အတွက်ရောပါ” ချင်ရွှမ်ကန်းက ပြောလိုက်သည်။

အင်ပါယာရှားသည် ကိုယ်တိုင် လာရောက်၍ နန်းတွင်း အကြံပေး အိမ်တော်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည်။

“အဲဒါက ရီဖူရှင်းကို ကျေးဇူး တင်သင့်တယ်။ သူ့ကြောင့်သာ မဟုတ်ရင် ကျုပ်လည်း အဲဒီလို လုပ်ခဲ့မှာ မဟုတ်ဘူး” အင်ပါယာရှားက အပြုံးနှင့် ပြောလိုက်သည်။ “ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အကြွေးတင်သလို ခံစားမနေသင့်ဘူး ဆိုပေမယ့်လည်း ဆန္ဒရှိရင် ကျုပ်ရဲ့ တိုင်းပြည်မှာ အမှုထမ်းဖို့ ဆုံးဖြတ်သင့်တယ်။ ဘယ်လို သဘောရလဲ”

သူသည် နန်းတွင်းအကြံပေးက သူ့အပေါ် မည်သည့် အကြွေးမှ တင်ရှိမနေဟု ပြောခဲ့သည်။ သူသည် ကျေးဇူးဆပ်ခြင်း မဟုတ်ဘဲ မိမိ သဘောအလျောက် အမှုထမ်းစေရန် မျှော်လင့်ခဲ့သည်။

ချင်ရွှမ်ကန်းသည် ထိုသည်ကို နားလည် သဘောပေါက် ပေသည်။ ထို့နောက် သူက ပြောလိုက်၏။ “အရှင်မင်းကြီး၊ သွေးနဂါးဘုံက ကျုပ်တို့အတွက် ပိုပြီး သင့်တော်မယ် ထင်ပါတယ်”

“အင်း” အင်ပါယာရှားက ခေါင်းညိတ် လိုက်သည်။ “ကောင်းပြီ။ နောက်ပိုင်း အင်ပါယာလီက မဆင်မခြင် တစ်ခုခု လုပ်လာခဲ့ရင် ကျုပ် ပြန်ခေါ်မယ့် ပထမဆုံးလူက ခင်ဗျားနဲ့ ရီဖူရှင်း ဖြစ်လိမ့်မယ်။ ပြီးတော့ အဲဒီမှာ ရှင်းယွန်လည်း ရှိနေမှာဆိုတော့ ခင်ဗျားတို့က သမီးလေးကို ဂရုစိုက်ပေးမယ် ဆိုရင် ကျုပ်သမီးလေး အတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့”

သူ၏ အဖိုးတန်သမီးလေးက အင်ပါယာရှားဘုံတွင် နေရစ် ခဲ့လိမ့်မည် မဟုတ်ပေ။

သူသည် ထိုနေ့က ချင်ရွှမ်ကန်း၏ စွမ်းအားကို မြင်တွေ့ဖူးခဲ့သည်။ သူသည် အင်ပါယာလီ၏ စွမ်းအားများကို ဟန့်တားနိုင်စွမ်း ရှိသည်။ ယခင်ကပင် သူသည် ပြန်လည်မွေးခြင်း အဆင့်တွင် သူ့နှင့် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိခဲ့ပြီး ယခုတွင် ရန်ဟောင် အဆင့်၏ တံခါးပေါက်သို့ နီးကပ်နေပြီ ဖြစ်သည်အား သိရှိပေသည်။ ယခု သူ၏ အဆင့်က အမှန်တကယ်ပင် ထိုအကန့်အသတ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။

သွေးနဂါးဘုံကဲ့သို့ နေရာမျိုးတွင်ပင် အနည်းငယ်သော ပြန်လည် မွေးဖွားခြင်း အဆင့်များသည်သာ သူ့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိမည် ဖြစ်သည်။

ချင်ရွှမ်ကန်းသည် သူက ရှားရှင်းယွန်ကို စောင့်ရှောက်ရန် တိတ်တဆိတ် ပို့ထားခဲ့သည့် သူများထက် ပို၍ အားကောင်းလိမ့်မည် ဖြစ်သည်။ အဆုံးမှာတော့ အင်ပါယာ ရှားဘုံသည် ထိုသို့သော အစွမ်းထက် ပုဂ္ဂိုလ်မျိုးကို ချည်နှောင် မထားနိုင်ပေ။

