အထက်ကောင်းကင်ဘုံ၏ သခင်လေးရှု
Vol. 108 Ch. 1414
ရှုရှန်းဟွာက လမ်းတွင် တစ်စက်ကလေးမှ မရပ်နားဘဲ နတ်အရှင်မယန်၏ ပိုင်နက်ဆီသို့ တန်းသွားလေသည်။ သူ့တာအိုနှလုံးသားသည် ခိုင်မာသည့်အလျောက် မည်သည့် အနှောင့်အယှက်မှ မရှိချေ။ ထိုက်ကျိအသက်ရေကြည်၏ ဆွဲဆောင်မှုက အတော်လေးပြင်းထန်သော်လည်း သူကား လုံး၀ မမြည်းစမ်းကြည့်ချေ။
ချင်မူသည် သူ၏ ခိုင်မာသော တာအိုနှလုံးသားကြောင့် နာမည်ကျော်ကြားသော်လည်း တစ်ခါတရံ တဇောက်ကန်းနိုင်သည်။ သို့သော် ရှုရှန်းဟွာကတော့ ထိုသို့မဟုတ်ပေ။
အထက်ကောင်းကင်ဘုံ၏ သခင်လေးရှုကား ပြိုင်ဘက်ကင်း၏။
သူက ချင်မူ့ထက် ပိုတည်ငြိမ်ကာ စိတ်ကို ထိန်းနိုင်စွမ်းရှိသည်။ တစ်ချိန်တည်းမှာပင် ရိုးရှင်းစွာ နေတတ်ပြီး မကြွားတတ်ဘဲ သတိကြီးသည့်အချက်က ချင်မူ့တွင်မရှိသည့် အားသာချက် ဖြစ်ချေသည်။
သူ့တွင် ချင်မူ့လောက် အကြံဉာဏ်များစွာ မရှိသော်လည်း ဉာဏ်ပညာအရာတွင်တော့ ချင်မူကိုယ်တိုင်ပင်လျှင် အရှုံးပေးရ၏။ သို့သော် တည်ငြိမ်အေးဆေး၍ ရိုးရှင်းလွန်းပြီး သတိကြီးလွန်းသည့်အတွက် ချင်မူနှင့်ယှဉ်ပါက လုပ်ရည်ကိုင်ရည်တွင် ကြီးမားသောအားနည်းချက်ကြီး ရှိပေသည်။
သို့သော် သူ့တွင် ပြိုင်ဘက်မရှိသည့် အခြေအနေတွင်သာ ဖြစ်သည်။ ရှုရှန်းဟွာသာ သူ့အား ယှဉ်ပြိုင်နိုင်သည့် တာအိုမိတ်ဆွေများနှင့် ရန်သူများကိုသာ တွေ့ကြုံနိုင်ပါက အလွန်ကောင်းမွန်သော စိတ်ကူးနှင့် ဖန်တီးနိုင်စွမ်းတို့ အသက်ဝင်လာတတ်၏။ ဥပမာအားဖြင့် မာန်ဟုန်မြစ်ကောင်းကင်ရတနာသည် ချင်မူနှင့် လောင်းကြေးထပ်ရာမှ ရှုံးနိမ့်ခဲ့သောကြောင့် သူ ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်။
မာန်ဟုန်မြစ်ကောင်းကင်ရတနာကို ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာဟုလည်း ခေါ်ကြသည်။ ရှုရှန်းဟွာက ဤကောင်းကင်ရတနာကို ချင်မူ့ထက်အရင် ဖွင့်လှစ်ခဲ့သည့်အပြင် မာန်ဟုန်မြစ်သည် ကောင်းကင်နတ်မြစ်ဖြစ်သည်ကိုပင် မသိရှိခဲ့ပေ။ ထိုလုပ်ရပ်တစ်ခုတည်းကပင် သူ့ကို ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာစေနိုင်၏။
