ကျောက်စိမ်းသခင်လေ
Vol. 1 Ch. 33
အခန်း (၃၃) ကျောက်စိမ်းသခင်လေး
တံခါးကို ပိတ်ထားရခြင်းမှာ နှင်းမုန်တိုင်း တိုက်ခတ်နေသောကြောင့် ဖြစ်လေသည်။
တံခါးကြားမှ အေးစိမ့်သောလေက ဓားတစ်လက်ကဲ့သို့ပင် အခန်းထဲသို့ ဖြတ်သန်း ဝင်ရောက် လာလေသည်။
သူတို့ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ လူတစ်ယောက်မဟုတ်ဘဲ ခြေထောက်လေးတစ်ဖက် ဖြစ်လေသည်။
အေးစက်သည့်လေက အခန်းထဲသို့ ဝင်ရောက်တိုက်ခတ် လာသော်လည်း ခြေထောက်လေးက တော့ နှလုံးသားထဲထိ နွေးထွေး သွားစေလေသည်။
ဆန်းလျန်မှလွဲပြီး တခြားသူများအားလုံး အသက်ပင် မရှူနိုင် ဖြစ်သွားရလေသည်။
နောက်ထပ် ခြေတစ်လှမ်း ဝင်ရောက်လာပြန်သည်။ သူတို့ တွေ့ကြရသည်မှာ ပိုးသားကဲ့သို့ ချောမွေ့သည့် ကျောက်စိမ်းသားကဲ့သို့သော ခြေထောက် လှလှလေးများပင်။
ရေခဲတမျှ အေးစက်နေသည့် အပြင်ဘက်မှ ဝင်ရောက်လာသည့်ခြေထောက်လေးတစ်စုံ …
သို့သော် ထိုခြေထောက်လေး တစ်စုံတွင် ဒဏ်ရာများ၊ နှင်းကိုက်ထားသည့် အနာများ လုံးဝမရှိပေ။ ခြေထောက်လေးများမှာ ဖြူဖွေးနူးညံ့နေပြီး ကြွေသားကဲ့သို့ သန့်စင် နေလေသည်။
ထိုကဲ့သို့သော ခြေထောက်လေးများ ရှိနေသော မိန်းကလေးမှာ ရုပ်လည်းဆိုးမည် မထင်ပေ။ ပုရိသများကို အလွန်မှ စွဲဆောင်မှုရှိသည့် မိန်းကလေးမျိုး ဖြစ်မှာ သေချာလေသည်။
ထို့ပြင် ထိုကဲ့သို့ လှပလွန်းသော ခြေထောက်လေးများကို ပိုင်ဆိုင်သည့် သူမှာ ယောက်ျားလေး တစ်ယောက် မည်သို့မျှ မဖြစ်နိုင်ပေ။
အမှန်ပင် ဖြစ်လေသည်။
အားလုံး မျှော်လင့်ထားကြသည့် အတိုင်းပင် တည်းခိုရိပ်သာတွင်းသို့ ဝင်လာသူမှာ မိန်းကလေး တစ်ယောက် ဖြစ်နေလေသည်။
နှင်းမုန်တိုင်းများကြားမှ ရောက်လာသော မိန်းကလေးမှာ အနီရောင် ဝတ်ရုံပါး တစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး မီးခိုးရောင် အထုပ်တစ်ထုပ်ကို လွယ်ထားလေသည်။
အထုပ်မှာ ရှည်လျားသည့် ပုံစံရှိလေသည်။ အပြင်ဘက်မှ ကြည့်လျှင် ထိုအရာမှာ သံချောင်း တစ်ချောင်း သို့မဟုတ် ဓားတစ်လက် သို့မဟုတ် ဓားရှည်တစ်ချောင်း ဖြစ်နိုင်လေသည်။
မိန်းကလေးက အဝတ်အစားများကို လုံလုံခြုံခြုံ ဝတ်ထားပြီး သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မြင်တွေ့ရခြင်း မရှိပေ။ ဖြူစင်သည့် ခြေထောက်လေးများကိုပင် မြင်တွေ့ရခြင်း ဖြစ်ပြီး ထိုခြေထောက် လှလှလေးများကပင် အားလုံးကို ဆွဲဆောင် ထားလေတော့သည်။ ခြေထောက်လေးများမှာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အသက်ရှူ မှားလောက်အောင် လှပ လွန်းလေသည်။