“ကျုပ် အကောင်းဆုံး ကြိုးစားပါ့မယ်” ချင်ရွှမ်ကန်းက ပြောလိုက်သည်။

“ရီဖူရှင်း မျိုးနွယ်စုကိုးခုက လူတွေက ဒီနေရာမှာ မလိုအပ်ဘူး။ မင်း သူတို့ကို ခေါ်သွားနိုင်တယ်” အင်ပါယာရှားက ရီဖူရှင်းကို ပြောလိုက်သည်။ ထိုလူများသည် ရီဖူရှင်းက သွေးနဂါးဘုံတွင် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး သူသည် တာလီပြည်ထောင်၏ ဆန့်ကျင်မှုမှ ကာကွယ် စောင့်ကြပ်ရန် အင်ပါယာရှားဘုံသို့ စေလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယခု တာလီပြည်ထောင်သည် အင်ပါယာရှားဘုံကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူက ရီဖူရှင်းကို သူတို့အား ပြန်ခေါ်သွားခွင့် ပြုနေခြင်း ဖြစ်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ”

သူသည် ဤတစ်ကြိမ် ချန်ယဲ့မြို့သို့ ပြန်ရောက်သည့်အခါ ရှေးဟောင်း တော်ဝင်မြို့ကို အစားထိုးပြီး သွေးနဂါးဘုံတွင် အထင်ရှားဆုံး ဖြစ်လာလိမ့်မည်ဟု သိရှိပေသည်။ ထိုသည်မှာ သံသယရှိရန် မလိုပေ။

ထိုကဲ့သို့သော အဆုံးသတ်မှာ သူ သည်နေရာသို့ မလာခင်၌ မတွေးတော မိခဲ့သည့် တစ်စုံတစ်ရာ ဖြစ်သည်။

“မင်းနဲ့ တွေ့ပေးရမယ့် တစ်ယောက် ရှိတယ် ရီဖူရှင်း” အင်ပါယာရှားက ပြောလိုက်သည်။ ရီဖူရှင်းသည် မည်သူ ဖြစ်သည်အား သံသယ ဖြစ်သွားခဲ့၏။

အင်ပါယာရှားသည် ခန်းမသို့ ရှေးရှုကာ ခေါ်လိုက်သည်။ “လုယွီ၊ သူ့ကို ခေါ်လာခဲ့”

မကြာခင်မှာပင် လုယွီသည် လူတစ်ယောက်ကို ခန်းမအတွင်း ခေါ်ဆောင်လာခဲ့သည်။ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အရှိန်အဝါက အလွန်အားနည်း နေသည်။ သူသည် သိသိသာသာပင် အပြင်းအထန် ဒဏ်ရာ ရထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ မျက်နှာသည် မည်းနက်နေကာ အဆိပ်မိ ထားသကဲ့သို့ ဖြစ်သည်။

ရီဖူရှင်းသည် သူ့ကို စူးစိုက်ကြည့်နေသည်။ သူသည် အတွေးထဲ နစ်မြုပ်သွားပုံ ရပေသည်။

“သူက မင်းရဲ့ မိတ်ဆွေကို အဆိပ်ခတ်ခဲ့တဲ့ သူပဲ။ သူ ကျင့်ကြံခြင်း အဆင့်တွေက ဖျက်ဆီး ခံထားရတယ်။ မင်း သူ့ကို ဘယ်လိုလုပ်ချင်လဲ။” အင်ပါယာရှားက ရီဖူရှင်းကို  မေးလိုက်သည်။

“သူ့ဆန္ဒအတိုင်း သေလိုရင်သေ.. ရှင်လိုရှင် ရှင်ခိုင်းလိုက်ပါ အရှင်မင်းကြီး” ရီဖူရှင်းက ပြောလိုက်သည်။  အမှန်တော့ ကိစ္စတစ်ခုလုံး၏ နောက်ကွယ်တွင် ရှိနေသူက မည်သူ ဖြစ်သည်ကို သိရှိခဲ့ပြီး ဖြစ်သည်။

