ထိုက်ကျိတာအို
Vol. 108 Ch. 1412
နတ်အရှင်မယန်က ပြန်မတုံ့ပြန်ဘဲ စွမ်းအားအလုံးစုံ သုံး၍ ရှေးဟောင်းနတ်ဘုရားဥကို တိုက်ခိုက်နေသည်။ အခြားတစ်ဖက်တွင် ကောင်းကင်နတ်ဧကရီ၏ အရှိန်အဝါသည် အဆပေါင်းများစွာ တိုးတက်လာပြီး အဆုံးသတ်မြို့ပျက်အမှောင်ထုအောက်ခြေသို့ ဦးစွာရောက်ရှိလာ၏။ သူမက နှာခေါင်းရှူံ့လိုက်သည်။ “မိန်းမပျက်မ… နင့်ခန္ဓာကိုယ်က နှစ်ပေါင်းများစွာ ကောင်းကင်နတ်အရှင်မူလက်ထဲ ရောက်ခဲ့တာ… နင့်ကိုလည်း သူ မြင်ဖူးပြီးသားပဲ”
သူမက သံရှည်ဆွဲ၍ အော်ဟစ်လိုက်ပြီး ကြာပန်းတစ်ပွင့်ပေါ်သို့ ဆင်းသက်၍ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ရင်ဆိုင်လိုက်သည်။ အဆုံးသတ်မြို့ပျက်အမှောင်ထုထဲရှိ မဟာတာအိုက စိမ့်ထွက်လာပြီး အလင်းတန်းများက ဒီရေများအလား ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟောစီးဆင်းသွားကြ၏။ သူမ၏ အတိုက်အခိုက်စွမ်းအားက ထောင်တက်သွားတော့သည်။
“ခွေးမ ... နင်ရောပဲလေ”
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ကောင်းကင်နတ်ဧကရီကို မြင်လျှင် အော်ဟစ်လိုက်၏။ “နင့်ခန္ဓာကိုယ်လည်း သူ့လက်ထဲမှာ နှစ်တွေအကြာကြီး နေခဲ့ရတာ… ကလေးတစ်ယောက်တောင် ရခဲ့မလားမသိဘူး”
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ကောင်းကင်နတ်ဧကရီတို့ ထိပ်တိုက်တွေ့သွားသည်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ မျက်ခုံးနှစ်ဖက်ကြားမှာ အက်ကွဲလာသည်။ ဗလတောင့်တောင့် ရှစ်ချီလော်ငါးယောက်သည် ၎င်းအထဲမှ ပျံထွက်လာကြ၏။ သူ့မျက်နှာမှာ နှုတ်ခမ်းမွှေးများဖြင့် ပြည့်နှက်နေပြီး သူက တောက်ပစွာ ပြုံးလျက် ကောင်းကင်နတ်ဧကရီအား ခုန်အုပ်လိုက်ကာ ခပ်ဟဟ ရယ်လိုက်၏။ “မိပြီ”
ကောင်းကင်နန်းဆောင်များက သူ့အနောက်တွင် ပေါ်လာကြသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီပါ ရှိနေသဖြင့် ကောင်းကင်နတ်ဧကရီမှာ ဒဏ်ရာအပြင်းအထန် ရသွားတော့၏။
ကောင်းကင်နတ်ဧကရီ အပြင်းအထန် ဒဏ်ရာရသွားသည်နှင့် နတ်အရှင်မချန်းက ရှစ်ချီလော်အနောက်တွင် တိတ်တဆိတ် ပေါ်လာသည်။ သူမက ရှစ်ချီလော်၏ နောက်ကျောအား လက်ဖဝါးဖြင့် ဖိလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ အသိစိတ်အလျဉ်ကို ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီထံသို့ ပို့လွှတ်ကာ အရှင်မယွမ်မု၏ မူလဝိညာဉ်ဆီမှ နောက်ထပ် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ပါး ထုတ်လိုက်သည်။