သူ၏အခြားအောင်မြင်မှုမှာ သူ၏ကောင်းကင်ရတနာထဲတွင် သစ်ပင်သန္ဓေအား တည်ဆောက်နိုင်ခြင်းဖြစ်သည်။ လှပနက်နဲသော သင်္ချာဖြင့် သူကား ကောင်းကင်ရတနာခုနစ်ခုကို ဆက်သွယ်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းခဲ့၏။ ဤသည်ကလည်း ကောင်းကင်နတ်အရှင်အဆင့် အောင်မြင်မှုတစ်ခုပင်။
ရန်သူများနှင့် တာအိုမိတ်ဆွေများကြောင့် ရှုရှန်းဟွာ၏ ထက်မြတ်ထူးချွန်မှုမှာ အံ့ဩဖွယ်ကောင်းလှသည်။ ရိုးသားလွန်းပြီး အနေအေးလွန်းသည့်အတွက်ကြောင့်သာ ချင်မူလောက် နာမည်မကြီးခြင်းဖြစ်၏။ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံဟောင်း ကျန်းပိုင်ကွေ့တို့အောက်လည်း လူသိနည်းသည်။
ရှုရှန်းဟွာ နတ်အရှင်မယန်၏ ပိုင်နက်ထဲသို့ ရောက်လာသည့်အချိန်တွင် ပြင်းထန်လှသော တုန်ခါမှုကြီး ရုတ်တရက် ထွက်ပေါ်လာ၏။ ကောင်းကင်နတ်ဘုံ၏ တတိယမြောက် စွမ်းအင်အကူးအပြောင်းတံတားမှာ တည်ဆောက်ပြီးသွားသဖြင့် အလင်းတန်းများက ညကောင်းကင်ကိုပင် တောက်ပသွားစေသည်။
ညအချိန်ရောက်ပြီဖြစ်သည့်အတွက် ရှုရှန်းဟွာသည် အိပ်စက်အနားယူရန် နတ်အရှင်မယန်၏ ပိုင်နက်ထဲရှိ နတ်ဘုရားမြို့တစ်မြို့ဆီသို့ ရောက်လာခဲ့၏။ နေထွက်လာသည့်အချိန်တွင် သူက ထိုက်ရှီကျောက်တုံးတွင်းသို့ သွားရောက်၍ နတ်အရှင်မယန်နှင့် တွေ့ခွင့်တောင်းကာ ကောင်းကင်နတ်အရှင်မူ၏ တောင်းဆိုစာကို တင်ပြခဲ့သည်။
မှန်ပါသည်။ ချင်မူ ထိုသို့စာမျိုး မရေးခဲ့ပေ။ ၎င်းကို ရှုရှန်းဟွာ ယမန်နေ့ညက ရေးသားခဲ့ခြင်း ဖြစ်သည်။
တခဏကြာသော် ရှို့ဟုန်စုက သူ့အား ကြိုဆိုရန် ရောက်လာရာ ချောမောသည့် သခင်လေးတစ်ဦး တံခါးအပြင်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသခင်လေး၏ အလှကြောင့် အားလုံးမှာ ငေးမောကြည့်မိကြလေသည်။
ရှို့ဟုန်စု၏ နှလုံးသားမှာ သူမပင် မသိလိုက်ဘဲ နှစ်ချက်မျှ ခုန်သွားသည်။ သူမက သူ့ကို နှုတ်ဆက်ကာ မေး၏။ “ကျွန်မ ရှင့်ကို ဘယ်လိုခေါ်ရမလဲ သံတမန်”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာ အထက်ကောင်းကင်ဘုံရဲ့ ရှုရှန်းဟွာ၊ ကောင်းကင်နတ်အရှင်မူရဲ့ အမိန့်ကြောင့် လာရောက်တာပါ” ရှုရှန်းဟွာက ပြန်လည်နှုတ်ဆက်သည်။ သူ၏လှုပ်ရှားမှုတိုင်းနှင့် နှုတ်ဆက်မှုတို့က ပြီးပြည့်စုံလွန်းသဖြင့် မည်သူမှ အပြစ်မရှာနိုင်ချေ။