ယခု အင်ပါယာရှားသည် ကိစ္စတစ်ခုလုံးကို ဖြေရှင်းချင်နေပုံ ရလေသည်။

“ခမည်းတော်” အသံတစ်ခု ထွက်ပေါ်လာသည်။ ရှားခွန်းသည် ခန်းမအတွင်းသို့ လျှောက်ဝင် လာပြီးနောက် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကာ ပြောလိုက်သည်။ “သားတော် အမှားလုပ်ခဲ့မိပါတယ်”

ရှားရှင်းယွန်သည် အရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေသည်။ အရာအားလုံးကို နောက်ဆုံး၌ ဖြေရှင်း ရတော့မည် ဖြစ်၏။

“ဘာလုပ်မယ်တွေးသလဲ ရီဖူရှင်း” အင်ပါယာရှားက ရီဖူရှင်းကို မေးလိုက်သည်။ သူ၏ ရည်ရွယ်ချက်က သိသာ လှပေသည်။

သူတို့သည် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အများကြီး ပြောနေရန် မလိုအပ်ပေ။ သူတို့သည် သူတို့ နှလုံးသားထဲ၌ သိရှိခဲ့ပြီး ဖြစ်သည်။

“အရှင်မင်းသားက အမှားကျူးလွန်ခဲ့တယ် ဆိုပေမယ့် လင်းအာနဲ့ တခြားလူတွေလည်း ကျန်းကျန်းမာမာ ရှိနေပါတယ်။ အရှင်မင်းကြီး သက်ညှာပေးဖို့ မျှော်လင့်ပါတယ်” ရီဖူရှင်းက ပြောလိုက်သည်။ အမှန်မှာတော့ ထိုသည်က သူ မူလက ဖြစ်ချင်ခဲ့သည်နှင့် ဆန့်ကျင်နေခဲ့၏။ အကယ်၍ သူသာ စိတ်ရှိတိုင်း လုပ်နိုင်လျှင် ရှားခွန်းကို ဖျက်ဆီး ပစ်မည် ဖြစ်သည်။

သို့သော် သူသည် အင်ပါယာရှားနှင့် ရှားရှင်းယွန်ကို ထည့်သွင်းစဉ်းစားပေးရန် လိုပေသည်။

ယနေ့ သူနှင့် နန်းတွင်း အကြံပေးသည် အင်ပါယာရှားကို ကျေးဇူးတင်ရန် လာရောက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မင်းသားအား အပြစ်ကျခံစေရန် အတင်းတိုက်တွန်းခြင်းက ကျေးဇူးတင်ရာမကျပေ။

သူ ထိုသို့ ပြောနိုင်သည့် အကြောင်းပြချက်သည် အဆုံး၌ လူတိုင်း အသက်ရှင် ကျန်ရစ်နေသေး၍ ဖြစ်ပြီး နန်းတွင်း အကြံပေးသည်လည်း သူ့ ဘေးတွင် ရပ်နေသည့် အတွက် ဖြစ်လေသည်။

မဟုတ်လျှင် သူ ထိုမျှထိ တည်ငြိမ်နိုင်မည် မဟုတ်ပေ။

“သူ့ ပြစ်မှုဟာ မင်းကို ဆန့်ကျင်ရုံတင်မကဘူး” အင်ပါယာရှားက ပြောလိုက်သည်။ “ရှားခွန်း အခုချိန်ကစပြီး မင်းရဲ့ မင်းသား အဆောင်အယောင်တွေ ဖယ်ရှားခံရမယ်။ နောက်ကွယ်ကနေ လျှို့ဝှက် ကြံစည်နေတာထက် အပြင်လောကမှာ ကိုယ့်ကိုယ်ကိုယ် သက်သေပြတာက ပိုကောင်းလိမ့်မယ်”

ရှားခွန်းသည် ဖြူရော်သွားသော်လည်း သူက ဦးညွှတ်ကာ ပြောလိုက်သည်။ “အမိန့်အတိုင်းပါ ခမည်းတော်”

ထိုသို့ ပြောပြီးနောက် သူသည် လှည့်ထွက်သွားပြီး ရီဖူရှင်းကို ဖြစ်စေ အခြားသူများကို ဖြစ်စေ လှည့်ကြည့် မသွားခဲ့ပေ။