နတ်အရှင်မချန်းက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်လိုက်၏။ သူမ၏ နောက်ထပ်တိုက်ကွက်က နတ်အရှင်ယန်၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားပြီး လိမ့်ထွက်သွားစေသည်။ နတ်အရှင်မယန်မှာ ကျောက်တုံးတွင်း၏ တောင်တန်းများအား ဖောက်ထွက်သွား၏။
“သန်မာတဲ့ ပုဂ္ဂိုလ်တွေကြားမှာ ပိုပြီးသန်မာတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိစမြဲပဲ”
နတ်အရှင်မချန်းမှာ အတော်လေး ဂုဏ်ယူနေသည်။ သူမက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်လျက် ရှေ့သို့တက်လာ၏။ သူမက ရှေးဟောင်းနတ်ဘုရားဥကို ထိုးချ၍ ခက်ထန်စွာ ပြောလိုက်သည်။ “ဥထဲက တာအိုအစ်ကိုတော် သေလိုက်တော့”
တစ်ချိန်တည်းမှာပင် နတ်အရှင်မချန်းသည် ထိုက်ကျိကျောက်တုံးရိုင်းနှင့် နတ်ကျောက်တုံးခုနစ်ခုကို ယူလိုက်၏။
ဝုန်း…
ရှေးဟောင်းနတ်ဘုရားဥက အက်ကွဲတုန်ခါလာပြီး တဂျွတ်ဂျွတ် မြည်သံများထွက်ပေါ်လာသည်။ ရုတ်တရက် ဥသည် နှစ်ခြမ်းကွဲသွားပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါး ပျံထွက်လာ၏။ တစ်ပါးက ဘယ်ဘက်မှ တိုက်ခိုက်ပြီး နောက်တစ်ပါးက ညာဘက်မှ တိုက်ခိုက်ကာ နတ်အရှင်မချန်းကို ပိတ်လှောင်ထားလိုက်သည်။
“တောင်တစ်လုံးထက် တောင်တန်းတွေက ကြီးမားတယ်… ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိန်းမပျက်… ငါတို့ နင့်ကို စောင့်နေခဲ့တာ ကြာပြီ”
နတ်အရှင်မချန်းသည် သွေးအန်လျက် လွင့်ထွက်သွားသည့်အချိန်တွင် သူမမျက်နှာရှိ ပျော်ရွှင်မှုအရိပ်အယောင်များပင် ပျောက်ကွယ်မသွားသေးချေ။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့နှစ်ယောက်က ဥခွံနှင့် ကျောက်တုံးရိုင်းကို သိမ်းဆည်းကာ ပျံတက်သွားကြ၏။ ရုတ်တရက် အရှင်မယွမ်မု၏ မူလဝိညာဉ်က တခစ်ခစ် ရယ်လိုက်ပြီး နတ်အရှင်မယန် ပြုတ်ကျသွားခဲ့သော အမြွှာကြာပွင့်ကို လှမ်းယူလိုက်သည်။ အမြွှာကြာပွင့်နှစ်ခုသည် ဧရာမတူကြီးများအဖြစ် ပြောင်းလဲသွားပြီး သူမက ၎င်းတို့ကို လွှဲရမ်း၍ ရှေးဟောင်းနတ်ဘုရားနှစ်ပါးအပေါ် ရိုက်ချလိုက်၏။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားက တူများကို အလျင်အမြန်ကာကွယ်လိုက်သည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားဖြင့် တိုက်ခိုက်လိုက်ပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါးအား ကောင်းကင်ပေါ်မှ ပြုတ်ကျသွားစေ၏။ ဥခွံနှင့် ကျောက်တုံးရိုင်းများလည်း