“ညီလေးလျန် … ခြေထောက်လေးတွေကို ကြည့်လိုက်စမ်းပါဦး။ အမလေး ဘုရားရေ၊ အဲဒါလေးတွေနဲ့ တစ်နှစ်လုံးတောင် ကစားနေနိုင်တယ်”
ဝါးရွက်စိမ်းဂိုဏ်းမှ အသက်နှစ်ဆယ်ခန့် ရှိပြီဖြစ်သည့် အန်းရန်ကျယ် ဆိုသည့် လူငယ်လေးက ပြောလိုက်ခြင်း ဖြစ်လေသည်။
အန်းရန်ကျယ်မှာ တခြားသူ မဟုတ်ပါ။ ဝါးရွက်စိမ်း ဂိုဏ်းချုပ်အန်းဝမ်လီ၏ တစ်ဦးတည်းသော သား ဖြစ်လေသည်။
ဆန်းလျန်မှာ အစိမ်းရောင်ဝတ် လူ၏ ဆက်ခံသူ တစ်ယောက်အဖြစ် သတ်မှတ်ခံရသည်မှာ မထူးဆန်းပါ။ လင်ချုန်းရှောင်ပင်လျှင် ထိုအချက်ကို သဘောတူခဲ့ လေသည်။
သို့သော် အစိမ်းရောင်ဝတ်လူနှင့် ရင်ဆိုင်ဖူးသူမှာ လွန်စွာမှ နည်းပါးလေသည်။ ထို့ကြောင့် သိုင်းလောကသားများမှာ ဆန်းလျန်ဆီမှ အစိမ်းရောင်ဝတ် လူ၏ သိုင်းပညာများကို လေ့လာချင် ကြသည်။ သိုင်းလောကသား အများစုမှာ ချင်ပြည်နယ် တိုင်းပြည်သို့ ရောက်လာကြပြီး မည်သည့်အခါမှ ပြန်လာခြင်း မရှိတော့ပေ။
အစပိုင်းတွင် ရောက်လာသည့် လူများမှာ သဘောထား တင်းမာကြလေသည်။ သူတို့ထဲမှ အများစုမှာ သိုင်းလောကတွင် ဂုဏ်သတင်း ထင်ရှားသူများ ဖြစ်ကြလေသည်။
နောက်ပိုင်းတွင်တော့ သူတို့ အားလုံးမှာ ဆန်းလျန်ကို ရှုံးနိမ့်ရခြင်းကို ကျေကျေနပ်နပ်ပင် လက်ခံ သွားကြလေသည်။
သိုင်းလောကသားများမှာ များသောအားဖြင့် စည်းမဲ့ကမ်းမဲ့များ ဖြစ်လေသည်။ သူတို့ထဲမှ လူနည်းစုလောက်သာ ကောင်းသည့် အလုပ်များကို လုပ်ကြခြင်း ဖြစ်လေသည်။ လင်ချုန်းရှောင် ကဲ့သို့သော လူမျိုးများပင် ဖြစ်လေသည်။
သူတို့က နှစ်ခါသေရမည် ဆိုလျှင်တောင်မှ နောက်ထပ်ဆယ်နှစ် လေ့ကျင့်ပြီးလျှင် ပညာပြိုင်ဖို့ ပြန်လာကြမည့် လူစားမျိုးတွေ ဖြစ်လေသည်။
ဆန်းလျန်မှာတော့ ထိုသူများနှင့် မတူခြားနားသော လူတစ်ယောက် ဖြစ်လေသည်။ သူက အသက် ငယ်ရွယ်လွန်းသည့်တိုင် အခြားသူများ အသက်နှစ်ဆယ်၊ သုံးဆယ်လောက်မှ လေ့ကျင့် အောင်မြင်နိုင်သည့် သိုင်းစွမ်းရည်များကို ရရှိနေပြီ ဖြစ်လေသည်။ ထို့ကြောင့် သူ့ကို ယှဉ်ပြိုင်နိုင်သည့် သိုင်းလောကသား ပေါ်ပေါက်လာနိုင်မည် မဟုတ်တော့ပေ။
သိုင်းလောကသားများအတွက် ပိုပြီး စိတ်ညစ်စရာ ကောင်းသည်မှာ ဆန်းလျန်မှာ စန္ဒကူးသားဖြင့် ပြုလုပ်ထားသည့် သစ်သားဓားကိုသာ အသုံးပြုပြီး သူတို့ကို အနိုင်ယူသွားခြင်း ဖြစ်လေသည်။