သူသည် ယနေ့မှ စတင်ကာ သူ၏ အဆင့်အတန်းက အင်ပါယာရှားဘုံက မင်းသားတစ်ပါး မဟုတ်တော့သည်ကို သိရှိပေသည်။ သူသည် သာမန် ရှန့်ထိုအဆင့် တန်ခိုးရှင်လေးမျှသာ ဖြစ်သည်။ သူသည် ကျင့်ကြံရန် အတွက် အရင်းအမြစ်များ ရရှိလိမ့်တော့မည် မဟုတ်ပေ။ ယခုချိန်မှစကာ သူ့ကိုယ်သူသာလျှင် မှီခိုအားထားရတော့မည် ဖြစ်၏။

ရီဖူရှင်းသည် ရှားခွန်းထွက်သွားသည်ကို ကြည့်နေခဲသည်။ အင်ပါယာရှား၏ တရားမျှတမှုက မည်သည့်အရာနှင့်မှ မတူပေ။ ရှားခွန်းသည် တစ်ချိန်က သူ့ကို သတ်ဖြတ်ရန် ရှောင်ရှမ်းအား ကူညီပေးခဲ့သည်။ ထိုသည်မှာ သူတစ်ယောက်တည်း သက်ရောက်ခဲ့ခြင်း မဟုတ်ပေ။

“ရှားရုန်က ဒီကိစ္စနဲ့တော့ မပတ်သက်ပေမယ့် သွေးနဂါးဘုံမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ အားလုံးက သူ့ကြောင့် ဖြစ်ခဲ့ရတာ။ ကျုပ်တို့ သူ့ကို ဘယ်လိုလုပ်သင့်လဲ” အင်ပါယာရှားက ရီဖူရှင်းနှင့် ချင်ရွှမ်ကန်းကို မေးလိုက်သည်။

ချင်ရွှမ်ကန်းသည် သူ့အပြုအမူကြောင့် အများဆုံး ခံစားခဲ့ရသူ ဖြစ်သည်။

ချင်ရွှမ်ကန်းက အရိုအသေပြုလိုက်သည်။ “အရှင်မင်းကြီး၊ မင်းသားက ဒီလိုရွေးချယ် လိုက်တာနဲ့ ပတ်သက်ပြီး သူ့အကြောင်းပြချက်နဲ့ သူ ရှိမှာပါ။ ဒါကြောင့် ကျုပ်တို့က အမှားအမှန် ပြောဖို့တော့ မလွယ်ဘူး။ ကျုပ် ဒီနေ့မှာ အသက်ရှင်လျက် ရပ်နေနိုင်တာလည်း အရှင်မင်းကြီးရဲ့ ကျေးဇူးကြောင့်ပါ။ ကျုပ်က ဒီကိစ္စကို ဗွေမယူပါဘူး။ ရီဖူရှင်းလည်း အတူတူပါပဲ”

ရီဖူရှင်းလည်း ခေါင်းညိတ်လိုက်သည်။ ‘အင်း’ သူ့ဆရာက ထိုသို့ ပြောနေမှတော့ သူက မည်သည့် စကားကို ထပ်ပြောရန် လိုအပ်ပါတော့မည်နည်း။

“အရှင်မင်းကြီး၊ ရှားရုန်က တိုက်ပွဲတွေမှာ အမြဲတမ်း သူ့ကိုယ်သူ သက်သေပြချင်ခဲ့တာ။ သူ့ကို အရမ်းကြီး အပြစ်မတင်ပါနဲ့” ဧကရီရှောင်က အသနားခံ လိုက်သည်။ အဆုံးမှာတော့ ရှားရုန်သည် အင်ပါယာရှား၏ အချစ်ဆုံး သားကြီးပင် ဖြစ်သည်။

အင်ပါယာရှားက ရန်ဟောင် ဖြစ်လာပြီးသည့် အခါတွင် သူသည် ဧကရီတစ်ပါးသာ တင်မြှောက်ခဲ့သည်။