မြေပေါ်ပြုတ်ကျသွားလေပြီ။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ပါးစပ်မှ သွေးများစီးကျလျက် မြေပေါ်ပြုတ်ကျလာကြသည်။ မွေးဖွားလာချင်းမှာပင် ယခုကဲ့သို့ တိုက်ကွက်မျိုး တွေ့ကြုံလိုက်ရသဖြင့် သူတို့အတွက် အန္တရာယ်ရှိပေသည်။ ဤတိုက်ကွက်သည် ပေါ့သေးသေးတိုက်ကွက် မဟုတ်ပေ။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ဝတ်ရုံများတွင် တစ်ခုက အနက်ရောင်ဖြစ်ပြီး တစ်ခုက အဖြူရောင်ဖြစ်ကာ ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက် ဖြစ်၏။ သူတို့နှစ်ယောက်၏ သွင်ပြင်များက ထူးဆန်းနေကြပြီး ယောက်ျားနှင့် မိန်းမနှစ်ယောက်လုံးသည် လူသားဦးခေါင်း၊ လူသားခန္ဓာကိုယ်နှင့် မြွေအမြှီးများကို ပိုင်ဆိုင်ထားကြချေသည်။
ရှေးဟောင်းနတ်ဘုရားတို့၏ အသွင်အပြင်အားလုံးသည် ထူးဆန်းကြ၏။ ရှေးဟောင်းနတ်ဘုရားအချို့က ကမ္ဘာဦးခေတ်မှ ဖန်ဆင်းရှင်များ စိတ်ကူးပုံဖော်ခဲ့သည့် အသွင်သဏ္ဍာန်များအတိုင်း ဖွဲ့တည်လာခဲ့ခြင်းဖြစ်ကြသည်။
ဖန်ဆင်းရှင်များသည် မတူညီသော မဟာတာအိုနှင့် စွမ်းအားများ ပိုင်ဆိုင်မည့် နတ်ဘုရားများကို မြင်ယောင်ဖန်ဆင်းခဲ့ကြ၏။ သူတို့၏ပုံပန်းသွင်ပြင်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံတို့က ဖန်ဆင်းရှင်တို့နှင့် ကွဲပြားသင့်သောကြောင့် မီးငှက်၊ မဟူရာလိပ်၊ နဂါးစိမ်း၊ ကျားဖြူနှင့် အခြားကြယ်တာရာရှေးဟောင်းနတ်ဘုရားများအား ဖန်ဆင်းခဲ့ကြလေသည်။
သို့သော် ထိုရှေးဟောင်းနတ်ဘုရာများမှာ ပူဇော်ကိုးကွယ်မှုတစ်ဆင့် မွေးဖွားလာခဲ့ကြခြင်းဖြစ်ပြီး ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်ယင်နတ်ဘုရားမ၊ ကောင်းကင်နတ်ဧကရီနှင့် အခြားသူများကမူ တာအိုမှ မွေးဖွားလာသည့်အလျောက် မဟာတာအိုဖြင့် ဖွဲ့တည်ထားသော ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြသည်။ ကောင်းကင်နယ်စားမင်းမှလွဲလျှင် သူတို့၏အသွင်အပြင်မှာ သာမန်ဖြစ်ကြ၏။
ဥမှ ပေါက်ဖွားသည့် ရှေးဟောင်းနတ်ဘုရားငါးပါး၏ အသွင်အပြင်ကတော့ နားလည်ရန် ခက်သည်။
ထိုက်ယီသည် အသွင်သဏ္ဍာန် အတည်အကျမရှိဘဲ မည်သည့်အရာမဆိုအဖြစ် ပြောင်းလဲနိုင်၏။
ထိုက်စုကမူ အသွင်မဲ့သည်။ တစ်ဖက်လူ တွေးသည့်အတိုင်း မြင်ရနိုင်ပေသည်။ ၎င်းက ဖော်ပြရခက်သော အခြေအနေတစ်ရပ်ပင်။ သူမသည် သင်,အလိုရှိသည့် မည်သည့်ပုံစံကိုမဆို ဖော်ပြပေးနိုင်၏။