ရှို့ဟုန်စုမှာ တစ်ခါတည်း ကြွေဆင်းသွားကာ အတော်လေး အထင်ကြီးသွားမိသည်။ “အရှင်မ သိထားပြီးပါပြီ.. ကျေးဇူးပြု၍ သွားတွေ့လိုက်ပါ သခင်လေးရှု” သူမမှာ ထိုသို့ပြောပြီးနောက် အံ့အားသင့်သွားမိ၏။
နတ်အရှင်မယန် လေ့ကျင့်ပျိုးထောင်ပေးခဲ့သည့် အကြီးဆုံးတပည့်၊ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် သူမသည် မြင့်မားသောရာထူးနှင့် အာဏာကို ပိုင်ဆိုင်ထားသော်လည်း သူမကိုယ်သူမ မသိလိုက်ဘဲ နှိမ့်ချမိကာ ရှုရှန်းဟွာကို သခင်လေးရှုဟုပင် ခေါ်ခဲ့ချေသည်။
ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသောအရာပင်။ ရှုရှန်းဟွာသည် ကမ္ဘာဦးဘုံရှိ သေးငယ်သောတိုင်းပြည်လေး ဖြစ်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ဂိုဏ်းတစ်ဂိုဏ်းမှာ ရောက်လာသူ ဖြစ်ပြီး ကောင်းကင်နတ်အရှင်မူ စေလွှတ်လိုက်သူလည်း ဖြစ်သည်။ ရာထူးအရှိန်အဝါအရ သူမနှင့် မယှဉ်နိုင်သော်လည်း သူမသည် ကိုယ့်ကိုယ်ကို နှိမ့်ချခဲ့မိ၏။ ယောက်ျားတစ်ယောက်ကြောင့် သူမ၏နှလုံးသား ဆွဲဆောင်ခံနေရပြီလော။
ရှုရန်းဟွာ၏ အကြည့်က သူမ၏မျက်လုံးများဆီသို့ ကျရောက်လာပြီး ဇဝေဇဝါဖြစ်သွားသည်။ ရှို့ဟုန်စုမှာ သူ၏အကြည့်ထဲတွင် မြောနေပြီးနောက် ရုတ်တရက် သဘောပေါက်သွား၏။ “သူက ငါ့ကို ဘာလို့ နတ်အရှင်မယန်ဆီ ခေါ်မသွားသေးတာလဲ မေးနေတာပဲ… စိတ်ထဲမှာ သံသယဝင်နေပေမယ့် အရိုင်းအစိုင်းကောင် ကောင်းကင်နတ်အရှင်မူလို တိုက်ရိုက်မမေးဘူး…”
သူမက အရှေ့မှလျှောက်၍ ကိုယ်တိုင်ပင် သတိမထားမိဘဲ ပေါက်ပေါက်ဖောက်နေမိသည်။ ချောမောသော ယောက်ျားတစ်ယောက်နှင့် စကားပြောရခြင်းက စိတ်နှလုံးကို အေးချမ်းစေသည်မဟုတ်လော။
ရှုရှန်းဟွာသည် နားထောင်ပေးတတ်သူဖြစ်သည့်အလျောက် သူမပြောသမျှကို အပြုံးဖြင့် နားထောင်နေ၏။ မကြာခဏဆိုသလို စကားတစ်ခွန်း၊ နှစ်ခွန်းဖြင့် ပြန်လည်တုံ့ပြန်တတ်သော်လည်း ၎င်းကပင် ရှို့ဟုန်စုကို အလွန်တရာ ပျော်ရွှင်စေတော့သည်။
သူတို့နှစ်ယောက်သား နတ်အရှင်မယန်၏ အရံနန်းဆောင်ဆီသို့ ရောက်လာကြ၏။ ရုတ်တရက် ရှို့ဟုန်စုမှာ သတိဝင်သွားသည်။ “ဒုက္ခပဲ… အရှင်မက ငယ်ငယ်လေးနဲ့ ချောမောတဲ့ ယောကျာ်းတွေဆိုရင် သိပ်သဘောကျတာ… သူသာ သခင်လေးရှုကို မြင်သွားရင် ရှောင်ချီကိုတောင် ဂရုစိုက်တော့မှာ မဟုတ်ဘူး… ရှောင်ချီရဲ့ ဒေါသက သူ့ရဲ့….”