အဘယ်ကြောင့် ဆန်းလန်မှာ သစ်သားဓားကိုသာ ကိုင်ရပါသနည်း။ လွန်ခဲ့သော နှစ်ဝက်ခန့်က နွေဦးရာသီတွင် ဆန်းလျန်နှင့် ရွှေဓားဘုရင်တို့မှာ ချင်ပြည်နယ် မြို့တော်အပြင်ဘက်ရှိ ချယ်လန်း ဝတ်ကျောင်းတော်တွင် ဆုံတွေ့ခဲ့ကြ လေသည်။
ရွှေဓားဘုရင်မှာ အသက်ကြီးပြီ ဖြစ်ပြီး သူက ဆန်းလျန်နှင့် သိုင်းပညာ လာရောက် ယှဉ်ပြိုင်ခြင်းမှာ အတွေ့အကြုံ လိုချင်သောကြောင့် ဖြစ်လေသည်။ ဂုဏ်သိက္ခာနှင့် ကျော်ကြားဖို့အတွက် လာရောက် ယှဉ်ပြိုင်ခြင်း မဟုတ်ပေ။
ဓနဥစ္စာ၊ ရမ္မက်နှင့် စွမ်းအား …
သူက အားလုံးကို ရရှိအောင် ကြိုးစားခဲ့ပြီး ထိုအရာအားလုံးကို ပြန်လည် စွန့်လွှတ်ခဲ့သူ ဖြစ်လေသည်။ သူ မစွန့်လွှတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သိုင်းပညာပင် ဖြစ်လေသည်။
သူဆန်းလျန်ကို ရှုံးနိမ့်ခဲ့ရလေသည်။ အမှန်တော့ သူ့ဘဝတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်လေသည်။
သိုင်းလောကသားများ ဆန်းလျန်ကို လာရောက် သိုင်းပညာ ယှဉ်ပြိုင်ကြခြင်းမှာ လင်ချုန်းရှောင်နှင့် သိုင်းသမား အယောက်လေးဆယ် ပြည်နယ်လေးဆယ်တွင် သိုင်းပြိုင်ကြသည့် ထင်ရှားကျော်ကြားလွန်းသည့် သမိုင်းတွင်သည့် ဖြစ်ရပ်ကို စံချိန် ချိုးသွားခဲ့လေသည်။
ဆန်းလျန်မှာ လင်ချုန်းရှောင်ထက် အသက်များစွာ ငယ်သည့် အရွယ်မှာပင် ဓားသိုင်းကို ကောင်းကောင်း အသုံးပြုနိုင်နေပြီ ဖြစ်လေသည်။
ထို့ပြင် လင်ချုန်းရှောင်ကို စိန်ခေါ်ခဲ့ကြသည့် သိုင်းသမား အယောက်လေးဆယ်မှာ ရွှေဓား ဘုရင်ကိုပင် အနိုင်ရအောင် တိုက်ခိုက်နိုင်ကြသည့် သူများ မဟုတ်ကြပေ။
ထိုအကြောင်းများကြောင့် ဆန်းလျန်မှာ သိုင်းလောကတွင် တဖြည်းဖြည်း နာမည် ကြီးလာလေ သည်။ သူက သိုင်းလောကထဲ လှည့်လည် သွားလာနေသည့်သူ မဟုတ်သလို လူတွေနှင့် ပြဿနာ ဖြစ်ချင်သူ တစ်ယောက်လည်း မဟုတ်ပေ။
အစိမ်းရောင်ဝတ် လူမှာ လူပေါင်းများစွာကို သတ်ခဲ့သည့်တိုင် သူ့ကိုသွားပြီး ရန်စချင်သည့် သိုင်းသမားများက ရှိနေသေးသည်။
ဆန်းလျန်က သူ့ကို ရန်လာစသည့်တိုင် မည်သူ့ကိုမျှ သတ်ဖြတ်ခဲ့ခြင်း မရှိပေ။
အန်းရန်ကျယ်မှာ ဝါးရွက်စိမ်း ဂိုဏ်းတွင် မွေးဖွားခဲ့သည့်သူ ဖြစ်ပြီး ဆန်းလျန်ထက် အသက် အနည်းငယ် ကြီးလေသည်။
ဆန်းလျန်၏ “အန်းတည်းခိုရိပ်သာ” မှာ သူ၏အိမ်ထက် ပိုပြီးနေလို့ ကောင်းနေသည့်အတွက် သူကအိမ်သို့ မပြန်တော့ဘဲ တည်းခိုးရိပ်သာတွင် လာရောက် နေထိုင်ခြင်း ဖြစ်လေသည်။
သူပြောနေကျ စကားမှာ
“တည်းခိုရိပ်သာက အခန်းနဲ့ ယှဉ်လိုက်ရင် ငါ့အိမ်ကတော့ ခွေးတွေနေတဲ့ အသိုက်ကျနေတာပဲ”