ကောင်းကင်နတ်ကရာဇ်ထိုက်ချူမှာမူ မဟာဧကရာဇ်ကြောင့် ဖြစ်တည်လာခဲ့သည်။ မဟာဧကရာဇ်သည် ဖန်ဆင်းရှင်များကို ထိုက်ချူအား ကိုးကွယ်ပူဇော်စေကာ ခန္ဓာကိုယ်တစ်ခုကို ရရှိစေခဲ့သည်။ သို့သော် ထိုက်ချူ၏ စွမ်းအားကိုလည်း ကန့်သတ်ထားခဲ့၏။
ထိုက်ရှီမှာမူ မမွေးဖွားလာသေးပေ။
ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ ပုံပန်းသွင်ပြင်မှာ အခြားနတ်ဘုရားလေးပါးလောက် အံ့ဩငေးမောဖွယ်မကောင်းသော်လည်း သူဟာနှင့်သူတော့ ထူးခြားပေသည်။ ၎င်းက လူသားတစ်ယောက်၏ အသွင်သဏ္ဍာန်နှင့် တာအိုအသွင်အပြင်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူတို့၏ မြွေခန္ဓာကိုယ်မှာ တာအိုမှ ဖန်ဆင်းထားသော အသွင်အပြင်ပင် ဖြစ်သည်။
ရှစ်ချီလော်၊ နတ်အရှင်မချန်းနှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့က နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြပြန်၏။ သူတို့ကို ထိန်းချုပ်နေသူနှစ်ဦးသာ ရှိသည်။ တစ်ဦးက အရှင်မယွမ်မုဖြစ်ပြီး နောက်တစ်ဦးက မဟာဧကရာဇ်ပင်။
အရှင်မယွမ်မုသည် ထိုက်ကျိရှေးဟောင်းနတ်ဘုရားများ မွေးဖွားလာကြောင်း သိရှိထားပြီဖြစ်သည်။ ကောင်းကင်နတ်ဧကရီနှင့် ပူးပေါင်းလိုက်ပါက သူမ၏အခြေအနေသည် များစွာဆိုးရွားသွားပေလိမ့်မည်။ အခွင့်အရေးရသည်နှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို ဖယ်ရှားသတ်ဖြတ်ပစ်မည်ဖြစ်သည်။
အခြားတစ်ဖက်တွင် မဟာဧကရာဇ်ကား ထိုက်ကျိရှေးဟောင်းနတ်ဘုရားအပေါ် ရန်ငြိုးရှိနေခြင်းသာဖြစ်၏။ ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါး သူ့အား ကလဲ့စားချေလာမည်ကို ကြောက်ရွံ့နေခြင်းပင်။
နတ်အရှင်မယန်နှင့် ကောင်းကင်နတ်ဧကရီက အလောတကြီး ရောက်လာသည်။ သူတို့နှစ်ယောက်လုံးသည် ကောင်းကင်နတ်ဧကရီဖြစ်သဖြင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို မည်သို့ဆိုစေ ကာကွယ်ရလိမ့်မည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ အကူအညီများကို ရရှိနိုင်ပါက အကျိုးအမြတ်များ များစွာရမည်မဟုတ်လော။
သူမ၏စွမ်းအားသည် တဟုန်ထိုးမြင့်တက်သွားပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးကြားတွင်လည်း နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်လာနိုင်မည်။ ထိုမျှသာမက ထိုက်ကျိရှေးဟောင်းနတ်ဘုရားက သူမ၏ညီမ အရှင်မယွမ်မနှင့် ပေါင်းစည်းနိုင်အောင်လည်း ကူညီပေးလိမ့်မည်။ ထိုအခါ သူမ၏ခွန်အားကား တိုးတက်သွားပြီး မဟာကောင်းကင်နတ်ဘုံအဆင့်သို့ တစ်ခါတည်း ရောက်နိုင်ပေမည်။