သို့သော် နန်းဆောင်အရှေ့သို့ ရောက်လာပြီးဖြစ်သဖြင့် ပြန်လှည့်၍ မရတော့ပေ။
နတ်အရှင်မယန်၏ အသံက ခန်းမအတွင်းမှ ပျံ့လွင့်လာသည်။ “ဟုန်စု၊ သံတမန်ကို ခေါ်လာခဲ့တော့”
ရှုရှန်းဟွာက ပြုံးလျက် ခန်းမထဲသို့ ၀င်ရောက်သွားသည်။ သူ၏ အသိစိတ်အလျဉ်က လှိုင်းထ၍ သူ၏အသံကို ရှို့ဟုန်စုထံ ပို့လွှတ်လိုက်၏။ “ကျွန်တော်ရဲ့ လာရင်းကိစ္စက နတ်အရှင်မယန်ကနေတဆင့် ရှေးဟောင်းနတ်ဘုရားထိုက်ကျိနဲ့ တွေ့ဖို့ပါ.. ကျေးဇူးပြုပြီး ရှေးဟောင်းနတ်ဘုရားထိုက်ကျိကို အကြောင်းကြားပေးပါ”
ရှို့ဟုန်စုမှာ အနည်းငယ် ကြောင်အသွားသော်လည်း ချက်ချင်း သဘောပေါက်သွားပြီး သူ့အား ခန်းမထဲသို့ ခေါ်သွားလေသည်။
ခန်းမထဲတွင် နတ်အရှင်မယန်သည် ကြောင်ဖြူတစ်ကောင်ကို ပိုက်လျက် ပလ္လင်ပေါ်၌ ထိုင်နေ၏။ သူမက ခေါင်းငုံ့၍ ကြောင်ဖြူကို ကြည့်နေသည်။ သူမ၏ သွယ်လျသောလက်ချောင်းများက ကြောင်ဖြူ၏ ခေါင်းမှတစ်ဆင့် ကျောသို့ လျှောသွားကာ အမြှီးအထိ ရောက်ရှိသွား၏။
သူမသည် ကြောင်ဖြူကိုသာ စိတ်ဝင်တစား ကြည့်နေပြီး ခြေသံများ ကြားသည့်တိုင်အောင် မော့မကြည့်ပေ။ “ရှေးဟောင်းနတ်ဘုရားထိုက်ကျိ ထင်ထားတဲ့အတိုင်း ကောင်းကင်နတ်အရှင်မူက ထိုက်ကျိအသက်ရေကြည်ကို ပြန်ပို့လိုက်တာပဲ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက သူနဲ့ ရှေးဟောင်းနတ်ဘုရားထိုက်ကျိကြားက ရန်ငြိုးကို ချေဖျက်နိုင်၊ မနိုင် မတွက်ချက်ခဲ့ဘူးနဲ့ တူတယ်…. အဲဒါက ငါ့ရဲ့စိတ်ဆန္ဒအပေါ်မှာ မူတည်နေတာ… ငါသာ ခွင့်မပြုရင် ကောင်းကင်နတ်အရှင်မူရဲ့ သံတမန်က တွေ့ခွင့်ရမှာမဟုတ်ဘူး…” နတ်အရှင်မယန်က ပြုံးလျက် ပြောသည်။
ထို့နောက် ခေါင်းမော့၍ ရှုရှန်းဟွာနှင့် အကြည့်ချင်းဆုံသွားသည့်အခါ သူမ၏မျက်ဝန်းများသည် ရုတ်တရက် ရီဝေလာ၏။
ရှုရှန်းဟွာက သူမကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူသည် တည်ငြိမ်အေးဆေးပြီး မည်သည့်စည်းကမ်းချက်ကိုမှ မချိုးဖောက်တတ်သော်လည်း သူ၏အသွင်အပြင်နှင့် စိတ်သဘောထားတို့က သူ့အား အတောမသတ်နိုင်အောင် ဆွဲဆောင်မှုရှိနေစေသည်။
ရုတ်တရက် ကြောင်ဖြူ၏ အမွှေးများက ဖွားခနဲ ထောင်လာ၏။ ၎င်းက ခန္ဓာကိုယ်ကို ကိုင်း၍ ရှုရှန်းဟွာအား ခွီးခနဲ မာန်ဖီလိုက်သည်။