နောက်ပိုင်းတွင် အင်ပါယာရှားသည် ရှားရှင်းယွန်ကို မြတ်နိုးပြီး အင်ပါယာရှားဘုံမှ လူများသည် သူမက သူ၏ ဆက်ခံသူ ဖြစ်လာလိမ့်မည်ဟု ကောက်ချက်ချကြသည်။ ထိုသည်က ရှားရုန်အတွက် အတော်လေး အခက်တွေ့ကောင်း တွေ့နိုင်သည်။

အင်ပါယာရှားက ခေါင်းညိတ် လိုက်သည်။ “ကောင်းပြီ။ ဒါဆို သူ့ကိစ္စကို ကျုပ်ပဲ ကိုင်တွယ် ဖြေရှင်း လိုက်တော့မယ်” သူသည် မည်သို့ ပြုလုပ်မည်အား လူထုအား ကြေညာခဲ့ခြင်း မရှိပေ။ သူသည် စိတ်ထဲ၌သာ ပင့်သက် ရှိုက်လိုက်မိလေသည်။

ရှားရုန်သည် ကိစ္စများကို ရှင်းရှင်းလင်းလင်း မမြင်ပေ။ သူ၏ အမြင်ကို ကျယ်ကျယ် ဖွင့်နိုင်ရန် လိုအပ်ပေသည်။

နန်းတွင်း အကြံပေးကို ကယ်ထုတ်လာနိုင်ပြီး တာလီပြည်ထောင်ကို အနိုင်ရခဲ့တော့ရော မည်သည့် အရေးနည်း။ အင်ပါယာလီသည် ထိုနေရာတွင်သာ ရှိနေသေးပြီး တာလီပြည်ထောင်သည်လည်း တူညီစွာပင် ဖြစ်သည်။

အရာအားလုံးကို အမှန်တကယ် ဆုံးဖြတ်နိုင်သူများသည် သူတို့၏ စွမ်းအား အထွတ်အထိပ်တွင် ရပ်တည် နေသည်။

ရှားရုန်သည် ထိုသို့သော အဆင့်သို့ ရောက်ရှိနိုင်ရန် မည်သည့်အခါမှ အခွင့်အရေးမရသည်လည်း ဖြစ်နိုင်ပေသည်။ သို့သော် အနာဂတ်တွင် ရီဖူရှင်းသည် အင်ပါယာရှားဘုံနှင့် တာလီပြည်ထောင်ကို လွှမ်းမိုးနိုင်စွမ်း ရှိပေလိမ့်မည်။

ထို့ကြောင့် ဤဖြစ်ရပ်တစ်ခုလုံးက အဓိပ္ပာယ်အမဲ့ဆုံး ဖြစ်သွားပေလိမ့်မည်။

“ကောင်းပြီ။ ပြဿနာတွေကို ဖြေရှင်းပြီးပြီဆိုတော့ အားလုံး စိတ်အေးချမ်း သွားလောက်ပြီမို့ မင်းတို့သွားလို့ ရပြီ” ရုတ်တရက် အင်ပါယာရှားက ပြုံးလိုက်သည်။ ရီဖူရှင်းသည် အင်ပါယာ ရှားဘုံတွင် အချိန်ကြာကြာ နေထိုင်မည် မဟုတ်ပေ။ ဘုံအတွင်းရှိ လူအများမှာ ရီဖူရှင်းက နောက်အုပ်ချုပ်သူ အသစ် ဖြစ်လာမည်လား ဆွေးနွေးနေကြသည်ကို သူ သိရှိ၏။

သို့သော် ရီဖူရှင်းက အင်ပါယာရှားဘုံတွင် အချိန်ကြာကြာ နေမည် မဟုတ်သည်ကိုလည်း သိရှိပေသည်။ သူသည် အနာဂတ်တွင် ဘုံကို အကျိုးပြုချင်စိတ် ရှိခဲ့လျှင် ပို၍ မြင့်မားသော အဆင့်သို့ ရောက်အောင် မြှင့်တင် သွားပေးနိုင်သည်။