ထိုအချိန်တွင် မိန်းမတစ်ယောက် ဖြစ်လင့်ကစား ကောင်းကင်နတ်ဧကရာဇ် ရာထူးအား သိမ်းပိုက်နိုင်မည်။
“ကောင်းကင်နတ်အရှင်တွေက အစွမ်းထက်ကြပေမယ့် တာအိုရဲ့အဓိပ္ပာယ်ကို မသိကြဘူး”
ရှေးဟောင်းနတ်ဘုရားထိုက်ကျိနှစ်ပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးလိုက်ကြသည်။ ရုတ်တရက် သူတို့၏ခန္ဓာကိုယ်များသည် လှည့်ပတ်လာကြပြီး ထိုက်ကျိကြယ်တာရာလွင်ပြင်တစ်ခုလုံးသည်လည်း သူတို့နှင့်အတူ ပြင်းထန်စွာ လှည့်ပတ်လာကြ၏။
ရှစ်ချီလော်၊ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၊ နတ်အရှင်မချန်း၊ ကောင်းကင်နတ်ဧကရီနှင့် နတ်အရှင်မယန်တို့မှာ ငြိမ်ငြိမ်မရပ်နိုင်ကြပေ။ သူတို့က ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ ကျောက်တုံးတွင်းကို မတွေ့ရတော့ပေ။ ကျောက်တုံးတွင်းကို မတွေ့ရသည်သာမက သူတို့ဘယ်နေရာသို့ ရောက်နေသည်လဲပင် မသိကြချေ။
အနက်ရောင်သဲမှုန်များနှင့် အဖြူရောင်သဲမှုန်များသာ သူတို့၏ပတ်ပတ်လည်တွင် တဝေါဝေါ လှည့်ပတ်တိုက်ခတ်နေကြကြောင်း မြင်နေရသည်။ ကောင်းကင်နှင့်မြေကြီးဟူ၍ မရှိတော့ပေ။
“ကောင်းကင်နတ်အရှင်တို့၊ မင်းတို့က သာမန်သတ္တဝါတစ်ကောင်ပဲ… ခွန်အားက အံ့ဩလောက်ပေမယ့် ထူးကဲသာလွန်တဲ့ အဆင့်တော့ မရောက်သေးဘူး”
သဲမုန်တိုင်းထဲမှ ယောက်ျားသံနှင့် မိန်းမသံက ပြိုင်တူထပ်လျက် ထွက်ပေါ်လာသည်။
သူတို့မှာ ရှင်းလင်းပြတ်သားစွာ ကြားနေရ၏။ “မင်းတို့အနေနဲ့ ယင်ယန်တာအိုကို နားလည်နိုင်ပေမယ့် ယင်ယန်တာအိုက ထိုက်ကျိမဟုတ်ဘူး… ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုလို့ခေါ်တဲ့ အရာတွေအားလုံးက ထိုက်ကျိတာအိုကနေ ဆင်းသက်လာကြတာ”
ရှစ်ချီလော်နှင့် အခြားသူများမှာ မျက်နှာအကြီးအကျယ် ပျက်သွားကြ၏။ သဲမုန်တိုင်းထဲတွင် အလွန်မြင့်မားထွားကြိုင်းသည့် လူရိပ်တစ်ခုကို မြင်ရနိုင်သည်။
၎င်းက ကောင်းကင်နယ်စားမင်းပင်။
အဖြူရောင်မျက်ခုံး၊ အဖြူရောင်ဆံပင်နှင့် အဖြူရောင်မုတ်ဆိတ်တို့က လေထဲတွင် မြောလွင့်နေကြ၏။ မရေမတွက်နိုင်သော သဲမှုန်များက သူ၏ခန္ဓာကိုယ်ကို ဖွဲ့တည်ထားပြီး မရေမတွက်နိုင်သော ကျောက်ခဲအပိုင်းအစများက သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေသည့် ကြယ်တာရာများအဖြစ် ပြောင်းလဲသွားကြသည်။
သူ့ကောင်းကင်တာအို၏အရှိန်အဝါမှာ အလွန်တရာ အားကောင်းနေ၍ ကောင်းကင်နတ်အရှင်သုံးပါးကို မျက်လုံးထောင့်များ တွန့်သွားစေ၏။
“ကောင်းကင်နယ်စားမင်း…. ပြီးပြည့်စုံတဲ့ ကောင်းကင်နယ်စားမင်း…”