နတ်အရှင်မယန်က ထရပ်ပြီး ကြောင်ဖြူအား မြေပေါ်ပစ်ချလိုက်၏။ ကြောင်ဖြူက ခန္ဓာကိုယ်ကို ကိုင်း၍ ရှုရှန်းဟွာထံ ခပ်စောင်းစောင်း လျှောက်သွားလေသည်။ ၎င်း၏အမြှီးက တုန်ခါနေပြီး ရှုရှန်းဟွာထံ မြွေတစ်ကောင်အလား ချဉ်းကပ်သွား၏။
ကြောင်မှာ ရန်သူတစ်ယောက်ကို ကြည့်နေသည့်အလားပင်။ အချိန်မရွေး အသေထသတ်တော့မည့်ပုံစံ ရှိနေသည်။
“ရှောင်ချီ၊ နောက်ဆုတ်စမ်း… ဂုဏ်သရေရှိဧည့်သည်ကို မနှောင့်ယှက်စမ်းနဲ့”
ကြောင်ဖြူမှာ နောက်မဆုတ်လိုသော်လည်း နောက်ဆုတ်လိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
“ဟုန်စု၊ နင်လည်း သွားလို့ရပြီ” နတ်အရှင်မယန်က ပြုံးလျက် လက်ဝှေ့ရမ်းပြလိုက်သည်။
ရှို့ဟုန်စုက အခွင့်အရေးကို အမိအရယူကာ ထွက်ခွာသွား၏။
ရှုရှန်းဟွာက မေးသည်။ “ဒါဆိုရင် အရှင်မက ကျွန်တော့်ကို ရှေးဟောင်းနတ်ဘုရားထိုက်ကျိနဲ့ တွေ့ခွင့်ပေးမှာလား မပေးဘူးလားခင်ဗျာ”
“ခွင့်ပြု၊ မပြုက သံတမန်အပေါ်မှာ မူတည်တယ်လေ”
နတ်အရှင်မယန်က ရှေ့သို့ ကိုင်းလိုက်ပြီး အပြုံးလေးဖြင့် ချီးကျူးသည်။ “သံတမန်က ငယ်ပြီးချောသားပဲ… ချောတဲ့အပြင်ကိုမှ စိတ်သဘောထားကလည်း ထူးကဲကောင်းမွန်သေးတယ်… မင်းလိုမျိုးလူတစ်ယောက် အဆင့်နိမ့်နေရာမှာ ရှိနေတာ မဟုတ်သေးဘူးနော်”
“အရှင်မက ချီးကျူးလွန်းနေပါပြီ”
ရှုရှန်းဟွာက ဦးညွတ်လျက် လျှောက်တင်သည်။“အရှင်မက ကြီးကျယ်မြင့်မြတ်ပါပေတယ်… အရှင်မရဲ့ ချီးကျူးမှုကို ခံရတာ… ကျွန်တော် စိုးရိမ်မိ…”
“ဘာကိုများ စိုးရိမ်နေတာလဲ” နတ်အရှင်မယန်က သူ၏လည်တိုင်ပေါ် လက်တင်လိုက်ပြီး ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ သူမ၏အကြည့်များက ပိုးသားကဲ့သို့ နူးညံ့ပျော့ပြောင်းနေပြီး ချိုသာသော လေသံလေးဖြင့် ညတုတုပြောနေ၏။ “သူက တခြားမိန်းမတွေကို လိုက်ရှာနေကြလေ… တို့ရဲ့ ညီမတောင် မချမ်းသာပေးခဲ့ဘူး… တို့ သူ့ကို ကလဲ့စားချေဖို့ တစ်လောကလုံးက ချောမောတဲ့ ယောက်ျားတွေနဲ့ အိပ်ပစ်လိုက်ချင်တယ်”