သို့သော် ထိုသည်က ရီဖူရှင်း သက်ဆိုးရှည်မရှည်ဆိုသည့် အပေါ်တွင် မူတည်နေပေသည်။

အကယ်၍ သူသေသွားခဲ့လျှင် ထိုအရာအားလုံးက ဖြစ်လာတော့မည် မဟုတ်ပေ။

ထို့အပြင် ရီဖူရှင်း၏ နောက်ခံမိသားစုမှာ ထင်သလောက် မရိုးရှင်းနိုင်ပေ။ သူ၏ အနာဂတ်သည် လောကကြီးကို အကြီးအကျယ် ဂယက် ထစေပေလိမ့်မည်။

ထို့ကြောင့် သူသည် သက်သောင့်သက်သာ ရှိသော လူနေမှု ဘဝပုံစံတွင် နေထိုင်လိမ့်မည် မဟုတ်ပေ။ သူသည် သေရေးရှင်ရေး ကြား၌ အမြဲရုန်းကန်၍ သူ၏ စိတ်အခြေအနေကို ကျင့်ကြံကာ သူ၏ စွမ်းအားများကို တိုးတက်စေပြီး အာဏာစက်ကို ပျံ့နှံ့ စေသည်နှင့် ပို၍ သင့်တော်ပေသည်။

ရီဖူရှင်းသည် အလွန်ဉာဏ်ကောင်းပြီး သူ၏ စွမ်းအားသည်လည်း ခိုင်မာသည်။ သို့သော် သူ့နောက်တွင် ဂရုစိုက်ရမည့်ကိစ္စ တပုံတခေါင်းကို ဆုပ်ကိုင်ထားသည်။

သာဓကအနေနှင့် ဆိုရလျှင် တာလီ၏ တော်ဝင်နန်းတော် အတွင်း၌ အလောင်းအစား ပြုလုပ်စဉ်က ဖြစ်သည်။ သူသာ အနည်းငယ် ရက်စက်နိုင်လျှင် အင်ပါယာလီကို ရှုံးနိမ့်ရန် အကြောင်းမရှိပေ။

၎င်းက သူ၏ အားနည်းချက် ဖြစ်သော်လည်း ၎င်းကပင် အားသာချက်လည်း ဖြစ်နေသည်။ ထိုအချက်ကြောင့်ပင် သူ ရှိရာနေရာတိုင်း၌ လူအများက သူ့ဘက်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

မဟုတ်လျှင် တစ်ချိန်က နန်းတွင်းအကြံပေး အိမ်တော်မှ လူများသည် သူ့ဘေး၌ မည်သို့ ရှိနေကြမည်နည်း။

သူသာ မဟုတ်ခဲ့ပါက တာလီ၏ နန်းတွင်း အကြံပေးသည်လည်း နန်းတွင်းအကြံပေး အဖြစ် ရှိနေပေလိမ့်မည်။

ရီဖူရှင်းသည် ခေါင်းညိတ်လိုက်၏။ ယခုတွင် အင်ပါယာရှားဘုံမှ ကိစ္စများ ဖြေရှင်းပြီးပြီ ဖြစ်သည့် အတွက် ဤနေရာ၌ မည်သည့် စိတ်ပူစရာ ကိစ္စမှ ထပ်၍ ရှိတော့မည် မဟုတ်ပေ။

သူသည် သွေးနဂါးဘုံ၌ ကောင်းကောင်း အခြေကျခဲ့ပြီး ဖြစ်သည်။ သူသည် ဒေသနန်းတော်တွင် ကျင့်ကြံနေခဲ့ပြီး ချီရှန်းသည်လည်း သူ့ကို သိသည်။ သူသည် ထိုနေရာ၌ ကျော်ကြားပေသည်။ ထိုသည်က သူ ထွက်ခွာဖို့ရာ အခွင့်အရေး ရရန် သိပ်ကြာမြင့်တော့မည် မဟုတ်ပေ။

“ဘယ်အချိန် ထွက်သွားဖို့ ပြင်မှာလဲ” အင်ပါယာရှားက မေးလိုက်သည်။

“ရက်နည်းနည်းကြာရင်။ အရှင်မင်းကြီးက မင်းသမီးနဲ့ ခွဲရမှာကို မခွဲချင်ဘူးဆိုတာ သေချာပါတယ်။ ကျွန်တော် သူငယ်ချင်းတွေနဲ့ တော်ဝင်ကျဲနန်းတော်ကို သွားကြည့် လိုက်ပါဦးမယ်။ ပြန်လာတဲ့အခါမှ သွားပါတော့မယ်” ရီဖူရှင်းက ပြောလိုက်သည်။