နတ်အရှင်မချန်း၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားသည်။ ဤကောင်းကင်နယ်စားမင်းသည် ရွှမ်တုရှိ ကောင်းကင်နယ်စားမင်းအောက် မနိမ့်ကျကြောင်း သူမ ခံစားနေရ၏။ သူသည် အမှန်တကယ်ပင် အစွမ်းထက်ချေသည်။
သူမက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်ရင်း ကောင်းကင်နယ်စားမင်းထံ ဦးတည်သွား၏။ သူမ၏ မူလခန္ဓာကိုယ်ကား ချက်ချင်း လေကိုခွင်း၍ ဟင်းလင်းပြင်ထဲ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်နယ်စားမင်းက လက်မြှောက်လိုက်ရာ ကောင်းကင်တာအို ၄၉ ခုသည် ကောင်းကင်တာအိုရတနာ ၄၉ ခုအဖြစ် ပြောင်းလဲလျက် ဟင်းလင်းပြင်ထဲသို့ ၀င်ရောက်ပေါက်ကွဲသွားကြ၏။
ဟင်းလင်းပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး နတ်အရှင်မချန်းမှာ လွင့်ထွက်လာသည်။ သူမ၏အင်္ကျီများက ဖရိုဖရဲဖြစ်နေပြီး သူမ၏မျက်နှာမှာ အံ့ဩတုန်လှုပ်နေ၏။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နယ်စားမင်းဆီ ပြေးဝင်သွားသော်လည်း နောက်တခဏတွင် ကောင်းကင်နယ်စားမင်း၏ ဧရာမလက်သီးကြီးက ထိုးချလိုက်သည်။ ကောင်းကင်လက်နက်၏ခြေထောက်များမှာ လက်သီးချက်ကြောင့် နာကျင်သွားပြီး မြေပေါ် ဒူးထောက်ကာ လက်သီးကို လက်နှစ်ဖက်လုံးဖြင့် ပင့်တင်ထားရ၏။
“အသုံးမ၀င်တဲ့ မဟာဧကရာဇ်၊ တိုက်ခိုက်ဖို့တောင် သတ္တိမရှိဘူးလား”
အရှင်မယွမ်မု၏ မူလဝိညာဉ်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်လိုက်ပြီး ခက်ထန်စွာ ပြောသည်။ “ပြန်လာခဲ့…. ကျွန်မမူလဝိညာဉ်နဲ့ ရှင့်အသိစိတ်အလျဉ်က သူ့ကို ဘာမှ မလုပ်နိုင်တော့ဘူးတဲ့လား… အတူတူ တိုက်ခိုက်ကြစို့
သူမ၏ မူလဝိညာဉ်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး မှော်စွမ်းအင်ကို ထုတ်ဖောလိုက်သည်။ သူမ မူလဝိညာဉ်၏ မှော်စွမ်းအင်သည် ကျယ်ပြန့်ပြီး နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်က အားကောင်း၏။ သူတို့က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ စွမ်းအားကို အထွတ်အထိပ်အထိ မြှင့်တင်လိုက်ကြသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ဒေါတသကြီး ဟိန်းဟောက်လျက် ထရပ်ပြီး ကောင်းကင်နယ်စားမင်း၏ လက်သီးအား မြှောက်တင်လိုက်ချေပြီ။