ရှုရှန်းဟွာက အခွင့်အရေးကို အသုံးချ၍ သူမ၏ခါးကို ဖက်လိုက်သည်။ နှစ်ယောက်သား အကြည့်ချင်းဆုံသွား၏။ ရှုရှန်းဟွာက သူမ၏မျက်ဝန်းများထဲသို့ စိုက်ကြည့်၍ နူးညံ့စွာ မေးလေသည်။ “အရှင်မ ကလဲ့စားချေပြီးရင် ပျော်လား”
နတ်အရှင်မယန်၏ နှလုံးသားမှာ တသိမ့်သိမ့်ခုန်သွားသည်။ သူမနှလုံးသား၏ နူးညံ့သောနေရာမှာ လှုပ်ရှားလာ၏။ တစ်ဆက်တည်းမှာပဲ ခါးသီးမှုကို ခံစားလိုက်ရသည်။
“ဘယ်တော့မှ မပျော်ခဲ့ရဘူး”
“ကျွန်တော်လည်း အဲဒီလို ထင်ပါတယ်”
ရှုရှန်းဟွာက သူမကို ဆက်ကြည့်နေပြီး နူးညံ့ညင်သာစွာ ဆက်ပြောသည်။ “အရှင်မ သူ့ကို ကလဲ့စားချေလိုက်တိုင်း သူ သစ္စာဖောက်ခဲ့တာကို သတိရနေပြီး ခဏခဏ နာကျင်ခံစားရလိမ့်မယ်… အရှင်မရဲ့ ကလဲ့စားက သူ့ကို မထိခိုက်နိုင်ဘူး… အဲဒီအစား အရှင်မပဲ နာကျင်နေရတာ… ဘာလို့ ဒီလို လုပ်နေရတာလဲ”
ခန်းမအပြင်ဘက်တွင် ရှို့ဟုန်စုသည် ဒေါသတကြီးဖြင့် ကောင်းကင်ပေါ် ပျံတက်သွားသော ကြောင်ဖြူကို လှမ်းကြည့်လိုက်၏။ သူမက စိတ်လှုပ်ရှားစွာဖြင့် သူ့ကို လှမ်းခေါ်လိုက်ပြီး စိတ်ထဲမှ တွေးနေသည်။ “ငါ ဒီကိစ္စကို ရှေးဟောင်းနတ်ဘုရားထိုက်ကျိဆီ တင်ပြလိုက်ရင် အရှင်မ သေချာပေါက်သိသွားမှာပဲ… အရှင်မနဲ့ ငါက ဆရာတပည့်ဆိုပေမယ့် တကယ်က သခင်နဲ့ ကျွန် ဆက်ဆံရေးပဲ ရှိတာ… ငါ့အနေနဲ့ ဒီရာထူးအထိ အလွယ်တကူ ရောက်လာနိုင်ခဲ့တာ မဟုတ်ဘူး.. ဒီလိုအန္တရာယ်ကိစ္စမျိုးကို တခြားသူတစ်ယောက်လုပ်တာ ပိုကောင်းလိမ့်မယ်”
သူမက ထိုအကြောင်းအရာကို ရှောင်ချီအား ပြောပြသည်။
ရှောင်ချီက ဝမ်းမြောက်သွား၏။ သူက ထရပ်လိုက်ပြီး ရှို့ဟုန်စုကို လက်ယှက်အရိုအသေပေးလိုက်သည်။ “အကြံဉာဏ်ပေးတာ ကျေးဇူးပါပဲ အစ်မတော်… ကောင်းကင်နတ်အရှင်မူက ကျုပ်ကို ထိခိုက်စေခဲ့ရုံသာမက အကောင်တစ်ကော င်စေလွှတ်ပြီး ကျုပ်ရဲ့စည်းစိမ်နဲ့ အရှင်မရဲ့ အချစ်မေတ္တာကို ခိုးယူဝေမျှရအောင် လုပ်နေတယ်… သူ အောင်မြင်သွားလို့ မဖြစ်ဘူး” ထိုသို့ပြောပြီးနောက် သူက အလောတကြီးထွက်ခွာသွားသည်။
မကြာမီ ရှေးဟောင်းနတ်ဘုရားထိုက်ကျိနှစ်ပါးက အတူတကွ ရောက်လာကြသည်။ ရှေးဟောင်းနတ်ဘုရားမက ပြောသည်။ “ကောင်းကင်နတ်ဧကရီက ကောင်းကင်နတ်အရှင်မူရဲ့ သံတမန် ငါတို့နဲ့ တွေ့ခွင့်မရအောင် တစ်ခုခုကြံစည်နေတာပဲ ဖြစ်ရမယ်”