“အာ..” အင်ပါယာရှားက တခဏမျှ တွေးလိုက်သည်။ “အချိန်ကျလာရင် တချို့အစွမ်းထက် ပုဂ္ဂိုလ်တွေရဲ့ မျိုးဆက်တွေကို သွေးနဂါးဘုံကို ခေါ်သွားခွင့်ပေးမယ်။ သူတို့နဲ့ ပတ်သက်ပြီး မင်း စိတ်ပူစရာ မလိုဘူး။ ကျယ်ပြောတဲ့ လောကကြီးက သူတို့အတွက် ပိုကောင်းတဲ့ အဆင့်ကို ရောက်ရှိနိုင်ပြီးတော့ သူတို့ကို ဒီထက်ပို တိုးတက် စေလိမ့်မယ်။ သူတို့က ကိုယ့်ကျင့်ကြံရေးကို ကိုယ်တိုင် တာဝန်ယူကြလိမ့်မယ်”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် နားလည်ပါပြီ” အမှန်တွင်တော့ သူက ထိုလူများနှင့် ပတ်သက်၍ မည်သည့်အခါမှ စိတ်မပူခဲ့ဖူးပေ။ သူတို့သည် ကိုယ်တိုင် ကျင့်ကြံနေကြပြီး ချန်ယဲ့မြို့တွင် ရှိမရှိပင် သေချာ မသိခဲ့ချေ။

အင်ပါယာရှား ပြောသည်မှာ အတိအကျ မှန်ကန်ပေသည်။ တန်ခိုးကျင့်ကြံခြင်းသည် သူ့ အရေးကိစ္စ ဖြစ်ကာ လူများကို တတ်နိုင်သမျှ ကူညီပေးရပေလိမ့်မည်။

“ကောင်းပြီ။ မင်းတို့ သွားလို့ရပြီ” အင်ပါယာရှားက သူ့လက်ကို ဝေ့ကာ ပြောလိုက်သည်။ ရီဖူရှင်းနှင့် အခြားလူများသည် အရိုအသေပြုကာ ချင်ရွှမ်ကန်းနှင့်အတူ ထွက်ခွာ သွားကြပေသည်။

သူတို့သည် ခန်းမမှ ထွက်လာသည့်အခါတွင် ရီဖူရှင်းသည် သက်ပြင်းချကာ ပြုံးလိုက်သည်။

“ဆရာ၊ အစ်ကိုတို့ ကျွန်တော်တို့မှာ ဒီလိုအခွင့်အရေးမျိုး ရှိလာမယ်လို့ လုံးဝမတွေးမိခဲ့ဘူး” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ သူနှင့် အခြားသူများသည် မတူညီသည့် ဘက်များတွင် ရပ်တည် နေသူများ ဖြစ်ကာ သူတို့၏ ဆရာများနှင့် တပည့်များ ဆက်ဆံရေးသည် အချိန်ကာလတိုလေးသာ ကြာမြင့်မည်ဟု ထင်မှတ်ထားခဲ့ပေသည်။

“တော်တော် ကျေနပ်နေလား” ဆရာနန်းကျိုင်းက ပြုံးကာ မေးလိုက်သည်။

“မဟုတ်ဘူး။ ကျွန်တော်က မနာလိုဖြစ်နေတာ။ အစ်ကိုတို့မှာ ကျွန်တော့်လို ထူးချွန်တဲ့ ညီလေးရှိနေတာ ဘယ်လောက် ကံကောင်းလိုက်သလဲလို့” ရီဖူရှင်းက ရယ်ဖြဲဖြဲနှင့် ပြောရင်း သူတို့ထံမှ အဝေးသို့ လျှောက်သွား တော့သည်။

ချင်ရွှမ်ကန်း၊ ရန်ယွင်နှင့် အခြားလူများသည် ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ကာ ပြုံးလိုက်ကြသည်။ သည်အကောင်လေးက ထူးချွန်ပါတယ်၊ တကယ့်ကိုပဲ။

***

All Chapters