ကောင်းကင်နယ်စားမင်းက လက်သီးကို ရုတ်လိုက်ပြီး နောက်ထပ်လက်သီးတစ်ချက် ထိုးချလိုက်သည်။ ကောင်းကင်တစ်ခုလုံး တုန်ရီသွားပြီး အလင်းတန်းများ တဖျတ်ဖျတ်လက်လျက် ကြယ်တာရာကောင်းကင်ရှိ မရေမတွက်နိုင်သော နဂါးငွေ့တန်းများကို လင်းထိန်သွားစေသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ကောင်းကင်နတ်ဘုံမှ သွန်းလုပ်ထားသည့် အမာကြောဆုံးကောင်းကင်လက်နက်ဖြစ်သည်။ ကောင်းကင်နတ်ဘုံအလင်းတန်းတချို့က သူ၏ဦးခေါင်းနောက်မှ ဖြာတက်လာကာ ကောင်းကင်ပေါ်သို့ မြင့်တက်သွား၏။ အရှင်မယွမ်မုက နတ်အရှင်မချန်းနှင့် ပူးပေါင်း၍ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ စွမ်းအားကို ပြီးပြည့်စုံသော မဟာကောင်းကင်နတ်ဘုံအဆင့်အထိ မြှင့်တင်ကာ ကောင်းကင်တာအိုဆီမှ ခုခံကာကွယ်နေသည်။
နောက်တစ်ခဏတွင် ကောင်းကင်နယ်စားမင်း၏ လက်သီးသည် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော သဲမှုန်များအဖြစ် လေထဲတွင် လွင့်သွားကြ၏။
အခြားတစ်ဖက်တွင် ရှစ်ချီလော်က တိုက်ခိုက်နေသည်။ သူက လက်ထဲရှိ အဆုံးသတ်မြို့ပျက် ကြာပန်းနှစ်ပွင့်ကို လွှဲရမ်းလိုက်၏။ ကြာပန်းများက လှုပ်ရှားသွားပြီး အဆုံးသတ်မြို့ပျက် အမှောင်ထုက အရာအားလုံးကို ဝါးမြိုကာ ကောင်းကင်နယ်စားမင်းဆီသို့ ဦးတည်သွားတော့သည်။
နတ်အရှင်မချန်းက သူမ၏အသိစိတ်အလျဉ်ဖြင့် ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်ကာ သူ၏အသိစိတ်အလျဉ်ကို ကမောက်ကမ ဖြစ်နေစေ၏။
ကောင်းကင်နတ်အရှင်နှစ်ပါး ပူးပေါင်းလိုက်သည့်အချိန်တွင် အဆုံးသတ်မြို့ပျက်အမှောင်ထုက ကောင်းကင်နယ်စားမင်း၏ ဦးခေါင်းကို ချက်ချင်း ဝါးမြိုကာ ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ မြိုချခံလိုက်ရသည်။
ဝှစ်…
ကောင်းကင်နယ်စားမင်းကား အဆုံးသတ်မြို့ပျက်အမှောင်ထုထဲသို့ ဝါးမြိုခံနေရချေပြီ။
နတ်အရှင်မချန်းမှာ အဆုံးသတ်မြို့ပျက်အမှောင်ထုကို ကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်စွာ ရင်ခုန်နေ၏။ သို့သော် အဆုံးသတ်မြို့ပျက် အမှောင်ထုက ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွား၏။ အမှောင်ထုသည် နှစ်ခြမ်းကွဲသွားပြီး အဆုံးသတ်မြို့ပျက်နှစ်ခုနှင့် အမှောင်ထုနှစ်ခုအဖြစ် ပြောင်းလဲသွား၏။
နတ်အရှင်မချန်းနှင့် ရှစ်ချီလော်တို့နှစ်ယောက်လုံး ကြောင်အသွားကြသည်။ ဤအခြေအနေကို မျှော်လင့်မထားခဲ့ပေ။
နောက်ထပ်အဆုံးသတ်မြို့ပျက်အမှောင်ထုထဲတွင် မျက်နှာနှစ်ဖက်ဖြင့် နတ်ဘုရားမတစ်ပါးက လက်ထဲတွင် ကြာပန်းနှစ်ပွင့်ကို ကိုင်ကာ ပြေးထွက်လာသည်။ တစ်ချက်တည်းနှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ လွင့်ထွက်သွားတော့သည်။