“ဘာမှထပ်ပြောဖို့ မလိုပါဘူး… သံတမန်ကို တွေ့ရင် သိရပါလိမ့်မယ်”
သူတို့နှစ်ယောက်က အရံနန်းဆောင်အရှေ့သို့ ရောက်လာကြသည်။ ရှို့ဟုန်စုက အလျင်အမြန် တားဆီးကာ လျှောက်တင်လိုက်၏။ “အရှင်မတို့ ကျွန်မကို သွားရောက်အစီရင်ခံခွင့်ပြုပါ”
သူမအနေဖြင့် ရှေးဟောင်းနတ်ဘုရားနှစ်ပါးကို မည်သို့တားဆီးနိုင်မည်နည်း။ သူတို့က သူမဘေးမှ ဖြတ်လျှောက်သွားကြသည်။
သူမမှာ ခေါင်းနပန်းကြီးသွား၏။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးအနောက်မှ ကပျာကယာ လိုက်သွားရင်း စိတ်ထဲမှ တွေးနေမိသည်။ “အထဲမှာ အဝတ်အစားတွေ ကပိုကရိုနဲ့ ချစ်တင်းနှောနေကြရင် ဘယ်လိုလုပ်ရပါ့မလဲ”
သူမနှင့် ရှေးဟောင်နတ်ဘုရားနှစ်ပါးက နန်းဆောင်ထဲသို့ ရှေ့ဆင့်နောက်ဆင့် ၀င်ရောက်လာကြ၏။ ရှို့ဟုန်စုက စိုးရိမ်တကြီးဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ သူမမှာ အနည်းငယ် လန့်သွားလေ၏။
နတ်အရှင်မယန်နှင့် ရှုရှန်းဟွာတို့ ပလ္လင်ထက်တွင် ထိုင်လျက် ရယ်မောစကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ မသင့်တော်သည့် မည်သည့်ကိစ္စမှလည်း ဆောင်ရွက်နေကြဟန်မတူ။ ဆန့်ကျင်ဘက်အနေဖြင့် နတ်အရှင်မယန်သည် ရှုရှန်းဟွာကို မိတ်ဆွေဟောင်းတစ်ဦးအလား တရင်းတစ်နှီး ဆက်ဆံနေသည်။ သူနှင့်အတူ ရယ်မောနေသည့်အပြင် တစ်ခါတစ်ရံ လက်ကိုင်ပဝါဖြင့် အုပ်ကာ ခိုးရယ်နေသေး၏။
ရှို့ဟုန်စုမှာ အတော်လေး အံ့အားသင့်သွားသည်။ ဤမြင်ကွင်းက သူမ တစ်ခါမှထင်မထားခဲ့သော အရာပင်။ ဤနေရာသည် မျက်စိရှက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေလိမ့်မည်ဟု ယုံကြည်ထားခဲ့သော်လည်း နတ်အရှင်မယန်သည် ဤမျှအံ့သြဖွယ် ယောက်ျားတစ်ယောက်ကို တရိုတသေ ဆက်ဆံ၍ ရင်းနှီးစွာ စကားပြောနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“သံတမန်ရှု၊ နင် မကြာခဏ လာသင့်တယ်”
နတ်အရှင်မယန်က ပလ္လင်ပေါ်တွင် ထရပ်၍ ပြုံးနေသည်။ “နင်နဲ့ စကားပြောလိုက်ရတာ ငါ အတော်လေးကို စိတ်ပေါ့သွားတာပဲ… ငါ့မှာ သူငယ်ချင်းဆိုတာ မရှိခဲ့ဖူးဘူး.. ဒီလိုရင်းနှီးတဲ့ သူငယ်ချင်း ရလိုက်တာ ရှားပါးတယ်… ရင်ဖွင့်ဖို့ မစောင့်နိုင်တော့ဘူးဟယ်… ကံမကောင်းစွာနဲ့ နင်က ကောင်းကင်နတ်အရှင်မူရဲ့ သံတမန်ဖြစ်နေတယ်… ငါ အဲဒီကောင်ကို သိပ်မုန်းတာ… အကျင့်မကောင်းတဲ့ကောင်… သူက ခဏခဏ ငါ့ကို နှောက်ယှက်နေကြ”