ဟူ၍ ဖြစ်လေသည်။
သူ၏စကားကို သူ့အဖေ အန်းဝမ်လီသာ ကြားသွားပါက သူ ဤနေရာတွင် ယခုကဲ့သို့ အေးအေးဆေးဆေး ထိုင်၍ နေနိုင်မည် မဟုတ်တော့ပေ။
တကယ်တော့ တစ်နေ့ကို ငွေသားတစ်ထောင်သာ မပေးရလျှင် ရွှီဟုန်မှာလည်း တည်းခိုရိပ်သာမှ ပြန်မည့်သူ မဟုတ်ပေ။
ရွှီဟုန်က ဆန်းလျန်ကို ဈေးလျှော့ပေးဖို့ပြောတော့ ဆန်းလျန်က ရယ်မောပြီး ဈေးမလျှော့နိုင်ကြောင်း ငြင်းလိုက်လေသည်။ ထို့ပြင် ထိုဈေးနှုန်းက ရွှီဟုန်အတွက် အထူးလျှော့ဈေးဟုပင် ပြောလိုက်သေးသည်။
“ငါဆိုရင်တော့ အဲဒီခြေထောက်လေးတွေနဲ့ ကစားမှာ မဟုတ်ဘူး”
ဆန်းလျန်က လေသံကို နှိမ့်ပြီး ပြန်ပြောလိုက်လေသည်။ သို့သော် အန်းရန်ကျယ်မှာ ဆန်းလျန်ပြောသည်ကို မကြားတော့ပါ။
လှပလွန်းသော ခြေထောက် ပိုင်ရှင်လေးက စကားပြောလိုက်သောကြောင့် ဖြစ်လေသည်။
သူမက နောက်သို့ ပြန်လှည့်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းမှာ ဖော်မပြ နိုင်လောက်အောင် စွဲဆောင်မှု ရှိနေလေတော့သည်။
သူမ အသက်အရွယ်မှာ သုံးဆယ်ကျော်ခန့် ရှိလောက်ပြီ ဖြစ်သော်လည်း မျက်လုံးများက ဖန်သားကဲ့သို့ ကြည်လင်တောက်ပ နေကြလေသည်။ ပျော်ရွှင်တက်ကြွစေသည့် အငွေ့အသက်များ သူမထံမှ ရနေသည်။ အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ရှစ်နှစ် မိန်းမပျိုလေးများပင် သူမကို ယှဉ်နိုင်မည် မဟုတ်ပေ။
မိန်းကလေး၏ လည်ပင်းတွင် စည်းထားသည့် ပိုးသားပဝါမှာ သူမ၏ ဖြူစင်သော လည်ပင်းသားလေးများကို ဖုံးကွယ် ထားလေသည်။ ရာသီဥတု အေးအေးတွင် သူမ ဝတ်စားဆင်ယင် ထားပုံမှာလည်း ငြီးငွေ့စရာ ကောင်းလှသည်။ ပန်းများ ပွင့်လန်းဝေဆာနေသည့် နွေဦးရာသီကိုသာ လူအများက သတိရနေ ကြလေတော့သည်။
“တည်းခိုရိပ်သာ ပိုင်ရှင်က ဘယ်သူများလဲ”
သူမက ပြုံးလိုက်ပြီး မေးလိုက်သည်။
ဆောင်းရာသီအေးအေးတွင် နေရောင်ခြည် ထွက်ပေါ်လာသကဲ့သို့ အပြုံးလေးက လှလွန်း လေသည်။
သူမကဲ့သို့သော မိန်းကလေးတစ်ယောက်မှာ ဤကဲ့သို့သော ကြမ်းတမ်းသည့် ဆောင်းရာသီတွင် အပြင်သို့ ထွက်မလာသင့်ပေ။ ပူနွေးပြီး ပန်းများ ပွင့်လန်းနေသည့် နွေဦးရာသီနှင့်သာ သူမအလှက သင့်တော်လေသည်။
“ပိုင်ရှင်ကတော့ ကျုပ်ပါပဲ။ ဘာများ ကူညီပေးရမလဲ။ ကျုပ်တို့ တည်းခိုခန်းမှာ အခန်းတော့ မရှိတော့ဘူး။ ဒါပေမယ့် စိတ်မရှိဘူး ဆိုရင်တော့ ခင်ဗျား ကျုပ်အခန်းမှာ နေလို့ရပါတယ်”
အန်းရန်ကျယ် မိန်းကလေးအနား သွားကာ စကားခင်းလိုက် လေတော့သည်။ သူ့ကြည့်ရသည်မှာ ကိုးရိုးကားရားပုံစံ ဖြစ်နေလေသည်။ ထို့ပြင် အန်းရန်ကျယ်မှာ သိုင်းပညာလည်း တော်သည့်သူ တစ်ယောက် မဟုတ်ပေ။
သူသာ သိုင်းပညာကို စိတ်ဝင်တစား လေ့ကျင့်မည် ဆိုလျှင် သူ၏ ဖခင်ဖြစ်သူ အန်းဝမ်လီထက်ပင် သာဦးမည် ဖြစ်လေသည်။ သိုင်းပညာ တော်ခြင်း ဆိုသည်မှာ ပင်ကိုယ် အရည်အချင်းနှင့် မဆိုင်ကြောင်း သူက သက်သေပြနေလေသည်။
“မင်းက ပိုင်ရှင်မဟုတ်ဘူး”
“ဘာလို့ မဟုတ်ရမှာလဲ”
အန်းရန်ကျယ်မှာ သူမ၏ လှပလွန်းသည့် ခြေထောက်လေးများကို ကြည့်ပြီး ဆာလောင် လာလေတော့သည်။
ထူးဆန်းလိုက်တာ …
သူခုနပဲ ထမင်းစားပြီးနေပြီ ဖြစ်လေသည်။
“ဘာလို့လဲဆိုတော့ ဒီတည်းခိုရိပ်သာ ပိုင်ရှင်က ယွိသခင်လေးပဲ။ ကျူးသခင်လေးမဟုတ်ဘူး”
(ယွိ = ကျောက်စိမ်း၊ ကျူး = ဝက်)
မိန်းကလေး၏ အသံမှာ သာယာသော်လည်း ကျေးငှက်ငယ်လေး အော်သံကဲ့သို့ နူးညံ့ သိမ်မွေ့ခြင်းတော့ မရှိပေ။
ထို့ပြင် သူမ၏အသံမှာ နွေဦးရာသီတွင် ကျောက်ဆောင်များကို ဖြတ်သန်းကာ စီးဆင်းနေသည့် စမ်းချောင်းကဲ့သို့ ကြည်လင်ပြတ်သားမှု ရှိလေသည်။
“ယွိသခင်လေး” ဆိုသည်မှာ ဆန်းလျန်ကို ပြောခြင်း ဖြစ်လေသည်။ သိုင်းလောကသားများက ဆန်းလျန်၏ လူကြီးလူကောင်းဆန်သည့် အပြုအမူများကြောင့် ထိုကဲ့သို့ ခေါ်ကြခြင်း ဖြစ်လေသည်။ ကျောက်စိမ်းသခင်လေးဟု အဓိပ္ပာယ်ရလေသည်။
“မိန်းကလေး မင်းက တော်တော်ရယ်ရတာပဲ။ ကျုပ်မျိုးနွယ်ကလည်း ကျူးမဟုတ်ပါဘူး။ ပြီးတော့ ယွိသခင်လေး ဆိုတာလည်း ဒီမှာ မရှိဘူး”
အန်းရန်ကျယ်မှာ သိုင်းလောကနှင့် ပတ်သက်ပြီး အလှမ်းဝေးသူ ဖြစ်သဖြင့် ဆန်းလျန်ကို သိုင်းလောကသားများ ခေါ်ကြသည့် အမည်ကို မသိပေ။
အန်းရန်ကျယ်၏ ဖခင် အန်းဝမ်လီမှာ ဆန်းလျန်၏ နောက်ခံ အခြေအနေကြောင့် သူ၏သား ဆန်းလျန်ဆီတွင် ရောက်ရှိနေခြင်းကို စိတ်ချထားလေသည်။ အနည်းဆုံးတော့ တစ်စက်မျှ သုံးစားမရသော သားဖြစ်သူကို တစ်ခုခု အသုံးကျတာတော့ ရှိလာဦးမည်ဟု မျှော်လင့် ထားလေသည်။
“ကျွန်မပြောတဲ့ ကျူးဆိုတာက ဝက်ကိုပြောတာနော်။ ပုလဲရတနာလို့ အဓိပ္ပာယ်ရတဲ့ ကျူးကိုပြောတာ မဟုတ်ဘူး”
(ကျူး = ဝက် (သို့) ပုလဲ သံတူကြောင်းကွဲစာလုံး)
မိန်းကလေးက ချိုသာစွာ ပြောလိုက်လေသည်။
သူမအသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း အခန်းထဲမှ လူအားလုံးကတော့ ကြားလိုက် ရလေသည်။
အခန်းထဲရှိ လူအားလုံး ရယ်မော လိုက်ကြလေသည်။ ဆန်းလျန်မှာလည်း ရယ်မောလိုက်မိ လေတော့သည်။