ရှုရှန်းဟွာက နှစ်သိမ့်၏။ “အရှင်မ စိတ်မရှိရင် ကျွန်တော် မကြာမကြာလာလည်ပါ့မယ်”
နတ်အရှင်မယန်မှာ ပျော်ရွှင်ဝမ်းမြောက်သွားသည်။ သူမက ရှုရှန်းဟွာ၏ လက်ကို ကိုင်လျက် ဆင်းလာရင်း ပြောသည်။ “နင် ကတိပေးရင် ငါ စိတ်အေးပါပြီ… ဟုန်စု၊ သူ နောက်တစ်ခါလာရင် သူ့ကို တားဆီးစရာမလိုတော့ဘူး”
ရှို့ဟုန်စုမှာ ပို၍ပင် အံ့ဩမှင်သက်သွားသော်လည်း ထုတ်မပြရဲဘဲ ခေါင်းညိတ်လျက် သဘောတူလိုက်သည်။ နတ်အရှင်မယန်က ပလ္လင်ပေါ်မှ ဆင်းလာပြီး ရှုရှန်းဟွာ၏ လက်ကို လွှတ်ကာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူက တာအိုအစ်ကိုတော်ထိုက်ကျိနဲ့ တွေ့ဖို့ နင့်ကို အမိန့်ပေးလိုက်တာမလား… သူ မျက်နှာလိုမျက်နှာလုပ်မှာကို တားချင်ပေမယ့် နင်ပြန်ရောက်သွားရင် အဲဒီကောင် နင့်ကို အပြစ်ပေးမှာ ငါ စိုးရိမ်မိတယ်… ဆိုတော့ လွှတ်ပေးလိုက်မယ်နော်… ဟုန်စု၊ သွားကြစို့… သံတမန်ရှုနဲ့ တာအိုအစ်ကိုတော်နဲ့ အစ်မတော် အေးအေးဆေးဆေး စကားပြောပါစေ”
ရှုရှန်းဟွာက သူမကို အရိုအသေပေး၍ ကျေးဇူးတင်လိုက်သည်။
နတ်အရှင်မယန်၏ ပြန်လည်နှုတ်ဆက်ပြီး ရှို့ဟုန်စုနှင့်အတူ နန်းဆောင်ထဲမှ ထွက်လာခဲ့၏။
“အံ့မခန်းပုဂ္ဂိုလ်ပဲ”
နတ်အရှင်မယန်သည် နန်းဆောင်ထဲမှ ထွက်လာသော်လည်း မနေနိုင်ဘဲ ပြန်လှည့်ကြည့်ကာ ချီးကျူးလိုက်မိပြန်၏။ “ကောင်းကင်နတ်အရှင်မူက သူ့အနားမှာ ဒီလောက်ထူးချွန်တဲ့ပုဂ္ဂိုလ်ကို ရထားတာပဲ… လေးစားဖို့ ကောင်းတယ်”
ရှို့ဟုန်စုမှာ မျက်လုံးကလယ်ကလယ်ဖြင့် ထူးဆန်းနေမိသည်။ “အရှင်မရဲ့ အကျင့်စရိုက် ပြောင်းသွားတာလား”
ကြောင်ဖြူရှောင်ချီက အပြေးအလွှား ရောက်လာသော်လည်း နတ်အရှင်မယန်က သူ့ကို လျစ်လှူရှုထားလေသည်။ ကြောင်ဖြူမှာ သူမရင်ခွင်ထဲသို့ ခုန်တက်လိုက်ပြီး မပွတ်သပ်ရဲချေ။ ၎င်းမှာ အမှားလုပ်မိသလို ခံစားလိုက်ရသည်။ “ငါ နောက်ကျသွားပြီလား.. အဲ့ဒီရှုမျိုးနွယ်ကောင်စုတ်လေးက တော်တော် အားနည်းတာပဲဟ… မြန်မြန်ကြီး ပြီးသွားတယ်”